ဘ၀တစ်ခုရဲ့ ကမ်းပါး

ဘ၀တစ်ခုရဲ့ ကမ်းပါး

(၁)

“အလုပ်တစ်ခုခုမှ မလုပ်ရရင် ကျွန်တော် မနေတတ်သလို ဖြစ်နေတယ်´´

မိတ်ဆွေက ကြိုးညှိပြီးသား ဂစ်တာတစ်လက်ကို (မလိုအပ်ဘဲ) ကြိုးညှိရင်း ပြောလိုက်သည်။ သူကတော့ သူ့မိတ်ဆွေအသံသည် ကြွက်တစ်ကောင်မျက်နှာကျက်ပေါ် အလျင်စလို တက် ပြေးသွားသော အသံနှင့် ဆင်ဆင်တူသည်ဟု တွေးနေမိသည်။

သူတို့မြို့ကလေးပေါ် သူ့မိတ်ဆွေစရောက်လာတုန်းက အလည်သက်သက်ဟု သူထင်မိခဲ့သေးသည်။ သို့သော် အလုပ်အလွန်လုပ်သော မိတ်ဆွေသည် အလုပ်ကိစ္စတစ်ခုဖြင့် ရောက်လာ ခြင်းသာ ဖြစ်သည်။

“ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဘ၀မှာ ဘာမှကြီးကြီးကျယ်ကျယ် မလုပ်ချင်တော့ဘူး။ သူများတွေလုပ်နေတဲ့ အလုပ်တွေကိုပဲ စောင့်ကြည့်ချင်တယ်။ ရေပြင်ရဲ့ အလှကို ပကတိ အတိုင်း ထိုင်ကြည့်နေရသလိုမျိုးပေါ့။  ဒီဘ၀မှာ ငါးလည်း မမျှားချင်ဘူး။ ငါးမရလို့ ရေချိုးပြီးလည်း မပြန်ချင်ဘူး´´

သူ့ကို မိတ်ဆွေက နားမလည်သလိုကြည့်ပြီး `ခင်ဗျားကတော့ အရင်အတိုင်းပါပဲဗျာ´ဟု ပြောလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် မိုးဖွဲလေးတွေ ကျနေတာကို သူငေးကြည့်နေ လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အရင်ကနှင့်မတူသော အခြေအနေအတွေးအခေါ်တွေ ဖြတ်သန်းသွားခဲ့တာ သူ့မိတ်ဆွေမသိ၊ သူ့မိတ်ဆွေနှင့် စတင်သိကျွမ်းစဉ်က သူသည် သက်ထားဆိုသော မိန်းကလေးဖြင့် ချစ်သူဖြစ်နေသောအချိန်၊ ရူပဗေဒဒုတိယနှစ်ကျောင်းသားဖြစ်သော သူ့အတွက် ဘ၀ပုစ္ဆာတွေက တွက်ရသိပ်မခက်ခဲသေးပေ။

နောက်ပိုင်းတွင် သူသည် မိသားစုစားဝတ်နေရေးအတွက် ဆိပ်ကမ်းတွင် ကုန်ထမ်းပေးခဲ့ရသည်။ အရက်များများသောက်တတ်ခဲ့သည်။ ချစ်သူနှစ်ယောက်တိတိ ရရှိခဲ့သည်။ (မကြာခင်ပဲ သူ့ကိုပစ် ပြေးသွားကြ၏။) နဖူးတွင် အမာရွတ်သေးသေးလေးတစ်ခု ရလာခဲ့သည်။ သူများတံတွေးခွက်ထဲ မြှပ်ချည်ပေါ်ချည် ဖြစ်ခဲ့သည်။ အမေ ဆုံးပါးသွားခဲ့သည်။

“ထောက်´´

မိတ်ဆွေ ကြိုးညှိနေသည့် ဂစ်တာမှ နှစ် ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်ထွက်သွား၏။ မိတ်ဆွေက ဂစ်တာကို အခန်းနံရံတွင် စိတ်ပျက်လက်ပျက်မှီ ထောင်လိုက်ပြီး…

“မိုးတိတ်ရင် ကျွန်တော်တို့ မြို့ထဲသွားပြီး စာအုပ်ဝယ်ကြရအောင်ဗျာ´´

သူခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။ မိတ်ဆွေသည် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်၏။ အလုပ်အလွန်ကြိုးစားသောကြောင့် ကုမ္ပဏီ တွင် အလုပ်အများဆုံး လုပ်ရသူတစ်ယောက်လည်း ဖြစ်သည်။

ငယ်စဉ်ကတည်းကပင် ဖခင်၏ အလုပ်ထဲမှာ ၀င်ကူညီပေးခဲ့ရသဖြင့် ကလေးဘ၀ရဲ့ အားလပ်ချိန်တော်တော်များများ ဆုံးရှုံးခဲ့ရဖူးတယ်ဟု သူနှင့် သိကျွမ်းပြီးနောက်ပိုင်းတွင် မိတ်ဆွေ ပြောပြခဲ့ဖူးတာကို သူပြန်အမှတ်ရမိသေးသည်။

သူနှင့် သူ့မိတ်ဆွေ ဘယ်နေရာမှာ စတင်တွေ့ရှိခဲ့တာလဲ။ သူ သတိမရတော့။ သို့မဟုတ် သူ သတိမထားဖြစ်ခဲ့။ (ထိုနှစ်ခုစလုံး အတူတူပင် ဖြစ်၏) ဖဲဝိုင်းတစ်ဝိုင်းမှာ ဖြစ်နိုင်၏။ ပင်လယ် ကမ်းခြေတစ်နေရာမှာလည်းဖြစ်နိုင်သည်။ ပန်းဆိုးတန်းကုန်းကျော်တံတားပေါ်မှာလည်းဖြစ်နိုင်သည်။ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ တွေ့ခဲ့တာတော့ မဖြစ်နိုင်။ (ထိုအိမ်မျိုးသို့ သူတစ် သက်လုံး မသွားခဲ့ဖူးပါ။)

ရှားပါးလှသော မိတ်ဆွေ၏ အလုပ်အားရက်ဖြစ်သည့် ယနေ့တွင် သူတို့နှစ်ယောက်ဆုံမိကြခြင်းသာ ဖြစ်သည်။ `ကြယ်စုံသစ်ပင်´အမည်ဖြင့် ဖွင့်လှစ်ထားသော စာအုပ်ဆိုင်မှ သူက `နာရီသံများနဲ့မြို့´ ဟူသော ကဗျာစာအုပ်တစ်အုပ်ကို ၀ယ်ယူခဲ့၍ မိတ်ဆွေကတော့ `စာရင်းဇယားဖြင့် နေထိုင်နည်း´ စာအုပ်ကို ၀ယ်ယူခဲ့လေသည်။

ထိုစာအုပ်ဆိုင်မှ အပြန်တွင် ထိုနေ့အတွက် သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြလေသည်။

(၂)

မိုးက ယခုရက်များတွင် သူတို့မြို့ကလေးအား မိုးစက်များဖြင့် မလှုပ်ရှားနိုင်အောင် တင်းတင်းချည်နှောင်ထား၏။ သူလည်း ကြွက်ပေါသည့် အခန်းထဲတွင် အပေါစားဝတ္ထုများဖတ်ခြင်းဖြင့် အချိန်တွေ ဖြုန်းတီးပစ် နေရသည်။

သူမွေးလာကတည်းက အဖေဆိုသူကို မမြင်ဖူးခဲ့။ အမေဆုံး ပြီးနောက်ပိုင်း သူ့တွင် ညီတစ်ယောက်နှင့် ညီမတစ်ယောက်ကျန်ခဲ့သည်။ တခြားမြို့မှ အမေ့ဘက်ကတော်စပ်သည့် ဆွေမျိုး များရှိသော်လည်း သူတို့မိသားစုနှင့် အရင်ကတည်းက ခပ်စိမ်းစိမ်းပင်ဖြစ်ခဲ့ရာ အမေရက်လည်ပြီး နောက်တွင် ဘာအဆက်အသွယ်မှ မရှိတော့ပေ။ ယခုတော့ သူ့ညီမသည် နယ်ခြားမြို့ လေးတစ်မြို့တွင် သူအိမ်ထောင်နှင့်သူ အတည်တကျဖြစ်နေပြီ။ သူ့ညီကတော့ သူ နေထိုင်ရာ ဤမြို့ကလေးမှာပင် ယောက္ခမဖြစ်သူအိမ်မှာ နေထိုင်သည်။ အတော်အသင့်ဝင်ငွေရှိသော စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးနေရသည်ဟုလည်း တစ်ခါက သူ့ဆီအလာတွင် ပြောပြသွားခဲ့၏။

သူတို့မြို့ကလေး၏ အစွန်၌ အသီးအနှံစိုက်ခင်းတွေ အများအပြားရှိရာ သူပိုင်ဆိုင်သည့် နှင်းဆီခြံသည် မြို့ကလေး၏ တောင်ဘက်ကျကျတွင် တည်ရှိသည်။ ယုံကြည်အားထားရသော စိုက်ပျိုးရေးမှူးတစ်ယောက်နှင့် လွှဲထားပြီး တစ်ပတ်မှာ နှစ်ရက်လောက်တော့ နှင်းဆီခြံ ထဲသူရောက်နေတတ်သည်။

သူသည် နိုင်ငံခြားရုပ်ရှင်အသစ်လဲလျှင် သွားကြည့်သည်။ တစ်ခါတစ်ရံ ဥပုသ်စောင့်၍ တစ်ခါတစ်ရံ နှင်းဆီခြံထဲဆင်းသည်။ သုံးနှစ်တစ်ခါလောက် သူ့ညီမရှိသော နယ်ခြားမြို့လေးသို့ ခရီးထွက်တတ်သေးပြန်သည်။ ထိုအခါမျိုးတွင် သူ၏တူ၊ တူမများအတွက် ကစားစရာလက်ဆောင်တချို့ ယူဆောင်သွားလေ့ရှိသည်။ ဤသို့ဖြင့်ပင် သူ့ဘ၀သည် ပြည့်စုံလုံလောက်ပြီဟု သူယူဆမိ၏။

(၃)

နေသာသော တစ်နေ့တွင် အလုပ်အလွန်လုပ်သော မိတ်ဆွေ နှင့်သူတွေ့မိလိုက်သေးသည်။ သို့သော် သူ့မိတ်ဆွေ အလုပ်ရှုပ်နေသောကြောင့် စကားပင် သိပ်ကြာကြာမပြောဖြစ်လိုက်ရ။ သူကသာ…

“ခင်ဗျား မပြန်ခင်တစ်ရက်တော့ ကျွန်တော့်နှင်းဆီခြံထဲ လိုက်ကြည့် လှည့်ဗျာ။ ခင်ဗျားလည်း စိုက်ပျိုးရေးဝါသနာပါတဲ့လူပဲ။ ကျွန်တော့်ဆီက ရှားပါး နှင်းဆီပင်တွေ ခင်ဗျားအပြန်မှာ ထည့်ပေးလိုက်မယ်လေ။“

မိတ်ဆွေက ကမန်းကတန်း ခေါင်းညိတ်ပြီး လက်ပြနှုတ်ဆက်သွားသည်။ ထိုနေ့က ရုပ်ရှင်ရုံတစ်ရုံတွင် မင်းသား `ရပ်ဆယ်လ်ခရိုး´ ပါဝင်သည့် ဇာတ်ကားသစ်တစ်ကားအား သူကြည့် ဖြစ်ခဲ့သည် ထင်၏။

(၄)

သူ ဆယ်ကျော်သက်အရွယ်ကတော့ ပန်းချီကို သဲသဲမဲမဲ ရေးဆွဲခဲ့ဖူးသည်။ ခံစားချက်က အရွယ်နှင့်ထပ်တူ အချိုးကျခဲ့သော ကာလတွေဖြစ်၏။ ပန်းချီ ပညာနှင့် ပတ်သက်၍လည်း သူ့မှာ ဆရာမရှိခဲ့။ ထိုအချိန်တုန်းက သူတို့ မြို့မှာရှိသော ဘုရားစောင်းတန်းများထဲမှ ဗုဒ္ဓ၀င်ဆီဆေးကားများကတော့ သူ့ပန်းချီသက်တမ်းအဦးအဖျားတွင် ပထမဆုံးနှင့် နောက်ဆုံးမြင်ဆရာ များ ဖြစ်နိုင်သည်။

ပထမဆုံးဆိုသည်က သူတို့မြို့တွင် မည်သည့်အခါမျှ ပန်းချီပြပွဲများ ပြုလုပ်လေ့မရှိသဖြင့် သူပန်းချီကားများကို ဆာလောင်လာသောအခါ ကြည့်စရာ ပန်းချီကားမရှိသောကြောင့် ဘုရား စောင်းတန်းမှ ပန်းချီကားများကသာ သူ့အတွက် စိတ်အာသာပြေရာရခဲ့ခြင်းကြောင့်  ဖြစ်သည်။ (သူတို့ မြို့မှ ပန်းချီဆရာများကလည်း ဆိုင်းဘုတ်ရေးတာလောက်သာ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်၍ ရေးဆွဲပြီး ပန်းချီကားများမှာလည်း ရုပ်ရှင်ပိုစတာ ကြော်ငြာနှင့် တခြားခပ်ညံ့ညံ့ပန်းချီကား အနည်းငယ်သာ ရှိသည်။)

နောက်ဆုံးမြင်ဆရာဟု ဆိုရသည်မှာ ထိုဘုရားစောင်းတန်းမှ ပန်းချီကားမျိုး သူရေးဆွဲချင်တာ မဟုတ်ဟု သူ့ကိုယ်သူ သိလိုက်ပြီးကတည်းက ထိုပန်းချီကားများက သူ့စိတ်ထဲမှာ အပြီး အပိုင်ပျောက်ကွယ်သွားခဲ့ရခြင်းကြောင့် ဖြစ်သည်။

တစ်ကြိမ်တွင် သူသည် စာရေးရိက္ခာစုံဖြင့် အခန်းပိတ်ကာ စိတ်ထဲ ရှိနေသော ပန်းချီများအား တစ်လလောက် နေ့ညဆက်ကာ အစားအသောက် သတိမထားဘဲ ရေးဆွဲခဲ့သည်။ သူ့စိတ်ထဲရှိသမျှ သွန်ထုတ်ဆွဲခဲ့ခြင်း ဖြစ်သည်။ အခန်းတံခါး ပြန်ဖွင့်လိုက်တော့ မှန်ထဲက သူ့ရုပ်သည် အတော်ကလေး ပိန်ချုံးနေခဲ့ပြီ။ ရေးဆွဲပြီးသော ပန်းချီကားများအား မိုးကာသားစ ကြီးဖြင့် လွှမ်းခြုံ ထားလိုက်ကာ လုံးဝလှပ်မကြည့်ဘဲ တစ်လလောက် ပစ်ထားလိုက်သည်။

တစ်ရက်…

အဲသည် တစ်ရက်က သူ့ကိုပြောင်းလဲပစ်ခဲ့သည်။ မိုးကာသားစကြီးကို လှပ်လိုက်ပြီး သူအပန်းတကြီး ရေးဆွဲခဲ့သော ပန်းချီကားများအား ကြည့်လိုက်ရာ ကမ္ဘာ့အညံ့ဖျင်းဆုံး ပန်းချီကား များဖြစ်နေသည်ကို စိတ်မကောင်း စွာ တွေ့ရှိလိုက်ရ၏။ ထိုအချိန်မှစ၍ သူလည်း ပန်းချီ ရေးဆွဲခြင်းကို စွန့်လွှတ်လိုက်လေ တော့သည်။ သူ့အမေက `သားလေး ပြန်ကောင်းလာပြီ´ လို့ ပြောခြင်းကိုလည်း ခံခဲ့ရလေသည်။

(၅)

မနက်ခင်းများစွာ ညနေခင်းများစွာသည် သူတို့မြို့ကလေးအပေါ် အချိန်မှန် ၀င်ထွက်သွားလာလျက်ရှိသည်။ သူ့မိတ်ဆွေသည် နှင်းဆီခြံထဲသို့ သွားရန်အတွက် အလုပ်အားလပ်သော ရက်မရှိနိုင်သေး။ သူကတော့ လောကကြီးသည် သူ့မိတ်ဆွေလိုပင် အလုပ်ရှုပ်၍ သူ့လိုပင် ပေါ့ပါးသည်ဟု တွေး မိသည်။

“ခင်ဗျား ဒီအသက်အရွယ်နဲ့ဆိုရင် ဘ၀လက်တွဲဖော်တစ်ယောက် ရှိနေသင့်ပြီ´´ဟု သူနှင့်တွေ့သည့်အခါတိုင်း မိတ်ဆွေအတော်များများက ပြောကြ၏။ သူ စဉ်းစားကြည့်သောအခါ ဘ၀အဖော်ဆိုတာ လူတွေသတ်မှတ်ထားသော ပညတ်တစ်ခုပင်ဖြစ်သည်ဟု အဓိပ္ပါယ်ရလာသည်။ တရားသဘောနှင့်ဆိုလျှင်လည်း သူ့အတွက် ပါရမီဖြည့်ဖက်တစ်ယောက်ဆိုတာ သိပ် မလိုအပ်လှဟု သူထင်မြင်သည်။ မေတ္တာတရားနှင့်ဆိုရလျှင် သူ့တစ်သက်တွင် မိန်းမနှစ်ယောက်အား အမြတ်တနိုးချစ်ခဲ့ဖူးပြီ။ သူ့တွင် မိန်းမတွေကို ချစ်ဖို့ အချစ်မကျန်တော့၊ ဒါမှမဟုတ် နောက်ထပ်မိန်းမတစ်ယောက်ကို သူမချစ်ရဲတော့။

သူသည် နှင်းဆီပွင့်များကို ချစ်သည်။ ဘုရားရင်ပြင်တော်ပေါ်က ခေါင်းလောင်းသံလွင်လွင်ကို ချစ်သည်။ အမေ့ကို ချစ်သည်။ (ဟိုမိန်းမ နှစ်ယောက်နဲ့တော့ ဘယ်လိုမှ မတူနိုင်) ပန်းခြံထဲ က မြက်ခင်းစိမ်းစိမ်းနှင့် ရေကန်ပြာပြာကို ချစ်သည်။ အမှန်တရားကို ချစ်သည်။ ထိုအရာများကသာ သူ၏ ပါရမီဖြည့် ဖက်များဟု သူမှတ်ယူထား၏။

ထိုသို့ဖြင့် သူသည် နှင်းဆီပွင့်များနှင့် အမေ့ဓာတ်ပုံနှင့် မြက်ခင်းစိမ်းစိမ်း၊ ရေကန်ပြာပြာနှင့် ခေါင်းလောင်းသံလွင်လွင်နှင့် အမှန်တရားနှင့် နေထိုင်ခဲ့သည်။

(၆)

နောက်ဆုံးတော့ သူပိုင်ဆိုင်သော နှင်းဆီခြံထဲသို့ မိတ်ဆွေသည် သူတို့မြို့ကလေးမှ ပြန်သွားသော အချိန်အထိ မရောက်ဖြစ်လိုက်။ သူ့မိတ်ဆွေသည် မြို့ကလေး၌ လအတန်ကြာ နေထိုင်သွားခဲ့၏။

“ပြန်ပြီဗျာ… နောက်တစ်ခေါက်မှပဲ ခင်ဗျားဆီ အေးအေး ဆေးဆေးလာခဲ့ဦးမယ်။ ဟိုမှာလည်း အလုပ်ကိစ္စတွေ မပြတ်သေးဘူး´´

ရထားမထွက်ခင် မိတ်ဆွေနောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။ ဂစ်တာကြိုးတစ်ချောင်း ရုတ်တရက်ပြတ်ထွက်သွားပုံမျိုး မိတ်ဆွေအား သူပြုံးပြလိုက်မိသည်။

(၇)

သူ့မိတ်ဆွေပြန်သွားပြီး နောက်တစ်နေ့ နံနက်စောစောတွင် သူတို့ မြို့ကလေးပေါ်သို့ ဆောင်းရဲ့ အငွေ့အသက်အဖြစ် နုစိုသော နှင်းစက်တွေ ကျဆင်းလာခြင်းကို ပြတင်းတံခါးဖွင့်၌ သူမြင်တွေ့လိုက်ရလေသည်။

လွန်းဆက်နိုးမြတ်

ချယ်ရီ၊ ဇန်န၀ါရီ၊ ၂၀၀၄

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဖေစိုးအောင်

မီးဝေးချိတ်ဥပမာ

မီးဝေးချိတ်ဥပမာ

ငါပြောနေတုန်း ကြားဖြတ်မပြောနဲ့ မင့်ပါးစပ်ကို နံရံမှာ လိပ်ပြီးထောင်ထားလိုက်မယ်
အဲသလို တ၀ုတ်ဝုတ်ဟောင်သွားလိုက်တာများ ညကြီးမင်းကြီး တစ်လမ်းလုံးမီးတွေလင်း ပြတင်း
တံခါးတွေ ဖွင့်ယူကြည့်ရတယ် ပွင့်ဖတ်တွေပေါ် ရေစက်ကလေးတွေ နုတ်နုတ်စင်းပေးရတာ ပျော်စရာ
မြေကြီးထဲ အချိန်ပြည့်စိုက်ဝင်နေတဲ့ ဘ၀တွေ ဆယ်ရပြုရအောင်တောင် အဖတ်မရှိ ကျွေးချင်မွေး
ချင်တဲ့ ဆန္ဒလေးတစ်ဖဲ့လောက်သာ လမ်းမပေါ် လှမ်းပစ်လိုက် ကျန်တာ အလိုလို အော်တိုဂိုးသွား
လိမ့်မယ် ရေချိုးကြွေဇလားထဲ စည်းစိမ်ပြည့်ဆင်းစိမ်ပြီး တစ်ကိုယ်တော်အာသာမှ မဖြေပြတတ်
ရင် ဟောလီးဝုဒ်မင်းသမီးလုပ်စားမနေနဲ့တော့ လှေကားထောင့်တစ်ခါချိုးတိုင်း ၀ါးခြေထားတဲ့ အတွေး
အခေါ်တွေ သီအိုရီမဲ့ တပျစ်ပျစ်ထွေးတယ် နေ့များ ညများလည်း ဓာတ်ခဲကုန်နေပြီ ပန်းချီကားချပ်
နောက်မှာ ကွယ်ဝှက်ထားတာ မရှိ တောရိုင်းပန်းဆိပ်ကမ်းမှာ ၀တ်မှုန်ဆန်အိတ်တွေ ကုန်တင်ကုန်ချ
နေတဲ့ လုပ်သားဆင်းရဲပျားများ တစ်နေ့ကို တစ်ဦးချင်းဝင်ငွေ ဘယ်နှစ်ဒေါ်လာရှိလဲ အိမ်နီးချင်းနိုင်ငံ
တွေနဲ့ ဘယ်ပုံနှိုင်းယှဉ်တွက်ချက်မလဲ မဆင်းရဲတဲ့ တွင်းက တိမ်တယ် ဆင်းရဲတဲ့တွင်းက နက်တယ်
အာဟာရခမ်းခြောက်မှုက လက်ပြင်အရိုးအရွတ်တွေကို ကိုင်းကိုင်းကျလာစေတယ် ကျလာတဲ့
သစ်ကိုင်းဟာ မြေကြီးနဲ့ မလွတ်ဘူး အနုပညာကို လူသိထင်ရှားပဲ ခိုးယူပေါင်းသင်းခဲ့တယ် အခု
နေရောင်မဖြာ အေးခဲတိတ်ဆိတ် မြက်တွေကလည်း ရှည်လို့ တစ်ခုခုဟာ သိစိတ်အောက်မှာ  ခုထား
ခံထားနေသလို ဖုထစ်နေတယ် ဟောဒီ့စောက်သုံးမကျတဲ့ အသိုင်းအ၀န်းအတွက် ငါ့ဘ၀ကြီးတစ်ခု
လုံးကို အပ်ဒိတ်ပြန်တင်ရဦးမယ် ပြောပြောဆိုဆို ဖိနပ်ချွတ်မှာ ခွေခွေလေးဝင်လှဲလိုက်တယ် နေထိုင်
သည့်ပတ်ဝန်းကျင်နံပါတ် အလွယ်တကူဆက်သွယ်ရမည့် ကုတ်အမှတ်အသား ကြိုက်နှစ်သက်ရာဝါဒ
အသားတံဆိပ် ရူးသွပ်ကိုက်ခဲလိုသော အာဏာပါဝါ မိမိကိုယ်ကို ဈေးနှုန်းသတ်မှတ်မှုစံနေစံထား
ခဏခဏပြန်ပြန်ဖြန့်ကြည့်ရလွန်းလို့ အိတ်ကပ်ထဲက စမ်းချောင်းလေးတောင် ခေါက်ရိုးရာတွေနဲ့
အဖြစ်သနစ်က ဆေးဆိုးပန်းရိုက်မိုးသားတွေမျှပါပဲ လိုချင်ရင် အဲဒီ့ကမ္ဘာကို ဆုတ်ဖြဲယူထားလိုက်ပေါ့
ငါ့ကို အသားကုန်ခြစ်ထုတ်ကြည့်ရင်တောင် စင်းလုံးချော မပြောင်စင်တော့ပါဘူး မှန်ဘောင်သွင်းပြီး
ပလတ်စတစ်ပါးပါးအုပ်ထားတာကို အတင်းကာရော ယူယူပြီးဆဆကြည့်နေတာနဲ့ပဲ အယူအဆဟာ
မသစ်လွင်တော့ဘူး နေ့စဉ်လာရာလမ်းအတိုင်း အချိန်လည်းမှန် စည်းချက်လည်းညီ ပွင့်ဖတ်ပွင့်ချပ်
အစုံအလင် မင်းလေးဟာ အသစ်စက်စက်ကွန်ကရိမှန်လုံ အဆောက်အဦးတစ်ခုလို ပိုးစိုးပက်စက်
လှသွေးကြွယ်နေတယ် ဟုတ်ယောင်ယောင်ထင်မှတ်မှားမှုရဲ့ မျှော်ကိုးနေတတ်ခြင်း ဆန္ဒသေများပေါ်က
အယောင်ဆောင် ပျင်းစရာသတင်းစာတစ်စောင်လို နေ့ရက်တွေ ကိန်းဂဏန်းတွေ ရေချိုပုဇွန်တွေ
ပင်လယ်ငါးတွေ အခိုးအငွေ့ဆန်ဆန်ကိလေသာဟာ လျှာပေါ်တင်မကြည့်လည်း အရသာရှိမှန်းတော့
တစ်နည်းနည်းနဲ့ ငါတို့ သိခဲ့ထားပြီးသားပဲ ခန္ဓာကိုယ်မှာ ကော်နဲ့ကပ်ထားတဲ့ အသက်ဓာတ်ကို စကားလုံး
တွေနဲ့ တစ်နေကုန်ဆက်နေရတာ မောတယ် ငွေကြေးလရောင်အောက်မှာ လူအူသံတွေဟာ မြင်မကောင်း
အောင် ဆူညံပွက်လောရိုက်နေတဲ့အခါ မေးကြောကို အနေတော်ကလေး ၀က်အူလျှော့ပြီး ချောင်ယူပြန်
လှည့်လာရတယ် အဲဒီ့အထောက်အထား အားလုံးကို နေရာတကျပြန်မထားဘဲ ဟိုနားလျှောက်ထား
ဒီနားလျှောက်ထားနေတာကိုက နေရာမကျသေးတာ သိသာနေတယ် နည်းနည်းလေးသိတာနဲ့ ဘုရား
ဖြစ်ပြီ အထင်ရောက်နေရှာတဲ့ ခေတ်သစ်အုတ်နီခဲ တုတ်တိုတုတ်စ အမှိုက်သိုက် ရေစီးကြောင်း
ဝဲဂယက်ထဲ သဒ္ဒါမမှန်တဲ့ သွေးလေလည်ပတ်မှုတွေပဲ အရင်းအတိုင်း ပြန်ရတယ် ၃၁ဘုံ သံသရာမှာ
စိတ်ကြံကြိတ်စက်အတွင်းက အရည်မလာတဲ့ ကြံရည်အဖတ်အစအထွေထွေ ယင်တစီစီ ။

 

လွန်းဆက်နိုးမြတ်

ကံ့ကော်ရောင်လွမ်းချင်း

                ကိုယ့်အခန်း ပြတင်းပေါက်ကို ၀ုန်းခနဲဖွင့်လိုက်ရာ လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက် ဆိုင်များနှင့် လျှောက် နေကျလမ်းကို လျှောက်နေ ကြသော ခပ်ဟောင်းဟောင်းလူများကို မြင်တွေ့ရ၏။

                  ဘ၀ဆိုသည်မှာ လူတွေအတွက် နံနက်စောစော ကန်တော်ကြီးဆီ လမ်းလျှောက်ထွက်ဖို့ ဖြစ်သည်။ တန်ဖိုးကြီး နိုင်ငံခြား ခွေးတစ်ကောင် ၀ယ်ယူဖို့ ဖြစ်သည်။ ကော့တေလ်အရက်တစ်ခွက် သောက်ဖို့ ဖြစ်သည်။ ဂန္ထ၀င်သီချင်းကြီးတွေ နားထောင်ဖို့လည်း ဖြစ်သည်။ကိုယ့်အတွက်တော့ ဘ၀ဆိုတာ မမြင်ရသော ဓားသွားတွေကြား ကိုယ့်ဝိညာဉ်တစ်ခုလုံး ၀င်ရောက်“က”ပြနေသလို ဖြစ်နေတာ ကြာခဲ့ပါပြီ။

                တောင်ပံတစ်ဖက်ဖြင့် ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမကို မြင်ရ၏။ ကိုယ့်လက်မှာ ပတ်ထားသော နာရီစက္ကန့်သံတစ်ချက်ချက်သည် ကိုယ့်နားနှစ်ဖက် မှတစ်ဆင့် နှလုံးသားထဲသို့ ကျိန်စာတွေလို ပျော်ဝင်စီးဆင်းသွားကြသည်။ ကိုယ်ဟာ နာရီတွေကို မုန်းတီးဖူးပါသလား။

          ကိုယ်ဟာ နာရီတွေကို မမုန်းတီးဖူးပေမယ့် အချိန်ကာလဆိုတာကိုတော့ ကိုယ်မုန်းတီးနာကျည်းသည်။ ထိုအချိန်ကာလဆိုသော  ပညတ်တရားထဲမှာ ကိုယ်ဘယ်လောက် ကြာကြာ မျှော်လင့်ရှင်သန်နေရမှာလဲ။

               အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်လျှက် လဲလျောင်းနေသည်။ (သို့မဟုတ်) သေဆုံးနေသည်။ သူမနှင့်အတူ သူမပန်ဆင် ထားသော ကံ့ကော်တစ်ပွင့်သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ ကိုယ့်နှလုံးသား သွေးခုန်နှုန်းများသည်လည်း လူမသိ သူမသိ သေဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

                လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်း ဟောင်းလူများကို ကြည့်ကာ ဘာရယ်မဟုတ်ပါဘဲ ကိုယ် ကျယ်ကျယ်လောင်လောင် အော်ဟစ်ရယ်မောလိုက်မိသည်။

                သူမသေဆုံးပြီးကတည်းက ကိုယ့်ရဲ့ နွေဦးပေါက်ရာသီတွေဟာ ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်နေသော သူမ၏ ရယ်သံနုနုများ။ ကိုယ့်လက်ဖျံပေါ်က သူမအတွက် မျှော်လင့်ချက်သွေးစက်များ၊ ကော်ဖီဆိုင်ပုပုလေးဆီမှ အားလပ်ရက် တနဂ်နွေနေ့များ။ သေချာတာကတော့ ကိုယ့်နွေဦးပေါက်ရာသီတွေဟာ အခုတော့ဖြင့် ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။

                နံရံပေါ်ရှိ ပြက္ခဒိန်ဆီ ကိုယ့်မျက်လုံးတွေ ရောက်သွားတော့ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်ကို စိတ်မကောင်းစွာ ကိုယ် သိလိုက်ရ၏။ ဟိုတုန်းက တနင်္ဂနွေ မနက်စောစော တွေမှာဆိုရင် ကော်ဖီဆိုင်ပုပုလေးမှာ သူမက ကိုယ့်ကို စောင့်မျှော်နေခဲ့လိမ့်မည်။

                ကိုယ်တို့နှစ်ယောက်စလုံး ထိုကော်ဖီဆိုင်ပုပုလေးဆီမှ ခါးစိမ့်သော ကော်ဖီကို နှစ်သက်တာခြင်း တူညီကြသည်။ ကော်ဖီသောက်ပြီးသောအခါ သူမအား ကဗျာတစ်ပုဒ် ကိုယ် ရွတ်ဆိုပြမည်။ ထို့နောက် ကိုယ့်ပုခုံးကို မှီနွဲ့ပြီး နှစ်ယောက်သား မြို့ထဲရှိသမျှ ပန်းခြံတွေဆီ လျှောက်သွားမည်။ တစ်ခါတစ်ရံ ရုပ်ရှင်ဝင်ကြည့်ဖြစ်ကြလိမ့်ဦးမည်။ တနင်္ဂနွေနေ့သည် ကိုယ်တို့ နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။

                ကံ့ကော်တစ်ပွင့် ပန်ဆင်ထားသော သူမသည် သေဆုံးသွားသော်လည်း ကိုယ့်ရင်ထဲတွင်တော့ သူမ ဆက်လက်ရှင် သန်နေလိမ့်ဦးမည်။ ကိုယ် မသေဆုံးမချင်း ကိုယ့်ရင် ထဲမှာ သူမ ရှင်သန်နေစေရမည်။ သို့သော် သူမရင်ထဲမှာတော့ ကိုယ့်ဝိညာဉ် သည် သူမသေဆုံးပြီးကတည်းက သူမနှင့်အတူ ပျောက်ကွယ်သွားပေလိမ့်မည်။

                အဝေးမှ သီချင်းသံသဲ့သဲ့ကို ကိုယ်ကြားလိုက်မိ၏။ နားစိုက်ထောင်ကြည့်သောအခါ ဇော်ဝင်းထွဋ်ရဲ့ ရွှေရောင် အိပ်မက်များသီချင်း ဖြစ်နေ သည်ကို နာကျင်မှုတစ်ခုနှင့်အတူ သိလိုက်ရသည်။ ကိုယ် သူမကို ပြင်ပြင်းပြပြ သတိရနေမိချိန်ဟာ တနင်္ဂနွေတစ်နေ့အဖြစ် ထူးခြားစွာ တိုက်ဆိုင်ရုံမျှမက ဘဲ သူမ သိပ်ကြိုက်သည်ဆိုသော သီချင်းကိုပင် ကိုယ်ကြားနေရသည်။ ကိုယ့်ရင်ခွင်သည် ချောက်ချားပူလောင်စွာဖြင့် တုန်ယင်နေတော့၏။

                ယခုတော့ သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်ရင်း သေဆုံးသွားခဲ့ပြီ။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့် သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ သူမရင်ထဲတွင် တစ်ချိန်က ရှင်သန်ခဲ့သော ကိုယ့်ဝိညာဉ်လည်း သေဆုံးခဲ့ပြီ။ သူမရင်ထဲက ကိုယ့်ဝိညာဉ်သည် ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာများဖြင့် ထုဆစ်ထားသော ပုံရိပ်သာဖြစ်၏။ ထို့အတူ ကိုယ့်ရင်ထဲက သူမ၀ိညာဉ် သည်လည်း သူမရဲ့ ချစ်ခြင်းမေတ္တာများဖြင့် ထုံမွှမ်းထားသာ သူမပုံရိပ်သာဖြစ်သည်။ ကံ့ကော်တစ်ပွင့်ပန်ဆင်ပြီး သေဆုံးသွားသော သူမသည် ကိုယ့်ရင် ထဲက ချစ်ခြင်းမေတ္တာဖြင့် ပေါင်းစပ် ထားသော သူမ၀ိညာဉ်မဟုတ်ပါချေ။ အာရုံခြောက်ပါး ကုပ်တွယ်ခြင်း ခံခဲ့ရသော သက်မဲ့ခန္ဓာကိုယ်ငယ်တစ်ခုသာ ဖြစ်သည်။

                စိတ်ရှုပ်ထွေးစွာဖြင့် လွတ်လပ်ကျယ်ပြန့်သော ကောင်းကင်ဆီ ကိုယ်မော့ကြည့်ဖြစ်တော့ ဗျိုင်းဖြူဖြူတစ်အုပ် ပျံသန်းသွား တာ မြင်ရ၏။ အဝေးမှ ဇော်ဝင်းထွဋ်ရဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ကိုယ်မကြားရတော့ပါ။ ကိုယ့်အတွက် ရွှေရောင်အိပ်မက်တွေ ဘယ်ဆီမှာ ပုန်းခိုနေပါသလဲကွယ်။

                ကိုယ်ရော သူမရော မွေးဖွားစဉ်က သီးခြားဖြစ်သော်လည်း ကိုယ်နှင့် သူမ တွေ့ဆုံပြီးချိန်မှစ၍ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ရင်ဘတ်ထဲတွင် တစ်ယောက်ဝိညာဉ် တစ်ယောက်ထံ ပူးကပ်ခိုဝင်ကာ နှစ်ယောက်တစ်ဝိညာဉ် ဖြစ်ခဲ့ကြသည်။

                ကိုယ့်ရွှေရောင်အိပ်မက်တွေ ခုတော့ စာတိုက်ပုံးထဲတွင် ပုန်းအောင်းနေသည်။ နာရီတစ်လုံးထဲတွင် ပုန်းအောင်းနေသည်။ ဘီယာဘူးခွံ အလွတ်ထဲတွင် ပုန်းအောင်းနေသည်။ ဂျူပီတာဂြိုဟ်ပေါ်တွင် ပုန်းအောင်းနေသည်။ ၀က်ပေါင်ခြောက်ထဲတွင် ပုန်းအောင်းနေသည်။ နောက်ဆုံး သူမပန်ဆင်ထားသော ကံ့ကော်ပွင့်ထဲတွင်လည်း ပုန်းအောင်းနေနိုင်သည်။

                ကိုယ်တို့နှစ်ယောက်သည် ကမ္ဘာကြီးအား ချစ်ခြင်းဖြင့် အနိုင်ပိုင်းနေထိုင်ခဲ့ကြသော်လည်း သူမသေဆုံးသွားခြင်းသည် ကိုယ်ရော သူမရော သေဆုံးသွားခြင်းဖြစ်ပြီး ကိုယ် ရှင်သန်ကျန်ရစ်ခြင်းသည် ကိုယ်ရော သူမရော ရှင်သန်ကျန်ရစ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်သေဆုံးသွားလျှင်တော့…။

                လမ်းမပေါ်မှ မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်းဟောင်း လူများကို ကြည့်မြင်လိုစိတ်မရှိတော့သောကြောင့် ကိုယ့်အခန်းပြတင်းပေါက်အား ၀ုန်းခနဲ ကိုယ်ပိတ်ပစ် လိုက်သည်။

                တောင်ပံတစ်ဖက်ဖြင့်ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမ၏ စိုလွင်သော အပြုံးများကို ရုပ်ရှင်အနှေးပြကွက် တစ်ခုပမာေ၀၀ါးစွာ မြင်ရပြန်၏။ တနင်္ဂနွေနေ့သည် ကိုယ်တို့နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။ အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် ထာဝရ အိပ်ပျော်နေသော သူမအား ကိုယ် ကံ့ကော် တစ်ပွင့်ပန်ဆင်ပေးခဲ့ပါသည်။

လွန်းဆက်နိုးမြတ်

ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင်ဝတ္ထုတိုစု/ငါးရိုးပင်လယ်ဝတ္ထုတိုစု/ဖက်ရှင်မဂ္ဂဇင်း

ဧပြီ၊၂၀၀၈
ပန်းချီ-ခေတ်ဖုန်းမို