ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။

ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။

သားတို့ အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်းဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်း ပေါက်တစ်ခုရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်း မသိဘူး တချို့နေ့လယ်နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲစူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါး ကလည်း”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့ လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစမေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်း ထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာ တတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး နတ်ကတော်ကြီးကို ကြည့်မရတဲ့ မွှေးနီတောင် နတ်ကတော်ကြီး စကားကြောင့် ညဖက်ဆို အဲဒီ့မှန်ပြတင်းဆီလှည့်လို့တောင်မှ မကြည့်ဘူး ဒါပေမယ့် နေ့ခင်းရောက်ရင် မွှေးနီတစ် ယောက် ခဲပြန်ကောက်တော့တာပါပဲ ပါးစပ်ကလည်း ထုံးစံအတိုင်း“သောက်တံခါးကလည်း”လို့ အော်မြဲပါပဲ တကယ်တော့ နတ်ကတော်ကြီးပြောတာ ဟုတ်ချင်ဟုတ်မှာ အမြဲတမ်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတဲ့ အဲဒီ့မှန်ပြ တင်းတံခါးတစ်ခြမ်းဟာ လေမတိုက်တတ်တဲ့ အချိန်တွေမှာတောင် ယမ်းခါနေတတ်သလားပဲ သားစိတ်ထဲ ထင်မိတာလည်း ဖြစ်နိုင်ပါတယ် သား အဲဒီလိုဘာကြောင့်ထင်ရသလဲဆိုတော့ လေမတိုက်တဲ့ နွေတစ်ညမှာ သားတို့တစ်မိသားစုလုံး သန်းခေါင်ချိန်ကြီး တရေးနိုးလာတုန်း သားရဲ့ညီမလေးက “ကိုကို ဟိုမှာကြည့်”ဆိုပြီး လက်ညှိုးထိုးပြလို့ ဒီလောက်လေငြိမ်နေတဲ့ကြား အသက်ဝင်နေတဲ့ သတ္တ၀ါတစ်ကောင်လို တကျွီကျွီမြည်ပြီး ယမ်းခါနေတဲ့ အဲဒီ့မှန်ပြတင်းတစ်ခြမ်းကို သားတွေ့လိုက်ရတယ် သားလည်း နတ်ကတော်ကြီးပြောတဲ့ မျက်နှာဝါ၀ါ ကြီးပေါ်မလာခင် ညီမလေးလက်ကိုဆွဲပြီး မေမေ့ဆီ အမောတကော ပြေးသွားမိလို့ ဘာမှနားမလည်တဲ့ ညီမလေး ကျုံးအော်တာတောင် ခံလိုက်ရသေးတယ် တစ်ခါတုန်းကတော့ တစ်ခြမ်းပွင့်နေတဲ့ အဲဒီ့မှန်ပြတင်းတံခါးဘောင် ပေါ် တော်တော်ကြည့်လို့လှတဲ့ ငှက်ကလေးတစ်ကောင်နားနေတာ ထူးထူးခြားခြား သားတို့မြင်ဖူးတယ် သားတို့ ဆိုတာ ထုံးစံအတိုင်း သားရယ် မွှေးနီရယ် နက်ကျော်ရယ် တရုတ်မရယ်ပေါ့ အဲ ဒါပေမယ့် ထုံးစံမဟုတ်တာက သားတို့ကို တစ်ခါတစ်လေ အနိုင်လာကျင့်တတ်တဲ့ ကိုကြီးအောင်ဘုနဲ့ ကိုကြီးအောင်မောင်းတို့ ညီအစ်ကို နှစ်ယောက်လည်း ရှိနေတယ် အမြဲတမ်းလေးခွတကိုင်ကိုင်နဲ့ ကိုကြီးအာင်မောင်းက ဖြုန်းဆို အဲဒီမှန်ပြတင်း ဘောင်ပေါ်နားနေတဲ့ ငှက်ကလေးကို ခွနဲ့ပစ်လိုက်ပါရောလား အံ့သြစရာပါပဲ ကိုကြီးအောင်မောင်းပစ်လိုက်တဲ့ လောက်စလုံးဟာ ဘယ်ရောက်သွားတယ်မပြောတတ်ဘူး ငှက်ကလေးရှိတဲ့ ပြတင်းမှန်ဆီ မရောက်ဘဲ လေထဲမှာ ပျောက်သွားတယ် ကိုကြီးအောင်မောင်းလည်း ဘယ်နေမလဲ နောက်ထပ်လောက်စာလုံးတွေနဲ့ ငှက်ကလေးကို ဆက်တိုက်ထပ်ပစ်တယ် ပစ်သာပစ်တယ် အလကားပဲ နောက်ဆုံး ငှက်ကလေးခေါင်း တစ်ချက် ငဲ့ပြီး ပျံသန်း ထွက်သွားတဲ့အထိ ကိုကြီးအောင်မောင်းရဲ့ လောက်စာလုံးတွေဟာ ဘယ်ရောက်သွားမှန်း စဉ်းစားမရနိုင်အောင် ပျောက်ဆုံးသွားတယ် တိုက်ဆိုင်တာက အဲဒီ့နေ့ညပိုင်းမှာ ကိုကြီးအောင်မောင်း အပြင်း အထန်ဖျားတယ် နှစ်ရက် သုံးရက်နေမှ အဖျားပျေက်တယ် သားမှတ်မိသလောက်ပြောရရင် အဲဒီ့မှန်ပြတင်း ပေါက်ကို ဘယ်သူကမှ ဖျက်ဆီး လို့မရခဲ့ပါဘူး သားတို့အားလုံးရဲ့ နောက်ပိုင်းအချိန်တွေမှာ ဘယ်သူကမှလည်း မှန်ပြတင်းကို စိတ်မ၀င်စားကြတော့ဘူးလေ တစ်ခါတစ်လေ အဲဒီ့မှန်ပြတင်းပေါက်အကြောင်း သားနဲ့သိတဲ့လူ တွေကို အခုလို ဦးဦးကိုပြောသလို မျိုး ပြောပြပေမယ့် သားပြောတာကို ဦးဦးလောက် ဂရုတစိုက် နားမထောင် ပေးကြဘူး ဒါပေမယ့် ဒါတွေကကြာ ပါပြီလေ ကြာဆိုကိုကြီးအောင်မောင်းလည်း လက်သမားဆရာဖြစ်နေပါပြီ ကိုကြီးအောင်ဘုကတော့ နိုင်ငံခြားကို ထွက်သွားတယ် ဟိုတလောတုန်းကတော့ နတ်ကတော်ကြီးရဲ့ အသုဘကို သားသွားလိုက်ရတယ် နတ်ကတော်ကြီးသေတာ ထူးဆန်းတယ် အေကိုက်တာတဲ့ အဲဒီ့အေဆိုတဲ့ကောင်ကို သား တစ်ခါမှ မမြင်ဖူးဘူး သားက ခွေးတို့ ကြောင်တို့ တောထဲက ကျားတို့ ခြင်္သေ့တို့လောက်ပဲ သိတာ အံမယ် သားသူ ငယ်ချင်းနက်ကျော်ကတော့ အဲဒီ့အေဆိုတဲ့ကောင်ကို သိချင်သိမှာ သိလည်းနက်ကျော်က သားတို့ရပ်ကွက်ထဲ မနေတော့တာကြာပြီ နက်ကျော်က အခု ဗွီဒီယိုမင်းသားလုပ်နေတယ် လူချောမောင်ဆိုတာသူပေါ့ တရုတ်မက တော့ တခြားမြို့ပြောင်းသွားပြီးကတည်းက တစ်ခါမှ ပြန်မတွေ့ဖြစ်တော့ပါဘူး သားညီမလေးလား သူကသားနဲ့မ တူဘူး ကြီးလာတော့ သားကို ခဏခဏဆူတာပဲ သူက သားထက် စာတွေလည်း အများကြီးတတ်တယ် နောက် တစ်ပတ်ဆိုရင် သားညီမလေးမင်္ဂလာဆောင်တော့မှာ အဲဒီ့ခါကျရင် သားကြိုက်တဲ့ ရေခဲမုန့်စားရမှာ ဒါနဲ့ ဟိုကောင်မွှေးနီလေ မိန်းမသုံးယောက်တောင် ယူပြီးကွဲသွားတယ် မွှေးနီက အရင်လိုမဟုတ်တော့ဘူး တစ်နေ့ တစ်ခြားကြောက်စရာကောင်းလာတယ် နေ့တိုင်းလမ်းထဲမှာ မူးရူးနေတာပါပဲ မူးရူးတိုင်းလည်း လမ်းထဲ လူမနေ တဲ့ တိုက်ခန်းက တစ်ခြမ်းပွင့်နေတဲ့ မှန်ပြတင်းပေါက် ကို ဆဲဆိုပြီး ခဲနဲ့ထုတာပါပဲ သူထုတဲ့ ခဲတိုင်းဟာလည်း ဘယ် တော့မှ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ် တဖုတ်ဖုတ်ပြန်ပြန်ကျလွန်းတာများ အဲဒီ့နေရာမှာ ခဲပုံကြီးဖြစ်နေ တာသာကြည့်။ ။

လွန်းဆက်နိုးမြတ်

ဂီလာန

ဂီလာန

နာကျင်မှုမှာ အသက်ခန္ဓာကို ပုံအပ်ပြီး လဲလျောင်းနေတာက
တစ်ဘ၀လုံးလုံး တစ်ရေးမှ မမှေးစက်ခဲ့ရသလိုမျိုး
အရသာ ချို၊ချဉ်တွေရဲ့ ဆွဲဆောင်မှုက ၀ါဖျော့လာတဲ့ အခါ
ရှင်ခြင်းတရားကို ဂွမ်းစနဲ့ ဆွတ်ဆွတ်ပြီး တစ်စက်ချင်း ချပေးနေရ
အာဟာရကို ချောင်းတစ်သွယ် မြောင်းတစ်သွယ်ဖောက်ပြီး သွယ်တန်းပေးနေရ
ခန္ဓာကိုယ်က အရိုးနဲ့အရေ မကွဲတော့ဘဲ သစ်ကိုင်းခြောက်ကြီးလို
အဲဒီသစ်ကိုင်းခြောက်ကြီးမှာကလည်း နောက်ဆံငင်ခြင်းတွေ ပိုက်တန်းလန်းနဲ့
သူ့ရဲ့ကြီးမားတဲ့ ဂုဏ်သိမ်ဂုဏ်ဒြပ်တွေက သူ့ရဲ့ ရန်သူကို မတုန်လှုပ်စေနိုင်တော့
ချိုင့်ဝင်နေတဲ့ မျက်တွင်းထဲ မှိန်ဖျော့ဖျော့အလင်းရောင်လေးက ဆာလောင်ငတ်မွတ်လို့
ဆေးဝါးဓာတ်စာတွေနဲ့ ဂယ်ပေါက်တွေကို ပိတ်ဆို့လို့
ကျော်ဖြတ်ခဲ့ဖူးသမျှ ပင်လယ်တောင်တန်းတွေကို စိတ်မှတ်မှတ်ပြီး
ကုတင်ပေါ်က ဆန့်ရပ်နေတဲ့ တောင်ကြီးကို ငေးကြည့်လို့
အပျက်စီးပုံကြီးထဲ ပြာကပ်ကပ်ရင်ဘတ် တစ်ထွာတစ်မိုက်က
နေထိုင်ခွင့်လေးကို အငမ်းမရ ရှူသွင်းလို့
နှစ်ပေါင်းများစွာ ၀င့်ကြွားခဲ့တဲ့ ခန်းဆောင်အိမ်ဝါကြီးလည်း
အပ်ချွန်လေးတွေရဲ့ ဆွဲအားမှာ ယိုင်နဲ့လို့
အားရစရာတစ်စက်မှ မရှိတဲ့ နေ့လားညလားကမ်းပါးက
စိတ်ရှိလက်ရှိပြိုကျလို့
သေရေးရှင်ရေး ကုတ်ကပ်တွယ်နေတဲ့ မျှော်လင့်စိတ်လေးသာ
အသက်ခန္ဓာမှာ နကိုယ်နေအတိုင်း ကောင်းကောင်းမွန်မွန်ရှိလေရဲ့
တစ်စတစ်စ နီးကပ်ကျယ်လောင်လာတဲ့ ခွေးအူသံတွေမှာ ကပ်ငြိပါလာတဲ့
တအိတအိ အုံ့မှိုင်းကျဆင်းနေတဲ့ မြူမှုန်စတွေမှာ ပုန်းခိုပါလာတဲ့
လူနာခန်းထဲ ရစ်သီရစ်သီနဲ့ နာရီကို တကြည့်ကြည့်လုပ်နေတဲ့
လုပ်သက်ရ ကျွမ်းကျင်သူ ၀န်ထမ်းကောင်း အချိန်တွေ။
ခေါက်ခနဲ ကောက်ကာငင်ကာ ညည့်ငှက်တစ်ကောင် သီချင်းလန့်ဆိုတယ်
အိမ်အိုပျက်ကြီးကို စွန့်ရစ်ပြီး အိမ်သစ်တစ်လုံးဆီ ပျံတယ်
အဖြစ်အပျက်တွေ အားလုံးဟာ ဓမ္မတာမျှသာမို့ ဆေးရုံအိုကြီးမယ်
သံဝေဂတေးကို မဆိုဖြစ်လိုက်ရရှာဘူး။ ။

အဲချို
သောင်းပြောင်းထွေလာရယ်စရာ၊အောက်တိုဘာ၊Y2K၊စာ-၁၅

စွန့်စားမှု

စွန့်စားမှု

(၁)
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံရှိတယ်
တစ်ရံက သေးသေး။
တစ်ရံက ကြီးကြီး။
(၂)
ခဏကြာတော့
တံခါးပိတ်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပျောက်သွားတယ်။
(၃)
မကြာခင်ပဲ
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပြန်တွေ့ရတယ်။
(၄)
သေးသေးတစ်ရံရဲ့
သဲကြိုးတစ်ဖက်ကတော့
ပြတ်နေလေရဲ့။ ။

မောင်ကြိုးကြာ
ချယ်ရီ၊စက်တင်ဘာ၊Y2K၊စာ-၁၂

မိသားစု

မိသားစု

ညကရွာထားတဲ့ မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဘက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်…
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။

ထွဏ်းသွေးအိမ်
ရုပ်ရှင်အမြုတေ၊စက်တင်ဘာ၊Y2K၊စာ-၁၁

အိပ်မက်

အိပ်မက်

အိပ်မက်မရှိတဲ့ည
သိပ်ပျင်းဖို့ကောင်းတယ်။
အိပ်မက်မရှိရင် မဖြစ်လို့
အိပ်မက်မုဆိုး လုပ်ရဦးမယ်။
အိပ်မက်ကို တွေ့ရင်တော့လား
မပြေးနိုင်အောင်
တိုင်မှာ ကြိုးနဲ့တုပ်ထားလိုက်မယ်။
ကျွန်တော်က အိပ်မက်ကို ရှာနေသလို
အိပ်မက်ကလည်း ကျွန်တော့်ကို ရှာနေမှာပဲ။
အိပ်မက်ဟာ ကျွန်တော်ရှိနေပါမှ
အိပ်မက်ရယ်လို့ ရပ်တည်နေနိုင်မှာ။
အိပ်မက်ဟာ ကျွန်တော်မရှိရင်
အိပ်မက်ရယ်လို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။
ကျွန်တော်ကလည်း အိပ်မက်ရှိနေပါမှ
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ။
ကျွန်တော်လည်း အိပ်မက်မရှိရင်
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ မဟုတ်ဘူး။
အိပ်မက်ကို ဖမ်းပြီး ကြိုးနဲ့တုပ်ဖို့
အိပ်မက်ကို ကျွန်တော်က ရှာနေတုန်း
အိပ်မက်က ကျွန်တော့်ကို အရင် ဖမ်းမိသွားပြီး
လှလှပပ တင်းတင်းရစ်ရစ်
အိပ်မက်က ကျွန်တော့်ကို ကြိုးနဲ့တုပ်လိုက်တယ်။
ကျွန်တော်က အိပ်မက်ကို မက်နေတာလား
အိပ်မက်က ကျွန်တော့်ကို မက်နေတာလား။ ။

မောင်သင်းခိုင်
ကလျာ၊စက်တင်ဘာ၊Y2K၊စာ-၆

သီချင်းတောင်းခံလိုက်ရတဲ့ည

သီချင်းတောင်းခံလိုက်ရတဲ့ည

ဂီတက မသန့်ဘူး
ကွက်ကျားမိုးစို မီးရောင်မှိန်မှိန်ထဲက ဂီတ
လူကြီးလူကောင်းဂုဏ်သိက္ခာ လက်ကိုင်ပန်းမျှော်တဲ့ ဂီတ
အဆီပြန်ပွက်ပွက်ဆူ
ရမ္မက်မျက်နှာ အရိပ်မည်းတွေ ထိုးကျလာတဲ့ ဂီတ
သီချင်းတစ်ပုဒ်ပြီးရင် ဈေးခေါ်ကောင်းတဲ့ စားပွဲထိုး
လက်ဝါးချင်းရိုက် လက်ခုပ်သံထဲက ဂီတ
ပန်းပွားပန်းကုံးတွေ လည်တိုင်ဖွဖွပေါ်
ညင်သာစွာ စွပ်ချလိုက်တဲ့ ဂီတ
သံလိုက်လက်ဖ၀ါးကြမ်းကြမ်းတွေ
ဆုပ်ညှစ်ခါယမ်းလိုက်တဲ့ ဂီတ
အမြှပ်တစီစီခွက်ထဲက ခြောက်ကပ်အက်ကွဲစွာ
ဟာမိုနီလိုက်တတ်တဲ့ ဂီတ
မဆွတ်ခင်က ညွှတ်ချင်နေတဲ့ ကိုယ်ဟန်ပြဂီတ
ပရိယေသန အသံလှိုင်းတွေ တစ်စတစ်စ မှောင်သွားတဲ့ ဂီတ
ပထမတန်းစား ဖြေဖျော်မှု ဘ၀ရေခဲတုံးတွေ
အေးစက်စက် မျောပါနေတဲ့ ဂီတ
သရဖူလေးဆောင်းလိုက်ရဖို့ မာယာအသံလှိုင်းတွေ
မြူးကြွယိမ်းနွဲ့ ဂီတ
ဆိုနေကျ သီချင်းတွေနဲ့
အနက်ရောင် ၀မ်းဆက်ဇာကွက်ထဲက
ဝင်းပရုန်းကြွ အသားရောင်ဂီတ
ဂီတက မသန့်ဘူး။ ။

ကောက်နွယ်ကနောင်
မဟေသီ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရာသီ

ရာသီ

မျက်လှည့်ဆရာက
စံပါယ်ပွင့်တွေကို
ဓားအတုံးကြီးနဲ့ ခုတ်ချလိုက်တဲ့အခါ
ကျွန်တော် ထပြန်လာခဲ့တယ်။
ပြီး…သံကြိုးစာတစ်စောင်ရေးတယ်။
လိပ်စာက ကျွန်တော့်လိပ်စာဖြစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဖြစ်တယ်။
ပြီး…ရုပ်မပါတဲ့ နာမ်အလွမ်းတွေ ပါတယ်
ခိုတွေအကြောင်း ဖွဲ့ထားတဲ့ တိတ်တစ်ခွေပါတယ်။
သံချေးတက်နေတဲ့ ဓားတွေ ပါတယ်။
အတ္တဖိုထဲက ပေါင်မုန့်အသိုးတွေအကြောင်း
ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်ကျော်က ကဗျာတစ်ပုဒ်ပါတယ်။
ကုလားထိုင်တွေသာ ရောင်းတဲ့
ရှေးဟောင်းဆိုင်တစ်ဆိုင်အကြောင်း ပါတယ်။
ဆိုတော့…
ဒီကြေးနန်းစာဟာ
ဒီရာသီနဲ့ပဲ ကိုက်ညီပါလိမ့်မယ်။ ။


အိုက်လူအောင်

ရုပ်ရှင်တေးကဗျာ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရိတ်သိမ်းဖို့

ရိတ်သိမ်းဖို့

မင့်ရင်ခွင်ညံ့ နုနွေးသက်မှာ မှေးစက်
ငါ့အားနည်းချက်တွေကို ခ၀ါဖွပ်ချင်တယ်
ငါ့မျှော်လင့်ချက်တွေကို စိုက်ပျိုးချင်တယ်
အချစ်ရယ်
ဘာကြောင့် ဤမျှ လေးလံရပါသလဲ။
ခေါင်းအုံးနှစ်လုံးရဲ့ ကီလိုမီတာခရီး
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
အချစ်ရယ်
မြေဆီမြေနှစ်တွေ ဖွံ့ဖြိုးခဲ့ပြီပဲ
ဒါနဲ့များ
နွယ်ခွေဆံစလေးများရဲ့ ညံ့သက်မှု
အဘိဓမ္မာ နှုတ်ခမ်းစည်းရုံးရေးသမားရဲ့ ထူထွေးမှု
ပင့်သက်တို့ရဲ့ တိုးညင်းရှိုက်ညည်း ဟန်ဆောင်ကန့်ကွက်ခြင်း
လက်ဖျားခြေဖျားများ အေးစက်
တဒက်ဒက်ရင်ခုန်သံများကြားမှာ
အချစ်ရယ်
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
ရိတ်သိမ်းဖို့
ငါမရှိတော့တဲ့နောက်မှာ
ငါ့မြေးမြစ် တီကျွတ်တို့
ရိတ်သိမ်းဖို့။ ။

အုန်းမြင့်လှိုင်
မဟေသီ၊သြဂတ်၊Y2K၊စာ-၉

လှိုင်း

လှိုင်း

မြင်ကွင်းကျယ် ရှုခင်းထဲ
နီးလာလိုက်…
ဝေးသွားလိုက်…
သူတို့အချင်းချင်း ရှုပ်ထွေးစွာ လမ်းခွဲ၊
ကမ်းကို ရောက်ဖို့တော့
အလုအယက် ပူးပေါင်းပြန်ကြ၊
ပြီး…
ငြိမ်သက်ပြေပြစ်နေခဲ့၊
နောက်တစ်ကြိမ်အတွက် အားမွေး၊
ကြည့်သူအဖို့တော့
ဖြစ်ခြင်း ပျက်ခြင်းကို ရိုးရိုးပဲ ဆင်ခြင်မိတယ်။ ။


ဝေမှူးသွင်

ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊Y2K၊စာ-၁၄၇

အလှည့်

အလှည့်

(၁)
သူသေသွားတော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၂)
ရှိုက်ကြီးတငင်ငိုကြွေးသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၃)
ဝမ်းသာအားရဖြစ်နေသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။ ။

ထွန်းဝေမြင့်
ရုပ်ရှင်အောင်လံ၊ဇွန်၊Y2K၊စာ-၁၆