ကြောင်သေး

ကြောင်သေး

 

ကြောင်သေးနံ့ဟာ နေရာအနှံ့ရနေတယ်
စူပါမားကတ် ရုပ်ရှင်ရုံ စာအုပ်အရောင်းဆိုင်
ဒီမြို့ရဲ့ လမ်းကြိုလမ်းကြား မကျန်အောင်ဘဲ
ကားမှတ်တိုင်က ခုံတွေပေါ်မှာ
တင်ကျန်နေတဲ့ ရေလိုအကွက်တွေ
တစ်ယောက်က“ဒါ ကြောင်သေးတွေ”လို့ အထိတ်တလန့်
ပြောလိုက်တယ်
ကြောင်သေးကွက်တွေဟာဆိုရင် မိုးလင်းတာနဲ့
မြို့ရဲ့ အဆောက်အဦးတိုင်း
လမ်းတွေတိုင်း
တစ်ခါတစ်လေ ပုလင်းကွဲတွေ ထောင်ထားတဲ့ နံရံတွေပေါ် စီးကျလို့
မြို့ဟာ ကြောင်သေးသုတ်သင်ရေးအဖွဲ့အစည်းကို
လဆန်းတစ်ရက်မှာ ဖွဲ့စည်းလိုက်ကြတယ်
ခန်းမတွေထဲ ကြောင်သေးရဲ့ ဘေးထွက်ဆိုးကျိုးများအကြောင်း
ကြောင်သေးအထူးကျွမ်းကျင်သူတွေက
လာရောက်ဟောပြောကြတယ်
ကြောင်သေးနံ့ ကာကွယ်ရေးအတွက်ဆိုပဲ
တစ်မြို့လုံး နှာခေါင်းမှာ ပုဝါအပါးကလေးတွေ ချည်နှောင်ပြီးမှ
အပြင်လမ်းမပေါ် ထွက်ကြရတယ်
ကြောင်သေးဆိုးဆိုးရွားရွား နံနေတဲ့ ရပ်ကွက်တွေမှာတော့
ယာယီပြောင်းရွှေ့ရေး အစီအစဉ်တောင် လုပ်ရတယ်
ကြောင်သေးဟာ ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းလိုတောင်
ပြောသူက ပြောကြတယ်
တချို့ကတော့ ဒါဟာ ကြောင်တွေအပေါ် မရိုမသေပြုမိတာကြောင့်လို့
အထင်ရှိကြတယ်
“နင်တို့ဟာ မိရိုးဖလာယဉ်ကျေးမှုကို တစ်စတစ်စ ပစ်ပယ်ခဲ့တာကိုး”
မြို့ရဲ့ ရှေ့မီနောက်မီတွေက အဲသလို ပြောတယ်
ဘာပဲဖြစ်ဖြစ်
ကြောင်သေးဟာ ပျောက်မသွားဘူး
ကြောင်သေးဟာ နောက်နှစ်အနည်းငယ်အထိ
ဆက်လက်တည်ရှိနေဦးမယ်လို့
ကြောင်သေးခန့်မှန်းရေးဌာနတွေက သတင်းထုတ်ပြန်တယ်
ဒီကြားထဲ မြို့သူမြို့သားအားလုံးဟာ
ကြောင်တစ်ကောင်ကို တွေ့ခဲ့ရင်
နီးစပ်ရာ လုံခြုံရေးဌာနကို ချက်ချင်း အကြောင်းကြားပေးဖို့လည်း
ဆက်လက်ထုတ်ပြန်တယ်
ဒါပေမယ့် အားလုံးသိကြတာက မြို့မှာ ဘယ်တုန်းကမှ
ကြောင်တစ်ကောင်ဟာ မရှိခဲ့ပါဘူးဆိုတာပဲ
ဖြစ်တာက ကြွက်တွေနေတဲ့ မြို့မှာပါ။        ။

 

လွန်းဆက်နိုးမြတ်
ပန်းအလင်္ကာ၊ဇူလိုင်၊၂၀၀၈

အမှုလမ်းကြောင်း

အမှုလမ်းကြောင်း

 

အကြောင်းအရာတပ်မပြောခင် အကြောင်းအပေါင်းမသင့်လို့ အကျိုးသင့်အကြောင်းသင့် မရှင်းပြနိုင်တာ ခွင့်လွှတ်ပါ အကြောင်းကြောင်းသော အကြောင်းကြောင်းများ ကြောင့် အကြောင်းရင်းမှန်ကို ဆက်လက်စုံစမ်းနေဆဲ (စဉ်/မာတိကာ)မှာ အကြောင်းကြီး အကြောင်းငယ်မရွေး ပြောဆိုတိုင်ပင်နိုင်ပါတယ် (ပြောဆိုတိုင်ပင်စေလို ပါတယ်)အကြောင်းတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ အကြောင်းတရားတစ်ခုအဖြစ်သာမဟုတ်ဘဲ အကြောင်းခြင်းရာ အစစ(စ/ဆ/ဇ/ဈ/ည) အကြောင်းမဲ့မဖြစ်ရလေအောင် အကြောင်းထူးပေါ်တိုင်း အကြောင်းကြားပေးစေလိုပါတယ် ဒီရက်ပိုင်းအတွင်း အကြောင်းသိအချင်းချင်းကိုသော်လည်းကောင်း အကြောင်းမသိသေးသူများကိုသော်လည်းကောင်း အကြောင်းပြုပြီး ရေကြောင်း လေကြောင်း ကုန်းကြောင်းခရီးများအား မသွားစေလိုပါ မသွားမဖြစ်သွားလိုပါက နောက်တစ်ကြိမ် ထပ်မံအကြောင်းကြားပေးရမှာ ဖြစ်ပါတယ် ဒါ့အပြင် ပြေရာပြေကြောင်း မဖြစ်သေးခင် လတ်တလောအခြေအနေမျိုးမှာ လူကြီးမင်းအနေနဲ့ အေးရာအေးကြောင်းပဲ နေထိုင်စေလိုပါတယ် ကျိုးကြောင်းဆက်နွယ်မှုတစ်ခုအနေနဲ့ ဒီတလောမှာ ပြောဆိုသမျှ လူကြီးမင်းရဲ့ ကိုယ်ပိုင်အကြောင်းပြချက်  (များ)ကို ထည့်သွင်း ရေးသားပေးရမှာဖြစ်လို့မို့ စကားအသုံးအနှုန်း စကားလမ်းကြောင်း ဆင်ခြင်စေလိုပါတယ် အကြောင်းအားလျော်စွာ အလုပ်အကြောင်းပဲဖြစ်ဖြစ် လူမှုရေးအကြောင်းပဲဖြစ်ဖြစ် စာအကြောင်း ပေအကြောင်းပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးပြပြီး(ပြောပြီး) ချဉ်းကပ်လာသူများကိုလည်း အထူးသတိပြုဆက်ဆံ စေလိုပါတယ် သာကြောင်း မာကြောင်းမှလွဲ၍ အမှုလမ်းကြောင်းမှေးမှိန်နိုင်စေမယ့် ဘယ်အကြောင်း ကိစ္စကိုမှလည်း ၀င်ရောက် မပတ်သတ်စေလိုပါ ရပ်ဝေးနေမိတ်ဆွေများနဲ့ စာဖတ်ပရိသတ်တွေအတွက် စာဖတ်လမ်းကြောင်း ရှုပ်ထွေးေ၀၀ါးစေရန် စာရေး ကဗျာရေးတဲ့အခါ အကြောင်းမရှိ အကြောင်းရှာပြီး မည်သည့်စာကြောင်းကိုမှ တစ်ကြောင်းတစ်လေလောက်တောင် ထည့်သွင်းမရေးဖွဲ့စေလိုပါ အခုလို အကြောင်းကံညီညွှတ်စွာ ပူးပေါင်းပါဝင်လာတဲ့အတွက် သင့်အား အထူးကျေးဇူးတင်ရှိပါကြောင်း။        ။

 

လွန်းဆက်နိုးမြတ်
၂၀၁၀


တောင်းဆု

တောင်းဆု

 

(၀)
အဖြစ်အပျက်အားလုံးသည် သူ၏ တောင်းဆုတစ်ခုမှ စတင်အခြေပြုခဲ့သည်။
(၁)
နားထဲမှာ ကျွတ်စီကျွတ်စီအသံကလေးများကို ကြားနေရသလိုရှိသဖြင့် သူ့မျက်လုံးတွေကို အသာဖွင့်လိုက်၏။ အမှောင်ကို မြင်ရသည်။ မနက်မလင်းသေး။ မှောင်နေတုန်းပင် ရှိသေးသည်။သူက ညအိပ်လျှင် အခန်းမီးကို ပိတ်အိပ်တတ်သဖြင့် လောလောဆယ် တိုင်ကပ်နာရီမှာ ဘယ်နှစ်နာရီထိုးပြီလဲဆိုတာ မသိနိုင်။ မနေ့ညနေက ရွှေစင့်ကို နတ်ကွန်းလိုက်ပို့ပြီး ပြန်လာတော့ နောက်ထပ်ရိုက်ကူးမည့် ဗွီစီဒီဇာတ်လမ်း တစ်ပုဒ်အတွက် ပြင်ဆင်နေရသေးတာကြောင့် ခါတိုင်းထက်နောက်ကျစွာ သူ အိပ်ယာဝင်ခဲ့တာကို ပြန်သတိရမိလိုက်၏။ မျက်လုံးတွေကို အသာပြန်မှိတ်ကာ တစ်ဖက်သို့ လှည့်ပြီး ပုံစံပြောင်းအိပ်လိုက်သည်။ နားထဲမှာ တိုင်ကပ်နာရီသံ တချက်ချက်သွားနေသံကို အတိုင်းသား ကြား နေရသည်။ ခဏနေတော့ သူပြန်အိပ်ပျော်သွား၏။
နောက်တစ်ခေါက်ပြန်နိုးလာတော့ ဘယ်အချိန်ရှိသွားပြီလဲသူသိချင်လာမိသည်။ ညသည် မှောင်နေတုန်းပင်။ သို့ရာတွင် အပြင်ဖက်မှာ လူတွေလှုပ်ရှားသွားလာနေသံတွေကို သူကြားနေရသည်ဟု စိတ်ထဲ အောက်မေ့မိ၏။ ဒီအချိန်ကြီး လူတွေ ဘာထလုပ်နေကြပါလိမ့်။ သူဘယ်လိုမှ ပြန်အိပ်လို့ မရတော့။ မှောင်မှောင်မည်းမည်းထဲ ခြင်ထောင်ဘေးသားကို အသာမကာ ကုတင်ပေါ်မှ သူဆင်းလိုက်သည်။ အရာရာ မှောင်နေသဖြင့် မီးခလုတ်ရှိရာကို သူ့စိတ်ထဲမှ မှန်း၍ သွားနေရသည်။ ခါတိုင်းညတွေထက် ဒီည ပိုမှောင်နေသလို ခံစားမိ၏။ လမ်းမီးတွေများပြတ်နေသလားပဲ။ခါတိုင်းညတွေမှာဆိုရင် အခန်းထဲမီးပိတ်ထားရင်တောင် ပြတင်းပေါက်မှ တစ်စွန်းတစ်စ၀င်ရောက်လာသော အပြင်ဖက်လမ်းမီးတိုင်တွေ၏ အလင်းရောင်ရှိသေးသည်မဟုတ်လား။ ရောက်ပြီ။ မီးခလုတ်ရှိသည့် နံရံဆီကို သူရောက်သွားပြီ။
“ထောက်”
မီးခလုတ်ကို သူဖွင့်လိုက်၏။
သူထင်ထားသည့်အတိုင်း မီးက ပျက်နေသည်။ သူအနည်းငယ် စိတ်ညစ်သွား၏။ ထိုအခိုက် သူ့ဟမ်းဖုန်းကလေးကို သတိရမိလိုက်သည်။ အခန်းထဲရှိ စာရေးစားပွဲဆီ မှန်းဆလျှာက်သွားကာ စားပွဲပေါ်မှ ဖုန်းကို စမ်းကြည့်လိုက်သည်။ လက်ထဲရောက်လာသည့်ဖုန်းကို ဖွင့်လိုက်တော့ ဘာမီးမှလင်းမလာ။ မဟုတ်သေးပါဘူး။ ဖုန်းကို ဘက်ထရီအပြည့်ဖြည့်ထားတာပဲ။ ရုတ်တရက် တစ်စုံတစ်ခုကို သိရှိရိပ်မိလိုက်သောကြောင့် သူတုန်လှုပ်သွားကာ ဖုန်းက ကြမ်းပြင်ပေါ် လွတ်ကျသွား၏။ပြန်မကောက်နိုင်တော့။
သူအရာရာကို ဗြုန်းစားကြီး နားလည်သွားသည်။
(၂)
လွန်ခဲ့သည့်လလောက်မှ စတင်ကာ မြို့စွန်ရှိ မထင်မရှား နတ်ကွန်းတစ်ခုသည် ဆုတောင်းပြည့်သည်ဟု နေ့ချင်းညချင်းနာမည်ကြီး လာခဲ့သည်။ ထိုနတ်ကွန်းသို့ သူ့ချစ်သူရွှေစင်က
သွားချင်သည်ဆိုကာ ပူဆာနေတာ ကြာခဲ့ပြီ။ ထိုစဉ်က သူမအားလပ်ခဲ့။ အချိန်မှီ ရုံတင်ရမည့် ရုပ်ရှင်တစ်ကားအတွက် အလုပ်ရှုပ်နေသောကြောင့်ဖြစ်၏။ ထိုအတွက် ရွှေစင့်အပေါ် တာဝန်မကျေသလို သူခံစားရသည်။ ရွှေစင်က သူ့အပေါ် ကောင်းလွန်းသည်။ သာမန်ချစ်သူတစ်ယောက်ထက်မက သူ့အပေါ် အနွံအတာခံလွန်းသည်။ ရွှေစင့်ဖက်က ကြည့်လျှင်လည်း သူက ရွှေစင့်အတွက် နတ်သားလေးတစ်ပါးဖြစ်နေနိုင်သည်။ အကြောင်းကတော့ ရွှေစင်က မျက်မမြင်မိန်းကလေးတစ်ယောက်မဟုတ်လား။
ရွှေစင်က မွေးရာပါ မျက်မမြင်သူတစ်ယောက်တော့ မဟုတ်။ ရွှေစင့်အသက် ဆယ့်ကိုးနှစ်တွင် မိဘနှစ်ပါးနှင့်အတူ ချောင်းသာသို့ အပန်းဖြေခရီးသွားရာ ကားအက်ဆီးဒင့်ဖြစ်ပြီး ရွှေစင့်မိခင်ကွယ်လွန်သွားခဲ့သည်။ ရွှေစင်ကတော့ မျက်စိအလင်းကွယ်ခဲ့ရ၏။ ဆရာဝန်က ရွှေစင့် မျက်လုံးများသည် တစ်ချိန်မှာ ပြန်ကောင်းလာနိုင်စရာရှိပါသည်ဟု နှစ်သိမ့်ခဲ့သည် ဆို၏။ နှစ်ပေါင်းအတော်ကြာကြာကို မောင်နှမမရှိသော ရွှေစင်သည် မျက်မမြင်ဘ၀ဖြင့် ခါးသီးနာကျင်စွာ ဖြတ်သန်းလာခဲ့ရသည်။ ရွှေစင့်ဘ၀ထဲသို့ သူရောက်မလာမှီအချိန်အထိပဲ ဆိုပါတော့။
“နတ်ကွန်းရောက်ရင် ရွှေစင် ဘာဆုတွေတောင်းမှာလဲ”
အချိန်မှီ ရုံတင်ရမည့် ရုပ်ရှင်ကားကြီးအတွက် လုပ်စရာတွေ လက်စသတ်ပြီးချိန်တွင် ရွှေစင် အင်မတန်သွားချင်သော မြို့စွန်ရှိ နတ်ကွန်းကို သူလိုက်ပို့ခဲ့သည်။ သူ၏ နို့နှစ်ရောင်လင့်ခရူဇာကားကြီးပေါ်တွင် ရွှေစင်က ကျေနပ်ပျော်ရွှင်စွာ လိုက်ပါလာခဲ့သည်။ ရွှေစင် ယခုလို ကားပြန်စီးတာ မကြာသေး။ ကားအက်ဆီးဒင့်ကြောင့် ဘ၀မှာ ပိုင်ဆိုင်သမျှအရာအတော်များများဆုံးရှုံးသွားသော ရွှေစင်သည် မော်တော်ကားကို နှစ်အတန်ကြာ ကြောက်ရွံ့မုန်းတီးနေခဲ့သည်။ သူနှင့် ချစ်သူတွေဖြစ်ပြီးမှသာ သူ့အကြိုက်လိုက်လျောပြီး ဟိုနားနည်းနည်း ဒီနားနည်းနည်း လိုက်စီးရင်းမှ မော်တော်ကားပြန်စီးရဲလာခြင်းဖြစ်သည်။ ဒါတောင် သူမောင်းသည့် မော်တော်ကားမှ လွဲရင် တခြားကားကို ရွှေစင်မစီး။
“အင်း…တကယ်တော့ ရွှေစင် ဆုတွေတောင်းခဲ့ရတာလည်း မောနေပါပြီ ကိုရယ်
ခုတော့ ရွှေစင် ဘာဆုမှ မတောင်းချင်တော့ပါဘူး…ကျန်တဲ့ ဘ၀တစ်သက်တာလေးကိုပဲ…
ကိုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်တဲ့စိတ် တစ်ခုပဲရှိတော့တယ်”
(၃)
သူ့စိတ်တွေ ဆောက်တည်ရာမဲ့သွားသလိုမျိုး ဒါမှမဟုတ် သူ့ဖြစ်တည်မှုကို ပိုင်စိုးသည့် နတ်ဒေ၀တာတစ်ပါးပါးတိမ်းပါးသွားသလိုမျိုး သူခံစားလိုက်ရသည်။ သွားပြီ။ သူ့မျက်လုံးတွေ ကန်းသွားပြီ။ မနေ့က နတ်ကွန်းရှေ့မှာ ရွှေစင့်အတွက် သူတောင်းခဲ့သည့် ဆုပြည့်သွားပြီ။ သွေးရူးသွေးတန်းဖြင့် အခန်းထဲမှ သူထွက်လိုက်ရာ ပိတ်ထားသော အခန်းတံခါးနှင့် အရှိန်ပြင်းစွာတိုက်မိသည်။ လဲကျနေရာမှအခန်းတံခါးကို သူဆွဲဖွင့်သည်။ ပြီးတော့ တည်ငြိမ်မှုမဲ့စွာ အိမ်ရှေ့ဧည့်ခန်းထဲ ပြေးထွက်တော့ ဧည့်ခန်းထဲရှိ ပစ္စည်းများနှင့် တိုက်မိလဲပြိုပြန်ကာ သူ့ခေါင်းမိုက်ခနဲ ဖြစ်သွား၏။ စမ်းကြည့်တော့ ပျစ်ချွဲချွဲအရည်တွေ။ သွေး…သွေးတွေ..။
“ဒေါက်..ဒေါက်…ဒေါက်…ဆရာနေလင်းအောင်…ဆရာနေလင်းအောင်”
အရေးထဲ အခန်းတံခါးကို ဘယ်သူက လာခေါက်သည်မသိ။ သူ့နာမည်ကိုလည်း တကြော်ကြော်အော်ခေါ်နေသည်။
“ဘယ်သူလဲ”
“ကျွန်တော်ပါ ဆရာ…မျိုးသိမ်းပါ”
“ဟေ့ကောင်…ပြော ဘာကိစ္စလဲ”
သူ့အသံတွေက သိမ်ငယ်ရှုပ်ထွေးမှုတွေနှင့်အတူ ကျွတ်ဆတ်နေသည်။
“မမလေးရွှေစင် မျက်စိပြန်မြင်ရပြီတဲ့ အဲဒါ ဆရာ့ဆီ ဖုန်းဆက်တာ မရလို့
ကျွန်တော့်ကို ပြောခိုင်းလိုက်တာ…မမလေးတို့က ဆရာ့ကို
ဗဟန်းက မျက်စိဆေးရုံမှာ စောင့်နေမယ်တဲ့…ဆရာ တံခါးဖွင့်ပါဦး”
ဟင်။ ရွှေစင်က မျက်စိပြန်မြင်သွားပြီဆိုပဲ။ သေချာသွားပါပြီ။ မနေ့က နတ်ကွန်းမှာ သူတောင်းသည့်ဆုပြည့်သွားခဲ့ပြီ။ဆုံးဖြတ်ချက်တစ်ခု ကိုချက်ချင်းပင် သူချဖြစ်လိုက်သည်။
“အေး..အေး…ဟုတ်ပြီမျိုးသိမ်း…ငါသိပြီ…ငါသဘောပေါက်ပြီ…မင်း ခုအိမ်ပြန်မှာမဟုတ်လား
သွားတော့…ငါမင်းကို တံခါးဖွင့်မပေးနိုင်တော့ဘူး”
“ဟုတ်…ဟုတ်ကဲ့ဆရာ”
ယောင်နနဖြစ်ကာ လှည့်ထွက်သွားသော မျိုးသိမ်း၏ ခြေသံကို သူကြားရသည်။
(၄)
သူက ရွှေစင်ကို ချစ်ခွင့်တောင်းသောအခါ သိပ်မကြာခင်မှာပဲ သူလိုချင်သော အဖြေကို ရွှေစင်ပေးခဲ့၏။ ရွှေစင်က တက္ကသိုလ် နောက်ဆုံးနှစ်ထိ ရောက်ခဲ့ပေမယ့် မျက်စိကွယ်သွားတော့ ဘွဲ့ရအောင်မယူနိုင်ခဲ့။ မျက်စိအလင်းမကွယ်ခင် ရွှေစင်တက္ကသိုလ်စတက်ကတည်းကပင် သူပါဝင်သရုပ်ဆောင် ထားသည့် ဗွီဒီယိုဇာတ်ကားများကြည့်ကာ သဘောကျခဲ့သည်ဟု ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းတွင် ရွှေစင်က ရှက်စဖွယ်အမူအရာဖြင့်ပြောပြသည်။သို့ရာတွင် သူက သရုပ်ဆောင်ဖက်မှာ မအောင်မြင်ခဲ့။ ထို့ကြောင့် ဒါရိုက်တာဖြစ်အောင် သူကြိုးစားခဲ့သည်။ မျက်မမြင်မကလေးရွှေစင်နှင့် တွေ့သော အခါ သူက အတော်အသင့် အောင်မြင်သော ဒါရိုက်တာလေးတစ်ယောက်ဖြစ်နေခဲ့ပြီ။ မအောင်မြင်သော သရုပ်ဆောင်အလုပ်ကို သူစွန့်လွှတ်ခဲ့၏။
“ဒါဆို ဒီနတ်ကွန်းမှာ ရွှေစင် ဘာဆုမှ မတောင်းတော့ဘူးပေါ့”
“ကို့အတွက် တောင်းပေးမယ်လေ…ကိုဒီနှစ် အကယ်ဒမီရအောင်ပေါ့…
ကိုကလည်း ရွှေစင့်အတွက်ဆုတောင်းပေး…အပြန်အလှန်ပေါ့”
မြို့ပြင်သို့ ရောက်လာသည့် သူ၏ နို့နှစ်ရောင်လင့်ခရူဇာကားနောက်တွင် လမ်းများ တရိပ်ရိပ်ကျန်နေခဲ့တာကို နောက်ကြည့်မှန်ကနေ တဆင့် သူမြင်နေရသည်။ မျက်မမြင်ဘ၀ရောက်သွားပြီးနောက်တွင် ဘာသာရေးကို ရွှေစင်ပိုလုပ်ဖြစ်ခဲ့သည်။ အလင်းရောင်ပျောက်ကွယ်သွားသော ရွှေစင့်အတွက် ဘာသာရေးဖြင့် အလင်းသစ်ရှာဖွေရန် ကြိုးပမ်းမှုဖြစ်သည်။ တန်ခိုးကြီးဘုရားအတော်များများသို့ ဘုရားဖူးထွက်ကာ ကွယ်လွန်သွား သော မိခင်အတွက်နှင့် မိမိ၏ မျက်စိနှစ်ကွင်းအလင်းပြန်ရရန် တောင်းဆုပြု လှူဒါန်းခြင်းများကို ရွှေစင်မကြာခဏလုပ်ဖြစ်ခဲ့သည်။
“ကိုယ် အကယ်ဒမီရုပ်တုမရလည်း ၀မ်းမနည်းပါဘူး…ရွှေစင်ရာ”
“ဟင်…ဘာဖြစ်လို့လဲ ကိုရဲ့”
“ကိုယ့်အတွက် ချစ်သူရွှေစင်ရုပ်လေးရှိပြီးသားပဲ”
“ဟွန့်..ကိုက စကားသိပ်တတ်တာပဲ”
နတ်ကွန်းကို ရောက်တော့ နေ့လယ်၁၂နာရီထိုးခါနီးပြီ။ ထမင်းစားချိန်ဖြစ်သောကြောင့်လားမသိ လူသိပ်မရှိ။ရွှေစင်က အသင့်ပါလာသော လှူဖွယ်ပစ္စည်းတွေကို ဆပ်ကပ်ပူဇော်မှုတွေလုပ်သည်။သူက ဘေးမှနေ၍ ရွှေစင့်ကို ကူလုပ်ပေးရသည်။ မျက်စိမမြင်ရပေမယ့် ရွှေစင်က ယခုလိုကိစ္စမျိုးတွေကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမှကျေနပ်တတ်သူဖြစ်၏။ရွှေစင်က ဘာဆုတွေတောင်းသလဲသူမသိရပေမယ့် သူတောင်းတဲ့ ဆုကိုတော့ ရွှေစင်က လာမေးသည်။ အမှန်တော့ သူက ဘာဆုမှမတောင်း ရိုးရိုးတန်းတန်းဝတ်ပြုရုံလောက်သာ ဖြစ်သည်။ ဒါတောင် ရွှေစင်ဘေးမှာ ရှိနေလို့ ဖြစ်သည်။ သူက ဘာသာရေးကို သိပ်မလိုက်စားဖြစ်။ ဆုတွေဘာတွေလည်း တောင်းလေ့တောင်းထမရှိ၊ အရာအားလုံး ကိုယ်လုပ်မှ ကိုယ်ရတာပဲဖြစ်သည်ဟု လက်ခံထားသူဖြစ်သည်။သူငယ်ငယ်ကတော့ သူ့မိသားစုမှာ ဆင်းရဲလွန်းသောကြောင့် မကြာခင်ချမ်းသာလာရန် အကြိမ်ကြိမ် ဆုတောင်းဖူးသည်။ သို့သော် ဘာမှဖြစ်မလာခဲ့။ သူက သူတကယ်မတောင်းသော ဆုကို နတ်ကွန်းရှေ့မှာ ခပ်တည်တည် ဖွင့်ပြောပြလိုက်တော့
ရွှေစင်ကျနပ်သွားခဲ့၏။
(၅)
ဘာကိုမကျေနပ်မှန်း သေသေချာချာမသိရပေမယ့် တစ်ခုခုကိုတော့ သူအကြီးအကျယ်မကျေမနပ်ဖြစ်နေမိသည်။မဖြစ်ဘူး…မဖြစ်ဘူး… ငါဒီလို ပုံမျိုးနဲ့ အပြင်သွားရင် ငါ့ကို လူတွေက ဘယ်လိုထင်ကြမလဲ။ သူ့ခေါင်းက ပေါက်နေသည့်ဒဏ်ရာက နာကျင်နေသည်။ သွေး မထွက်တော့လို့ တော်သေးသည်။ ခုတော့ မျက်စိမမြင်သူက ရွှေစင်မဟုတ်။ သူဖြစ်နေပြီ။ ရွှေစင်မျက်စိမမြင်တာက ကိစ္စမရှိ။သူမျက်စိမမြင်လျှင်….။ဟာ…။တွေးကြည့်ရုံဖြင့်ပင်အလိုလိုနေရင်း အားအင်တွေမဲ့သွားရသည်။အကယ်ဒမီပေးပွဲက လမည့်အင်္ဂါနေ့ည။ ရုပ်ရှင်အသိုင်းအ၀န်းတစ်ခုလုံး ဒီနှစ် ဒါရိုက်တာဆုကို  “တလောကလုံးနဲ့ တစ်ယောက်”ဇာတ်ကားဖြင့် သူရနိုင်မည်ဟု ထင်ကြေးပေးထားကြသည်။ အကယ်၍ သူအကယ်ဒမီရပါက သူ့ကို ရွှေစင်က ဘေးမှ တွဲပေးမှာသေချာသည်။ထိုအခါလူတွေက သူ့ကို ၀ိုင်းသနားကြလိမ့်မည်။ မျက်မမြင်အနုပညာရှင်ဆိုပြီးတော့ပေါ့။ရွှေစင့်ကိုလည်း သဘောထားကြီးလိုက်တာ… မေတ္တာကြီးလိုက်တာ…ဟိုမျက်မမြင်ဒါရိုက်တာနဲ့တောင်မတန်ဘူး…ဘာညာ စသဖြင့် ပြောကြလိမ့်မည်။ ရွှေစင်ကိုယ်တိုင်ကလည်း ဘယ်လောက်ကြာကြာ သူ့အနွံအတာခံနိုင်မှာ တဲ့လဲ။ အရင်ကတော့ မျက်မမြင်မကလေးရွှေစင်အတွက် သူက မမှားနိုင်သည့် ရွေးချယ်မှု။ ခုတော့ ရွှေစင်မျက်စိပြန်မြင်ပြီ။သူ့ထက်သာသည့် လူတွေ လောကမှာအများကြီးရှိမှန်း ရွှေစင်သိသွားတော့မည်။ အထူးသဖြင့် သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးသန့်စင်၏ တစ်ဦးတည်းသော သမီးကလေးရွှေစင်ကို လိုချင်သည့် လူတွေက ဒုနှင့်ဒေးရှိမှန်း ရွှေစင် မကြာခင် သိလာရတော့ မည်။ဟိုအရင်မျက်မမြင်ဘ၀မှာ နေတုန်းက ရွှေစင်ကို ဘယ်သူကမှအရေးမစိုက်ခဲ့သည့်ကိစ္စသည်လည်း အတိတ်မှာ ကျန်ရစ်ခဲ့တော့မည်။ရွှေစင့်အစား သူသာ မျက်မမြင်ဘ၀ဖြင့် လူတွေ၏ မေ့လျော့ရှောင်ခွာခြင်းကို ခံစားရတော့မည်ဖြစ်၏။
ချောက်ချားထိတ်လန့်စွာ ကြမ်းပြင်ထက် သူထိုင်လျက်သားရှိနေသည်။ သူ့ဘ၀က အမှောင်ကျသွားပြီ။တောက်…ဒီသောက်ကောင်မ …ဘာဖြစ်လို့ အဲဒီနတ်ကွန်းကို သွားဖို့ ငါ့ကို ပူဆာရတာလဲ။ ရွှေစင်နှင့် လက်ထပ်ပြီးလျှင် ဦးသန့်စင်၏ သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုလုံး သူ့လက်ရောက်လာမည်။ ထိုအခါကျမှ အောက်ကျနောက်ကျနေခဲ့ရသော ဒါရိုက်တာပေါက်စဘ၀က သူလွတ်မည်။ဦးသန့်စင်ကလည်း သမီးဖြစ်သူ မျက်မမြင်မလေးရွှေစင်နှင့် သူ့ကို သဘောတူခဲ့သည်။ လက်ရှိ သူစီးနေသည့် နို့နှစ်ရောင်လင့်ခရူဇာ ကားကိုတောင် ဦးသန့်စင်က ပေးထားတာဖြစ်သည်။ခုတော့ ဦးသန့်စင်လည်း သဘောထားပြောင်းပြီလားမပြောတတ်။ သိပ်မကြာခင်အချိန်အတွင်းမှာ သူ့ဘ၀သည် လုံးဝပြောင်းလဲ သွားရပေတော့မည်။ မျက်မမြင်ဒါရိုက်တာ။မျက်စိမမြင်တော့ ဗွီဒီယိုတွေ ရုပ်ရှင်တွေလည်း သူရိုက်နိုင်တော့မှာမဟုတ်ဘူးပေါ့။ဒါဆိုလျှင် ဦးသန့်စင်က လုပ်ငန်းမှာ သုံးမရတော့သည့် မျက်မမြင်တစ်ယောက်ကို အလကားနေရင်း သားမက်တော်ချင်မှာမဟုတ်တာ သေချာနေသည်။အစပိုင်းတော့ ချော့မော့ ဆက်ဆံမည်။နောက်မှ တနည်းနည်းနှင့် ဒီအသိုင်းအ၀န်းမှာ သူမနေနိုင်အောင် ဦးသန့်စင်လုပ်မည်။ထိုအချိန်တွင် တခြားငတိတစ်ယောက်ယောက်နှင့် ရွှေစင်က အချစ်စာမျက်နှာသစ် ဖွင့်နေလိမ့်မည်။
ဝမ်းနည်းစိတ်ကြောင့် သူ့ရင်ဘတ်တစ်ခုလုံးဆို့နစ်နာကျင်နေသည်။ အလင်းရောင်ပျောက်ဆုံးနေသည့် သူ့မျက်လုံးတစ်စုံထက်တွင် မျက်ရည်တွေက စီးကျနေခဲ့ပြီ။ ငယ်စဉ်က သူအလွန်ဆင်းရဲခဲ့သဖြင့် ချမ်းသာနိုင်သည့် အခွင့်အရေးမှန်သမျှ သူရအောင်ယူခဲ့သည်။ သူ့ကြောင့် ဘ၀ပျက်၊ နာမည်ပျက်သွားသူတွေလည်း အနည်းအကျင်းရှိခဲ့ဖူးသည်။ ထို့ကြောင့် သူ့အကြောင်းသိသူတွေက သူ့ကို အခွင့်အရေးသမားဟု ကွယ်ရာမှာ ခေါ်ကြသော်လည်း သူမဖြုံခဲ့။ ရွှေစင်နှင့် လက်ထပ်ပြီးလျှင် သူ့ဘ၀သည် အေးချမ်းသွားပြီဖြစ်သည်။ နောင် သူတကယ်ချစ်သော မိန်းမတစ်ယောက် နှင့်တွေ့လျှင် အပြင်မှာ တိတ်တိတ်ပေါင်းသင်းကြရုံပင်။ ခုတော့ သူ့အကြံအစည်တွေအားလုံး ဘာမဟုတ်သည့် တောင်းဆုတစ်ခုကြောင့် ရေစုန်မျော သွားပြီ။ နောက်တစ်ကြိမ် နတ်ကွန်းဆီသွားပြီး ဆုတောင်း၍လည်း မရတော့။ နတ်ကွန်းက ဆုတစ်ကြိမ်သာ တောင်းလို့ရသည်ဟု အဆိုရှိထားသည်။ သူမလိုချင်သည့် ဆင်းရဲတွင်းထဲ ပြန်သွားရတော့မည်။ ပိုပြီးဆိုးတာက ဆင်းရဲတွင်းထဲမှာ မျက်မမြင်ဘ၀နှင့် ကူညီကယ်တင်သူ မရှိ အထီးကျန် ဖြတ်သန်းရမည့်အရေးပင်။ သူ့နှလုံးသားသည် အဆုံးစွန်လှုပ်ခါလွန်းရသောကြောင့် မောပန်းနေသည်။ သေခါနီး သတိလက်လွတ်ဖြစ်နေသော လူပမာတစ်ယောက်လို ကတုန်ကယင်ဖြစ်ကာ သူကြောက်ရွံ့နေသည်။ ဘာကိုမှ သူရင်မဆိုင်ရဲတော့။ရွှေစင်၊ မြို့စွန်က နတ်ကွန်း၊ကားအက်ဆီးဒင့်၊ လက်စသတ်နေရသည့် ရုပ်ရှင်ကား၊အမှောင်၊တန်ခိုးကြီးဘုရားများ၊ရှက်စဖွယ်အမူအရာ၊အကယ်ဒမီ၊ ခေါင်းက ဒဏ်ရာ၊သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေး၊ မျိုးသိမ်း၊နို့နှစ်ရောင် လင့်ခရူဇာ၊ဆင်းရဲတွင်း၊ဟမ်းဖုန်းဘက်ထရီ၊ဦးသန့်စင်၊ အားလုံးကို သူရင်မဆိုင်ရဲတော့။မနေ့ညနေက နတ်ကွန်းရှေ့မှာ ရွှေစင့်ကို ခပ်တည်တည်ပြောခဲ့သော သူ့တောင်းဆုကိုသာ နားထဲ အကြိမ်ကြိမ် အထပ်ထပ် ကျိန်စာတစ်ပုဒ်လို ပြန်ကြားယောင်နေမိသည်။
“နတ်မင်းကြီးခင်ဗျား…ဖြစ်နိုင်ပါက ကျွန်တော့်ချစ်သူလေး ခံစားနေရသော
မျက်စိမမြင်ရသောဒုက္ခတရားများကို ကျွန်တော့်ကိုပဲ ကျရောက်ပါစေ…
ကျွန်တော်၏ မျက်စိအလင်းများကိုတော့ ချစ်သူလေးအား ပေးသနားတော်မူပါ”

 

လွန်းဆက်နိုးမြတ်
၁၄.၁၁.၀၈
နေ့လယ်၁၁း၁၈နာရီ
ကလျာ၊စက်တင်ဘာ၊၂၀၀၉

လူမေးများတဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းကိုးခုအား ကိုယ်တိုင်ကိုယ်ကျ ဖြေဆိုမိခြင်း

လူမေးများတဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းကိုးခုအား
ကိုယ်တိုင်ကိုယ်ကျ ဖြေဆိုမိခြင်း

 

မင်းက ရုပ်ရည်လေးသနားကမားနဲ့ ဂျင်းဘောင်းဘီအမြဲဝတ်လို့
ဟိုက်ဘော့(စ်)တစ်ယောက်ရဲ့ သားလား
မင်းက ခပ်ကားကားလမ်းလျှောက်ပြီး ဆောင့်ကြွားကြွားနိုင်လှတာ
လူနှစ်ဒါဇင်လောက်နဲ့ ချိန်းရိုက်ဖူးတဲ့ကောင်လား
မင်းက အသက်(၂၂)နှစ်မှာ အရွယ်နဲ့ ရင့်ကျက်မှုအကြောင်းစဉ်းစား
ပြီးတော့လည်း သစ်ရွက်ကြွေသံကြားတိုင်း စိတ်လှုပ်ရှားလို့
ခုတိုင်ရူးသွပ်တတ်သူလား။
မင်းက ကဗျာလေးတစ်ပုဒ်/နှစ်ပုဒ်လောက် မဂ္ဂဇင်းထဲ ပါဖူးတာနဲ့
ကိုယ့်ကိုယ်ကို ကဗျာဆရာလို့ ထင်နေပြီလား
မင်းက လူတစ်ချို့ရဲ့ ဆိုင်းဘုတ်တွေကို အမှားပြင်ရဦးမယ်ပြောပြီး
ကိုယ်တိုင်မှာကော အမှန်များများနဲ့ ဆိုင်းဘုတ်ရှိလို့လား
မင်းက မိန်းမတွေအကြောင်း နားမလည်နိုင်ဘူး အမြဲပြော
(၁၅၀၀)စစ်စစ် ရေစီး/ရေဆန်ထဲ ဘ၀ကို ချကျွေးဖူးလို့လား
မင်းက မိသားစုမှာ အသားဟင်းမပါရင် ထမင်းမစားချင်
မီးဖိုချောင်ထဲ အမေ့အစား မီးတစ်ခါ ၀င်မွှေးဖူးသလား
မင်းက လူ့အနာဂတ်အတွက် ခန့်မှန်းချက်တွေ မုန်းရအောင်
ပလက်ဖောင်းဗေဒင် ရှောင်ကွင်းတတ်သူလား
မင်းက အပေါစားဝတ္ထု/အပေါစားရုပ်ရှင်တွေ လှည့်မကြည့်ဘူးပြောခဲ့
ကိုယ်ဖန်တီးတဲ့ အနုပညာအားလုံး အပေါစားဆန်နေတာတော့ မသိဘူးလား။

ဟုတ်ကဲ့
ကျွန်တော်ဟာ ရုပ်ရည်သိပ်မဆိုးဘဲ ဂျင်းဘောင်းဘီကြိုက်တတ်တဲ့
အိပ်ကပ်ထဲ ငွေတစ်ထောင်မပါ ငမွဲတစ်ကောင်ပါ
ကျွန်တော်ဟာ မွေးရာပါခပ်ကားကားနဲ့ ဆောင့်ကြွားကြွားလမ်းလျှောက်တတ်တာကလွဲလို့
လူကြောက်ကလေးပါ
ကျွန်တော်ဟာ အသက်(၂၂)နှစ်ထိ သစ်ရွက်လှုပ်ရုံနဲ့ တစ်သက်လုံး အသည်းတုန်ခဲ့
ရင့်ကျက်မှုနည်းကာ ခုတိုင်ရူးသွပ်နေသူပါ
ကျွန်တော်ဟာ ရေးထားတာထက် အပုံ ၃၀ပုံမှာ ၁ပုံလောက်သာ မဂ္ဂဇင်းမှာပါဖူးတဲ့
ခပ်ညံ့ညံ့ ကဗျာရေးသူတစ်ယောက်ပါ
ကျွန်တော်ဟာ ဘွဲ့ရဆိုတဲ့ ဆိုင်းဘုတ်တစ်ခုတောင် မပိုင်ပေမယ့်
လူတစ်ချို့ရဲ့ ဆိုင်းဘုတ်တွေအပေါ်  ဝေဖန်ခဲ့ဖူးတဲ့ လူအ-ပါ
ကျွန်တော်ဟာ မိန်းမတွေအပေါ် နားမလည်နိုင်ခဲ့သလို (၁၅၀၀)စစ်စစ် ရေစီး/ရေဆန်ထဲ
ဘ၀ကို မလေးနက်ခဲ့သူပါ
ကျွန်တော်ဟာ အသားဟင်းမပါရင် ထမင်းမစားချင်
မီးဖိုချောင်ထဲ အမေ့အစား မီးတစ်ခါဝင်မမွှေးခဲ့ဖူးတဲ့ သားမိုက်ပါ
ကျွန်တော်ဟာ အနာဂတ်ကို ယတြာတွေနဲ့ခြယ်သ
ဘယ်လိုဗေဒင်ကိုမှ မယုံကြည်နိုင်သူပါ
ကျွန်တော်ဟာ အပေါစားဝတ္ထု/အပေါစားရုပ်ရှင်တွေဆို အထင်မကြီးဘဲ
ကိုယ်တိုင်ကျတော့ ဒီကဗျာလို အပေါစားအနုပညာတွေသာ
ဖန်တီးတတ်တဲ့ ကောင်ရယ်ပါ။        ။

 

လွန်းဆက်နိုးမြတ်
Idea ၊ဧပြီ၊၂၀၀၆

မောင်း-ဟိန်းမြတ်ဇော် ရောင်း-လူဆန်း

မောင်း-ဟိန်းမြတ်ဇော်
ရောင်း-လူဆန်း

 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိဘ၊ဇနီး၊သား၊သမီး၊မြေး၊မြစ်၊အချစ်ကလေးများက ဘေးမသီရန်မခဘဲ အိမ်အပြန်စောင့်မျှော်နေကြသည်ကို သိရှိကြပါသည်။ကျွန်ုပ်တို့သည်  ဤမွန်မြတ်သည်ဟုဆိုသော  ဤသစ္စာအဓိဌာန်အလုပ်ကို ကျွန်ုပ်တို့သဘောနှင့် ကျွန်ုပ်တို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ထပ်မံရွေးချယ်နိုင်ခွင့် ရှိသည်ကိုလည်း သိရှိနားလည် ပါသည်

ကျွန်ုပ်တို့သည် မော်တော်ယာဉ်စီး လုပ်သားပြည်သူများကို ယေဘူယျအားဖြင့် ယဉ်ကျေးချေငံစွာ ဆက်ဆံကြပါသည်။သို့သော် မတူသော တက်လိုက် ဆင်းလိုက် စိတ်ကူးအမျိုးမျိုးဖြင့် မျောနေသော လူအများကို ခရီးစဉ်အစအဆုံး နေမထွက်ခင်မှ မိုးစုန်းစုန်းချုပ် ဆက်ဆံပြောဆိုနေရခြင်း၊သက်ဆိုင်ရာ စည်းပိုင်ကမ်းပိုင်တို့၏ အရိပ်အကဲ၊ နေ့တွက်ကိုက်ရန် အစဉ်မျက်စိလျင်အော်ဟစ်နေရခြင်းတို့ကြောင့် အလျင်စလို အပြောအဆို လေယူလေသိမ်းများ ရှိခဲ့သော် ဤနေရာမှ အညွတ်အနူးတောင်းပန်အပ်ပါသည်

ကျွန်ုပ်တို့၏ မိန်းမတို့သည် ဒီနေ့အ၀တ်တစ်မျိုးဝတ်ပြီး ဟင်းတစ်မျိုးချက်ကာ နောက်တစ်နေ့ နောက်အ၀တ်တစ်မျိုးဖြင့် ဟင်းအမယ်တစ်မျိုး ပြောင်းလျက် နေ့စဉ်ဖန်တီးကြ ပါသည်။ကျွန်ုပ်တို့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က၊ဆယ်နှစ်ခန့်က ခရီးသည်များနှင့် ဆက်ဆံနေရခြင်းမဟုတ် မူဘဲ ယနေ့ခရီးသည်များနှင့် ဆက်ဆံနေရသောကြောင့် ယနေ့အတွေးကိုပဲ တွေးကြရပါသည်

ဟိုယခင် သိမှီလိုက်သူများအဖို့ သစ်သားဘတ်စ်ကားအိုကြီးပေါ် မောင်းသူအဖိုးကြီး၏ ဒူးတစ်ဝက်လှန် လေ၀င်ပုဆိုးနှင့် ရောင်းသူအဖိုးကြီး၏ ]မှတ်တိုင်ပါသည်ဆရာ}ဟူသော ကွမ်းမြုံ့သံ၊ငါးပြားစေ့ ဆယ်ပြားစေ့ မတ်စေ့ ငါးမူးစေ့ ကျပ်စေ့ အလေးစေ့ အပေါ့စေ့ထည့်လွယ်အိတ်ကြီးများ၊ ကွမ်းစားထားသော လျှာပေါ်မှ တံတွေးဆွတ်ပြီး လက်မှတ်တစ် စောင်စီ အေးဆေးစွာ ဆွဲဖြုတ်လျက် လေတဖြူးဖြူးစီးရသော ခေတ်လည်း မဟုတ်တော့ပါချေ။

ကျွန်ုပ်တို့တွင် လမ်း၊မီးပွုင့်၊မှတ်တိုင်၊ မော်တော်ယာဉ်ပေါ် အချိန်မရွေးကြုံလာရနိုင်သော အခက်အခဲများကို နေ့စဉ်နည်းအားဖြင့် တွက်ဆနိုင်ကြပြီး ရရှိသော ၀င်ငွေအားဖြင့် ရပ်တည်ကြရပါသည်။ မနေ့က အကြောင်းများကို အချိန်များစွာ မစဉ်းစားနိုင်ပါ၊မနက်ဖြန်လာမည်သေချာသော်လည်း ကျွန်ုပ်တို့ဘက်မှ ပိုပြီးသေချာထားရပါမည်။ထို့ကြောင့် ကျွန်ုပ်တို့လုပ်ရန်ရှိသည်များကို နေပူမိုးရွာရွာပြီးစီးအောင် လုပ်ရပါသည်။ငြီးငွေ့စရာ နေ့စဉ်အပြောအဆိုများကြားမှ စကားလုံးအသစ်များရလာသလိုဆွဲသုံး၊လိုအပ်က ထင်ဟပ် ထွင်းဖောက်လိုက်ရခြင်းများဖြင့် အလုပ်လုပ်ရင်း ဖြေဖျော်ကြရပါသည်

ထို့ကြောင့်ပင် အချို့သော ကဗျာဆရာများသည် ကျွန်ုပ်တို့အား တမင်လ္ဘက်ရည်တိုက် ထမင်းကျွေးပြီး ကားနားချိန်များတွင် ကျွန်ုပ်တို့၏ အသုံးအနှုန်း များကို စိတ်ရှည် လက်ရှည်မှတ်သားသွားလေ့ရှိပါသည်။

အတိတ်ကိုပြန်တွေးသော် အမောပြေသည်နှင့် တစ်ပြိုင်နက် အနာဂတ်အတွက် မျက်နှာမူခြေကားထားရပါသည်။အကယ်၍ လိုအပ်ပါက မိုက်ရမည် ဆိုပါမူ ယခင်ရေဒီယိုလူရွှင် တော်ကြီးများပြက်လုံးအတိုင်း ကျွန်ုပ်တို့၏ ခေါင်းမှ ချုပ်ရာထစ်ရာများသာကြည့်ကြပါကုန်

 

ရေးသူ-လူဆန်း
မေ-၂၀၀၈

အသံ

အသံ

 

-တစ်နေရာရာတွင် တစ်စုံတစ်ခုသည် ရိုင်းစိုင်းကြမ်းထစ်စွာ အော်မြည်နေခဲ့သည်။ကျွန်တော်သည် ထိုအော်မြည်သံကို သိတတ်စအရွယ်မှစ၍ လိုက်လံရှာဖွေနေခဲ့မိပါသည်။
-ကျွန်တော်အိပ်ယာနိုးစမှ ညဖက်အိပ်ယာဝင်သည့်တိုင် ထိုအသံက ကျွန်တော့်ကို ဖမ်းစားလို့ နေခဲ့ပါသည်။
-ကျွန်တော်ငယ်စဉ်က မနက်ခင်းတစ်ခုတွင် ထိုအသံကို သွားတိုက်ဆေးဗူးထဲမှ သွားတိုက်ဆေးဖြူဖြူများ ကုန်စင်သည်အထိ ညှစ်ထုတ်ရှာဖွေခဲ့ဖူး
ခြင်းအား ယခုအခါတွင် ပြန်လည်၍ သတိရမိပါသေး၏။ရိုင်းစိုင်းကြမ်းထစ်သော ထိုအသံသည် ကျွန်တော့်စိတ်အား အခါမလပ် စိုးမိုးထားနိုင်စွမ်း ရှိလေသည်။
-ထိုအသံကြောင့်ပင် ကျွန်တော်သည် သူငယ်တန်းစတက်သောနေ့တွင် ကျွန်တော့်ထက်အရင်ရောက်နှင့်သော အတန်းဖေါ်တစ်ဦး၏ အနိုင်ကျင့် မှုကို ကျောက်သင်ပုန်းစောင်းဖြင့် ခေါင်းကိုခေါက်ပြီး သုံးချက်ချုပ်ယူရအောင် တန်ပြန်လုပ်ခဲ့ဖူးပါသည်။
-ကျွန်တော်သည် ထိုအသံအား လက်ရေးလှလေ့ကျင့်ရသော လေးကြောင်းမျဉ်းစာရွက်များပေါ်တွင် တိတ်တိတ်လေးရှာဖွေခဲ့ဖူးပါသည်။ထိုအသံကြောင့် ကျွန်တော့်အား အမြဲလိုလိုရိုက်နှက်ဆုံးမလေ့ရှိသော အဖေ့လက်ကလွတ်ရန် အိမ်မှ ခိုးပြေးခဲ့မိဖူးသည်။
-ကျွန်တော်၏ နားထဲတွင် ထိုအသံသည် အချိန်တိုင်းလိုလိုပင် ရိုင်းစိုင်းကြမ်းထစ်လို့နေခဲ့လေသည်။
-ကျွန်တော်တို့ အိမ်သို့ ရေဒီယိုလေး စတင်ရောက်ရှိလာသည့်နေ့က ထိုအသံကို ရေဒီယို ဓာတ်ခဲများဖြုတ်၍ ရှာဖွေခဲ့မိ၏။မကောင်းဆိုးရွား တစ်ကောင်၏ ရှိုက်ငင်သံနှင့်တူသော ထိုအသံသည် ကျွန်တော့်အား လွန်စွာ စိတ်လှုပ်ရှားစေပါသည်။
-တတိယတန်းတက်စဉ်က ကျွန်တော်မျက်လုံးတစ်ဖက်မှိတ်ပြတိုင်း ပြန်မှိတ်ပြတတ်သော အခန်းထဲမှ ကောင်မလေး သေးသေးကွေးကွေးလေး၏ မျက်လုံးများထဲတွင်လည်း ထိုအသံကို ရှာခဲ့မိပါသည်။ကျွန်တော်သည် ထိုအသံကြောင့် အလယ်တန်းကျောင်းသားဘ၀တွင် ကျောင်းပြေးပြီး အင်းထဲမှာ ရေခိုးကူးခဲ့ဖူးသည်။ကျွန်တော်ကြားဖူးသမျှ အသံများအားလုံးတွင် ထိုအသံသည် ရိုင်းစိုင်းကြမ်းထစ်မှု အနိုင်ဆုံးဖြစ်ပါသည်။
-ကျွန်တော်လူပျိုပေါက်အရွယ်မှာ ကြည့်ရှုခဲ့ဖူးသည့် အညှီအဟောက်ရုပ်ရှင်များထဲတွင်လည်း ထိုအသံအား စူးစိုက်ရှာဖွေမိခဲ့ပြန်ပါသည်။ထိုအသံကြောင့် ကျွန်တော်သည် ဘောလုံးကစားတိုင်း တစ်ဖက်အသင်းမှ လူတစ်ဦးဦးနှင့် အမြဲအချင်းများခဲ့ရလေသည်။
-ဆုံးစမရှိနက်မှောင်သော ချောက်ကမ်းပါးကြီးတစ်ခုထဲမှ ထိုးထွက်လာပုံမျိုးဖြင့် ထိုအသံသည် ကြမ်းထစ်ရိုင်းစိုင်းစွာ ကျွန်တော့်ဘ၀တွင်အမြဲမပြတ်
အော်မြည်နေခဲ့ပါသည်။
-တက္ကသိုလ်ကျောင်းဝန်းထဲမှ ခုံတန်းရှည်များပေါ်တွင် ကျွန်တော်သည် ထိုအသံကို စေ့စပ်စွာ လိုက်လံ ရှာဖွေခဲ့ဖူးပါသည်။ထိုအသံသည်ကျွန်တော့်
အား တက္ကသိုလ်ကို အကြိမ်ကြိမ်ကျရှုံးစေကာ ပညာရေးတစ်ပိုင်းတစ်စဖြင့် ပြင်ပလောကထဲ လွင့်စင်စေခဲ့သည်။
-အင်မတန်ကြမ်းထစ်ရိုင်းစိုင်းသော ထိုအသံက ထိုနှစ်များအတွင်း ကျွန်တော့်ဘ၀အတွက် ပိုမိုကျယ်လောင်လာသလားဟုပင် မှတ်ထင်မိပါတော့၏။ကျွန်တော်နေထိုင်ရာ မြို့ကလေး၏ အမြင့်ဆုံး မျှော်စင်တွေပေါ် တက်၍လည်း ထိုအသံကို ရှာဖွေသော နေ့ရက်များ ရှိလာခဲ့သည်။
-ကျွန်တော့်အား ထိုအသံက ရဲရင့်ပြတ်သားသော အလုပ်ကြမ်းသမားတစ်ယောက်အသွင်သို့ ပြောင်းလဲပစ်ခဲ့သည်။ထိုအသံကို သင်္ဘောဆိပ်များ၊
ကုန်တင်ကားဂိတ်များ၊ဈေးများနှင့် လူစည်ကားရာအရပ်ဒေသများတွင် ကျွန်တော်ဆက်လက်ရှာဖွေခဲ့မိပါသေးသည်။
-ကျွန်တော်နှင့် တစ်သားတည်းကျနေသည့်နှယ် ထင်မှတ်မှားချင်စရာကောင်းလောက်အောင်ပင် ထိုကြမ်းထစ်ရိုင်းစိုင်းသော အသံသည် ကျွန်တော့် ဦးခေါင်းပေါ်တွင် အစဉ်သဖြင့် ၀ဲလှည့်လို့ နေခဲ့လေသည်။
-ကျွန်တော်သည် လူခြေတိတ်ချိန်မှ ရောက်ရောက်သွားတတ်သည့် အပျက်မလေးနှင်း၏ တဲအိမ်ကျဉ်းကျဉ်းလေးထဲတွင် ထိုအသံကို ချာချာလည် အောင် ရှာဖွေဖြစ်ပါသေးသည်။ကျွန်တော့်အတွက် ထိုအသံသည် ကုသမရနိုင်သော ရောဂါဆိုးတစ်ခုကိုလည်း ထိုအချိန်မှစ၍ ယူဆောင် လာခဲ့လေသည်။
-လွန်လေပြီးသော ပုံပြင်တစ်ပုဒ်ထဲမှ ကျိန်စာသင့်နေသည့် ထိုကြမ်းထစ်ရိုင်းစိုင်းသော အသံသည် ကျွန်တော့် ၀င်သက်ထွက်သက်များပေါ် နာရီစက္ကန့်တိုင်းမှာ ၀ဲကတော့ထိုးနေလေတော့သည်။
-ညစဉ်ညတိုင်း မြင်မက်မိသည့် ချောက်အိပ်မက်များထဲတွင် ကျွန်တော်သည် မောပန်းတကြီး ပေါလောမျောပါ ကူးခတ်နေရင်းမှ ထိုအသံကို တပူတပြင်းရှာဖွေမိသည်။ယခုအချိန်တွင် ကျွန်တော့်၏ နောက်ဆုံးဝိညာဉ်ကို ကျွမ်းလောင်သွားစေတော့မည့်အလား ထိုအသံက ကျွန်တော့် အရိုးငေါငေါရိရွဲနေသည့် မျှော်လင့်ချက်လက်တံများကို စတင်ချိုးဖျက်နေခဲ့လေပြီ။
-ဓားသွားတွေ၏ အော်မြည်သံလို ရိုင်းစိုင်းကြမ်းထစ်လွန်းသည့် ထိုအသံကို ကျွန်တော်သည် ခုတော့ တွေ့ရှိသွားခဲ့ပါပြီ။
-ခါးသီးနာကျင်ဖွယ်၊ဆူးနစ်ချောက်ချားဖွယ်၊ ထို့အပြင် နှစ်သက်မြတ်နိုးဖွယ်၊လွမ်းမောဆွတ်ပျံ့ဖွယ် ထိုကြမ်းထစ်ရိုင်းစိုင်းသော အသံထွက်ပေါ်လာရာကို ကျွန်တော်သည် ရိုးသားမိုက်မဲခြင်းကြီးစွာဖြင့် အသိနောက်ကျခဲ့ရလေပြီ။
-ထိုအသံသည် နှစ်ပေါင်းများစွာကပင် ကျွန်တော်၏ ဘယ်ဖက်ရင်ဘတ်ထဲမှ မြည်ဟိန်းထွက်ပေါ်နေခဲ့မှန်း…။         ။

 

လွန်းဆက်နိုးမြတ်