ရေးသူ့လူ့အဖွဲ့အစည်း

ရေးသူ့လူ့အဖွဲ့အစည်း

 

ကိုယ် ကဗျာရေးမှန်းသိသွားတော့ ဒင်းမျက်လုံးဟာ ၀ိုင်းစက် ပြူးကျယ် ပါးစပ်က အဟောင်းသား (ဘယ်ပါးစပ်က သစ်လို့လဲ) တစ်ခုခုပြောဖို့ ဆွံ့အ ပြော လည်း ပြောချင် ပြောလည်း မပြောချင် အခုရောက်နေတဲ့ အရပ်နဲ့ ကိုယ်နဲ့ ဘယ်လိုမှ မအပ်စပ်သယောင် ဟိုအရင်နေ့တွေတိုင်း လာရောက် ထိတွေ့ ရင်းနှီး သိကျွမ်းနေတဲ့ ကိုယ့်ဖြစ်တည်မှုဟာ ဒီကနေ့ ကိုယ်ကဗျာဆရာမှန်းသိသွားတော့ ဒင်းအမြင်ထဲ ကိုယ်ဟာ အံသြစရာကောင်း ထူးဆန်း အိပ်မက်ဆန် လက်တွေ့မရှိ စိတ်ကူးယဉ်သူတစ်ဦးအဖြစ် ရွေ့လျှော ထိုးကျ သက်ဆင်းသွားရရှာ ကိုယ်ကလည်း ဒါကို အတွေ့အကြုံအရ အတိုင်းသား ဆင်ခြင် သိမြင် စိတ်ပျက်သွာပြီး ၀မ်းနည်းရ စိတ်မကောင်းဖြစ်ရ သာမန်လူ့အဖွဲ့အစည်းထဲ ကဗျာရေးသူတစ်ဦးအဖြစ် ကျင်လည် ရှင်သန် ရုန်းကန် နေထိုင်ခြင်းမှာ မှားယွင်းနေတဲ့ ဘာသာတရားတစ်ခုအပေါ် သက်ဝင် ယုံကြည် လေးမြတ်မိသူလို ယူဆခြင်းခံရ (အထူးသဖြင့် ဒီကဗျာရေးသားခြင်းဆိုတဲ့ အလုပ်ကို သာမန်လူ့အဖွဲ့အစည်းမှာ ဘယ်ဒင်းကမှ  အလုပ်တစ်ခုအဖြစ် အထင်တကြီး တရေးတယူ လောက်လောက်လားလား နေရာပေးတယ်ဆိုတာ မရှိခဲ့လေတော့) ဖွင့်ပြောမိသူ ကိုယ့်အမှားသာလျှင်ဖြစ်ကြောင်း အိပ်ယာဝင်တိုင်း တနုံ့နုံ့ စဉ်းစား တွေးခေါ် မြော်မြင်ရတာလည်း မီးခိုးရော မိုးရောမဆုံးနိုင် ဒီလိုမှန်းသိရင် ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ အစကတည်းက ဓာတ်ရှင်မင်းသားပဲဖြစ်မြောက်အောင် လုပ်ခဲ့အကောင်းသား ကိုယ့်အသံကိုယ့်ဟန်နဲ့ ကာလပေါ် အဆိုတော်သာ လုပ်ခဲ့အကောင်းသား  သြော် ကိုယ်နေထိုင်ရာသာမန်လူ့အဖွဲ့အစည်းကြီးက ဓာတ်ရှင်မင်းသားနဲ့ ကာလပေါ်အဆိုတော်များကိုသာ အနုပညာရှင်အဖြစ် ကိုးစား ယုံကြည် ထင်မှတ်နေရှာပုံများပြောပါတယ် ဒါကလည်း ဟောလီးဝုဒ်ဇာတ်ကားဆိုရင် ဗန်ဒိန်းနဲ့ ဂျက်ကီချန်း မြန်မာဗွီဒီယိုမှာ ဟိန်းဝေယံနဲ့ မိုးဟေကို ရုပ်သံဇာတ်လမ်းကျတော့ ကိုရီးယားလမ်းကိုပဲ ၀ိုင်းနီးကြ စာအုပ်ဖတ်တော့ ဗျူးနဲ့ နက္ခတ္တရောင်ခြည် နိုင်ငံခြားတေးသီချင်း နားထောင်ရင် Aကွန်နဲ့ တိုင်လာဆွစ် မြန်မာသီချင်းကျတော့ Rဇာနည်နဲ့ Aသင်ချိုဆွေလောက်သာ အနုပညာရတဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကြီးထဲ ဒါရိုက်တာဇောင်ယီမုနဲ့ ရိုမန်ပိုလန်စကီးကို မသိတာ မင်းသားကြီးမာလွန်ဘရန်ဒိုနဲ့ ဘန်နစီယိုဒယ်လ်တိုရိုကိုမသိတာ ဒေါက်တာဇီဗားဂိုးဓာတ်ရှင်နဲ့ ပီယားနစ်စ်ဓာတ်ရှင်ကို မသိတာ စာရေးဆရာဂျွန်စတိန်းဘက်နဲ့ ကဗျာဆရာဂျွန်အက်ရှဘရီကို မသိတာ ဂီတပါရမီရှင်မိုးဇက်နဲ့ ကတ်ကိုဘိန်းကိုမသိတာ အဲဒီ့မသိတာတွေအားလုံး သတ္တုချ စဉ်းစား တွေးခေါ် ကြည့်လိုက်တော့လည်း ဒီအဖွဲ့ ဒီအစည်းကြီးကို အပြစ်လို့ မဆိုသာပြန် ခက်နေတာက ကိုယ်ကဗျာ ရေးမှန်းသိပြီးနောက် နဂိုပုံမှန်လည်ပတ်နေတဲ့ ဒီအဖွဲ့ ဒီအစည်းကြီးက ကိုယ့်အပေါ် လွဲချော်စွာ တုန့်ပြန် ဆက်ဆံ သဘောထား စာရင်းမှတ်လိုက်တဲ့ ကိစ္စ၀ိစ္စတွေရှိနေသေးရာ ကိုယ်က ကဗျာယောင်ယောင် စာယောင်ယောင်အပြင် အများသူငှာနဲ့တန်းတူ အားကစားဝင်လုပ်တာကိုပဲ အံ့အားသင့်  နားမလည် ဆန်းကြယ် ကိုယ်ကဗျာဆရာဖြစ်နေလို့ အများသူငှာအိမ်ထောင်ဦးစီးများလို  ကိုယ့်အိမ် ကိုယ့်ယာအတွက် လိုအပ်တဲ့ အလုပ်ကြမ်းတွေ  (ဥပမာ-ရေစည်တွန်း၊ထင်းခွဲ) လုပ်တာမျိုးအပေါ် မေးငေါ့ ခေါင်းခါ ပြက်ရယ်ပြု ရယ်သွမ်းသွေး ကိုယ်ကဗျာတွေရေးတဲ့အတွက် ကိုယ်ဟာ အလိုလိုနေရင်း လူ့အသိုင်း လူ့အ၀ိုင်းထဲ ကျင်လည် ကျက်စား လှုပ်ရှား သွားလာတဲ့နေရာမှာ အများသူငှာနဲမတူ တစ်မူးလိုနေသယောင် တစ်မတ်လိုနေသယောင် လန့်ဖျပ် သွေးတိုး စိုးရိမ် ကိုယ်ချင်းစာ သနားစဖွယ် အကြည့်များအားလည်း ရရှိ လက်ခံ ပေးဆပ် နားလည် ကိုယ်က ကဗျာကောင် စာကောင် ဖြစ်နေခြင်းမှာ အများသူငှာလူတွေလို ဒေးလီးနော်မာန် အလုပ်သွား အလုပ်ပြန်တာမျိုး  မကြား မတွေ့ မမြင်ကြလေတဲ့အခါ ၁၀၉ကောင် ၁၁၀ကောင် အဖြစ် လက်ခါ အထင်သေး နှာခေါင်းရှုံ့ စုတ်သပ်စရာ လူသားမျှသာဆိုတော့ ကဗျာရေးတဲ့ ကိုယ်ဟာ အိပ်ယာဝင်အိပ်ယာထ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ကြားအောင် ကဗျာပဲအသားလွတ်ရွတ်ရမလား ဖင်မီးခိုးထွက်တဲ့ထိ ဖက်ကြမ်းဆေးပေါ့လိပ်ဖွာ ခေတ်ဆွေးလွယ်အိတ်ကြီးလွယ် ပြတ်ခါနီး ဖိနပ်တစ်ရံစီး မဂ္ဂဇင်းတိုက်တကာအနှံ့ နေ့စဉ်ခြေတိုအောင်ပဲ လမ်းသလားပြရမလား ဖြစ်ရပုံများ ကိုယ်ဟာ ရှမ်းဖြစ်လို့ ခေါက်ဆွဲပဲ ရောင်းရတော့မလိုလို ရခိုင်ဖြစ်လို့ မုန့်တီပဲ ရောင်းရတော့မလိုလို ကဗျာဆရာဖြစ်လို့ အများအမြင်လှအောင် ကဗျာလက်သုပ်စုံ အထမ်းကလေးပဲ ပုခုံးပေါ် တင်လိုက်ရတော့မလို ကဗျာကုမ္ပဏီ/ပါတီပဲပြေးထောင်လိုက်ရတော့မလို ပြောမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်လူ့အဖွဲ့အစည်းကြီးနဲ့ တယ်အံဝင်ခွင်ကျရှိလှချည်ရဲ့ လို့တော့မဟုတ် ဒါပေမယ့်လည်း ဒီအဖွဲ့ ဒီအစည်းဆိုတာ ကဗျာရေးသူ ကိုယ်နဲ့က တစ်ဘ၀လုံးလုံး ဒီလိုပဲ တစ်သွေးတည်း တစ်သံတည်း လွဲချော်မှုတွေ အသားကျ နေလေတော့ကာ ကိုယ်ကလည်း ကိုယ်ဖြစ်လျက် ဒီအဖွဲ့ ဒီအစည်းကြီးကလည်း  ဒီအဖွဲ့ ဒီအစည်းကြီးဖြစ်လျက် ရေးသူနဲ့ လူ့အဖွဲ့အစည်း ခါးတောင်းကျိုက် တလွဲ ဟိုအ၀ှာတလွဲ အံချော် စံလွဲ ကွဲပြား  ချွတ်ချော် နေမြဲသာတည့်။                ။

 

လွန်းဆက်နိုးမြတ်

26.7.10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s