စာ
အဲဒါကြောင့် ဘုရားခန်းပြတင်းကို မဖွင့်ချင်တာ ဖွင့်လိုက်တာနဲ့ ပြတင်းပေါက်အောက်ခြေဘောင်မှာ စာကလေးချီးတွေ အဖပ်လိုက် အထပ်လိုက် ရောင်စုံတွေ့ရ ဆွမ်းတော်ကဖြင့် မတင်ရသေးဘူး စာကလေးငှက်တွေ အသံတစာစာပေးဝင်လာ စာကလေးမို့သာပဲ စာကြီးငှက်သာဆိုရင် မလွယ်ဘူးလို့ ကောက်ချက်ကို အသာချမိကာမှ ရံခါများဆို ချထားတဲ့ ကောက်ချက်ကိုတောင် စာတွေက အလွတ်မပေးချင် ဆွဲယူ ကိုက်ချီ ပျံသန်းသွား အချိန်မှန်ဘုရားဆွမ်းတော်ကပ်မှန်းသိတော့ မနက်မနက် ဒီပြတင်းပေါက် ဘယ်အချိန်ဖွင့်မလဲ ချောင်းနေကြတဲ့ စာကလေးငှက် အရေအတွက်ဟာ တစ်နေ့တခြား ပိုမိုများပြား ပြတင်းပေါက်ဖွင့်လိုက်ပြီဆိုရင် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ တာလွှတ်လိုက်သလိုမျိုး စာကလေး စာလူကြီး စာအဘိုးအဘွား စာမြီးကောင်ပေါက် စာကိုကိုမမ စာပျိုပျိုအိုအို စာတစ်ခုလပ် စာမုဆိုးဖို စာမုဆိုးမ စာဇကောဇကသာမက စာအိုနာကျိုးကန်း စာမသန်မစွမ်း စာပရိသတ်ထု ကြီးတစ်ရပ်လုံး တစ်ခဲနက် တစ်ပြိုင်နက် ဝေါခနဲ ပြေးဝင်ချက်များ စတားဝါးဇာတ်လမ်းတွဲတွေထဲက ယာဉ်ပျံတွေလို အရှိန်ပြင်းလွန်းလှ ရံဖန် လေထဲမှာ စာနှစ်ကောင် အစာလုရင်း ထွေးလုံး ရစ်ပတ် သတ်ပုတ်နေပုံကြည့်ပြီး သက်ပြင်းဖွဖွ ချလို့မှမဆုံး အဲဒီ့သက်ပြင်းလေးကို တောင်ပံတွေနဲ့ မှီသလောက် လှမ်းရိုက်သွားသေး ရိုက်ချက်က တင်းနစ်သမားရာဖေး နာဒယ်အတိုင်း လျင်မြန် တိကျ သပ်ရပ် စားရေရိက္ခာဖြည့်တင်းရေးအတွက် ဘုရားခန်းဟာ စာတွေရဲ့ မဟာဗျူဟာမြောက် ဒေသကြီးတစ်ခုဖြစ်မှန်းသိသိကြီး ဖြစ်လာ မျက်စိနဲ့နား သိပ်သိပ်ကို နောက်ရလွန်းတဲ့ နေ့ရက်တွေမှာ ဒီစာတွေကို အမိဖမ်း ကြော်စား ရောင်းစား ဒါမှမဟုတ် လှောင်ချိုင့်ထဲထည့် ဘုရားစောင်းတန်းတစ်ခုသွားရောင်း ဒါမှမဟုတ် အလှမွေး ဒါမှမဟုတ် စာလေးခွေလုပ် စာတိုက်ပုံးထဲထည့် စာပုလွေရင်မှာပိုက် စာပုံနှိပ်တိုက်ပို့ ဒါမှမဟုတ် ဟိုဖက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူ ဆီကိုပဲ တစ်နည်းနည်းနဲ့ မောင်းထုတ် နှင်လွှတ်လိုက်ရ မစာမနာရာ ကျဦးမယ်လို့ အငေါ်တူး တွေးခေါ် A(H1 N1)ဗိုင်းရပ်စ်ရဲ့ ကျိန်စာသင့်ချောက်လှန့်မှုကို သိလိုက်ရပြန်တော့ စောစောက အငေါ်တူးခဲ့သမျှ အကုန်မြေပြန်ဖုံးပြီး စာနာစိတ်ကလေး အတောင်ပေါက်လာပြန် ဆွမ်းတော်ပန်းကန်ထဲတစ်ဝက် အပြင်တစ်ဝက် ဘုရားစင်တစ်ခုလုံး ရှုပ်ပွနေအောင် သောင်းကျန်းထားတာ မြင်လိုက်ရတော့လည်း ဒါဟာ ဘာသာရေးကျူးကျော်စစ်ပဲ ဒါဟာ အဓိပ္ပါယ်မဲ့အသေခံရန်စမှုပဲဆိုပြီး စိတ်ချဉ်ပေါက် ဒေါဖောင်းကာ စာခြောက်ရုပ် တစ်ရုပ် လောက်ဘုရား ခန်းထဲ ထောင်ထားရင်ကောင်းမလား ပူစီကတ်တစ်ကောင်လောက် ကောက်ယူမွေးစားရင်ကောင်းမလား လတ်တလော ယာယီငြိမ်းချမ်းရေး စာချုပ်ပဲ စာတစ်တန် ပေတစ်တန် ချုပ်ဆိုလိုက်ရင်ကောင်းမလား စသဖြင့် စဉ်းစားလိုက်ရတာ အလကားနေရင်း ဘုရားစင်ရှေ့မှာ အမြီးနဲ့ အမောက်နဲ့ မတည့်ဘဲ အကုသိုလ်သာ အခါခါရ သဒ္ဒါတတ်အား နည်းများမရွေး ကပ်လှူ ပူဇော် ပသထားသမျှ ဆွမ်း သစ်သီး ပန်း ရေချမ်းလေးတွေ ခြင်္သေ့လည်ပြန်ကြည့်ရင်း ဘုရား တရား သံဃာသတိရ လောဘ ဒေါသ မောဟလျှော့ချ သြော် ရွှေပင်မှာနားတော့ ရွှေစာ ငွေပင်မှာနားတော့ ငွေစာ ဘုရားစင်မှာနားတော့ ဒင်းတို့ခမျာ ဘုရား(စာ) အဲသလို နှလုံးသွင်း ရှုမှတ် ဆင်ခြင်ရင်းနဲ့ပဲ စာအကြမ်း ဖက်မှုနှိပ်ကွပ်ရေးဆိုင်ရာ ပေါ်လစီကို ပြောင်း လဲ နိဂုံးချုပ် တန်ပြန်ထိုးစစ်ဆင်ရေးမူဝါဒကို ရွှေ့ဆိုင်း ခ၀ါချ စာအကြောင်း နေ့စဉ်ယန္တရားဖြစ်စဉ်ကို ဥမမယ်တစ်မယ် စာမမြောက် တစ်မြောက် တင်ဆက်လိုက်လေတဲ့အခါ ခင်ဗျားရှေ့မှောက်အရောက် ဒီစာစုတကျီကျီမြည် (တစ်ချို့က ကျလိ ကျလိလို့ကြား)ထိုးဖောက် ပျံသန်း ၀င်ရောက်ရခြင်း စာအရင်းအမြစ် စာအကြောင်းတရား စာအရေးအသား ဧကန်စစ်စစ် ဖြစ်ချေတော့သည်တမုံ့တကား။ ။
လွန်းဆက်နိုးမြတ်
၁၄.၁၁.၁၀
မနက်၀၁း၀၅နာရီ