ကဗျာကို စနစ်တကျသုံးစွဲနည်း

ကဗျာကို စနစ်တကျသုံးစွဲနည်း

ကဗျာစာအုပ်ပေါ်မှာ ရှိတဲ့ ရက်စွဲကို စစ်ဆေးပါ။
ကုန်ဆုံးသက်တမ်း ကျော်လွန်ရင် လုံးဝမသုံးပါနှင့်။
ကဗျာစာအုပ်ကို သတ်မှတ်ထားသည့် နေရာမှ ဆုတ်ဖြဲပါ။
ကဗျာကို အလိပ်မဖြည်ဘဲ ထုတ်ယူပါ။

ကဗျာထိပ်ထဲကို လက်ညှိုးထည့်ပြီး မှန်ကန်သည့်ဘက်
ဟုတ်မဟုတ်စစ်ဆေးပါ။
ကဗျာထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံရှိပြီး၊
ကွင်းက အပြင်ဘက်တွင် ရှိရပါမယ်။

ကဗျာကို မစွပ်မီ၊ ရာဘာနို့သီးခေါင်းကို လက်ညှိုး လက်မဖြင့်
လေမခိုစေရန် ဖိညစ်ပါ။
အသင့်ဖြစ်နေသော စိတ်ကူးပေါ်သို့ ကဗျာကို စွပ်ချပါ။

တခြားလက်ကို အသုံးပြုပြီး ကဗျာကို စိတ်ကူးတဆုံးရောက်အောင်
ဖြည်ချပါ။

စိတ်ကူးအလုပ်ဆုံးဆုံးချင်း အတွေးမကျန်မီ
ကဗျာမကျန်ခဲ့အောင် စိတ်ကူးအောက်ခြေမှ
ကဗျာကို ဖိကိုင်ပြီး ဆွဲထုတ်ပါ။

ဆွဲထုတ်ပြီး ကဗျာကို စက္ကူဖြင့်ထုပ်ပါ။
အဲဒီ ကဗျာထုပ်ကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
ပြီးလျှင် လက်ဆေးပါ။ ။

လွန်းဆက်နိုးမြတ်
၂၆.၆.၀၉
နေ့လည် ၀၃း၀၀နာရီ

မြို့ပြပဒိုင်းသီးများ

မြို့ပြပဒိုင်းသီးများ

ကိုယ့်ကိုယ်ကိုယ်
ဘယ်တော့မှ ရှာဖွေတွေ့ရှိမှာမဟုတ်တဲ့ လက်ချောင်းအစုံနဲ့
အမှိုက်ပုံတွေကို မွှေနှောက်ဖြန့်ဖွ။
ရွှေရောင်အိပ်မက်တစ်ခုတစ်လေကိုတောင်
ကောက်တွေ့လိမ့်နိုး မျှော်လင့်ရကောင်းမှန်းမသိခဲ့ရှာ။
အသည်းအသန်လိုအပ်တာ လစ်ဟာနေတဲ့
ဗိုက်တစ်ထွာအတွက် နံနက်စာ။
ကားမှတ်တိုင်နားမှာ သူတို့ ဖြန့်ဆန်ပထားတဲ့ လက်ဖ၀ါးထဲ
ရောက်လာတာက အကြွေအနည်းငယ်နဲ့ တံတွေးစက်များ။
ကျိန်စာဟာ သူတို့အတွက် ရေးထားတဲ့
ဒီကမ္ဘာရဲ့ ဘာသာစကား။
ကျီးကန်းတောင်းမှောက်မျက်လုံးတစ်စုံသာ
သူတို့ အမြဲတမ်းပိုင်ဆိုင်ရာ။
လမ်းကြိုလမ်းကြားမကျန် ထွက်ဝင်သွားလာရင်း
ပေညစ်နံစုတ်နေတဲ့ သူတို့ခန္ဓာကိုယ်ပေါ်က
အနံ့အသက်ဝတ်စုံ။
မိုးဆောင်းနွေတိုင်း အကာအကွယ်မဲ့လို့
သူတို တက်ရတဲ့တောင်ဟာ ဆူးထစ်ကြမ်းတမ်း။
လူ့အဖြစ်ထက် ခွေးခွေးလွင့်တစ်ကောင်လိုသာ
တစ်ကိုယ်လုံးမှာ ရောဂါပေါင်းစုံပေလူးရ။
လွယ်လင့်တကူ ရယူလိုမှု ၀ဲသြဃမှာ
အခြေအနေအရ ဒုစရီုက်သမားလက်သစ်။
အမေဘယ်သူလဲ အဖေဘယ်မှာလဲ
စိတ်ကြမ်းကိုယ်ကြမ်းနဲ့ ရိုက်မောင်းထုတ်တတ်တဲ့ လက်တွေ။
လမ်းပေါ်ရှိနေတဲ့ ချိုင့်ခိုးချိုင့်ခွက်အတိုင်း
သူတို့ဘ၀တွေက အဆစ်ချိုးမရှိ ပုံဆိုးပန်းဆိုး။
ဒီည ဒီမြှ အိပ်လို့ရပေမယ့် နောက်လာမယ့်ညဆိုရင်
ဒီနေရာဟာ ကျောတစ်ပြားစာ မသေချာ။
လူတကာဆီက
မမျှော်ကိုးမတောင့်တဘဲရတဲ့ ပုံသေနည်းဆိုတာ
စက်ဆုပ်ရွံ့ရှာစွာ အကြည့်ခံရဖို့ပဲ။
မြေကြီးထဲ တိုးဝင်မတတ် ငုံ့ကိုင်းထားသော ဦးခေါင်းတွေက
ငွေစကြေးစ အနည်းငယ် တွေ့လိုတွေ့ငြား။
သူတို့ ဘာအတွက် ရှင်သန်နေရတာလဲ
မေးခွန်းကို မေးခွန်းပီသအောင် မမေးနိုင်
သူတို့ ဘာကြောင့် မပျောက်ကွယ်နိုင်တာလဲ
လူကို လူပီသအောင် မမြင်နိုင်။
ဒါမြိုပြရဲ့
ဂုဏ်သရေကြီးမြတ်မှုအရိပ်အာဝါသအောက်
နာကျင်ဖွယ် ပူလောင်ပေါက်ရောက်နေကြသော
အမေ့ခံ မြိ့ပြပဒိုင်းသီးများ။ ။

လွန်းဆက်နိုးမြတ်
ရတီ၊မေ၊၂၀၀၇၊စာ-၇

မှတ်ပုံတင်

မှတ်ပုံတင်

အိုင်းစတိုင်းလောက်မတွေးခေါ်တတ်ခဲ့ပါဘူး
ငါွးက်ရာ အစာမချခဲ့ဖူးပါဘူး
ဆိုနေကျသီချင်းလေးကိုသာ
သံနေသံထားမှန်ကန်အောင် ပြင်ဆင်ခဲ့တယ်။

ငါနေထိုင်သော ကမ္ဘာလောကမှာ
ဘယ်အလောင်းအစားမှ မနိုင်လည်း
ပျော်ရွှင်နေသူပါ။ ။

လွန်းဆက်နိုးမြတ်
ဖက်ရှင်၊မတ်၊၂၀၀၆၊စာ-၂၅
(တစ်နှစ်ပြည့်အထူးထုတ်)

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
ခေတ်ဆန်တဲ့ကောင်မလေးက
နတ်သမီးပုံပြင်ကို တစ်ပိုင်းတစ်စပဲ ပြောပြပြီး
စံပယ်ရနံ့စွန်းတဲ့ ဓားတစ်ချောင်းနဲ့
ကျွန်တော့်ကျောပြင်ပေါ် ထိုးစိုက်သွားတယ်
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
လမ်းတဲ့လား
မဖြောင့်စင်းလိုက်တာကွယ်
အကြိမ်ကြိမ်ဆုံးရှုံးခဲ့ရတာ အကျင့်ဖြစ်နေပါပြီ
အငွေ့ပျံမတတ် ရက်စက်တဲ့ အကြည့်တွေအတွက်လည်း
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
ခြေချော်လက်ချော်ဖြစ်ဖြစ်သွားတတ်တဲ့
ကြယ်ကြွေတွေကို မော့ကြည့်
ဟိုးအဝေးဆီက ခေါင်းလောင်းထိုးသံသဲ့သဲ့ ကြားမိရ
ပင်လယ်ရေဆိုတာ ခပ်သောက်လို့ မကုန်ပါဘူးတဲ့
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
မှုန်ပျသီဝေဆဲ ဆောင်းမြူတွေကြားက
ဂါထာရွတ်သံတွေ ထွက်ကျလာပြီး
နှင်းဆီတစ်ပွင့်က မြွေတစ်ကောင်ဖြစ်သွားတဲ့
မျက်လှည့်ဆရာရဲ့ ပြကွက်ဆန်းအဆုံးမှာ
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
နေ၀င်သွားတဲ့ ညနေခင်းများစွာတိုင်အောင်ပါပဲ
ဂျင်းဘောင်းဘီကလေးနဲ့ ကျွန်တော်ဟာ
ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။ ။

လွန်းဆက်နိုးမြတ်
နှလုံးအိမ်၊နိုဝင်ဘာ၊၂၀၀၄၊စာ-၁၀၉

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

အခန်းအောင်းရေးခဲ့တဲ့ ကဗျာတွေဟာ ပျင်းရိစရာပဲ
ငါ ရေးသားခဲ့တဲ့ ကဗျာတွေထဲကနေထွက်ပြီး
ငါ လမ်းသလားရမယ်။

ငါ့အတွက် မြို့ကလေးဟာ ဟောင်းနွမ်းနေရှာပြီ
ငါနေထိုင်ခဲ့တဲ့ မြို့လေးထဲကနေထွက်ပြီး
ငါလမ်းသလားရမယ်။

အဲဒီမှာ…
ပိရမစ်တွေ၊ယာခင်းတွေ၊ရေတံခွန်တွေနဲ့
တစ်စုံတစ်ခုတော့ သစ်သစ်လွင်လွင် ရှိနေရလိမ့်မယ်။
အဲဒီသစ်လွင်မှုတွေ ဖမ်းဆုပ်ပြီး
ငါပြန်လာတဲ့အခါ
ကဗျာတစ်ပုဒ်ကို နံပါတ်စဉ်အများကြီးဖွဲ့မရေးတတ်လို့
နံပါတ်စဉ်အများကြီးနဲ့ ကဗျာတစ်ပုဒ်ရေးဖွဲ့မယ်။

ရိုးရာဂီတသာတပ်မက်တဲ့ ကော်ဖီဆိုင်ပုပုလေးတွေရဲ့ တေးသွားဆီ
ငါလမ်းသလားမယ်။
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အတွေးအခေါ်အသစ်စက်စက်ဆီ
ငါလမ်းသလားမယ်။
“တင်”တုတပ်ဆင်ထားတဲ့ မိန်းမလျာတွေရဲ့ ရယ်မောသံဆီ
ငါလမ်းသလားမယ်။
စက္ကူနဲ့ပြုလုပ်ထားတဲ့ ရောင်စုံမီးပုံးလေးတွေရဲ့ ဖယောင်းမီးတောက်ဆီ
ငါလမ်းသလားမယ်။
ဝေလီဝေလင်း ခရေပွင့်ထကောက်တတ်တဲ့ ယာဉ်ကျေးမှုဆီ
ငါလမ်းသလားမယ်။
ဆံပင်ကြိုးစည်းထားတဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ဂစ်တာတစ်လုံးဆီ
ငါလမ်းသလားမယ်။
ဆယ့်နှစ်ရာသီစီးဆင်းတဲ့ စမ်းချောင်းသွယ်လေး နံဘေးနားဆီ
ငါလမ်းသလားမယ်။
ဆီးနှင်းထူထပ်တဲ့ ဆောင်းအသစ်တစ်ခုရ့ ချယ်ရီတောလေးဆီ
ငါလမ်းသလားမယ်။

ဘယ်လို ပိရမစ်အဆောက်အဦးပဲဖြစ်ဖြစ်
တစ်နေ့တော့ ပျောက်ကွယ်သွားမှာ သေချာနေပေါ့
ယာခင်းတွေက ဥတုစက်ဝန်းထဲ
စိုက်ပျိုးကြ
ပြီး…ရိတ်သိမ်းလိုက်ကြနဲ့။
ရေတံခွန်တွေက တဟဲဟဲအော်မြည်စီးဆင်းဆဲ
မြို့ဟောင်းကလေးနဲ့ ပျင်းရိဖွယ်ကဗျာတွေအတွက်
ငါကတော့ သစ်လွင်မှုတွေရှာဖွေကာ
လမ်းသလားပြီးရင်း
လမ်းသလားမယ်
လမ်းသလားခြင်း ၁၂၃၄၅၆၇၈။ ။

လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဇွန်၊၂၀၀၆၊စာ-၈၀

ကျောနံပါတ်မှားသွားတဲ့ပုံပြင်

ကျောနံပါတ်မှားသွားတဲ့ပုံပြင်

ဒီအသက်အရွယ်ထိ
သဘာဝတရားကြီးက အလွမ်းနဲ့ပဲ
ပစ်ခတ်တယ်

မေမေရယ်
ကျွန်တော့်ဆံပင်တွေသာ
ကမ္ဘာမြေပေါ်
တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျသွားခဲ့ပေါ့။

ချစ်ခြင်းမေတ္တာအရိပ်အောက်
ငြိမ်းအေးစွာခိုလှုံခွင့်
မှိုတက်နေတဲ့ ကျောပိုးအိတ်ထဲ
မနက်ဖြန်အတွက် မျှော်လင့်ချက်တွေထည့်လို့။

ဘ၀တစ်ခုလုံးရဲ့
နာရီစက်သံလေးအိုစာလာတာကလွဲရင်
ကျွန်တော်ဟာဘာကိုမှ မပိုင်ဆိုင်ရသေးပါဘူး။
သစ်ရွက်ကြွေသံတွေကြားတိုင်း
မျက်ဝန်းမှာ နှင်းငွေ့တွေဆိုင်းလာတတ်ရဲ့။

မေမေရယ်
ကျွန်တော်က
မှားယွင်းပြီးသားတေးတစ်စကိုပဲ
နှလုံးသားနဲ့ အထပ်ထပ်သီဆိုနေမိခဲ့တာပါ။

ညပြာပြာ လရောင်ဝေးဝေး
မရေမရာ အိပ်မက်အစအနတွေနဲ့
သွေးရိုးသားရိုး နောက်ကျခြင်းများ။

ကောင်းကင်က အမြင့်ပျံငှက်တွေဆီ
တစ်ရံတစ်ခါမော့ကြည့်ဖြစ်တယ်
ပန်းမပွင့်သေးတဲ့ ဥယျာဉ်လေးအတွက်
တောင်းဆုတွေ များပြားလွန်းတယ်။

မေမေရယ်
မိုးခါးတွေရွာသွန်းနေတဲ့ လမ်းအပြန်
မေမေ့အိပ်ယာဝင်ပုံပြင်ထဲက
အဖော်ကွဲသိုးငယ်ကလေးဟာ ကျွန်တော် ဖြစ်နေပါပေါ့လား။ ။

လွန်းဆက်နိုးမြတ်
ပိတောက်မြေ၊စက်တင်ဘာ၊၂၀၀၄၊စာ-၂၂

အလေ့ကျစိတ်ကူးများ

အလေ့ကျစိတ်ကူးများ

ပန်းခြံထဲ တစ်ခြမ်းပဲ့နေတဲ့ ၀င်သက်ထွက်သက်တွေနဲ့
ကျွန်တော်ဝင်ထိုင်မိတယ်
မိုးကုတ်စက်ဝန်းအဆုံးထိအောင် တောင်မြောက်တွေးခေါ်သမျှ ခါးတယ်
ကျွန်တော်က မြို့ကလေးကို ထားရစ်ခဲ့တုန်းက
ကျွန်တော်မငိုကြွေးချင်ဘဲ ငိုကြွေးခဲ့တယ်
ဂစ်တာကို တီးခတ်မကောင်းလို့ ရိုက်ခွဲဖူးတယ်
ကျွန်တော့်အိပ်ကပ်ထဲ ဒီရာသီမှာ ရေသိပ်မ၀င်ခဲ့ဘူး
တိမ်တွေက ဖမ်းဆုပ်မရမှန်း စောစောကတည်းက သိတယ်
မျှော်လင့်ချက်တွေ တိမ်လို ဖမ်းဆုပ်မရမှန်း နောက်ကျမှ သိတယ်
ဘယ်ထောင့်ကမှ ရယ်မောပျော်ရွှင်သံမကြားမိဘူး
ကျွန်တော်က လူရှေ့သူရှေ့သရုပ်ဆောင်ညံ့တဲ့အတွက်
အယူအဆမတူသူတွေနဲ့ ရန်ဖြစ်ဖူးတယ်
နတ်ကတော်ဟန်နဲ့ အတတ်ကဲတာ အနုပညာမဟုတ်ဘူး
သမီးရည်းစားချိန်းတွေ့တာတောင် ခံစားချက်နည်းတယ်
အိပ်မက်တွေကလည်း အရင်လောက် မက်မကောင်းတော့ဘူး
ကဗျာရေါ်တဲ့ ကျွန်တော့်လက်တွေက
မေတ္တာတရားအကြောင်း ကောင်းကောင်းသိတယ်
ပိုက်ဆံအကြောင်း တစ်ပြားမှ မသိဘူး
ကျွန်တော့်လေထုထဲ အနံ့အသက်ဆိုးလာတော့
ကျွန်တော် မရယ်မောချင်ဘဲ ရယ်မောတယ်
တိုက်တာမြင့်တွေက လရောင်ကို မမြင်ကြတော့ဘူး
အိပ်ဆေးသောက်အိပ်တဲ့လူတွေ အများကြီးတွေ့နေရတယ်
အဝေးကမိတ်ဆွေတို့ အဆင်ပြေဖို့ ကျွန်တော်ဆုတောင်းတယ်
သံသရာက အဆက်မပြတ်လည်နေတယ်
ကျွန်တော်က ခုထိ လူပုံမပီသသေးဘူး။ ။

လွန်းဆက်နိုးမြတ်
ရတီ၊နိုဝင်ဘာ၊၂၀၀၆၊စာ-၇

တြိချိုးအတ္ထုပ္ပတ္တိ

တြိချိုးအတ္ထုပ္ပတ္တိ

ကြေကွဲမဆုံး
ရင်နဲ့အပြည့်လွယ်ထားခဲ့ရတဲ့ အလွမ်းတွေသွန်ချ
မျှော်လင့်ခြင်းစံပယ်ပွင့်တွေ
စိတ်ကူးနဲ့ ပျိုးကြဲခူးဆွတ်ဖို့အတွက် မတန်မရာဖြစ်ဆဲ
ငါ့ရဲ့ဂီတဆိုတာ ခြောက်ကပ်ကပ်ရယ်မောသံများ
ပင်ပန်းတကြီး ထွန်ယက်ခုတ်ထွင်ခဲ့ပေမယ့်
ဘ၀က အခုထိ ဟင်းလင်းပွင့်၊ကန္တာရ၊အလင်းမဲ့မဲ့
ဖွားဖွားစင်အောင် နာနာကျင်ကျင် ရိုက်ခွဲခံလိုက်ရတာ
ငါ့ရင်ဘတ်ထဲက လှိုင်းတွေဖွေးဖွေး
ကြယ်ရောင်၊နေရောင်တွေနဲ့ဆို အမြဲလိုလို ဝေးခဲ့ရသူ။

ရိတ်သိမ်းခံရရုံမျှ
ဆန့်ထွက်လာတတ်တဲ့ လိုက်လျောရိုးသားမှုတို့ ရှည်လျား
နောက်ကျောတစ်ပြင်လုံး ဓားဒဏ်ရာတွေ အပ်ချစရာတောင်မရှိ
အိမ်ခြေရာခြေမဲ့ အလေ့ကျအိပ်မက်တွေသာ
ငါ့နေထိုင်မှု အစစ်အမှန်ဖြစ်လို့
ခွေးအူသ့တွေနဲ့ ဌာန်ကရိုဏ်းကျကျ ညနက်လာတတ်
မှိန်ဖျော့ဖျော့ မိုးကုတ်စက်ဝန်းအတွက်
ဆယ့်နှစ်ရာသီ အာရုံခံအလင်းစစ်စစ်တွေငတ်မွတ်
ငါ့အထီးကျန်ပြာဟောင်းမှုန့်တွေက သင်္ဘောပျက်တစ်စင်းပမာ
ဒုက္ခဗုံပျက်ကိုမှ မရိုးနိုင်၊မအီနိုင် အာသီသတဆုံးတီးခတ်ခဲ့ရသူ။

ဥသြသံအတိုင်း
ခံစားထိခိုက်လူးလွန့်မိတဲ့ တစ်ကိုယ်တော်ရထား
နားခိုရာ စိတ္တဇအမှောင်ထဲ ဘူတာမဲ့ခဲ့
အနုပညာသာ အရေပြားပေါ် အဘိဓမ္မာခိုင်ခိုင် အမြဲစိမ်းပေါက်ရောက်
ငါ့လိုအပ်ချက်အားလုံး ပုလင်းလွန်တစ်လုံးထဲ ထိုးထည့်
ပင်လယ်ပြင်မှာ မီးခိုးမဆုံး၊မိုးမဆုံး လွှင့်ပစ်စီးမျှောခံခဲ့
စမ်းတ၀ါးဝါးလျှောက်နေတဲ့ လမ်းမက
အနက်ရောင်ဆက်ထုံးတွေ ထူထပ်ပြည့်ညှပ်လွန်းလှ
ငါ့အတ္ထုပ္ပတ္တိ အသွေးအသား ဖျက်ရာဗရပွဖြစ်လည်း တွယ်တာတပ်မက်မြဲ
သစ္စာတရားရုပ်တုလေး ပီပြင်အောင်ထုဆစ်ရင်း သင်းကွဲတေးတွေ သီကျူးခဲ့ရသူ။ ။

လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊၂၀၀၇၊စာ-၁၀၆

အရိုင်း

အရိုင်း

ဘယ်ဆီကိုမှ မဆက်သွယ်ချင်တဲ့ စိတ်နဲ့
လမ်းမကို ငေးတယ်။
ပတ်သတ်လာသမျှလူတိုင်းအပေါ်
ငါ့အတွေးက ပြန်မပြောနားမထောင်
ငါဟာ အချစ်ရေးမှာ ကံမကောင်းတဲ့ မြစ်ပဲ
မကြာခဏ ရည်းစားပြောင်းထားတယ်
သေသေကြေကြေ
တစ်ယောက်မှ သဘောမတွေ့ဘူး။
ဘ၀ကို ဆယ်လိုတိတ်လေးလို
ခွေလိပ်ကပ်တွယ်ထားလိုက်ချင်တယ်
သဲပေကျံနေတဲ့ဆပ်ပြာကို တိုက်မိခဲ့ပြီ
သွေးတောင့်အောင်ရပ်နေရတဲ့
အိမ်ရှေ့က ဗာဒံပင်ကြီးလည်း သေခါနီးပြီ
ပျော်ရွှင်မှုဟာ ငါ့ဆီကနေ
မနေ့ကပဲ ဆိုက်ကားငှားပြီး ထွက်သွားတယ်
ဈေးတောင် ဆစ်ပြုနေပုံမရပါဘူး။
ငါနဲ့ ဆယ်မိုင်ကွာပြီး
လမ်းပတ်လျှေက်တတ်တဲ့ကောင်
အဲဒီကောင်နာမည် အောင်မြင်မှုဆိုလားပဲ
ငါ့ဖြစ်တည်မှုတွေ အထစ်အငေါ့ဖြစ်ရပုံ
အလောင်းအစားဝါသနာမပါလည်း
အချိန်တန်တော့
အရှုံးကြီးက ရင်ဝမှာရဲလို့
အရိုင်းစိတ်လေး လက်သပ်မွေးမိတယ်
စကားလုံးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေတဲ့
ကမ္ဘာ။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်မဂ္ဂဇင်း၊မတ်၊၂၀၀၇၊စာ-၁၅

တန်ဖိုး

တန်ဖိုး

ပြန်မလာတော့တဲ့ခြေရာတွေပေါ်
လာနေတာ ဘယ်သူတွေလဲ
အသစ်တွေလား…။
အမိုက်အမှားတွေလိုက်စားသူတွေလား
ဒီမှာ…
အကြိုက်ချင်းမတူညီကြဘူး
လက်ခံတယ်။
ဘ၀ချင်းမတူညီကြဘူး
လက်ခံတယ်
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်။
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး။
ငါ့ဘက်က ငါ့အဘိဓမ္မာအရ
ငါဟာ
လွတ်လွတ်ကျွတ်ကျွတ်ကြီးရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲနိုင်ချင်တယ်။
အမှန်တကယ်ပဲ
ငါပစ်ချလိုက်ပါတယ်
အမြိုက်တရား။ ။

မောင်ချောနွယ်
မြားနတ်မောင်၊မေ၊၂၀၀၁၊စာ-၈