ဟိုကိစ္စ

ဟိုကိစ္စ

 

ဟိုကိစ္စကြားပြီးပြီလား
လာမပြောနဲ့ ဘာဂျာနယ်မှ ဖတ်မထားဘူး
မန်ယူကစားသမားတစ်ယောက်ရဲ့ ကြေးအကြီးဆုံးအပြောင်းအရွှေ့သတင်း
အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ကဗျာဖွဲ့တဲ့ ကိစ္စ၊ အများကြီးဝမ်းနည်းပါတယ် မိုက်ကယ်ဂျက်ဆင်
ခင်ဗျားသေဆုံးတာကို လွန်ခဲ့တဲ့ နာရီပိုင်းကမှ ကျွန်တော်သိရတာ။
ရန်ကုန်မြို့က ၃၁လမ်းနဲ့၃၂လမ်းထဲ
နေ့ခင်းကြောင်တောင် ခဏခဏ သရဲခြောက်တယ်။
မြန်မာပရိုလိဂ်ပွဲစဉ်တစ်ခုမှာ ပရိသတ်အချင်းချင်း ဆော်ပလော်တီးကြသတဲ့
ကျွတ်ကျွတ်အိတ်ကို လျှော့သုံးပေးကြပါ
-လာမပြောနဲ့
ဘာဂျာနယ်မှ ဖတ်မထားလည်း သိရတာပဲ
လူသတင်းလူချင်းဆောင်၊သူတော်ချင်းချင်း သတင်းလွေ့လွေ့
မပြေးသော်လည်း ကန်ရာရှိဆိုသလို
ဟိုတစ်နေ့က မြို့ထဲမှာ…မြို့စွန်မှာ…မြို့ပြင်မှာ…စတိတ်ရှိုးပွဲမှာ…ရိုက်ကွင်းမှာ
ဟိုအဆိုတော်မလေးက ဟိုပရိုဂျူဆာနဲ့ ဘာလိုလို
လက်ကိုင်ဖုန်းထဲရောက်နေတဲ့
သရုပ်ဆောင်မလေးရဲ့ ဘာဘာညာညာဗွီဒီယိုအတိုအထွာ
မြန်မာနိုင်ငံသို့ A(H1 N1)တုပ်ကွေးပိုး ရောက်ရှိကြောင်း သတင်းထုတ်ပြန်
မည်သူမဆို လျှောက်ထားနိုင်သော အင်တာနက်ဆက်သွယ်မှု
ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားထဲ ရောက်သွားသူ
စုံထောက်ကြီးရှားလော့ဟုမ်း
-ဘာဂျာနယ်မှ မဖတ်လည်း သိရတာပဲမဟုတ်လား
လူဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တ၀ါ
ဘယ်စာရေးဆရာကတော့ လုံးချင်းတစ်အုပ်ဘယ်လောက်ရတယ်ဆိုကိုး
ဘယ်ဆိုင်မှာတော့ ဘယ်အစားအစာက ဘယ်လိုကောင်းတာဆိုကိုး
ဘယ်ရုံမှာ ဘာကားပြနေတယ်ဆိုကိုး
ဘယ်သရုပ်ဆောင်မင်းသားကတော့ ဘယ်လိုပုံ မိန်းမလျာစိတ်ပေါက်နေဆိုကိုး
ဘယ်ကျမ်းဟာ ဘယ်အဆိုကို ဘယ်လို ကိုးကားထားတယ်ဆိုကိုး
-လူဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တ၀ါ
ဘူးတစ်ရာကိုသာ ဆို့လို့ရချင်ရမယ်
ပါးစပ်တစ်ပေါက်တော့ လုံအောင် မဆို့နိုင်ဘူးတဲ့
ဟောဒီမှာ သီချင်းအယ်လ်ဘမ်မူရင်းတွေ ဒစ်စကောင့်ချရောင်းနေပါပြီ
စစ်ဆေးတွေ့ရှိချက်တွေအရ
ကလေးနို့မှုန့်များတွင် မယ်လမင်းဓာတ်များပြားစွာပါဝင်နေကြောင်း အတည်ပြု
နိုင်ငံရေးတင်းမာမှုတွေကို ပြေလျော့စေခဲ့တဲ့ အိုဘားမားရဲ့ ဥရောပခရီးစဉ်
နှစ်ပေါင်း ၄၄နှစ်ကျော်ကြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် မြောက်ကိုရီးယားဘောလုံးအသင်း
-ဘူးတစ်ရာကိုသာ ဆို့လို့ရချင်ရမယ်
ပါးစပ်တစ်ပေါက်တော့ လုံအောင် မဆို့နိုင်ဘူးတဲ့
-ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရပြီ
-လူဖြစ်မှတော့ အလိုလိုနေရင်း ပေါင်းနေ သင်းနေရပြီ
-ဘာဂျာနယ်မှ မဖတ်လည်း သိနေရပြီ
-လာမပြောပေမယ့် ကြားနေရပြီ
-ဟိုကိစ္စ

 

လွန်းဆက်နိုးမြတ်
၂၆.၆.၀၉
နေ့လည်၀၂း၀၀နာရီ



Advertisements

ဒေါက်တာရမ်းကု/တီတီအမ်ဝိုင်/ဒဂုံဆိပ်ကမ်း

ဒေါက်တာရမ်းကု/တီတီအမ်ဝိုင်/ဒဂုံဆိပ်ကမ်း

 

ဖျားနေလား အိပ်မပျော်ဘူးလား
ကိုယ်ပူနေလား ကိုယ်တွေလက်တွေနာနေလား အော့ချင်အန်ချင်လား
ခိုက်ခိုက်တုန်အောင်ချမ်းနေလား သွေးတိုးလား(ဘာတွေစားထားသေးလဲ)
နှလုံးလား(ဒဲ့လား/၀မ်းချိန်းလား) ဆီးချိုလား သွေးချိုလား(ပုရွက်ဆိတ်က သိလား)
တရိပ်ရိပ်မူးနေလား ကျောက်ကပ်လား(မကြောက်ရင်ခွာမှာလား)
အစာအိမ်/သားအိမ်ခေါင်း/စအို/လည်ချောင်း/အူမကြီး/အသည်း
စိတ်ကားစင်တင်ခံနေရတဲ့ ကင်ဆာလား(ဘာကင်ဆာလဲ)
အသည်းရောင်တာလား(အသောက်ရဲသေးလား) အူရောင်တာလား တီဘီလား(ကက်ဆက်လား)
ငှက်ဖျားလား(လေးခွဆောင်ထားလား) တုပ်ကွေးလား
(ကြက်လား/၀က်လား/လူလား လူကဆင်းသက်ရင် မျောက်လား)
ခေါင်းကိုက်နေလား အအေးမိနေလား(ဘယ်နားက စမိခဲ့တာလဲ)သွားကိုက်သလား(သွားပဲ ကိုက်မှာပေါ့လား)
ရင်ပြည့်နေလား(မလျှံအောင် ခပ်ထုပ်ပေးရမလား) နှာခေါင်းသွေးယိုနေလား(ယိုတဲ့အပေါက်ဖာရမလား)
နေမကောင်းဘူးလား(ကောင်းကောင်းမနေဘူးလား)ချောင်းဆိုးနေလား(ရေစီးထဲ အမှိုက်တွေပိတ်နေတာလား)
ဗိုက်အောင့်နေလား အစာမကြေဘူးလား(အစာစားပြီးတိုင်း ဘာလို့ လိုင်းကားမစီးချင်ရတာလဲ)
လည်ချောင်းနာနေလား အရိုးအက်နေလား(အရက်အိုးလို့ ၀ိုင်းခေါ်ကြတယ်လား)
ညညအဆစ်အမြစ်တွေကိုက်နေသလား(ဟင့်အင်း မကိုက်ဘဲ ဟောင်နေတာလား)
ပြည်တည်နေလား အကြောတက်သလား(ဘယ်လောက်အမြင့်ထိရောက်နေပြီလဲ)
အသံဝင်နေလား(အရုပ်ပါ ပေါ်/မပေါ် အင်တီနာလှည့်ကြည့်ပါလား)
လိပ်ခေါင်းထွက်နေလား(ပုဇွန်/ငါး/ရေဘ၀ဲခေါင်းများလည်း ထွက်နေလား)
ရာသီမမှန်ဘူးလား(မိုးခေါင်တာလား/ရေကြီးတာလား/မုန်တိုင်းကြောင့်လား)
ဝက်ခြံတွေများနေလား(သားပေါက်နှုန်းနဲ့ အသားတိုးနှုန်း မျှတရဲ့လား)
မိတ်တွေများလို့ စိတ်ညစ်နေလား(မိတ်ဖြစ်ဆွေဖြစ် ပွဲလမ်းသဘင်တွေ လျှော့လိုက်ပါလား)
ပွေး/၀ဲ/ညှင်း/ဂျွတ်/ဒက်/ဘောက်/နှင်းခူ/ရေယုန်/အင်ပြင်/ စနေပြီလား (အဆုံးမသတ်ချင်ဘူးလား)
တစ်ကိုယ်လုံး မှိုစွဲပြီး ယားယံနေလား(မျှစ်နဲ့ ရောမကြော်ဘူးလား)
မျက်စိနာနေလား အရိုးကျီးပေါင်းတက်နေလား(လှေကားယူပြီး မဆင်းခိုင်းဘူးလား)
အကြောလွဲနေလား အညောင်းမိနေလား
(မိထားတာတွေ ကုသိုလ်ရအောင် မွေးနေ့မှာ သက်စေ့လွှတ်လိုက်လိုက်ပါလား)
ခုခံအားကျရောဂါလား(ပြန်ကောက်တင်ပေးရမလား) ၀က်ရူးပြန်တာလား(သော့မခတ်ထားဘူးလား)
ငန်းဖျားငန်းနာလား (ငန်းကြောထလို့ ဖြစ်တာလား)ပန်းညှိုးနေလား(ရေမှန်မှန်လောင်းမပေးဘူးလား)
စိတ်ဂယောင်ချောက်ချားဖြစ်နေလား(ဘုရား/တရားမလုပ်ဘူးလား)
ဝမ်းချုပ်နေလား(ဘယ်ဆိုင်မှာ ချုပ်တာလဲ /ဘယ်သူ့လက်ရာလဲ)
အမြင်တွေဝါးနေလား(ခင်ဗျားမျက်မှန်ကိုဖြစ်ဖြစ် ကားမှန်ကိုဖြစ်ဖြစ် တစ်ခုခုနဲ့ သုတ်လိုက်ပါလား)
သွေးပေါင်ကျနေလား(ပေါင်ပဲကျတာလား ဒူးနဲ့ ဟိုအ၀ှာကောပါသေးလား)
အားနည်းနေတာလား(စကတည်းက အားများတဲ့ ဓာတ်ခဲရွေးဝယ်ပါလား)
အနာရင်းနေလား ခေါင်းကိုက်နေလား(မကိုက်ဘဲ ငုံထားတာလား)
လေးဖက်နာလား(ငါးဖက်/ခြောက်ဖက် မနာဘူးလား)
လက်တွေတုန်နေလား(မသောက်ရသေးလို့လား)
ဒူးတွေချောင်နေလား(စတားဝက်အူလှည့်ရှိလား)
ဗိုက်ထဲကအောင့်နေလား(အပြင်ကရော ဘာဖြစ်သေးလဲ)
ချောင်းဆိုးတိုင်း သွေးပါနေလား(သွေးဆိုတာ အနီရောင်လား)။            ။

 

လွန်းဆက်နိုးမြတ်
၂.၁၁.၁၀
နံနက်၀၁း၃၅

ရေခိုးရေငွေ့ဒိုင်ယာရီ

ရေခိုးရေငွေ့ဒိုင်ယာရီ

 

(၁)
ပထမဆုံး လုပ်ဆောင်သင့်တာက ကျွန်တော့်ဦးခေါင်းထဲမှာ ပြည့်သိပ်ခဲနေတဲ့ အရာတွေကို တစ်နည်းနည်းနဲ့ အရည်ဖျော်ပစ်လိုက်ဖို့ပဲ။ဒါမှမဟုတ် တစ်နည်းနည်းနဲ့ အငွေ့ပျံသွားအောင် စွမ်းဆောင်လိုက်ဖို့ပဲ။တကယ့်တကယ်ကျတော့ ဒါဟာ တချို့ကိစ္စတွေလောက် မခက်ခဲသလို လွယ်ကူမှုလည်း ရှိမနေပြန်ဘူး။ကနဦးကတည်းက ကြုံလာသမျှ အဖြစ်အပျက်တွေကို အစီအစဉ်ကျနအောင် နေရာမချတတ်ခဲ့တာဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သင်္ကေတလို့တောင် ပြောလို့ရတယ်။ဂုဏ်ယူတတ်မယ်ဆိုရင် ကြံဖန်ပြီး ဂုဏ်ယူလို့တောင် ရတဲ့ ကျွန်တော့်ကိုယ်ပိုင် အရာတွေထဲက တစ်ခုလို့ အကြမ်းဖျဉ်း သဘောပေါက်ထားသင့်တယ်။ဒီထက်ပိုပြီးတော့လည်း ကျွန်တော့်ဖက်က အနှောက်အယှက်ပြုဖို့ မရည်ရွယ်ဘူး။လူတွေ တစ်ယာက်နဲ့ တစ်ယောက်တွေ့ရင် ဘာတွေပြောဆိုကြမလဲ။ဥပမာ-ဟေ့ မတွေ့ရတာကြာပြီ…ခုဘယ်မှာလဲ။စသဖြင့် နောက်ဆက်တွဲ လိုက်ပါလာမယ့် စကားစု အတန်းအတွဲလိုက်ကြီးဟာ ဟိုအရင် သိကျွမ်းခဲ့သမျှတွေနဲ့ ဆက်လက်ပတ်သက်ရမယ့် နောင်အနာဂတ်တွေအတွက် မကောင်းတတ်လို့ နှုတ်ဆက်ကြတဲ့ အခိုက်အတန့်ကာလရဲ့ ချိတ်ဆက်မှုမဟုတ်လား။အဲဒါကြောင့် လက်ရှိဖြစ်တည်နေတဲ့ ကျွန်တော့်နေရာကို ဖွင့်ပြောပြဖို့ဆိုတာကို ချန်လှပ်ထားပါရစေ။အရေးမပါ အရာမရောက်တဲ့ အလေ့အထတွေနဲ့ အချိန်ကုန်နေရတဲ့ ဘ၀ကို ကျွန်တော်မုန်းတယ်။အခု ကိစ္စကလည်း အဲဒီလိုကျွန်တော်မုန်းတဲ့ ကိစ္စတွေထဲက တစ်ခုဖြစ်လို့ပဲ။လွယ်လွယ်ကူကူနဲ့တော့ ဘယ်အရာမှ မရဘူး။တစ်ချိန်တည်းမှာပဲ လွယ်လွယ်ကူကူနဲ့ အရာရာကို ရတယ်ဆိုရင်ရော…။ဘယ်လိုပဲဖြစ်ဖြစ်ပါ။လွယ်လွယ်ကူကူနဲ့ပဲ ရရ။ခက်ခက်ခဲခဲပဲ ရရ။ကျွန်တော်ကတော့ ဒီမှာ ရောက်နေပြီ။ဒါဟာ တခြားတစ်နေရာကနေ ကျွန်တော်ထွက် ခွာလာခဲ့ရတဲ့ အကြောင်းရင်းပဲ။နာမည်၊အလုပ်အကိုင်၊မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ လိင်အမျိုးအစား၊ သွေးအမျိုး အမည်၊ထင်ရှားတဲ့ အမှတ် အသား၊ ကိုးကွယ်သည့် ဘာသာ။မပွင့်နိုင်တဲ့ တံခါးတွေကို ဘယ်တုန်းကမှ လက်အနာခံပြီး ကျွန်တော် မခေါက်ဘူး။ပွင့်နိုင်တဲ့ တံခါးတွေကိုလည်း ကျွန်တော်မခေါက်ခဲ့ဘူး။ ဆိုလိုတာက ကျွန်တော့်အတွက် လျှောက်ရမယ့် လမ်းဟာ သူ့နည်းသူ့ဟန်နဲ့တော့ ရှိနေမှာပဲ။ဘယ်လိုပုံစံမျိုးလဲ ဆိုတာတော့ တိတိကျကျမသိနိုင်ဘူးပေါ့။အဲဒီလို မသိနိုင်တာကလည်း သဘာဝကျတယ် လို့ ယူဆစရာကောင်းရဲ့မဟုတ်လား။ဘ၀မှာ ကြုံတွေ့ရင်ဆိုင်လာရနိုင်သမျှ ဘယ်လိုအရာမျိုးကိုမဆို အကောင်းချည်းပဲလို့ မမျှော်လင့်အပ်ဘူး ဆိုတာလောက်တော့ ကျွန်တော်မပြောနဲ့ ဟောဟိုမှာ အရိုးကိုက်နေတဲ့ ခွေးဝဲစား ကြီးတောင် သူ့ကိုယ်ပိုင်နည်းလမ်းနဲ့နားလည်တယ်။ဒီလိုပြောလိုက်လို့ ကျွန်တော်က ပတ်ဝန်းကျင်ကို အဆိုးမြင်ပြီး ရန်လိုစိတ်အပြည့်ရှိနေတဲ့ လူလို့ ထင်မိလိုက်ရင် တက်တက်စင်အောင် မှားယွင်းသွားလိမ့်မယ်။မနက်ခင်းတိုင်းမှာ ပန်းပွင့်တွေနဲ့ စကားပြောပြီး လူတကာကို အကူအညီပေး ချင်စိတ်များနေတဲ့ လူဟာ ကျွန်တော်ပါဆိုတဲ့ စကားမျိုးပြော မယ့်ကောင်တော့လည်း မဟုတ်ဘူးပေါ့လေ။နေရာတိုင်းမှာ အချိန်အဆရှိတယ်လို့ ကျွန်တော်နားလည်ထားတယ်။အမြင်အားဖြင့် အချိန်အဆလွဲသွားရင် ကြီးကြီးမားမားဆုံးရှုံးရမယ့် သူဟာ ဘယ်သူဖြစ်နိုင်သလဲ။(ဝေးဝေးလံလံ စဉ်းစားတတ်တဲ့ အကျင့်က ဘ၀တစ်လျှောက်လုံး အမြစ်တွယ်နေတာဟာ ယာယီပြဿနာလို့ ခေါင်းစဉ်တပ်ချင်တယ်)။ဆပ်ကပ်ထဲက ဓားပေါက် သမားရဲ့ ကိုယ်ဟန်ပြသူပေါ့။သူ့အတွက် အချိန်အဆလွဲချော်မှုမှာ ဆုံးရှုးရတာ အသက်ပဲ။အချိန်အဆလွဲချော်ခဲ့ရင် သူ့ရင်ဘတ်မှာ စိုက်ဝင်နေမှာက အမြီးတယမ်းယမ်းနဲ့ ငွေရောင် သတ္ထုဓားမြောင်တစ်ချောင်း ဖြစ်နေမယ်ဆိုရင် အရမ်းကြီး အံ့သြစရာမရှိလောက်ပါဘူး။
(၂)
ကျွန်တော့်အနေနဲ့ ဘယ်လို အကြာင်းအချက်တွေရဲ့ ထောက်ခံပြောဆိုနေမှုမျိုးကိုမဆို ဖယ်ခွာပြီး အင်မတန်ဝေးကွာလှတဲ့ နေရာတစ်ခုမှာ အချိန်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ရှင်သန်ချင်တယ်။တစ်ဖက်ကကြည့်လိုက်မယ်ဆိုရင် ဒါဟာ တာဝန်ကို ရှောင်ရှားရာကျနေမယ်လို့လည်း တွေးမိ ပြန်ရဲ့။တိတိပပအရင်းစစ်လိုက်တော့ ဒီစိတ်ကူးဟာ လုံးလုံးမဖြစ်နိုင်တဲ့ စိတ်ကူးတစ်ခုပါပဲ။ကျွန်တော့်ဖက်ကတော့ ကာလရှည်ကြာ နေထိုင်လာခဲ့ရတဲ့ အခွံဆန်ဆန် အုပ်ဆောင်းအောက်မှာ မသိမသာဖိစီးလာတဲ့ အာရုံကြောတွေကို တစ်ဘ၀စာ လျှော့ချပစ်လိုက်ချင်ရုံ သပ်သပ်ပဲ ဖြစ်တယ်။ဒီ့ထက် မပိုဘူး။အလွယ်စား သင်္ချာပုံသေနည်းတစ်ခုနဲ့ တူလွန်းလှတဲ့ ကျွန်တော့်နေ့စဉ်ဖြတ်သန်းမှုကြီးဟာ စက်ဆုပ်ရွံရှာဖွယ်ရာလို့ ရံဖန်ရံခါ ကျွန်တော်တွေး မိတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ လူနေထူထပ်တဲ့ နေရာဒေသတွေကို ရှောင်ကွင်းတတ်လာတယ်။ကျွန်တော့်တစ်ကိုယ်စာ အတွက်လောက်ကလွဲရင် ဘာကိုမှလည်း ပိုင်ဆိုင်ချင်စိတ် မထားဖြစ်တော့ဘူး။ရှက်ရှက်နဲ့ အမှန်အတိုင်း ထပ်ပြောရရင် ကျွန်တော့်တစ်ကိုယ်စာဆိုတဲ့ စကားက မှားနေတယ်။ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ဆောင်းတွင်းဖက်တွေမှာ စောင်လေးတစ်ထည်တောင် ကြိုကြိုတင်တင် မရှာထားလိုက်နိုင် တဲ့အတွက် ကျွန်တော်ဟာ ချမ်းလွန်းလို့ တစ်စုံတစ်ခုကို အမြဲပဲ ဒေါသထွက်နေခဲ့ရဖူးတယ်။စားစရာမရှိတဲ့အချိန်တွေမှာ အလုပ်တစ်ခုခုကို ကုန်းလုပ်နေရင်း ဒေါသထွက် နေရသလိုမျိုးပေါ့။ကျွန်တော်သိထားသလောက်ကတော့ မီးလင်းဖိုနဲ့ အစာရေစာတွေဟာ ဒီကမ္ဘာမြေအတွက် လုံလောက်မျှတပြီးသားပါ။ဒါပေမယ့် ဘ၀ရဲ့ တစ်ချို့အချိန်တွေမှာ ဒီကမ္ဘာမြေဟာ ကျွန်တော်အတွက် ပေါင်မုန့်ဘေးသားလေးတစ်ဖဲ့လောက်တောင် မသနားခဲ့တာဟာ လုပ်ကြံထားတဲ့ ဟာသပြက်လုံးတစ်ခုမဟုတ်တဲ့အကြောင်း သိစေချင်တယ်။တစ်ဆက်တည်းမှာပဲ ခုလို မရည်ရွယ်ဘဲ ပြောဖြစ်ဆိုဖြစ်တဲ့အခါ တစ်ယောက်သဘောထား ကို တစ်ယောက် ရိပ်မိသိရှိမယ်ဆိုရင် ရှေ့ဆက်ရမယ့်အကြောင်းတွေအတွက် အဆင်ပြေနိုင်တာ ပေါ့ဆိုတဲ့ စိတ်ကူးမျိုး ကျွန်တော့်မှာ အဆင်သင့်ရှိမနေ ဘူးဆိုတာကိုပါ သိထားစေချင်တယ်။ ကျွန်တော့်အကြောင်းတွေကို ခရီးသွားဟန်လွှဲ နည်းနည်းပါးပါးနားထောင်…သဘောမတွေ့တဲ့အခါ ကိုယ်ပိုင် အယူအဆနဲ့ ပြန်ပြီးငြင်းခုံ…ဒီလောက်ဆိုရင်ပဲ အလုပ်ဖြစ်နေပြီ။ ဘယ်သူမဆို ကိုယ်တတ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ဘူး။နောက်ဆုံးမှာ ဒီအကြောင်း တွေ နားမထောင်ချင်တော့တဲ့အခါကျတော့လည်း ကျွန်တော့် အနားက ထထွက်သွားကြမှာပဲဆိုတာ စောစောပိုင်းကတည်းက ကျွန်တော် နားလည်ထား ပြီးသားပါ။ကျွန်တော်ကိုယ်တိုင်လည်း တခြားလူတွေလို အတိုင်းအတာရှိတာပဲ။အတိအကျမသိနိုင်ပေမယ့် သဘောတရားကတော့ အတူတူပဲ မဟုတ် လား။ဖြစ်မလာသေးတဲ့ စိတ်ကူးတွေအစား လက်ရှိကိစ္စတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် သုံးသပ်တတ်ဖို့ကလည်း အရေးပါနေသေးပြန်ရဲ့။ဘာမဟုတ်တာတွေကို အကြောင်းပြချက် ကောင်းကောင်းပြပြီး လုပ်ဆောင်တတ်ရုံလောက်နဲ့ ဒီလောကဟာ နေပျော်စရာကောင်းနေပြီလို့တော့ ကျွန်တော် မထင်ဘူး။ကြိုတင်တွေးတောမထားတဲ့ ထောင့်ချိုးအကွယ်တွေကနေပြီး အဖြစ်အပျက်တွေဟာ သွေးစုပ်ကောင်တစ်ကောင်လို ဘွားခနဲ ဘွားခနဲ ကျွန်တော့်ဆီ ထိပ်တိုက် ခြောက်လှန့် တတ်ကြတယ်။စစချင်းမှာတော့ ဒီဖြစ်ပျက်မှုတွေဟာ ရင်ခုန်ဖွယ်ရာပါပဲ။နောက်တော့လည်း ဘယ်လိုမှ ပြန်မစဉ်း စားချင်တော့တဲ့ လမ်းထောင့်က ယင်တလောင်းလောင်းအမှိုက်ပုံကြီးလို ဖြစ်သွားရတော့တယ်။
(၃)
အရာဝတ္ထုတစ်ခုချင်းစီတိုင်းအတွက် ပြေပြစ်လိုက်ဖက်သင့်တော်တဲ့ ဘ၀တစ်ခုအမြဲတမ်းအဆင့်သင့်ရှိနေတတ်တာဟာ သဘာဝကျတယ်။
ပုံစံတွေကွဲလွဲသွားပေမယ့် အဓိပ္ပါယ်ကတော့ အတူတူဖြစ်နေတဲ့ တရားဝင် ပြောင်းလဲမှုတွေနဲ့ ကြုံဖူးခဲ့သလား။တချို့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒီသဘောမျိုးဖြစ်အောင် လုပ်ယူလိုက်မှ အဆင်ပြေသွားတာမျိုးရှိတတ်တာကို ဒီနှစ်ပိုင်းမှာ ကျွန်တော် ကောင်းကောင်းသတိပြုမိခဲ့တယ်။လတ်တလော ကျွန်တော်မြင်နေရတဲ့ ကောင်းကင်မှာတော့ တိမ်တွေဟာ တလွင့်လွင့်မျောနေတယ်။တလွင့်လွင့်မျောနေတဲ့ ကောင်းကင်က တိမ်တွေလို့ ပြောရင်လည်း အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ အမြဲတမ်း မဟုတ်ပေမယ့် အချိန်အတော်များများမှာ ကျွန်တော်ဟာ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေး ခဲ့တယ်ဆိုတာ မှန်ပါတယ်။ဒီလိုမျိုးတွေ ဆက်မဖြစ်အောင် ပြန်လည်ဆက်သွယ်လာတဲ့ ဟိုအရင်က ကလေးဆန်ဆန်ကစားပွဲတွေကို မေ့ပစ်လိုက်မှ ဖြစ်မယ်။မဟုတ်ရင် အိပ်မက်တွေနဲ့ပဲ တစ်ချိန်လုံး မှောင်သွားရတော့မယ့် စိတ်ပျက်စရာနောက်ဖေးဥယျာဉ်ကြီးအဖြစ် ဘ၀ကို ရှုမြင်သွားနိုင်တယ်။ဆောင်းပြီးရင် နွေလာမယ်။နွေပြီးရင် မိုးလာမယ်။မိုးပြီးရင် ဆောင်းပြန်လာမယ်။သံသရာကို ဘယ်သူတွေ ငြင်းဆန်နိုင်ခဲ့သလဲ။ထုံးစံအတိုင်း လက်ခံရရှိလိုက်တာဟာ ထုံထိုင်းထိုင်း အတွေးတွေပါပဲ။တဆိတ်လောက် ကျေးဇူးပြုပြီး လက်တွေ့အကောင်အထည်မဖော်ပြနိုင်တဲ့ ကျွန်တော့်အတွေး တွေအတွက် စိတ်ကသိကအောက် ဖြစ်သွားရင်တော့ ဆောရီးပါ။ကြိမ်ဖန်များစွာ အာပေါက်မတတ် လည်ချောင်းတွေနာတဲ့အထိ လေ့ကျင့်သီဆို ရလောက်အောင် လူမှုနေထိုင်ပုံစံတွေဟာ ကီးမှန်နေစရာမလိုဘူးလို့ ကျွန်တော် ယူဆတယ်။လူတကာ သတိထားမိလောက်အောင် စည်းလွတ် ဘာင်လွတ်နေထိုင်တာမျိုးကျတော့လည်း ကျပ်သိပ်မပြည့်သူတွေ လုပ်တတ်ကြတာမဟုတ်လား။အခုချိန်ထိတော့ ကျွန်တော်ဟာ ငွေကြေးအတွက် နည်းနည်းပဲ အလုပ် လုပ်တယ်။ဥာဏ်ပညာ အတွက်တော့ များများတွေးခေါ်တယ်။ဒါပေမယ့် ဘ၀တစ်လျှောက်လုံး အခုလိုထုံထိုင်းထိုင်းအတွေးတွေ ကိုပဲ ရရှိနေခဲ့တာဟာ ကျွန်တော့်အားနည်းချက် ဖြစ်နိုင်တယ်။အရာရာဟာ အပြတ်အလပ်မရှိ ပြောင်းလဲနေတယ်။ပြောင်းလဲမှုဟာ ကမ္ဘာဦးကတည်းက တည်မြဲနေတယ်။ကျွန်တော့်မျက်နှာရှေ့မှာ တခြားမျက်နှာတွေ အများကြီးဖြတ်သွားကြတယ်။အဲဒါဟာ မွေးကတည်းက ခုချိန်ထိပဲ။လမ်းခုလတ်တစ် နေရာမှာ တစ်ယောက်ယောက်နဲ့တွေ့တိုင်း ကျွန်တော့်ဖက်က စတင်နှုတ်မဆက်ဖြစ်တာဟာ  ဘယ်သူ ဘယ်ဝါရဲ့ မျက်နှာကိုမှ ကျွန်တော်ကြာရှည် မမှတ်သားမိခဲ့လို့ပါ။လက်ခုပ်သံတွေရဲ့ အတိမ်အနက်ကို ဘယ်လို နားလည်ဆုံးဖြတ်မလဲ။အားပေးအားမြောက် အပြုအမူတွေတိုင်းဟာ အပေါင်း အလ္ခဏာဆောင်တယ်လို့ တရားသေ သတ်မှတ်ထားတာ မကောင်းဘူး။ဆိုကြပါစို့ ကျွန်တော်ဟာ ]မျောက်ပြ ဆန်တောင်း}အဖြစ်မျိုး ကြုံခဲ့ရဖူးတယ်။အဲဒီလို အယောင်ဆောင်တွေ အပေါ်မှာ နှစ်ပေါင်းများစွာ အသားတကျရှင်သန်နေရခြင်းဟာ ဘယ်လောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်ဖို့ကောင်း လိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ချောက်ချားစရာကောင်းတယ်။မသိရင်တော့ ပျော်ရွှင်စရာအတိပြီးတဲ့ အချိန်ကာလတစ်ခုပေါ့လေ။နောက်တော့ လည်း ထုံးစံအတိုင်း အတွင်းလှိုက်ခြစားမှုတွေက အဖြစ်အပျက်တစ်ခုလုံးအပေါ် ဖုံးလွှမ်းသွားရတော့တယ်။အဲဒီကနေ ဘယ်အရာကိုမှ ကျွန်တော် ထာဝရပိုင်ဆိုင်နေခဲ့တယ်လို့ မယူဆကောင်းဘူးဆိုတဲ့ အတွေးအခေါ်ကို ရလိုက်တယ်။ဒါလေးက ကျွန်တော့်ကို ခုသာခံသာစေတယ်။ကံဆိုးမိုးမှောင် ကျပြီဆိုတာနဲ့ ကောက်ရိုးမျှင်လေးတွေ လိုက်လံဖမ်းဆုပ်ရတာဟာ တစ်နည်းအားဖြင့် ကျွန်တော့်အတွက် ပျော်ရွှင်ဖွယ်ရာပါပဲ။ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေရဲ့ အခြားတစ်ဖက်မှာ ဟာသမြောက်တဲ့ မြှပ်ကွက်တွေ ရှိနေတတ်တယ်ဆိုတာကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။

 

လွန်းဆက်နိုးမြတ်
ဖက်ရှင်မဂ္ဂဇင်း၊၂၀၁၀