မပြောချင်လို့ ကြားနေတာ မြင်ပြီ

မပြောချင်လို့ ကြားနေတာ မြင်ပြီ

ခုမှတော့ လွတ်လွတ်ကျွတ်ကျွတ် ဘယ်နားသွားထားလို့ ရနိုင်တော့မှာလဲ
ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုရာမှာ သစ်ဝါးဓနိစူးဆောက်တန်ဆာ
ပလာတာအီကြာကွေးတွေ လိုအပ်ကောင်း လိုအပ်သလို ပင်မလှိုင်းရဲ့ နောက်ကနေ
ကုလားသီချင်းက ကျယ်လောင်တိုးထွက်လာတယ် အဲဒီ့နေ့ကို အဖြောင့်မဆွဲဘဲ
အကြေကောက်ပစ်လိုက်ကြစို့ရဲ့ ထိပ်ပိုင်းက တောက်လျှောက်ယိုစီးလာတဲ့ ဘာသာ
စကား အောက်ခံဖောင်ဒေးရှင်းခိုင်အောင် အဓိပ္ပါယ်ကို နက်နက်တူးဖော်ကြရအောင်
သူ့အရင်က သံတွေသံခဲလို စိတ်ဓာတ်မျိုး သူ့နောက်က ကောင်တွေမှာ တပ်ဆင်တယ်
အားလုံးဟာ သူ့ကို ဗဟိုပြုကျော်ခွသွားကြတာချည်းပဲ အဖွဲ့ချုပ်ကနေ ကွေ့ဝိုက်ပြီး
တိုက်ရိုက်လာတဲ့ အမိန့် ဘာညာဒေါ့ကွန်း ဒေါ့အိုအာဂျီ ဒေါ့ဘလော့စပေါ့ ဒေါ့=ခွေး
မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်ဖော်ပြခံရဖို့အတွက်တော့ ဘယ်အီဒီတာကိုမှ လူမှုရေးဖင်မခံ
နိုင်ဘူး မိခင်အပင်ဆီက အားမပြည့်သေးဘဲ ကံ့ကော်ဟာ ပလပ်ဆွဲဖြုတ်ခံလိုက်ရတယ်
လူဆုံတဲ့ဝိုင်းမှာ ပိုသောက်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေကွယ် ဂလု ဂလု ဂလု ဂလု
ဘာမှမရရင် အရင်းပဲ တစ်ခုခုရရင်တော့ အဖျားလောက်ပဲ အရင်က အခုလို နောင်မှာ
ဘယ်တော့မှ မနေချင်တော့ဘူးလို့ မနက်ဖြန်ရောက်ရင် မနေ့ကအတိုင်း ဒီနေ့ပြော
တောင်ပံတွေ ဆီမှန်မှန်ထိုး လေပေါင်ပြည့်အောင်ချိန် ဆင့်ပွားရင်းမြစ် အနံ့အသက်တွေ
မပျောက်ဘူး ဖြစ်နေတယ် အထူးသဖြင့် ကုတင်အောက်တွေ အ၀တ်ဗွီဒိုတွေ စတိုခန်း
တွေရဲ့အမှောင်နေရာတွေမှာ အမေ့သားလေးများပုန်းအောင်းနေလေမလား ရင်တမမ
စိုးရိမ်လိုက်ရတာ ခြေလှမ်းကို သတိထားလှမ်း ဖန်ကွဲစတွေ နင်းမိမယ် နင်းမိမယ်ဆိုတာ
ကလည်း မသေချာမရေမရာနဲ့ ဟိုးအဝေးက တိမ်တွေလို တစ်စချင်းလေးလံအိညွှတ်
ပိကျလာနေတယ် မျက်ခွံတွေပြောပါတယ် တစ်ချိန်လုံး ရှိလိုရှိမှန်းတောင်မသိဘူး
များသောအားဖြင့် ဘေးတိုက်ကြည့်ရင် အတည့်မြင်ရသလို မြန်မာစာပေလောကကနေ
ဘေးဖယ်ထုတ်ခံထားရတဲ့ မင်းတို့ ငါတို့ဖွဲ့စည်းမှုတွေနဲ့ ဘ၀ကို မီးကုန်ယမ်းကုန်လိင်
ဆက်ဆံကြ အတွေးအခေါ်စအိုကို တတ်နိုင်သလောက် အတွင်းရှုံ့နိုင်သမျှရှုံ့ကြ ဓားရိုး
မကမ်းရင်နေပါ ပြောင်းဖူးရိုးတော့ မကမ်းနဲ့ ဟေ့ အဲဒီမှာလဲသေလိုက် ဒက်ဒက်ဒက်ဒက်
ကျိုက်ထီးရိုးသေနတ်နဲ့ ပစ်လိုက်ပြီ ဘာညာပေါ့လေ စသဖြင့်ပေါ့လေ စာကြွင်းပေါ့လေ
သဲလွန်စတွေကို တစ်နေကုန်အရည်ကျိုပြီး သဲထဲသွန် လက်စဖျောက်ဟန်ပြင်တယ်
မပျော်ဝင်ဘဲ တင်းခံနေတဲ့ စကားလုံးတွေ အရိုးအဆစ်တွေ အိပ်မက်ကိုယ်ထည်တွေ
ခေါက်ထည့်လို့မရ ခွေလို့ပြုလို့မရ ဇစ်ဆွဲပိတ်လို့မလွယ် အရေးအသားတစ်ချို့အတောင့်
လိုက် စေးကပ်နေကြ ၀သုန်ရေးနေကျ နောက်ခံဆေးစက်တွေလို နံရံထောင့်မှာ သွေးစက်
တွေဟာ ပြောက်မွန်းစိတ်မွှာ ပင်မရေစီးကို သတ်ဖြတ်လိုက်တယ် ကိုယ်တိုင်က ဆွံ့အ
စုတ်ပြတ် ကြောင်တောင်ကန်းရင်း မ၀ံ့မရဲလှမ်းအော်နေတဲ့ ရှေ့မျိုးဆက်တချို့တချို့ရဲ့
စောက်ရေးစောက်ရာစောက်ထာမကျတဲ့ စာမျက်နှာသိမ်းပိုက်မှုတွေပါခင်ဗျာ ရှေးရိုးစွဲဖွဲ့
စပ်ပုံနဲ့ ရှုထောင့်အသေ သမိုင်းထဲ ခြေတစ်ဖက်တရွတ်ဆွဲကျန်ခဲ့ လေနှင်ရာအရပ်ဆီ
ဦးတည် နှာခေါင်းရှုံ့အနံ့ခံတော့ “ခေတ်ပေါ်ကဗျာနတ်နေကိုင်းကို မထိနဲ့” ဟုတ်ကဲ့
လမ်းသွားလမ်းလာအပေါင်း မကြာခဏ ခလုတ်တိုက်မိနိုင်လို့ အငုတ်ကစ တူးဖော်
လွှင့်ပစ်လိုက်တယ် အရေပြားတွေဆီက ထွက်ပြူလာတဲ့ ညှော်နံ့ မှိုချိုးမျှစ်ချိုးမိုက်တွင်း
နက်တဲ့ အကောင်တွေက ဧရာဝတီကို မုဒိန်းကျင့်တယ် အညွှန်းခံအချင်းချင်း အချိတ်
အဆက်တယ်လီပသီ ဆင့်ကဲကွင်းဆက်ဓာတ်ပြုမှု စာသားကိုယ်ထည် အကြောအဆစ်
တွေ တဖြောင်းဖြောင်းပြုတ်ပျက်ထွက်နေအောင် မောင်းထားတဲ့ တောလဲငလျင်သံ
ပစ်စလတ်ခတ် နမိတ်ပုံအသွေးအသားများ မီးထတောက် ခေတ်ပေါ်အရိုးပေါ် ခံစား
ချက်အရေတင်နေတယ် ခင်ဗျားကြီးတို့ရဲ့ အနုပညာဆိုတာ စောက်ပိုတွေ။        ။

လွန်းဆက်နိုးမြတ်
၃၁.၈.၁၁
နေ့လည် ၁၀း၁၅နာရီ

ကိုစပိုင်

ကိုစပိုင်

မိန်းမနဲ့ ကလေးတွေတောင် အိမ်ဦးနတ်အကြောင်းမသိ
ဆက်စပ်တွေးတောနိုင်ဖွယ်ရှိတဲ့ ကွင်းဆက်တွေ တစ်ကွင်းချင်းရှင်းထားတယ်
သဲလွန်စအားလုံး သေသေချာချာ လိုက်ဖျက်တယ် မတော်တဆ ရိပ်မိနိုင်ခြေ
အဆင့်အားလုံး အောကလီးယား တစ်ဆင့်ချင်းရှင်းပြီးသား လက်ဗွေရာ ဆံပင်
သလိပ် သွေး ကိုင်ဆောင်နေကျ အသုံးအဆောင်ပစ္စည်းများအပေါ် သံသယပွား
လောက်ဖွယ် ဘာတစ်ခုမှ မရှိစေရ အသေးစိတ် အချက်အလက်ကအစ သတိ
ထား လက်စဖျောက် ငယ်ဘ၀ဖြတ်သန်းမှု ဓာတ်ပုံဟောင်း အမည်ရင်း ၀ါသနာ
အကျင့်စရိုက် အစစအရာရာ ဇာတ်ညွှန်းအတိုင်း ပြောင်းလဲ ပြုကျင့် နေထိုင်
လိုအပ်ရင် လိုအပ်သလို ရုပ်နေရုပ်ထား စိတ်နေစိတ်ထား အသံနေ အသံထား
ဘာသာစကားပါမကျန် အမျိုးမျိုးပြောင်းလဲနိုင် လေကိုလည်း လိုသလို ယူနိုင်
သိမ်းနိုင် စရိုက်တူ သရုပ်ဆောင်မှုစွမ်းရည်အရ အော်စကာဆုရ သရုပ်ဆောင်
များပင် စံပြုအားထားလောက်စရာဇာတ်ကောင် ဘောပင်တစ်ချောင်း အပ်တစ်
ချောင်းပဲ ရှိပစေ လက်နက်အသွင်ပြောင်းလဲမှုမှာ နှစ်ယောက်မရှိ အရေးကြုံက
အနီးကပ်တိုက်ခက်မှုပညာရပ် ခါးပတ်အခါခါနက် ဘယ်လောက်ရိုက်စစ်စစ်
မှတ်ကျောက်တင်ပြီးသား သွေးငုံနှုတ်ပိတ်ခံနိုင်ရည် လှစ်နေအောင် ပါးတဲ့နား
ခွက်နေအောင် တောက်တဲ့မီး ယေဘူယျအားဖြင့်
နှလုံးသားအတုနဲ့ အသက်ရှင်။        ။

လွန်းဆက်နိုးမြတ်
(ရည်ညွှန်း-၂၀၁၁၊ကမ္ဘာ့ကဗျာနေ့အမှတ်တရ“လုံးဝအကြည်”လက်ကမ်းကဗျာစာအုပ်ငယ်)

နှပ်ချေးနှိုက်ခြင်းအနုပညာ

နှပ်ချေးနှိုက်ခြင်းအနုပညာ

 

ရှေးဦးမဆွ နှာအင်္ဂါတွင်း တင်းခြင်း မွှန်ခြင်း ပိတ်ခြင်းများအ
တွက် စိတ်လာရင် လာသလို ကြံဆောင် အားစိုက် ထိုးဆွ အများ
အားဖြင့် ဘယ်ဖက် လက်ညှိုးကိုသာ အသုံးပြုရန် အားသန် လွယ်
ကူ အဆင်ပြေ နှာအင်္ဂါတွင်းရှိနှင့်နေပြီးသော အစအနမှသည် အစိုင်
အခဲသို့တိုင် ဆိုက်ရောက် သယ်ယူ ဆွဲငင်သည်ဆိုသော်လည်း တစ်
ပေါက်ပြီးက တစ်ပေါက်/တစ်ပေါက်မပြီးခင် အခြားတစ်ပေါက်ဆီ
အာရုံရောက်လိုက အခြားတစ်ပေါက် အဆင်ပြေစွာ ပြောင်းလဲနိုင်ကြောင်း
ကူးချည် သန်းချည်ပြုနိုင်ကြောင်း ပုံသေကားကျမရှိကြောင်း မမေ့အပ်
မထိတထိ သုံးလေးချက် ထိထိမိမိ တစ်ချက်နှစ်ချက် ဘယ်ဖက်လက်ညှိုး
ကို ချော့ကာ ချော့ကာ ဆန့်သရွေ့သွင်းလျက် ရှေ့တိုးနောက်ငင် အသာအယာ
အတွင်း ၀ဲယာတစ်လျှောက် ထက်အောက်မကျန် ပွတ်လှည့် ဆွဲယူ မိလု
မိခင်(ဖခင်/ညီအစ်ကို/မောင်နှမ/မိသားစု/ဆွေမျိုးညာတိကာ)အနေအထားမှ
ရွှတ်ခနဲ ရွှတ်ခနဲ လွတ်လွတ် ထွက်တတ်သည့် အလေ့ရှိသော ချွဲတဲတဲချော်တော်
တော် အစိုင်အခဲအပေါ် စိတ်ရောက်ပုံများ စားလျှင်လည်း ဒီစိတ်(သဲတစ်ရှပ်ရှပ် )
အိပ်(လွှင့်)လျှင်လည်း ဒီစိတ်(အဆီတ၀င်းဝင်း)သို့နှယ် အဘယ်အလုပ်တွင်မှ
မဖြောင့်မတ်ဘဲ ယင်း ချွဲတဲတဲချော်တော်တော် အစိုင်အခဲဆီသို့သာ
အားကြီးကာ သွင်းထိုး ကော်ရော် ဆွဲငင်သည်သာမက ကျန်နှာဝတစ်ဖက်ပါ
အားယူပိတ်ဆို့ ညှစ်ထုတ် မှုတ်ပစ် အလုပ်ရှုပ်နေရပါမူ မောင်များ မယ်များ
သူငယ်များ အမယ်အိုကြီးများနှင့် အဘများပါမကျန် အတွေ့ထူးယာဉ်ကြော၌
အရသာအရှိကြီးရှိလျက် အလုပ်ကြီးအကိုင်ကြီးဖြစ်ကာ ထမင်းရော
ဟင်းပါ မေ့လျော့နေကြလေတော့သတတ်။        ။

 

လွန်းဆက်နိုးမြတ်
(ရည်ညွှန်း-၂၀၁၁၊ကမ္ဘာ့ကဗျာနေ့အမှတ်တရ“လုံးဝအကြည်”လက်ကမ်းကဗျာစာအုပ်ငယ်)