ငါး

ငါး

 

လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ပွတ်ကျွတ်မလုပ်နဲ့…ငါမုန်းတာ အဲဒါတွေပဲ တကယ်ဆို လွတ်တဲ့ ငါးက လွတ် သွားပြီထားလိုက်တော့ပေါ့ နေပစေတော့ပေါ့ ဘာဖြစ်လို့ နောင်တလောင်ရာ စကားပုံပင့်နေရတာလဲ ဒီချောင်း ထဲမှာ ဒီငါးတစ်ကောင်ပဲ အရွယ်ကြီးသလား တခြားငါးတွေ သူ့လောက်မကြီးတော့ဘူးလား ရတယ် လွတ်တဲ့ငါး ကြီးတယ်ပဲထားဦး ဒီချောင်းကိုပစ်ပြီး ဟိုမြစ်ကိုရှာပေါ့ ဟိုမြစ်မှာ ဒီချောင်းက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ ငါးတွေ တွေ့လိမ့်ဦးမပေါ့ ရှိလိမ့်ဦးမပေါ့ ဘယ်လိုပြောတယ် ဒီချောင်းကို ပစ်ရမှာကလည်း အဆီတ၀င်းဝင်း မျှားရမှာ လည်း သဲတရှပ်ရှပ်ဟုတ်လား လာ ထမင်းထုပ်ဆွဲ ဟိုမြစ်ကို သွားမယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ မလိုက်ချင်ဘူးဟုတ်စ ရေသာများပြီး ငါးမတွေ့မှာ စိုးတယ်ဟုတ်စ ငါ့နှယ် မစားရ၀ခမန်းပြောတာ မဟုတ်ရပါဘူး ကွယ် သေချင်တဲ့ကျား တောပြောင်းတာလည်း မဟုတ်ရပါဘူးကွယ် ကဲကဲ မယုံရင်လည်း ငါ့အသပြာထုပ်လေး ယူကိုင်ထား ဟိုမြစ်ရောက်မှ ဒီချောင်းထဲက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ငါးတွေရကာမှ ပြန်ပေးဟုတ်ပြီလား ရော် ဖြစ်ရပြန်ပြီ မြစ်စိမ်းမြင် ချောင်းကင်ပစ်ရတယ်လို့ ရုပ်ကိုက ငါးပြေမဆားပက်သလိုရုပ်နဲ့ ဘာဖြစ်လို့ ကြောင်မိုက် ဖြစ်ချင်ရတာလဲ ဟိုမြစ်မှာ စိတ်ကူးပွက်ရာ စကားလုံးချကြတဲ့အခါ ဒီချောင်းထက် ပိုကြီးတဲ့ ငါးတွေရလာမှာပေါ့ အဲဒီ့တော့ငါးကြော်တွေလည်း အများကြီးရလာမယ်လေ ငါးရံ့ရတော်လှန်ရေးကာလတစ်လျှောက်လုံး အတူတူ လက်တွဲခဲ့ပြီး ငါးခူရနည်းပညာခေတ်ကြီးရောက်မှ ဘာလို့ ခွဲခြမ်းခွဲခြမ်းလုပ်ချင်ရတာလဲ တံငါလေးလုံးစပ်နားနီး တံငါလေးလုံးစပ် မုဆိုးခေတ်ပေါ်ကဗျာနားနီး မုဆိုးခေတ်ပေါ်ကဗျာဖြစ်လာပြီးမှတော့ ဘာသာစကားဆီနဲ့ ဘာ သာစကားကြော်ကြတာပေါ့ လာပါ ငါ့ဗူးသီးခြောက်ရေဗူးကလေးလည်း ယူထားကွာ ဒါနဲ့မှ မလုံလောက် သေးရင် လည်း ငါ့မြက်ခြောက်ဦးထုပ်ကလေးလည်း ယူဦး ဘာဖြစ်တယ် မလိုက်ရေးခခွေးယပင့်ရေးချမလိုက် ဟုတ်လား ဘာသာစကားမပိုင် အရေးအသားဝက်မွေးဟုတ်လား ခက်တယ်ကွယ် ဒီချောင်းမှာဆို လွတ်တဲ့ငါး ကြီးနေဦးမှာပဲ ဟိုမြစ်မှာဆို အနည်းဆုံးတော့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပဲ ဘာဖြစ်လို့ မစိုက်သေးဘဲ အညှောက်သန်နေ တာလဲ ဘာဖြစ်လို့ လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ကျွတ်လုပ်နေရတာလဲ အဲဒါတွေပဲ ငါမုန်းတာ အဲဒီ့စကား တစ်ခွန်းကြောင့်နဲ့တော့ ငါတိုရဲ့ ရှိပြီးသားဆက်ဆံရေးတစ်လှေလုံးမပုပ်ချင်ဘူး လာ ငါ့လက်ကိုတွဲ ဟိုမြစ်ဆီသွား မယ် လုပ်ပြန်ပြီ ဘာကလိမ်မှလည်းမစေ့ရပါဘူး ဘာငြမ်းမှလည်း မဆင်ရပါဘူး ငါ့မှာ ကျားလည်းကြောက်ရ ကျား ချေးလည်း ကြောက်ရပါလား ဘာရယ် ဘာရယ် ဟိုရောက်မှ လွတ်တဲ့ငါး ထပ်ကြီးနေရင် ဘယ်လိုလုပ်မလဲဟုတ်စအဲဒါဆိုလည်း ငါတို့ ဟိုမြစ်မှာ ဟိုဒင်းဟိုဥစ္စာမရ ဟိုပစ္စည်းဟိုအ၀ှာလုပ်ပြန်ကြတာပေါ့။ ။

 

လွန်းဆက်နိုးမြတ်

၂၈.၆.၁၀

Advertisements

အိမ်ပြောင်းမလို့…။

အိမ်ပြောင်းမလို့…။

 

အောက်ခင်းဖို့က ဖယောင်းပုဆိုးလိုမယ်
တစ်ကိုက် ၁၆၀၀/၁၇၀၀လို့ ပြောတယ်
အစားစားပဲ လာမယ့်တနင်္ဂနွေနေ့လောက် မီးချောင်းတွေ
ဆင်ဖြစ်မလား မပြောတတ်ဘူး ပြတင်းပေါက်တွေကို ဘာရောင်သုတ်မလဲ
နီညိုရောင်ဆိုရင် ကောင်းမလား လာကြည့်ဦး သံပန်းတွေ သံချေးတက်
နေပြီ အုတ်နံရံတွေက အသားမကောင်းလို့ သံရိုက်ရင် ကွာကျနိုင်တယ်
ဘေးအိမ်ကို ခုနကမေးကြည့်တော့ ရေက မီးလာမှ လွှတ်တာတဲ့ ပန်းအိုးလေးတွေ
ထားချင်တာ နေရာမရှိဘူး ထမင်းဘယ်နားမှာ စားကြမလဲ စာအုပ်စင်ခပ်တောင့်
တောင့် နှစ်စင်လောက်လိုမယ် ဒီပေါင်မှာ ပန်းချီကားတွေကို တန်းစီချိတ်ထား
ရအောင် အိမ်သာက တံခါးချက်အသစ် တပ်ကိုတပ်ရမယ်
တမံတလင်းတွေ ဆပ်ပြာရေနဲ့ဆေးပြီးရင် သံဘရပ်ရှ်နဲ့ ထပ်တိုက်ဦးမှ
ဆေးကွာတဲ့ နေရာတွေပေါ် ပိုစတာတစ်ခုခုကပ်ပစ်ရမယ်
ကြွေချေးချွတ်ဆေးက မလောက်ဘူးနဲ့ တူတယ် အ၀တ်လျှော်ပြီးရင်
လှမ်းဖို့အတွက် နေရောင်များများလိုမယ် ဒီမှာ ဒီမှာ
ဘယ်သူက နံရံကို ခြေထောက်နဲ့ကန်သွားလဲမသိဘူး
ခြေရာကြီး။ ။


လွန်းဆက်နိုးမြတ်

စရဏ၊ဂျူလိုင်၊၂၀၁၀
(၆နှစ်ပြည့်အထူးထုတ်)

ရေးသူ့လူ့အဖွဲ့အစည်း

ရေးသူ့လူ့အဖွဲ့အစည်း

 

ကိုယ် ကဗျာရေးမှန်းသိသွားတော့ ဒင်းမျက်လုံးဟာ ၀ိုင်းစက် ပြူးကျယ် ပါးစပ်က အဟောင်းသား(ဘယ်ပါးစပ်က သစ်လို့လဲ) တစ်ခုခုပြောဖို့ ဆွံ့အ ပြောလည်းပြောချင် ပြောလည်း မပြောချင် အခုရောက်နေတဲ့ အရပ်နဲ့ ကိုယ်နဲ့ ဘယ်လိုမှ မအပ်စပ်သယောင် ဟိုအရင်နေ့တွေတိုင်း လာရောက် ထိတွေ့ ရင်းနှီး သိကျွမ်းနေတဲ့ ကိုယ့်ဖြစ်တည် မှုဟာ ဒီကနေ့ ကိုယ်ကဗျာဆရာမှန်းသိသွားတော့ ဒင်းအမြင်ထဲ ကိုယ်ဟာ အံသြစရာကောင်း ထူးဆန်း အိပ်မက် ဆန် လက်တွေ့မရှိ စိတ်ကူးယဉ်သူတစ်ဦးအဖြစ် ရွေ့လျှော ထိုးကျ သက်ဆင်းသွားရရှာ ကိုယ်ကလည်း ဒါကို အတွေ့အကြုံအရ အတိုင်းသား ဆင်ခြင် သိမြင် စိတ်ပျက်သွာပြီး ၀မ်းနည်းရ စိတ်မကောင်းဖြစ်ရ သာမန်လူ့အဖွဲ့ အစည်း ကဗျာရေးသူတစ်ဦးအဖြစ် ကျင်လည် ရှင်သန် ရုန်းကန် နေထိုင်ခြင်းမှာ မှားယွင်းနေတဲ့ ဘာသာတရား တစ်ခုအပေါ် သက်ဝင် ယုံကြည် လေးမြတ်မိသူလို ယူဆခြင်းခံရ (အထူးသဖြင့် ဒီကဗျာရေးသားခြင်းဆိုတဲ့ အလုပ်ကို သာမန်လူ့အဖွဲ့အစည်းမှာ ဘယ်ဒင်းကမှ အလုပ်တစ်ခုအဖြစ် အထင်တကြီး တရေးတယူ လောက် လောက်လားလား နေရာပေးတယ်ဆိုတာမရှိခဲ့လေတော့)ဖွင့်ပြောမိသူကိုယ့်အမှားသာလျှင်ဖြစ်ကြောင်း အိပ် ယာဝင်တိုင်း တနုံ့နုံ့ စဉ်းစား တွေးခေါ် မြော်မြင်ရတာလည်း မီးခိုးရော မိုးရောမဆုံးနိုင် ဒီလိုမှန်းသိရင် ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ အစကတည်းက ဓာတ်ရှင်မင်းသားပဲဖြစ်မြောက်အောင် လုပ်ခဲ့အကောင်းသား ကိုယ့်အသံ ကိုယ့်ဟန်နဲ့ ကာလပေါ်အဆိုတော်သာလုပ်ခဲ့အကောင်းသား သြော် ကိုယ်နေထိုင်ရာ သာမန်လူ့အဖွဲ့ အစည်းကြီး ကဓာတ်ရှင်မင်းသားနဲ့ ကာလပေါ်အဆိုတော်များကိုသာ အနုပညာရှင်အဖြစ် ကိုးစား ယုံကြည် ထင်မှတ်နေရှာပုံ များပြောပါတယ် ဒါကလည်း ဟောလီးဝုဒ်ဇာတ်ကားဆိုရင် ဗန်ဒိန်းနဲ့ ဂျက်ကီချန်း မြန်မာဗွီဒီယိုမှာ ဟိန်းဝေယံနဲ့ မိုးဟေကို ရုပ်သံဇာတ်လမ်းကျတော့ ကိုရီးယားလမ်းကိုပဲ ၀ိုင်းနီးကြ စာအုပ်ဖတ်တော့ ဗျူးနဲ့ နက္ခတ္တရောင်ခြည် နိုင်ငံခြားတေးသီချင်း နားထောင်ရင် အေကွန်နဲ့ တေလာဆွစ် မြန်မာသီချင်းကျတော့ Rဇာနည်နဲ့ Aသင်ချိုဆွေ လောက်သာ အနုပညာရတဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးထဲ ဒါရိုက်တာဇောင်ယီမုနဲ့ ရိုမန်ပိုလန် စကီးကို မသိတာ မင်းသားကြီးမာလွန်ဘရန်ဒိုနဲ့ ဘန်နစီယိုဒယ်လ်တိုရိုကိုမသိတာ ဒေါက်တာဇီဗားဂိုးဓာတ်ရှင်နဲ့ ပီယားနစ်စ်ဓာတ်ရှင်ကို မသိတာ စာရေးဆရာဂျွန်စတိန်းဘက်နဲ့ ကဗျာဆရာဂျွန်အက်ရှဘရီကို မသိတာ ဂီတပါ ရမီရှင်မိုးဇက်နဲ့ ကတ်ကိုဘိန်းကို မသိတာ အဲဒီ့မသိတာတွေအားလုံး သတ္တုချ စဉ်းစား တွေးခေါ် ကြည့်လိုက် တော့လည်း ဒီအဖွဲ့ ဒီအစည်းကြီးကို အပြစ်လို့မဆိုသာပြန် ခက်နေတာက ကိုယ်ကဗျာရေးမှန်းသိပြီးနောက် နဂိုပုံမှန်လည်ပတ်နေတဲ့ ဒီအဖွဲ့ ဒီအစည်းကြီးက ကိုယ့်အပေါ် လွဲချော်စွာ တုန့်ပြန် ဆက်ဆံ သဘောထား စာရင်း မှတ်လိုက်တဲ့ ကိစ္စ၀ိစ္စတွေရှိနေသေးရာ ကိုယ်က ကဗျာယောင်ယောင် စာယောင်ယောင်အပြင် အများသူ ငှာနဲ့ တန်းတူ အားကစားဝင်လုပ်တာကိုပဲ အံ့အားသင့် နားမလည် ဆန်းကြယ် ကိုယ်ကဗျာဆရာဖြစ်နေလို့ အများသူ ငှာအိမ်ထောင်ဦးစီးများလို ကိုယ့်အိမ်ကိုယ့်ယာအတွက် လိုအပ်တဲ့ အလုပ်ကြမ်းတွေ (ဥပမာ-ရေစည်တွန်း၊ ထင်းခွဲ) လုပ်တာမျိုးအပေါ် မေးငေါ့ ခေါင်းခါ ပြက်ရယ်ပြု ရယ်သွမ်းသွေး ကိုယ်ကဗျာတွေ ရေးတဲ့ အတွက် ကိုယ်ဟာ အလိုလိုနေရင်း လူ့အသိုင်း လူ့အ၀ိုင်းထဲ ကျင်လည် ကျက်စား လှုပ်ရှား သွားလာတဲ့နေရာမှာ အများ သူငှာနဲ့မတူ တစ်မူးလိုနေသယောင် တစ်မတ်လိုနေသယောင် လန့်ဖျပ် သွေးတိုး စိုးရိမ် ကိုယ်ချင်းစာ သနား စဖွယ်အကြည့်များအားလည်း ရရှိ လက်ခံ ပေးဆပ် နားလည် ကိုယ်က ကဗျာကောင် စာကောင်ဖြစ်နေ ခြင်းမှာ အများသူငှာလူတွေလို ဒေးလီးနော်မာန် အလုပ်သွား အလုပ်ပြန်တာမျိုး မကြား မတွေ့ မမြင်ကြလေတဲ့အခါ ၁၀၉ကောင် ၁၁၀ကောင်အဖြစ် လက်ခါ အထင်သေး နှာခေါင်းရှုံ့ စုတ်သပ်စရာ လူသားမျှသာဆိုတော့ ကဗျာရေးတဲ့ ကိုယ်ဟာ အိပ်ယာဝင်အိပ်ယာထ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ကြားအောင် ကဗျာပဲအသားလွတ် ရွတ်ရမလား ဖင်မီးခိုးထွက်တဲ့ထိ ဖက်ကြမ်းဆေးပေါ့လိပ်ဖွာ ခေတ်ဆွေးလွယ်အိတ်ကြီးလွယ် ပြတ်ခါနီးဖိနပ်တစ်ရံ စီး မဂ္ဂဇင်းတိုက်တကာအနှံ့ နေ့စဉ်ခြေတိုအောင်ပဲ လမ်းသလားပြရမလား ဖြစ်ရပုံများ ကိုယ်ဟာ ရှမ်းဖြစ်လို့ ခေါက်ဆွဲပဲ ရောင်းရတော့မလိုလို ရခိုင်ဖြစ်လို့ မုန့်တီပဲ ရောင်းရတော့မလိုလို ကဗျာဆရာဖြစ်လို့ အများအမြင် လှ အောင် ကဗျာလက်သုပ်စုံ အထမ်းကလေးပဲ ပုခုံးပေါ် တင်လိုက်ရတော့မလို ကဗျာကုမ္ပဏီပဲထောင်လိုက်ရတော့ မလို ပြောမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်လူ့အဖွဲ့အစည်းကြီးနဲ့ တယ်အံဝင်ခွင်ကျရှိလှချည်ရဲ့လို့တော့မဟုတ် ဒါပေမယ့် လည်း ဒီအဖွဲ့ ဒီအစည်းဆိုတာ ကဗျာရေးသူ ကိုယ်နဲ့က တစ်ဘ၀လုံးလုံး ဒီလိုပဲ တစ်သွေးတည်း တစ်သံတည်း လွဲချော်မှုတွေ အသားကျနေလေတော့ကာ ကိုယ်ကလည်း ကိုယ်ဖြစ်လျက် ဒီအဖွဲ့ ဒီအစည်းကြီးကလည်း ဒီအဖွဲ့ ဒီအစည်းကြီးဖြစ်လျက် ရေးသူနဲ့ လူ့အဖွဲ့အစည်း ခါးတောင်းကျိုက်တလွဲ ဟိုအ၀ှာတလွဲ အံချော် စံလွဲ ကွဲပြား ချွတ်ချော် နေမြဲသာတည့်။ ။

 

လွန်းဆက်နိုးမြတ်
26.7.10
မနက်၀၁း၁၀နာရီ