လက်အကြောင်း
အဖိုပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် လူတစ်ယောက်မှာ လက်နှစ်ဖက်ရှိ လက်တစ်ဖက်စီမှာ အတိုအရှည် မတူညီတဲ့ လက်ချောင်းငါးချောင်းရှိ အဲဒီ့လက်ငါးချောင်းဟာ လက်ဖ၀ါးပေါ်မှာ ကွေးနိုင် ဖြန့်နိုင် ကားနိုင် စုနိုင် ဆုပ်နိုင် ဖြည်နိုင် ဒီအတွက် လက်ငါးချောင်းမှာ အတွင်းဖက် ခေါက်လို့ရတဲ့ လက်ဆစ်နှစ်ခုနဲ့ လက်ဖမိုးပေါ်က လက်ဆစ်တွေရှိ လက်ဖ၀ါးတစ်ခုလုံး အဆင်ပြေပြေ လှုပ်ရှားနိုင်ဖို့ လက်ကောက်ဝတ်ကို တပ်ထား လက်မောင်းရင်းကနေ လက်ဖျားတစ်လျှောက် တောင့်တောင့်ကြီးမဖြစ်အောင် တံတောင်ဆစ်ထည့်ထား အဲဒါနဲ့ အတွင်းဖက်ကို ကွေးနိုင် လက်မောင်းရင်းမှာ ဆုံလည်တစ်ခု ရှိနေတဲ့အတွက် ဘယ်အရပ်မျက်နှာမဆို ချိန်ရွယ်လှုပ်ရှားနိုင် လှုပ်ရှားတဲ့အခါ အားစိုက် နိုင်ဖို့ ကြွက်သားတွေရှိ လူတွေက လက်ကို အမျိုးမျိုးအသုံး ချကြ ကမ္ဘာဦးပုံပြင်တစ်ခုထဲမှာတော့ လူတွေက လက်လေးဖက် ခြေထောက်လေးဖက် ခေါင်းနှစ်လုံးနဲ့လို့ ရေးထားတာ ဖတ်မိဖူး ဘာသာတရားအားလုံးမှာ လက်နဲ့ပြတဲ့ သင်္ကေတတွေ အမျိုးမျိုးရှိ လူတွေ စကားမပြောတတ်တဲ့အခါ လက်တွေနဲ့ သင်္ကေတလုပ်စကားပြောတတ် ဒါ့အပြင် လူတွေ စကားမပြောချင်တဲ့အခါလည်း လက်တွေသုံးပြီး နားလည်မှုယူတတ်ခေတ်အဆက်ဆက် လူတချို့ စိတ်ဝင်စားတာက လက်ဖ၀ါးပေါ်က အရေးအကြောင်းတွေပဲ အဲဒါကိုလက္ခဏာလို့ ခေါ်ဝေါ်ပြီးရှေ့ဖြစ်မယ့် အနာဂတ်ဟာ လက္ခဏာပေါ်မှာ ရှိတယ်ဆိုပြီး ယုံကြည်ပြန် လက်ဖ၀ါးနေရာကလွဲရင် လက်တွေရဲ့ အရေပြားပေါ်မှာ မွှေးညင်းနုနုလေးတွေ ပေါက်နေ လက်တွေရဲ့ အောက်မှာတော့ ရဲရဲနီတဲ့သွေးကြောတွေ စီးဆင်း စကားမစပ် အခုလို လက်အကြောင်း ပြောကြည့် ဆိုကြည့်တဲ့အခါ ဆေးပညာဆိုင်ရာအမြင်တွေနဲ့ ခန္ဓာဗေဒဆိုင်ရာသိမှုတွေကို လစ်လျူရှု မျက်မြင်အတိုင်း သုံးသပ်ကြည့်တော့ လက်တွေရဲ့ အသုံးဝင်မှုဟာ အံ့မခန်း ကိုယ်ပိုင်ဆန္ဒတွေအတွက် လက်တွေက အာသာပြေစေ ပန်းတိုင်ကို လှမ်းကိုင်နိုင်စေ လက်တွေမှာ မမြင်နိုင်တဲ့ စွမ်းအင်တွေရှိသလို ကမ္ဘာကြီးကိုလည်း လိုသလို ထိန်းချုပ်ပေးထား သတိပေးချင်တာတစ်ခုက လက်ငါးချောင်းထိပ်မှာ တစ်နေ့တခြား ရှည်ထွက်လာတတ်တဲ့ လက်သည်းတွေကို မှန်မှန်ညှပ်ပေးဖို့ ကိစ္စပါပဲ။ ။
လွန်းဆက်နိုးမြတ်
၂၀၀၉