ယနေ့မြန်မာကဗျာယဉ်ကျေးမှုအရွေ့
မည်သည့်အနုပညာရပ်မဆို ရွေ့လျားပြောင်းလဲတတ်တဲ့ သဘာဝရှိတယ်။
အထူးသဖြင့် အဲဒီ့အနုပညာရပ်ဟာ အတွင်းပိုင်းအနှစ်သာရအနေနဲ့ တဖြည်းဖြည်းချင်းလျော့ရဲပွန်းရှဖန်များ လာတဲ့အခါမှာ အနုပညာကို ဖန်တီးသူ(၀ါ) ပြုလုပ်သူ(၀ါ)ထုတ်လုပ်သူဟာ အဲဒီ့အနုပညာအပေါ်မှာ သေသေချာ ချာကို ပျင်းရိညည်းငွေ့လာတော့တာပါပဲ။ ဒီလိုအချိန်မျိုးကို ရောက်ပြီဆိုရင် အနုပညာရှင်တွေဟာ မူလပြဌာန်း ထားပြီးသား အများစုလက်ခံကျင့်သုံးရာ အစဉ်အလာအနုပညာဟောင်းတွေကို ဖြိုခွဲဖောက်ထွက်နိုင်တဲ့ အနုပညာရပ်အသစ်ကို ဆာလောင်လာတတ်ကြပါတယ်။ အဲဒီမှာတင် ရှိရင်းစွဲအနေအထားထက် ပိုပြီး လတ်ဆတ်တဲ့ ဖန်တီးမှုအသစ်/ပြုလုပ်မှုအသစ် /ထုတ်လုပ်မှုအသစ်တွေကို အနုပညာရှင်တွေဟာ ဖော်ထုတ်ဖို့ ကြိုးစားလာပါတော့တယ်။ ဖန်တီးမှုအသစ်/ပြုလုပ်မှုအသစ်/ထုတ်လုပ်မှုအသစ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားလာ တယ်ဆိုရာမှာလည်း လွယ်လင့်တကူတော့မဟုတ်ပါဘူး။ ပြဿနာတွေက ရှိနေပါတယ်။ အဲဒါကတော့ အနုပညာအသစ်ကို ဖန်တီးပုံဖော်ရာ မှာ ဘယ်နည်းဘယ်ပုံဖန်တီးမှာလဲ။ ဘယ်လိုမီဒီယာတွေကို သုံးပြီး ပြုလုပ် မှာလဲ။ ကုန်ချောအဆင့် ရောက်အောင် ဘယ်လို ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်မှာလဲ…စတဲ့ ပြဿနာတွေပါပဲ။
၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်လောက်က မြစ်ဖျားခံခဲ့ပြီး မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ လက်ရှိအချိန်ထိ အတွေ့ အမြင်များဆဲ/အများစုလက်ခံဆဲ/တစ်နည်းအားဖြင့် အများစုရုန်းမထွက်နိုင်ဆဲ(တချို့ဆိုရင် ရုန်းထွက်ရကောင်း မှန်းတောင်မသိဘဲ ပျော်ပျော်ကြီး ရေးသားနေဆဲ)ရှိတဲ့ ခေတ်ပေါ်ကဗျာအနုပညာရပ်ဟာ အထက်မှာ ပြောခဲ့သ လိုပဲ အတွင်းပိုင်းအနှစ်သာရယုတ်လျော့ကျဆုံးမှုကို တည့်တည့်ကြီး ရင်ဆိုင်ကြုံတွေ့နေရတာ နှစ်ကာလ တောင် နည်းနည်းကြာလာခဲ့ပါပြီ။ ဒီလိုမျိုး ခေတ်ပေါ်ကဗျာရဲ့ အတွင်းပိုင်းအနှစ်သာရယုတ်လျော့ကျဆင်း လာမှုကို သိမြင်လာပြီးနောက်ပိုင်း ဒီဖက်နှစ်တွေမှာ အနည်းစုသော ကဗျာအနုပညာရှင်တချို့ဟာ မူလလမ်း ကြောင်းနဲ့ မတူညီတဲ့ လတ်ဆတ်တဲ့ အနုပညာရပ်တွေကို တင်ပြဖို့ အားထုတ်လာကြပါတယ်။ အားထုတ်သ လောက်လည်း အတိုင်းအတာတစ်ခုထိ ရောက်ခဲ့ကြပါတယ်။ အသံထွက်အကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးလို့ ပြောရမယ့် ကဗျာအနုပညာရှင်ကတော့ အားလုံးသိတဲ့အတိုင်း ဆရာဇေယျာလင်းပဲဖြစ်ပါတယ်။ ဆရာဇေယျာ လင်းဟာ LPနဲ့ PLP ဆိုင်ရာသဘောတရားများစွာနဲ့ ကဗျာများစွာ။ နောက် LPနဲ့ PLP မဟုတ်တဲ့ အဆြးကဗျာ ဆိုင်ရာပင်ကိုယ်ရေး/ဘာသာပြန်ဆောင်းပါးများနဲ့ ကဗျာများစွာကို ဒီဖက်နှစ်တွေမှာ တစိုက်မတ်မတ် ရေးသား ဖြန့်ဖြူးခဲ့/ဖြန့်ဖြူးနေဆဲ ကဗျာအနုပညာရှင်တစ်ယောက်ပါ။ ဒီနေရာမှာ အရေးကြီးတာတစ်ခု ပြောလိုတာက တော့ ဆရာဇေယျာလင်းတင်သွင်းလာတဲ့ LPနဲ့ PLP နည်းနာတွေအတိုင်း မြန်မာကဗျာရေးသူအားလုံး လက်ခံ ကျင့်သုံးပြီး လိုက်လံတုပရေးသားနေကြတာမျိုး မဟုတ်ပေမယ့်လည်း ရိုးအီနေတဲ့ ခေတ်ပေါ်ကဗျာလမ်းကြောင်း ကို လမ်းသစ်ဆီ ရွေ့လျားဖို့ရာ အတွက်တော့ ဆရာဇေယျာလင်းရဲ့ ဆောင်းပါးတွေနဲ့ ကဗျာဆိုင်ရာအရေးအ သားတွေဟာ အတိုင်းအတာတစ်ခုထိအောင် ကောင်းကောင်းကြီး ထောက်ကူပံ့ပိုးပေးနိုင်တာကို တွေ့ခဲ့ရတယ် ဆိုတာပါပဲ။
မူလမြန်မာခေတ်ပေါ်ကဗျာလမ်းကြောင်းကနေ နောက်ထပ်လမ်းကြောင်းသစ်ဆီ ရွေ့လျားဖို့ စေ့ဆော်ပေးနိုင် ခဲ့တဲ့ အခြားကဗျာဆရာတစ်ယောက်ကတော့ ဆရာငြိဏ်းဝေပဲဖြစ်ပါတယ်။ ဆရာငြိဏ်းဝေ အစဉ်တစိုက်ယုံ ကြည်စွာနဲ့ ရေးသားခဲ့/ဆဲ Conceptual Poetry ဆိုင်ရာ ဆောင်းပါးများဟာလည်း ယနေ့မြန်မာကဗျာယဉ်ကျေး မှုအရွေ့အတွက် လတ်ဆတ်တဲ့ လမ်းကြောင်းသစ်ဖော်ဆောင်မှုတွေအဖြစ် မြင်တွေ့ခဲ့ကြ/ မြင်တွေ့နေဆဲ ဖြစ်ပါ တယ်။ ဒါ့အပြင် AGMP ရဲ့ကဗျာအနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ဆရာသစ္စာနီလက်ကမ်းဝေတဲ့ လှိုင်းသစ် မဂ္ဂဇင်းပါ Post Poetry ကဗျာဆောင်းပါး တွဲတွေ။ဆရာမင်းခက်ရဲနဲ့ ဆရာစေတတို့ရဲ့ မဂ္ဂဇင်းတချို့မှာ ပါရှိတဲ့ ကဗျာဆိုင်ရာယူဆချက်တွေ စတဲ့ ကဗျာဗေဒ အယူအဆရေးရာတွေကလည်း မြန်မာကဗျာယဉ်ကျေးမှုအရွေ့ အပေါ်မှာ အပြုသဘောသက်ရောက်ခဲ့တာကို တွေ့ရှိခဲ့ကြရပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ ကဗျာလေ့လာမှု ဆောင်းပါးတွေ အဆက်မပြတ်ရေးလာတဲ့ ဆရာသူရနီရဲ့ ဆောင်းပါးတချို့ထဲမှာလည်း မြန်မာကဗျာအရွေ့ကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း ဆရာအောင်ရင်ငြိမ်းလှုပ်ရှားနေတဲ့ နီယိုမော်ဒန်ကဗျာဗေဒတွေဟာ လည်း အခြေအမြစ်ကျနမှုရှိခြင်း မရှိခြင်း အများစုလက်ခံခြင်း လက်မခံခြင်း အငြင်းပွားမှုများစွာ ရှိနေတဲ့ကြား ကပဲ ယနေ့ကဗျာလမ်းကြောင်းအရွေ့ထဲမှာ ရိုက်ခတ်နေဆဲရှိတာကို မြင်တွေ့ရမှာဖြစ်ပြီး နီယိုမော်ဒန်ရဲ့ အရွေ့ ကိုလည်း ဆက်လက်စောင့် ကြည့်ရပါဦးမယ်။ ဒီကာလကြားထဲမှာ ဆရာမင်းခက်ရဲရဲ့ “မောင်ချောနွယ်လေ့လာ ချက်”စာအုပ်ထွက်လာပြန်တော့ ခေတ်ပေါ်ကဗျာမှာ အထင်ကရ နာမည်ကြီး မြန်မာကဗျာဆရာတစ်ယာက်ရဲ့ ဆင့်ကဲကဗျာအရွေ့တွေကို အလွယ်တကူရှုမြင်သုံးသပ်နိုင်ခဲ့ပါတယ်။
အထက်ပါကဗျာဗေဒဆိုင်ရာ လှုပ်ရှားမှုတွေအပြီးမှာ ဆက်လက်သုံးသပ်ပြလိုတာကတော့ မူလခေတ်ပေါ်ကဗျာ ရေးသားမှုပုံစံကနေ သိသာတဲ့ ကဗျာအရွေ့တစ်ခုဆီဦးတည်ပြီး လမ်းကြောင်းသစ်ခွဲထွက်ထားတဲ့ အရေးအ သားစူးစမ်းရှာဖွေမှုတွေ ပြုလုပ်နေတဲ့ ကဗျာဆရာတွေနဲ့ ကဗျာစာအုပ်တွေ အကြောင်းပါ။ အားအကောင်းဆုံး အဖွဲ့အနေနဲ့ကတော့ ဆရာဇေယျာလင်းရဲ့ LPနဲ့ PLP နည်းနာတွေကို ရှိပြီးသားပင်ကိုယ်ပါရမီနဲ့ ရောစပ်မွှေ နှောက်ပြီး အရေးအသားပုံစံသစ်တင်ပြလာကြတဲ့ ဆရာဇေယျာလင်းအပါအ၀င် ဆရာဇေယျာလင်းအနီးအနား က ကဗျာဆရာတွေပါပဲ။ သိတဲ့အတိုင်း ဒီအပိုင်းမှာ ဇေယျာလင်း၊မိုးဝေး၊၀င်းမြင့်၊ မောင်ယုပိုင်၊သည်မော်နိုင်၊ မောင်ဒေး၊အောင်ပြည့်စုံနဲ့ လင်းဝေးခက် စတဲ့ကဗျာဆရာတစ်ချို့ ပါဝင်ကြပါတယ်။ သူတို့အထဲက ဇေယျာလင်း၊ မိုးဝေး၊မောင်ယုပိုင်၊သည်မော်နိုင်နဲ့မောင်ဒေးတို့ဟာ တစ်ကိုယ်တော်အနေနဲ့လည်း ကဗျာစုစည်းမှု စာအုပ်တွေ ထုတ်ဝေခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီ့ကဗျာစာအုပ်တွေထဲမှာလည်း (လုံးဝ)ဆန်းသစ်လတ်ဆတ်တဲ့ ကဗျာအရေး အသားဆိုင်ရာ စူးစမ်းဖော်ထုတ်မှုများစွာ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ ဆရာဇေယျာလင်းအ၀ိုင်းအ၀န်း ကမဟုတ်ပေမယ့် အလားတူ မူလခေတ်ပေါ်ကဗျာတွေကနေ သိသိသာသာ ကွဲပြားတဲ့ အရေးအသားပုံစံသစ် များ ပါရှိတဲ့ ခရမ်းပြာထက်လူ၊စိုင်းဝင်းမြင့်၊ လူဆန်းနဲ့ မြေမှုန်လွင်တို့ရဲ့ တစ်ကိုယ်တော်ကဗျာစုစည်းမှုစာအုပ် တွေကိုလည်း ဖတ်ရှုလေ့လာခဲ့ရပါတယ်။ အခြားတစ်ကိုယ်တော်ကဗျာစုစည်းမှုတွေအဖြစ် ပင်ကိုယ်အနုပညာနဲ့ ကိုယ်ပိုင်ဟန်ခိုင်ခိုင်မာမာရှိထားတဲ့ ခေတ်ပေါ်ကဗျာသူရဲ ကောင်း(ဦး)အောင်ချိမ့်အပါအ၀င် နေမျိုး၊စန်းဦး၊ မင်းထက်မောင်၊ ဟိန်းမြတ်ဇော်၊ခိုင်မြဲကျော်စွာ၊မောင်ဖီလာနဲ့ ကြည်ဇော်အေးတို့ရဲ့ ကဗျာစာအုပ်တွေမှာတော့ အရေးအသားပုံစံသိသိသာသာပြောင်းလဲမှုတွေ မတွေ့ရပေမယ့် ဟိုယခင်ခေတ်ပေါ်ကဗျာတွေနဲ့တော့ လေသံ၊ ဟန်ပန်အတော်လေးကွဲပြားလာတာကို သတိထားမိခဲ့ပါတယ်။ အစုအဖွဲ့လိုက်ထုတ်ဝေတဲ့ ကဗျာစာအုပ်များ အနေနဲ့လည်း တစ်ယောက်ချင်း၊နာမ်၊ (ဆိုးရွားစွာ) “ထိ”“ခိုက်” (စေ) “နိုင်”ပါသည် စတဲ့ကဗျာစာအုပ်တွေ ထဲက အရေးအသားတစ်ချို့ဟာ ယနေ့မြန်မာကဗျာယဉ်ကျေးမှုအရွေ့ဆီ ဦးတည်နေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးအသားဆိုင်ရာ ကြီးမားတဲ့ ချိုးကွေ့မှုမျိုးနဲ့ စူးစမ်းအားထုတ်နေတဲ့ ခင်အောင် အေး၊ မောင်ပြည့်မင်းစတဲ့ ၀ါသမ္ဘာရင့် ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကိုလည်း ဒီကာလတွေမှာ လေ့လာဖတ် ရှုခွင့်ရခဲ့ပါသေးတယ်။
ဒါတင်မကသေးပါဘူး။ လက်ရှိအချိန်မှာ ကဗျာစာအုပ်အနေနဲ့ သီးသန့်ထုတ်ဝေမှုကျဲပါးပေမယ့်လည်း မဂ္ဂဇင်းစာ မျက်နှာထက်တွေပေါ်ကနေပြီး ဆန်းသစ်တဲ့ ရေးဟန်ရှာဖွေတင်ဆက်မှုတွေ ဖန်တီးထုတ်လုပ်နေတဲ့ ကဗျာရေး သူတွေရှိပါသေးတယ်။ အနည်းငယ်ထုတ်နုတ်ပြောရရင် ကိုရွေး၊ မင်းထင်ကိုကိုကြီး၊ငုအိမ်ထက်မြက်၊အောင် ခိုင်မြတ်၊အောင်ရင်ငြိမ်း၊ ဇော်လူစိမ်း၊ဘုန်းနေသွန်း၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊သူရနီနဲ့ အခြားကဗျာဆရာအ နည်းငယ်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရေးဟန်တွေမှာ မူလခေတ်ပေါ်ကဗျာရဲ့ အငွေ့အသက်တွေ လုံးဝနည်းပါး ကင်းစင်အောင် အားထုတ်နေသူတွေရှိသလို(ဥပမာ-ကိုရွေး၊မင်းထင်ကိုကိုကြီး၊ငုအိမ်ထက်မြက်၊ဇော်လူစိမ်း) မူလခေတ်ပေါ်ကဗျာရဲ့ အငွေ့အသက်တစ်ဝက်တစ်ပျက်ရောယှက်ပါဝင်နေသေးတဲ့(ဥပမာ-အောင်ခိုင်မြတ်၊ အောင်ရင်ငြိမ်း၊လင်းသဏ်ညီ)တို့ရဲ့ ကဗျာလက်ရာများကိုလည်း မြင်တွေ့နေရပါတယ်။ ရှိရင်းစွဲ မူလခေတ်ပေါ် ကဗျာကနေ ပုံသဏ္ဍန်အားဖြင့်လောက်သာ သိသိသာသာကွဲပြားပြီး အနှစ်သာရအားဖြင့် သိသာတဲ့ ကွဲပြားမှုမျိုး မတွေ့ရသေးတဲ့(ဥပမာ-ဘုန်းနေသွန်း၊ စိုးမင်းအောင်၊ သူရနီ)တို့ရဲ့ ကဗျာလက်ရာများကိုလည်း တွေ့ရှိနေပါ တယ်။ ဒီနေရာမှာ ရေးဟန်တွေကို ခွဲခြားပြခြင်းဟာ ကဗျာနဲ့ကဗျာဆရာ အဆင့်အတန်း ခွဲခြားပြလိုတဲ့ သဘော မဟုတ်ပါဘူး။ လက်ရှိမြန်မာကဗျာယဉ်ကျေးမှုအရွေ့ထဲမှာ ပါဝင်ရေးသားနေတဲ့ ကဗျာဆရာတွေနဲ့ ကဗျာတွေရဲ့ ဖြစ်တည်မှုအနေအထားဟာ မူလခေတ်ပေါ်ကဗျာကနေ ဘယ်အတိုင်းအတာထိ သွေဖည်ကွဲပြားနေခဲ့ပြီလဲ။ ကြာဟောင်းစွာ ခေတ်တစ်ခေတ်ကို အခိုင်အမာစိုက်ထူပြီးခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ လက်ရှိမြန်မာ ကဗျာရေးဟန်တွေဟာ ဘယ်အခြေအနေထိ သစ်လွင်လတ်ဆတ် နေပြီလဲ။ဘယ်ကဗျာဆရာ တွေကရော ပင်မရေစီးခေတ်ပေါ်ကဗျာရေးဟန်တွေကိုကျောပေးပြီး ဘယ်အကွာအဝေးမှာ ခြေချထားပြီလဲဆိုတဲ့သဘောကို ထင်သာမြင်သာတဲ့ ကဗျာဆရာတွေနဲ့ ယှဉ်တွဲတင်ပြလိုရင်းသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အထက်ပါကဗျာ ဆရာတွေဆီက ထပ်မံမျှော်လင့်ခြင်းလည်း မည်ပါတယ်။
နောက်ဆက်တွဲပြောလိုတာက အွန်လိုင်းမှာ ကဗျာရေးသားနေကြတဲ့ဘလော့ဂ်ဂါတွေအကြောင်းပါ။ အွန်လိုင်း မီဒီယာကို အားပြုပြီး ကဗျာအနုပညာ ရေးသားထုတ်လုပ်နေကြတဲ့ ဘလော့ဂ်ဂါတွေဟာ မရေမတွက်နိုင်ဘဲ ပုံစံမျိုးစုံအောင်ရှိနေကြပါတယ်။တစ်ယောက်ချင်းလည်း ရှိသလို အစုအဖွဲ့လိုက်လည်း ရှိကြပါတယ်။ ကဗျာ တစ်ပုဒ်ဖြစ်လာအောင် ဟိုရောက် ဒီရောက် ကလေးအထာလောက်ပဲရေးတတ်တဲ့ ဘလော့ဂ်ဂါတွေ ရှိသလို အရည်အသွေး မြင့်မြင့် တန်းမှီ စံမှီ တီထွင်စူးစမ်းရေးသားနေကြတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ဇေယျာလင်း၊အောင်ရင်ငြိမ်း၊ မောင်ယုပိုင်၊နေ၀ိုင်ဝိုင်၊ လွန်းဆက်နိုးမြတ်၊မိုးလှိုင်ည၊kzကေ၊အောင်ပိုင်စိုး၊ သူရနီ၊ ဘုန်းနေသွန်း၊ တည်ရ၊ နွယ်စိမ်းဝေ၊မြတ်ဝေ၊မနော်ဟရီ၊အိန္ဒြာ…စသဖြင့် မဂ္ဂဇင်းစာမျက်နှာပေါ်ကနေ အွန်လိုင်း စာမျက်နှာပေါ် နယ်ပယ်ချဲ့ထွင်ထားကြတဲ့ ကဗျာဆရာ/မတွေရဲ့ ဘလော့ဂ်တွေကိုလည်း တွေ့ရတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ အွန်လိုင်းစာအုပ်တွေပေါ် ပြောက်ကျား ရောက်လာတတ်တဲ့ သစ္စာနီ၊ခင်အောင်အေး၊ မောင်လင်းရိပ်၊လင်းဝေးခက်၊ မြေမှုန်လွင်တို့လည်း ရှိနေပါတယ်။ ဘလော့ဂ်စာမျက်နှာတွေကနေတဆင့် မဂ္ဂဇင်း စာမျက်နှာပေါ်ရောက်လာတတ်တဲ့ သိုးထိန်း(အန္တိမ)၊မောင်ဖုန်းမြင့်၊ မင်းစိုးရာ၊zephy၊သူရဿ ၀ါအစရှိတဲ့ ဘ လော့ဂ်ဂါတွေကိုလည်း တွေ့ရပါတယ်။ အွန်လိုင်းမီဒီယာမှာ တစိုက်မတ်မတ် ကဗျာရေးဖွဲ့နေတဲ့ အခြားဘ လော့ဂ်ဂါများကတော့ ကမ်းယံ၊ညိမ်းညို၊သီဟသူ၊ ပန်ဒိုရာ၊အမရာ၊ လင်းဒီပ၊မယ်ကိုး၊လင်းပြာနွေ၊မြစ်ကျိုးအင်း၊ သုမင်းညို၊ သုအိုင်စံ၊ ဂျွန်မိုးအိမ်၊ဇာတိ၊လင်းထက်၊nelay၊နေည၊ နေ့သစ်၊မောင်နေမြဲ၊ပန်းချီ၊ ဖိုးခွား၊ မင်းယွန်း သစ်၊မောနွေ၊ မောင်ရင်ညို၊သောတ…စသဖြင့် မရေမတွက်နိုင်အောင် များများစားစားတွေ့မြင်နိုင်ပါတယ် ။ အစုအဖွဲ့လိုက်ရေးသားကြတဲ့ ဘလော့တွေကိုပြောရရင် တောကျောင်းဆရာ၊burmesepoetryfoundation၊ Plus equals Minus (pems kool)၊တစ္ဆေကဖီးစတဲ့ ဘလော့ဂ်များဟာ ကဗျာရေးရာနဲ့ပတ်သတ်ပြီး အတော် ကလေးအားထုတ်နေတဲ့ ကဗျာအနုပညာဆိုင်ရာဘလော့ဂ်များဖြစ်ကြပါတယ်။ (ဆိုးရွားစွာ) “ထိ”“ခိုက်” (စေ) “နိုင်”ပါသည် ကဗျာစာအုပ်မှာ ပါဝင်ရေးသားကြတဲ့ တေလေ၊လင်းနီညိုနဲ့ လင်းရမ္မာတို့ဟာ Plus equals Minus(pemskool) ဘလော့ဂ်မှာ စုဖွဲ့ရေးသားကြတဲ့ ဘလော့ဂ်ဂါလူငယ်ကဗျာဆရာတွေထဲမှ တချို့တစ်ဝက် ပဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့နိုင်သေးတဲ့ ထင်ရှားတဲ့ သက်တမ်းရင့်ဘလော့ဂ်တစ်ခုကတော့ လမ်းအိုလေး ဆိုတဲ့ ကဗျာအသားပေးရသစာပေဘလော့ဂ်ပါပဲ။ခြုံကြည့်မယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာ ရေးသားကြတဲ့ ဘလော့ဂ်ဂါတွေရဲ့ ကဗျာလက်ရာအများစုဟာ မူလခေတ်ပေါ်ကဗျာရဲ့ အရိပ်သြဇာနဲ့လုံးလုံး မကင်းလွတ်သေး တဲ့ အခြေအနေကို တွေ့ရပါတယ်။ တကယ်တမ်း ကဗျာရေးသားနေကြတဲ့ ဘလော့ဂ်တွေရဲ့ အရေအတွက်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အားရစရာကောင်းတဲ့ ဘလော့ဂ်အရေအတွက်ဟာလည်း အင်မတန်မှကိုပဲ နည်းပါးလွန်း နေပါသေးတယ်။ ဒါပေမယ့်လည်း မီဒီယာပိုင်းဆိုင်ရာ လွတ်လပ်အလေးသာမှုရှိနေတဲ့ အတွက် အနာဂတ်မှာ အားရစရာကောင်းတဲ့ ကဗျာရေးရာဘလော့ဂ်တွေ ထပ်မံပေါ်ထွက်လာနိုင်ချေရှိနေတာကိုလည်း သတိပြုရပါ လိမ့်မယ်။
တစ်ဆက်တည်း ယနေ့မြန်မာကဗျာနဲ့ပတ်သတ်ပြီး ပြောရရင် မီဒီယာနယ်ပယ်ချဲ့ထွင်မှုတွေကျယ်ပြန့်လာ သလောက် ကဗျာဗေဒဆိုင်ရာ တွေးခေါ်ယူဆချက်တွေကလည်း ဟိုယခင်ခေတ်ပေါ်ကဗျာပေါ်ပေါက်စကာ လတွေတုန်းကလိုမဟုတ်တော့ဘဲ အလွန်တရာ မှန်းဆခက် ရှုပ်ထွေးေ၀၀ါးလာတဲ့ အခြေအနေတစ်ခုကို ဆိုက် ရောက်လာတယ်လို့ ဆန်းစစ်မိပြန်ပါတယ်။ မီဒီယာတွေကနေတဆင့် နိုင်ငံရေးအပြောင်းအလဲတွေ၊ စီးပွားရေး အကျပ်အတည်းတွေ၊လူမှုကွန်ယက်တွေ၊အလျင်အမြန်တိုးတက်နေတဲ့ နည်းပညာတွေ၊နျူစွမ်းအင်နဲ့ ရေနံဈေး ကွက်လုယက်မှုတွေ၊ နိုင်ငံအချင်းချင်း အပြိုင်အဆိုင်စုံစမ်းထောက်လှမ်းမှုတွေ၊အသေခံဗုံးခွဲမှုတွေ၊အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ကမ္ဘာကြီးပူနွေးလာတဲ့အတွက် ရာသီဥတုဖောက်ပြန်မှုတွေ၊ ရှားပါး တိရစ္ဆာန်မှောင်ခိုတွေ၊တစ် စစမျိုးတုန်းလာနေတဲ့ မျိုးစိတ်တွေ၊ပေါင်သန်းချီတန်တဲ့ ဘောလုံးသမားအပြောင်း အရွှေ့သတင်းတွေ…စသဖြင့် လတ်တ လောကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အစုံအစုံသော အကြောင်းချင်းရာတွေနဲ့ အပြိုင် ယနေ့မြန်မာကဗျာ ယဉ်ကျေးမှုဟာလည်း ရွေ့လျားနေတယ်လို့ ဆင်ခြင်မိပါတယ်။
ဆိုတော့ မြန်မာကဗျာယဉ်ကျေးမှုဟာ အနာဂတ်မှာ ဘယ်လောက်ထိ ထပ်မံရွေ့လျားသွားစေနိုင်သလဲဆိုတဲ့ မေးခွန်းဟာ ဒီနေရာမှာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ အနာဂတ်မြန်မာကဗျာရေးရာမှာ အဖြစ်နိုင်ဆုံးက တော့ မူလခေတ်ပေါ်ကဗျာလို ရေးဟန်အသေတစ်ခုကို ကဗျာဆရာအားလုံး ၀ိုင်းဝန်းကိုင်ဆွဲရေးသားကြတဲ့ ပင်မရေစီးအသွင်ဆောင်မှုမျိုး ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ပိုမိုရှုပ်ထွေးေ၀၀ါးလာတဲ့ အနာဂတ်ကမ္ဘာမှာ မြန်မာကဗျာဆရာတွေဟာ ထွေပြားတဲ့ ရေးဟန်မျိုးစုံနဲ့ ကဗျာဗေဒမျိုးစုံကို လိုသလို ကိုင်ဆွဲပြီး ပါးနပ်စွာနဲ့ ကဗျာ မှုပြုကြလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ တစ်ဖက်မှာတော့ ဘေးထွက်ဆိုးကျိုးအဖြစ် အုတ်ရောရော ကျောက်ရော ရော ကဗျာအယူအဆတွေ၊ကဗျာတွေနဲ့ ရေးသူတွေလည်း အနာဂတ်မှာ သေချာပေါက် ထွက်ပေါ်လာဦးမှာပါပဲ။ ဒါ့အပြင် ကဗျာဆိုင်ရာအရည်အသွေးစံမမှီတဲ့ အယ်ဒီတာတွေ/စာပေကပ်ဖားရပ်ဖားတွေ/အခြေအနေအရစိစစ် ပိုင်းဖြတ်မှု တွေ/တင်ကြိုမပြောနိုင်တဲ့အခက်အခဲတွေ စတဲ့အချက်တွေကြောင့်လည်း အနာဂတ်မြန်မာကဗျာ ကောင်းတွေကို မဂ္ဂဇင်းစာမျက်နှာထက်မှာ ဖတ်ရှုခွင့်ရဖို့ထက် အွန်လိုင်းစာမျက်နှာပေါ်မှာဖတ်ရှုခွင့်ရတဲ့ အရေ အတွက်က ပိုမိုများပြားလာနိုင်ပါတယ်။ အနာဂတ်မှာ ကဗျာတစ်ပုဒ်ကို ရေးသူ/ဖတ်ရှုသူ နှစ်ရပ်စလုံးဟာ နှလုံး သား၊ဘာသာစကားအပြင် သတင်းနည်းပညာအချက်အလက်၊ဥာဏ်ရည်ဥာဏ်သွေးတို့နဲ့ပါ ရေးသား/ဖတ်ရှုကြရ လိမ့်မယ်လို့ လည်း ထင်မြင်မိပါတယ်။ ဒါဟာ ယနေ့မြန်မာကဗျာယဉ်ကျေးမှုအနေအထားကနေ လွတ်လပ်တဲ့ မြန်မာခေတ်ပြိုင်ကဗျာခေတ်တစ်ခေတ်ဆီ ရွေ့လျားနေတဲ့ အဦးအစကာလတစ်ခုဆီ လှမ်းမြင်ကြည့်လိုက်ခြင်းမျှ သာပါပဲ။ ဒါဟာ လတ်တလော ယနေ့မြန်မာကဗျာ ယဉ်ကျေးမှုရဲ့အရွေ့သစ်လည်း ဖြစ်ပါတယ်။
လွန်းဆက်နိုးမြတ်
၆.၃.၁၁
ည၁၁း၃၀နာရီ
(၂၀၁၁ ကမ္ဘာ့ကဗျာနေ့ အမှတ်တရအဖြစ် ရေးသားပါတယ်)
Like this:
Like Loading...