ပုံကျကျ ပုံလှလှ

ပုံကျကျ ပုံလှလှ
ဖောက်ဖောက်ချင်း ဆောက်နဲ့ထွင်း
မရွေး ရွေးရွေး ရွေးရွေးရွေး
ဖောက်ဖောက်ချင်း လိုက်ရွေး လိုက်ရွေး
ဂွတ် ဂွတ် ဂွတ် ဂွတ်ရှယ်ကြီးတွေ
အမရေ အထုပ်သစ်ကြီးက ဒီမှာ
ဝင်ရွေးသွား ၀င်ရှာသွား ကောင်းကောင်း
သန့်သန့်လေးတွေ ဘောင်းဘောင်းတွေ
ကွာတားတွေ ဂျင်းတွေ ဂျက်ကက်တွေ
ဒီကိုလာ ဒီကိုလာ ကိုယ်ဆင်မှ ကိုယ်လှမှာ
ပေါပေါလေးပါ လေးငါးရာ ရွေးပါ ရွေးပါ
ကြိုက်တာနဲ့ လိုက်ရာကိုရွေး သေးသေးလေး
(ပဲလား) ကြီးကြီး(လား) လက်တွေ့
ဖောက်လို့ လက်တွေ့ရောင်းတာ ၀င်ရွေး
ဝင်ရှာ ဟောဒီ့မှာ ဂျာတွေ ကင်တွေ
ဂျာကင်တွေ လိုက်ရွေးပါ လိုက်ရွေးပါ
ကြိုက်ရာကိုရွေး ခုမှဖောက်တာ။        ။

လွန်းဆက်နိုးမြတ်
(ရည်ညွှန်း-၂၀၁၁၊ကမ္ဘာ့ကဗျာနေ့အမှတ်တရ“လုံးဝအကြည်”လက်ကမ်းကဗျာစာအုပ်ငယ်)

ပြန်လှည့်ပြေးဖို့ ကောင်းကင်

ပြန်လှည့်ပြေးဖို့ ကောင်းကင်

(မဟုတ်ဘူး) (မဟုတ်ဘူ)း (မဟုတ်)ဘူး (မဟု)တ်ဘူး (မ)ဟုတ်ဘူး ()မဟုတ်ဘူး
သူဝတ်ထားတဲ့ ပန်းရောင်ရှပ်လက်ရှည်နဲ့ ၀မ်းဆက်စတိုင်ပင်ဘောင်းဘီရှည်ကြောင့်လား
စောစောက (မဟုတ်ဘူး)ဟာ ခု()မဟုတ်ဘူးနဲ့ မတူဘူး ခုမဟုတ်ဘူးဟာ
(ကွင်းစကွင်းပိတ်)ထဲကနေ ဆင့်ကဲဆင့်ကဲအပြင်ဘက် ဆန့်ထွက်လာတဲ့ ()မဟုတ်ဘူး
သူ့မျက်နှာဟာ ပန်းရောင်တစ်ရိပ်ရိပ်ပွက်နေသယောင်ယောင်ပဲ (သူဘာလို့ ဒီလို ၀တ်ထားတာလဲ)
(သူဟာ ဂေးလား)လေတဖြူးဖြူးထဲ အိန်ဂျယ်ရဲ့ တောင်ပံတွေ တိုးဝင် မထင်ရင် (ထီ)မထင်သလို
ဘယ်သူက သိနိုင်မှာလဲ အမှုန်ဆိုတာ လေထုထဲမှာ လွင့်ချင်သလို လွင့်မှာပဲမဟုတ်လား
သူ့ကိုငေးမောကြည့်ရင်း အတွေးတွေဟာ ၀ဲဂယက်ထလာတယ် အလျားလိုက်ပဲလား
ဒေါင်လိုက်ပဲလားတော့ တွေးကြည့်ဖို့အတွက် ကွန်ပျူတာစက်သံက တဟီးဟီး
အသေးစားခုတ်မောင်းနေတဲ့ ဆူညံမှုအဖြစ် လာစပ်ယှက်တယ် ငှက်တစ်ကောင်  ဘယ်သောခါများ
ဒေါင်လိုက်အမြဲပျံသန်းတာမြင်ဖူးလို့လဲ ဒီကိစ္စကို ဒီမှာတင် ဖျူးစ်ဖြတ်ချလိုက်ပါတော့
ဒါမှမဟုတ်ရင်လည်း မီးခိုးတန်းလန်းနဲ့ တောက်ထုတ်ပစ်လိုက်ပါတော့ ပန်းရောင်ဝမ်းဆက်နဲ့
အိန်ဂျယ် ပန်းရောင်ဝမ်းဆက်နဲ့ ငှက်တစ်ကောင် ပန်းရောင်ဝမ်းဆက်နဲ့အိန်ဂျယ်ငှက်တစ်ကောင်ဟာ
ဂေးဖြစ်နိုင်ချေရာနှုန်းဘယ်လောက် ဒါဆိုရင်ကောင်းကင်က အလျားလိုက်ဖြစ်သွားမလား
ကောင်းကင်ဆိုတာ အစကတည်းက အလျားလိုက်ရှိနေတာလား ခေတ်ရဲ့ တွန်းကန်ပင့်တင်
အရှိန်ကြောင့် အထိုင်သိမှုတွေဟာ နည်းနည်းချင်း ရွေ့နေတယ် သူ့လေဟာ ဖမ်းလို့မမိဖြစ်လို့
မနေတယ် သူ့လိုင်းတွေကို လှမ်းလှမ်းဖမ်းရတာ မကြာခဏ ၀င်တိုးပြီး မလွတ်လို့မသွားဘူး
နံရံထဲ ကျောက်ဆူးကို ပစ်စိုက်ချလိုက်ရတဲ့ အကြိမ်ရေတွေလည်း မနည်းမနောရှိမတယ်
ကောင်းကင်ဟာ ပတ်ပတ်လည်မှာ တရွေ့ရွေ့သွားမြဲ ကစ်စ်မီကွစ်အမည်နဲ့ အိပ်ယာဝင်တိုင်း
တိမ်စိုင်တွေပေါ် ဖွက်ထားတဲ့  သက်ပြင်းဖွဖွလေးကို လှမ်းကလ(င့်(ခ်))စ်လိုက်တယ် ရေသာကို
ဌာန်ကရုဏ်းကျကျခိုတတ်တဲ့ သူ့သဘောကိုယ်ဆောင်အဓိပ္ပါယ်တည်ဆောက်မှု
ယန္တယားကြီးထဲကနေ ဦးဏှောက်ရည်တွေ ပစ်ချွဲချွဲပျော့စိစိ ဖိတ်လျှံကျနေတုန်း
လျှာနဲ့ကုန်းလျက်သမျှသာ ဒီဘ၀မှာ ကိုယ့်နောက်ပါလာမှာဆို-တော့-ကာ
မိုးကုတ်စက်ဝိုင်းအဆုံးရောက်တော့ မိုးကုတ်တြိဂံ မိုးကုတ်စတုဂံ  မိုးကုတ်ပဉ္စဂံ စသဖြင့်
မီးခိုးလည်းဆုံး မိုးလည်းဆုံး သဒ္ဒါမမှန်တဲ့ အမျိုးအစားတစ်ခုအဖြစ်သာ မှတ်ယူကြပါရန်
နှိုးဆော်တိုက်တွန်းသလိုလို ပန်ကြားတောင်းပန်သလိုလို ရှိရင်းစွဲ ကောင်းကင်ဟာ ရှိသကဲ့သို့
အလိုလိုနေရင်း အစွဲအလမ်းတစ်ခုပဲ ဖြစ်နေသလား မနက်ခင်းစီးပြေးနေကျ ၀င်းသူဇာက
ကင်းဘတ်စ်ဖိနပ်ကလေးကသာ အကယ်တန္တုကောင်းကင်စစ်စစ်လား သိမှုဘောင်ထဲ
အကန့်အသတ်အရ ပိတ်ဆို့လျက်ရှိသော ကိုယ်သင်းနံ့မွှေးမွှေးအီအီကလေး
ကြမ်းပြင်ထက်မှာ စာတန်းထိုးဒီဗွီဒီခွေတွေ ပုလဲနေတယ် နံရံပေါ်က ပန်းချီကားတွေ ရွဲနေတယ်
နွာချေးထဲ ရောပါလာပြီး မစိုက်ဘဲ လာပေါက်နေတဲ့ အဘိဓမ္မာအစုတ်အပဲ့တွေနဲ့(သားကြီး ကြိုးဆွဲလိုက် )
အကိုင်းအခက်တွေရဲ့ ခြေလှမ်းက နောက်နောင်မပတ်သတ်ရတော့မယ့်အတိုင်း ကောင်းကင်ကို
ကျောခိုင်းကာ အုတ်သဲကျောက်ရောင်းတယ် လေဟာ ငတ်မွတ်နေတဲ့ အရသာတစ်စက်ကျန်
သည်အထိ မခိုမကပ်ဘဲ တောင်တန်းတွေကြား တရစပ်ပြေးလွှား အရောင်မရှိ အနံ့မရှိ ပြီးတော့
မောပန်းခြင်းလည်း အလျဉ်းမရှိ တံခါးပတ္တာတွေ တကျွီကျွီမြည်တာကစ ငလျင်(ဖမ်း)လှုပ်တာ
ဆူနာမီ(ကောက်)ဖြစ်တာအလယ် ရေဒီယိုသတ္တိလေးကြွ(လိုက်)တာအဆုံး လေဟာ ပန်းရောင်
ဝမ်းဆက်နဲ့ ကောင်းကင်ထဲ အပြည့်အသိပ် တဟူးဟူး ဖောင်းကား သူ့လေသံက ခပ်ပျော့ပျော့လေး
နံများနေသလား လွှတ်ညံ့တဲ့ အရသာတွေ ရံဖန်ရံခါ ခံတွင်းတွေ့စေတတ်သလိုပဲ ကောင်းကင်အမှန်
တကယ်တည်ရှိနေတယ် ဆိုတဲ့ အသိစိတ်ကလေးနဲ့ ရိုးရိုးသားသားနေထိုင်ချင်တယ်ဆိုရုံ တရွှီးရွှီး
တရွှမ်းရွှမ်း လှုပ်ရမ်းနေတဲ့ ကြာပွတ်တစ်ချောင်း လှိုင်းတွေ/ အမှုန်တွေ ဖွာလန်ကြဲသွားအောင်
နေရောင်ခြည်ရဲ့ ကျောပြင်ပေါ် ဗျောတင် အထိုင်သိမှုတွေ တရွေ့မြဲတရွေ့ဆဲ
ဒီလို (မဟုတ်ဘူး)မဟုတ်ဘူး ဒီလို ()မဟုတ်ဘူး
ကဗျာတစ်ပုဒ်မှာ ရေနှစ်ခါချိုးလို့မရဘူး။        ။

လွန်းဆက်နိုးမြတ်
၁၄.၄.၁၁(သင်္ကြန်အကျနေ့)ည၀၁း၁၇နာရီ