နတ်ကိုက်ရာ

နတ်ကိုက်ရာ

စစ်တုရင်အရုပ်ကလေးတွေကဲ့သို့ မတ်ရပ်တောင့်ခံလောကဓံပါမည် ခိုင်
မူလီမရှိဘူး မူရင်းပဲရှိတယ် ဘယ်လက်ကို ညာလက်နဲ့ ကိုင်ဖြုတ်ရင်းတန်းလန်း
တုံဏှာဘာဝေဖို့အရေး တုံဏှာဘဝေတယ်။ တစ်ဖက်သားရဲ့ မျက်မှန်ထဲကနေ
နောက်ယောင်ခံလိုက်လာတဲ့ အခြားတစ်ဖက်သားများ။ လက်ကိုင်ပ၀ါနဲ့လုပ်တဲ့ငှက်ပျောသီးသုံးလုံး
မနက်စာအဖြစ် ပြည့်စုံထားတယ်။ ပွတ်သပ်မှုဟာ နားရွက်ကလေးတွေမှမဟုတ်ဘူး မြစ်ကို
အကြေးခွံလှန်ပြီး ဆီပြန်ကြော်စားစဉ် ဆေးဟောင်းပေါ် ဆေးသစ်ထပ်သုတ်တော့ ကျန်ခဲ့တဲ့
သက္ကရာဇ်တွေဖုံးအုပ်ပစ်လိုက်ရသလို။ ချောင်းဟာ အဆက်မပြတ် မကောင်းမှန်းသိသိဆိုးဝါးကြောက်
စရာလား။ ပွင့်ဖတ်နဲ့ရိုးတံကို ထမင်းလုံးကပ်ပေးလိုက်တာ နှင်းဆီပဲ။ သဘာဝကိုတုပပြီး မြက်စိမ်းလေး
ခင်းထားတယ်။ ဗိုက်ကနေ ခဏခဏမော့သောက်လိုက်တာ ပါးစပ်ထဲပြည့်သွားအောင် မျက်လုံးတွေဆီး
သိပ်ရွှင်။သုံးဆောင်ပါ သုံးဆောင်ပါ အားနာမနေပါနဲ့။ ဒါတွေဟာ ကွယ်လွန်သူရဟန်းဒါယိကာကြီးဦးဟ၀ှာရဲ့
မကောင်းမှုဒိုးပြားတွေပါ။ အကုန်တင်ပေးလိုက်ရဲ့သားနဲ့ ပါမသွားတာက ကလေးတစ်ယောက်ယူဆော့နေ
လို့ပဲ (ဖြစ်မှာပါ)၂။ အရောင်းကျွမ်းကျင်မှုအဆင့်(၁)၀န်ထမ်းတစ်ယောက်နဲ့ တွေ့ခွင့်ရတယ်။
ခင်ဗျားနဲ့တော့လိုက်သား ကြုံတုန်းဖယောင်းပုဆိုးတစ်ထည်လောက် ၀ယ်သွားပါလားတဲ့။
ညဖက် တံခါးရွက်ချိတ်တွေလိုက်ဖြုတ်သလို ခရီးဆောင်အိတ်ကို ဇစ်စမ်းဆွဲကြည့်သလို။
ဥတုသုံးလီညီညွတ်/ပစ္စည်းမှန်/ဈေးမှန်/ဆေးခိုင်ကြောင်းအာမခံ/လူမျိုးဘာသာမရွေးမှီဝဲသုံးစွဲနိုင်။
အသားတံဆိပ်ပါတယ်၊ ပါကင်သုံးထပ်ပိတ်ထားတယ်၊ အသိအမှတ်ပြုလိုင်စင်နံပါတ်ရေးတယ်။
ဘယ်လောကမဆို အတုဟာ အတုပီပီ ဘာလုပ်လုပ် အတည်ပေါက်။
မီးခလုတ်ကို နောက်တစ်ကြိမ်ပြန်ဖွင့် မအိပ်နိုင်သေး ကုတင်ပေါ်မှာ ထိုင်လိုက် မထလိုက်။
အမှန်တော့ လမ်းပေါ်က စိတ်တီးနေတဲ့ ဂစ်တာဆီ အဖွဲ့ရောက်နေတာ။
အစ်မရယ် လူကို ပစ်ထားလို့ရတယ်။ ခွေးကိုတော့ပစ်ထားလို့မရဘူး။ ရာသီဥတုကိုလိုက်ပြီး ပြုစုပေးရတယ်။
ပေါင်းနှုတ်ပေးရတယ်။ မြှောက်စားပေးရတယ်။ အင်တီဂရယ်ရတယ်။ ဒစ်ဖရန်ရှယ်ရတယ်။
ဒီကြက်က ဆတ်ဆတ်ထိမခံကြက် ဇွန်းကိုင်ဖို့ ဟန်ပြင်တဲ့ လက်ကို
ဟင်းချိုပန်းကန်ထဲက ဟနေတဲ့မျက်လုံးနဲ့ လှမ်းဆိတ်တယ်။
လက်မောင်းမှာ သတ္တိဆိုတဲ့ ဆေးမှင်ကြွက်နဲ့ အဲဒီ့ကောင် သရဲတစ္ဆေဆို သိပ်ကြောက်တတ်။
သင်ဟာ တစ်ခြမ်းရပ်ပြီး တစ်ခြမ်းသွားနေတဲ့ နာရီ။ စပီကာမှာ အသံကပ်နေသလို ဂျစ်မတိုက်နဲ့။
အခုနေ ပြန်စဉ်းစားကြည့်တော့လည်း သဲ့ယူစစ်ချခဲ့တာတွေ ဟုတ်များနေသလား မနေဘဲ
ဆက်များသွားမှာလား။ ဒီတစ်အုပ်မှာ သူနဲ့ ပိုနီးလာရခြင်းဟာ အဘယ်အကြောင်းတရားများကြောင့်လို့
ထူးထူးကဲကဲထင်မြင်ယူဆ ယိုးယိုးစွပ်ချင်ပါသလဲ။ အိမ်မှာ အိမ်မြှောင်တွေအရမ်းများနေလို့
လျော့သွားအောင် ဘားကျွတ်တိုင်ကို လှည့်ပစ်လိုက်။
ပြန်ဆုံတဲ့အခါတိုင်း ငယ်ငယ်တုန်းကကိစ္စတွေ စကားကြား ထည့်ထည့်သောက်နေတာအကျင့်ပဲ။
ဝါးလုံးခေါင်းထဲ သာတဲ့လဆိုတော့ သူ့ခမျာအထဲမှာ ခါးလေးကွေးနေရရှာမှာပေါ့နော်။
အမြင်ပိုင်းဆိုင်ရာသာ မသဲကွဲရင်ရှိမယ် အသံပိုင်းဆိုင်ရာမှာတော့ တစ်စက်မှမစိုရွှဲဘူး။
ဆိုင်းပါဦး တီးမနေပါနဲ့တော့ လက်ခုပ်သံနားထောင်ရုံနဲ့ လက်စလက်နကို မှန်းဆလို့ ရပြီ။
ချက်/(စ်)/(ထ်)ချင်လို့ ချက်/(စ်)/(ထ်)တာမဟုတ်ဘူး အိုးအသစ်ကို ကြွားချင်လို့။ ဘုရင်မကို
စားချင်လို့။ ဤစီလေးကို ကလီချင်လို့ ။ အဖေကလည်း အဖေပဲ။ သားကလည်း သားပဲ။
ကြားထဲက မြည်းကလည်း မြည်းပဲ။ သြော်…ငွေ..ငွေ..ငွေ။        ။

လွန်းဆက်နိုးမြတ်
နှစ်ဆန်း၂ရက်နေ့
ည၀၀း၀၅နာရီ

မထင်ရှော့(ခ်)နှင့် ငါးရိုးပင်လယ် စာအုပ်သစ်(၂)အုပ် မိတ်ဆက်ပွဲ နောက်ဆုံးကျေးဇူးစကား

မထင်ရှော့(ခ်)နှင့် ငါးရိုးပင်လယ် စာအုပ်သစ်(၂)အုပ် မိတ်ဆက်ပွဲ နောက်ဆုံးကျေးဇူးစကား

မထင်ရှော့(ခ် )နှင့် ငါးရိုးပင်လယ် စာအုပ်(၂)အုပ်အတွက် ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးကျေးဇူးစကားပါ။ အလကားသက်သက် ကြွားဝါလိုတဲ့ သဘောနဲ့ ဒီစာအုပ်လေး(၂)အုပ်ထုတ်တဲ့ အ ပေါ် ဘလော့ဂ်/ဖေ့စ်ဘွတ်မှာပြောစရာက မကုန်တော့ဘူးလို့ ထင်ကြမှာကိုလည်း စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ဖက်ကဒီစာအုပ်(၂)အုပ်အတွက် ကျေးဇူးတင်စရာ လူတွေ အများကြီးကို  ဘလော့ဂ်မှတ်တမ်း/ဖေ့စ်ဘွတ်မှတ်တမ်းအနေနဲ့ ထားရှိလိုတာ ကြောင့်လို့ မှတ်ယူပေးကြစေလိုပါတယ်။

ပထမဆုံးစာအုပ်များရဲ့ ကုန်ကျစရိတ်အ၀၀ကို တာဝန်ယူပေးတဲ့ ကျွန်တော့်အဖေ ဦးကျော်ဆွေ(ဌာနမှူး၊မြို့ပြ)ကို ကျေးဇူးတင်ပါတယ်။နောက်ပြီး သားအဖနှစ်ယောက်ရဲ့ ဆန္ဒကိုလိုက် လျောတဲ့ ကျွန်တော့်အမေ။ စာအုပ်ကိစ္စတွေကို ရုံးတင်မှ စာအုပ်ချုပ်အဆုံး လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ အိပ်မက်အသစ်စာပေမှ ပစ်ကြီးနဲ့ ၀င်းသူရလွင်။စာအုပ်မထွက်မချင်း ကျွန် တော့်စိတ်ပင်ပန်းမှုဒဏ်တွေကို မျှဝေနားလည်ပေးခဲ့တဲ့ ကျွန်တော့်ဇနီးမခိုင်မာလင်း။ငါးရိုးပင်လယ်စာအုပ်အဖုံးကို မေတ္တာနဲ့ ပြုလုပ်ပေးတဲ့ ဒါရိုက်တာ ကိုရဲမြင့်သူနဲ့ဇနီးဆရာမပျိုးလက် ဟန်။အတွင်းပန်းချီရေးဆွဲပေးတဲ့ ဆရာဧကစာချို၊ကျွန်တော့်ရဲ့ ပုံတူကောက်ကြောင်းကို မေတ္တာနဲ့ ရေးဆွဲပေးတဲ့ ဆရာဖေစိုးအောင်၊အတွင်းပန်းချီအပြင် ဖိတ်စာဖိတ်တာကအစ ကူညီပေး ခဲ့တဲ့ ဆရာခေတ်ဖုန်းမို၊နောက် ငါးရိုးပင်လယ်အမှာစာရေးပေးရုံမက အမှတ်တရမုဒိတာစကားချီးမြှင့်ပေးခဲ့တဲ့ ဆရာသစ္စာနီ၊မထင်ရှော့(ခ်)အမှာစာရေးပေးရုံမက အမှတ်တရမုဒိတာ စကားချီးမြှင့်ပေးခဲ့တဲ့ ဆရာဇေယျာလင်း၊ စာအုပ်ထွက်ရှိပြီးနောက် လိုက်လံဖြန့်ချိရာမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ချွေးတလုံးလုံးကျတဲ့ထိ အကူအညီပေးခဲ့တဲ့ ကဗျာဆရာကိုဖုန်းမြင့်နဲ့ ငါတို့စာပေဂိုဏ်း ချုပ်ညီငယ်ကဗျာဆရာမြေမှုန်လွင်၊စာအုပ်မိတ်ဆက်ပွဲမှာ အပြောအဟောကောင်းကောင်းနဲ့ ကိုယ်ရောစိတ်ပါ ကူညီပေးခဲ့တဲ့ အခမ်းအနားမှူး ကဗျာဆရာမောင်လင်းရိပ်၊ အမှတ်တရမုဒိတာစကားချီးမြှင့်ပြောကြားပေးခဲ့တဲ့ ပိတောက်ပွင့်သစ်အယ်ဒီတာချုပ်ကဗျာဆရာမောင်စိမ်းနီ၊ အခြားဝိုင်းဝန်းကြသူများဖြစ်တဲ့ ကဗျာဆရာကိုမိုးဝေး၊ပွဲဖိတ်စာတချို့ကို ဝေ မျှပို့ပေးရင်း မိုးမိသွားလို့ ပွဲနေ့မှာ ဖျားသွားပြီး မလာနိုင်ခဲ့တဲ့ စာရေးဆရာကိုနိုင်စွမ်း။ဖလင်ကိုအောင်ဇော်(ပုံရိပ်ရှင်)၊ကဗျာဆရာAမွန်၊ကဗျာဆရာမောနွေ၊ စာအုပ်မိတ်ဆက်ပွဲလေးကို တက်ရောက်လာကြတဲ့ Mrtv-4၊နဲ့ တခြားစာနယ်ဇင်းမီဒီယာအသီးသီးမှ တာဝန်ရှိသူများအားလုံးနဲ့ အကြောင်းကြောင်းများကြောင့် စိတ်သာရောက်နိုင်ပြီး လူကိုယ်တိုင် မလာရောက်နိုင် တဲ့ မိတ်ဆွေ များပါမကျန်ကျွန်တော်လွန်းဆက်နိုးမြတ်မှ ကျေးဇူးထာဝရတင်ရှိကြောင်း မှတ်တမ်းပြုလိုပါတယ်ခင်ဗျား။

လွန်းဆက်နိုးမြတ်

 

ဖိတ်ကြားလွှာ

ဖိတ်ကြားလွှာ

 

စာပေဖြတ်သန်းမှု (၁၀)နှစ်ပြည့် စာအုပ်သစ်၂အုပ်မိတ်ဆက်ပွဲနဲ့ အမှတ်တရ တွေ့ဆုံပွဲလေးကို စာပေလောက(၅)မှာ ၁၇.၆.၁၁(သောကြာနေ့) နေ့လည် ၂နာရီကနေ ညနေ၄နာရီထိ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ကျွန်တော့်စာပေမိတ်ဆွေများနဲ့ စိတ်ဝင်စားသူများအားလုံးကို ကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါတယ်ခင်ဗျား။

 

လွန်းဆက်နိုးမြတ်

အသက်အားဖြင့်

အသက်အားဖြင့်

 

ကိုယ့်ကိုယ်ကိုယ် သက်သက်လွတ်ဝါဒီဖြစ်သွားမှာပဲ စိုးတာ
အသီးအနှံနဲ့ အသားဟာ ကိုယ့်အတွက်တော့ဖြင့် တခြားစီ
အသားတိုင်းဟာ ချိုတယ် အသားစားခြင်းဟာ ဂုဏ်ဒြပ်တစ်မျိုး
ကိုယ့်သွေးသားကလွဲလို့ အခြားသောအသားတိုင်းက စားကောင်းတယ်
“သနားစရာလား အသားပဲ စားဖို့ပေါ့” ဆိုတဲ့ဖလော်ဆော်ဖီနဲ့ ကိုယ်ဟာ ရှင်သန်
အသားစားခြင်းဆိုတာ တောကစားခြင်းလိုပဲ နှစ်လိုပျော်ရွှင်ဖွယ်ရသတစ်ခု
ကိုယ်ဟာ အသားစားခြင်းကိစ္စမှာ ကျွမ်းကျင်လိမ္မာသူ ဘယ်လိုအသားကို
ဘယ်လိုနေရာမှာ ရှာရမလဲ ? အဲဒီ့မေးခွန်းအတွက် အကောင်းဆုံးအဖြေဟာ
ထာဝရကိုယ့်ဆီမှာ အသင့်ရှိတယ် အဆင့်အတန်းတွေ အသက်အရွယ်တွေ
အသားအရောင်တွေ ခွဲခြားမနေအား အသားဟာအသားပါပဲ အဓိကက
အသားစားရဖို့ပဲမဟုတ်လား ဒီကမ္ဘာမှာ အသီးအနှံစားသူတွေဟာ မတည်မြဲ
အသားစားသူတွေသာ တည်မြဲ တွေးခေါ်မြော်မြင်ခြင်းရဲ့ အံ့ဖွယ်ဥာဏ်ရွှင်စေတဲ့
အသားစိုင် အသားလွှာတွေ ဘုရားသခင်ဟာ ခွန်အားနဲ့ အရသာကို အသားထဲမှာ
ထည့်ဖွက်ထားခဲ့ရှာ ကိုယ်ယုံကြည်တဲ့ အမှန်တရားဖွင့်ဆိုချက်က အသားများများ
သုံးဆောင်ခြင်းပဲ အသားများများသုံးဆောင်ခြင်းဟာ လူ့ဘ၀ရဲ့နေထိုင်ပုံနေထိုင်
နည်းတွေထဲက သာလွန်ကောင်းမွန်မှုအရှိဆုံးနည်းလမ်း ဒီနည်းလမ်းအတိုင်း
ကိုယ်ဟာ အသားတွေကို ဆက်ကာဆက်ကာ ရသလောက် စားသောက်နေရ
လိမ့်ဦးမှာ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ကိုယ့်အသက်ကိုပစ်ခတ်
ကိုယ့်အသားကို အသေအချာမြိန်ယှက်စွာ မစားသုံးနိုင်သေးသရွေ့။        ။

လွန်းဆက်နိုးမြတ်
၃၁.၅၁၁
မနက် ၀၀း၃၀နာရီ

မထင် ရှော့ခ် နဲ့ ငါးရိုးပင်လယ် ဆိုင်ပေါ်ရာက်ပြီဗျို့

 

 

မထင် ရှော့ခ် နဲ့

ငါးရိုးပင်လယ်

ဆိုင်ပေါ်ရာက်ပြီဗျို့

 

အမှတ်တရ တွေ့ဆုံပွဲကို စာပေလောက(၅)မှာ ဒီ(၆လပိုင်း)အလယ်လောက် လုပ်ဖို့ ရှိပါတယ်။ သေချာတဲ့အချိန် ဘလော့ဂ်မှာ ဆက်လက် ပြောသွားပေးပါဦးမယ်။

ဘ၀တစ်ဖြောင့်

ဘ၀တစ်ဖြောင့်

တစ်ချိန်လုံး လွတ်မြောက်အောင် အားထုတ်ခဲ့သမျှ သွေးစိမ်းရှင်ရှင်ပန်းထွက်နေတဲ့ ဆန္ဒတွေ
ဘာဖြစ်လို့ လေတိုက်တဲ့နေရာမှာ ရွေးထိုင်နေရတာလဲ အလကားလေကြောမိအောင်
ချောက်ကပ်ကပ်ညနေခင်းဟာ ဖယောင်းသားတွေတွဲလျားကျနေအောင် အဆင်သင့်ပူလောင်
လမ်းမပေါ်မှာ တခြားလူတွေနဲ့ ရောထွေးထိုးထည့်မိလို့ ဒီကောင့်အနှောင့်ကို မနည်းကြီးဖတ်ယူ
ဆွဲထုတ်လိုက်ရတယ် အရသာပေါ့ရွှတ်ရွှတ် ဖန်တန်တန်နဲ့ ကွာကွာခဲ့တဲ့ နှစ်ပရိစ္ဆေဒတွေအတွင်း
အပြင်အဆင်ကအစ အခြားအိမ်တွေနဲ့မတူ ဖခင်အမည်မှန်ပေါက်ပေမယ့် တခြားတစ်ယောက်
လက်ထဲမှာ ငယ်ရုပ်ကို မနည်းကြီး ပြန်လွှတ်ပေးရတယ် ဒီနေရာက ဆောက်ရာတစ်ချက်ထွင်းသင့်တာ
ဒီနေရာက ဂဟေတစ်ချက်တွဲသင့်တာ ခွေးသွားစိတ်လည်ပတ်သံတဂျစ်ဂျစ်တုန်ခါထွက်ပေါ်မြဲ
သတ္တုဂေဟစနစ် မှန်အမျိုးအစားကို ပြောတာလား ကိုင်းအမျိုးအစားကို ပြောတာလား
ပြောတဲ့ အမျိုးအစားဆိုတာ မပြောတဲ့ အမျိုးအစားလား အနီးကပ်အနှောင့်အယှက်ထံ အဝေးဆုံးမှ
မြန်နှုန်းမြင့်စွာ မြေပြင်ဆီသို့ အိပဲ့ထိုးစိုက်ကျ ကိုယ့်ကုသိုလ်ပေါ့လေ ရန်ကုန်ကလည်း အားလုံး
ပြောင်းလဲသွားတယ် ဒီကောင့်နှယ် ပါးစပ်တောင်ခိုင်အောင် မ၀တ်တတ်တော့ဘူး ပါးတစ်ချက်
ပိတ်ရိုက်ပေးလိုက်မှ ပါးစပ်ဟာ နေရာမှန်ပြန်တည့်သွားတယ် အကျမနာအောင် ခုထားခံထားတဲ့
သဲပြောင်ပြင်မွမွထဲ လက်ချောင်းတွေ ခဏစိမ် အရင်ရောက်နှင့်ပြီးသား ငန်းဟာ အဖြူအမဲမသဲကွဲ
တာကလွဲရင် အဖြူအမဲသဲကွဲပါတယ် လရောင်ရဲ့ ကွေးညွှတ်နှုတ်ခမ်းသား ဖူးဖူးစိုစို ခေါ်သံတစ်စပြင်
ကျယ်ကြီးအဆုံး ဖဲကြိုးလေးအနှေးလွင့် မုဆိုးဟာ လောဘကြီးစွာ မနိုင်မနင်း ပွေ့ပိုက်လျက်
သံတိုသံစခြေရာမျိုးစုံကောက်ပြီးပြန်လာတယ် ကော်ကုန်ရင်တော့ ကွာမှာပဲ အေးကွာ
ရန်ကုန်ကလည်း အရင်အတိုင်းပဲ ဘာမှမထူးဘူး စိတ်အလျဉ်စီးကြောင်းမှာ ဒိုက်သရောများပက်လက်ကူး
လိုရာ ရောက်နိုင်ဖို့ အမှောင်ဒြပ်သား ကိုယ်ထည်အတွင်းပိုင်း သဲအိမ်လေးမွမွရပြီဆို လက်ချောင်းတွေ
အပြင်ဖက် တိုးတိုးတိတ်တိတ်လေး ပြန်ထုတ်ယူလိုက် လက်ကိုင်အိတ်ဖြစ်စေ ကျောပိုးအိတ်ဖြစ်စေ၊
ထီး၊ရေဗူး စတဲ့ပစ္စည်းပစ္စယအားလုံး လူနှင့်တစ်ပါတည်း အဲ စက်ရုပ်နှင့်တစ်ပါတည်း ယူဆောင်ရန်
ရှောင်ရန်များကို ကြိုတင်သတိပေးထားသင့်ကြောင်း သတိပေးသင့်/မသင့် ဒီရေ ဟိုရေတွေ မြန်နှုန်းမြင့်
ပြေးတက်မလာခင်  သွေးစိမ်းသေသေ ငတေမာရင်ပြီးရော ဒိုက်သရောများကြား ဖဲကြိုးလေးဖူးဖူးစိုစို
အိပဲ့စိုက်ကျ အို…သဒ္ဒါကြည်လင်ပါရမီရှင်အပေါင်းတို့ရှင့် အတွဲအစပ်မမှန်တဲ့ စကားလုံးတွေလို ပုံပန်း
ပျက်နေတဲ့ ကလေကချေတစ်ကောင် ပေါင်ကိုမြောက်ပြီး  ချောဆီထည့် ဓာတ်တိုင်ကြိုးတန်းတွေပေါ်မှာ
သံပတ်ပေးထားတဲ့ အရာများငြိမ်သက် အနီးစပ်ဆုံး ပြတင်းတံခါးတစ်ချပ် ခပ်ပြင်းပြင်းတွန်းဖွင့်သံ
ကြားရင် ဝေါခနဲအုပ်လိုက် ထပျံသွားကြ လောကအမှောင်ဟာ ဖန်သားပြင်အုပ်ဆောင်းထက်ကနေ
ကျလာတယ် ရှေးဟောင်းနှောင်းပျက် ကပေါက်တိကပေါက်ချာအလုံးတွေ အပြားတွေ လေးထောင့်တွေ
ဆနွင်းမကင်းတွေ အာလူးဖုတ်သူတွေ မေ့နိုင်ပါ့မလား ရထားမသွားတော့တဲ့ ဘူတာရုံမြို့လေးမှာ
သံတစ်လမ်း ပြဒါးတစ်လမ်း လူသံနဲ့သူသံမကွဲပြားဘူး(“ခဲ့”ကို ထည့်ပြီးမှ ပြန်ဖြုတ်) ရီဝေေ၀တစ်ယောက်
ချာချာလည် ကိုယ့်ခေါင်းထဲမှာလည်း ဘာမှနိတ္တိ ဒီချိန်ထိ ဒီကောင်အနှစ်သာရတယ် အရည်မရရှာဘူး
တွေးပျော် တရေးနိုးတိုင်း နံရံတွေဆီက အံသွားတဂျစ်ဂျစ်ကြိတ်နေသံ အတိုင်းသားမြင်မိနေသလား
မွေးမေလေ့ ပါးစပ်ထဲက တံတွေးစက်တောင် နံရံမှာ သွားချိတ်တွယ် ဒီကောင် ဦးနှောက်ပါပြန်လဲ
ရတော့မယ် စက်ရုပ်အဖြစ်နဲ့ကိုယ်သာ ရှိပါစေတော့ကွယ်။        ။

လွန်းဆက်နိုးမြတ်
၂၆.၄.၁၁
ည၀၂း၃၀နာရီ