ကံ့ကော်ရောင်လွမ်းချင်း

                ကိုယ့်အခန်း ပြတင်းပေါက်ကို ၀ုန်းခနဲဖွင့်လိုက်ရာ လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက် ဆိုင်များနှင့် လျှောက် နေကျလမ်းကို လျှောက်နေ ကြသော ခပ်ဟောင်းဟောင်းလူများကို မြင်တွေ့ရ၏။

                  ဘ၀ဆိုသည်မှာ လူတွေအတွက် နံနက်စောစော ကန်တော်ကြီးဆီ လမ်းလျှောက်ထွက်ဖို့ ဖြစ်သည်။ တန်ဖိုးကြီး နိုင်ငံခြား ခွေးတစ်ကောင် ၀ယ်ယူဖို့ ဖြစ်သည်။ ကော့တေလ်အရက်တစ်ခွက် သောက်ဖို့ ဖြစ်သည်။ ဂန္ထ၀င်သီချင်းကြီးတွေ နားထောင်ဖို့လည်း ဖြစ်သည်။ကိုယ့်အတွက်တော့ ဘ၀ဆိုတာ မမြင်ရသော ဓားသွားတွေကြား ကိုယ့်ဝိညာဉ်တစ်ခုလုံး ၀င်ရောက်“က”ပြနေသလို ဖြစ်နေတာ ကြာခဲ့ပါပြီ။

                တောင်ပံတစ်ဖက်ဖြင့် ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမကို မြင်ရ၏။ ကိုယ့်လက်မှာ ပတ်ထားသော နာရီစက္ကန့်သံတစ်ချက်ချက်သည် ကိုယ့်နားနှစ်ဖက် မှတစ်ဆင့် နှလုံးသားထဲသို့ ကျိန်စာတွေလို ပျော်ဝင်စီးဆင်းသွားကြသည်။ ကိုယ်ဟာ နာရီတွေကို မုန်းတီးဖူးပါသလား။

          ကိုယ်ဟာ နာရီတွေကို မမုန်းတီးဖူးပေမယ့် အချိန်ကာလဆိုတာကိုတော့ ကိုယ်မုန်းတီးနာကျည်းသည်။ ထိုအချိန်ကာလဆိုသော  ပညတ်တရားထဲမှာ ကိုယ်ဘယ်လောက် ကြာကြာ မျှော်လင့်ရှင်သန်နေရမှာလဲ။

               အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်လျှက် လဲလျောင်းနေသည်။ (သို့မဟုတ်) သေဆုံးနေသည်။ သူမနှင့်အတူ သူမပန်ဆင် ထားသော ကံ့ကော်တစ်ပွင့်သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ ကိုယ့်နှလုံးသား သွေးခုန်နှုန်းများသည်လည်း လူမသိ သူမသိ သေဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

                လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်း ဟောင်းလူများကို ကြည့်ကာ ဘာရယ်မဟုတ်ပါဘဲ ကိုယ် ကျယ်ကျယ်လောင်လောင် အော်ဟစ်ရယ်မောလိုက်မိသည်။

                သူမသေဆုံးပြီးကတည်းက ကိုယ့်ရဲ့ နွေဦးပေါက်ရာသီတွေဟာ ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်နေသော သူမ၏ ရယ်သံနုနုများ။ ကိုယ့်လက်ဖျံပေါ်က သူမအတွက် မျှော်လင့်ချက်သွေးစက်များ၊ ကော်ဖီဆိုင်ပုပုလေးဆီမှ အားလပ်ရက် တနဂ်နွေနေ့များ။ သေချာတာကတော့ ကိုယ့်နွေဦးပေါက်ရာသီတွေဟာ အခုတော့ဖြင့် ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။

                နံရံပေါ်ရှိ ပြက္ခဒိန်ဆီ ကိုယ့်မျက်လုံးတွေ ရောက်သွားတော့ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်ကို စိတ်မကောင်းစွာ ကိုယ် သိလိုက်ရ၏။ ဟိုတုန်းက တနင်္ဂနွေ မနက်စောစော တွေမှာဆိုရင် ကော်ဖီဆိုင်ပုပုလေးမှာ သူမက ကိုယ့်ကို စောင့်မျှော်နေခဲ့လိမ့်မည်။

                ကိုယ်တို့နှစ်ယောက်စလုံး ထိုကော်ဖီဆိုင်ပုပုလေးဆီမှ ခါးစိမ့်သော ကော်ဖီကို နှစ်သက်တာခြင်း တူညီကြသည်။ ကော်ဖီသောက်ပြီးသောအခါ သူမအား ကဗျာတစ်ပုဒ် ကိုယ် ရွတ်ဆိုပြမည်။ ထို့နောက် ကိုယ့်ပုခုံးကို မှီနွဲ့ပြီး နှစ်ယောက်သား မြို့ထဲရှိသမျှ ပန်းခြံတွေဆီ လျှောက်သွားမည်။ တစ်ခါတစ်ရံ ရုပ်ရှင်ဝင်ကြည့်ဖြစ်ကြလိမ့်ဦးမည်။ တနင်္ဂနွေနေ့သည် ကိုယ်တို့ နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။

                ကံ့ကော်တစ်ပွင့် ပန်ဆင်ထားသော သူမသည် သေဆုံးသွားသော်လည်း ကိုယ့်ရင်ထဲတွင်တော့ သူမ ဆက်လက်ရှင် သန်နေလိမ့်ဦးမည်။ ကိုယ် မသေဆုံးမချင်း ကိုယ့်ရင် ထဲမှာ သူမ ရှင်သန်နေစေရမည်။ သို့သော် သူမရင်ထဲမှာတော့ ကိုယ့်ဝိညာဉ် သည် သူမသေဆုံးပြီးကတည်းက သူမနှင့်အတူ ပျောက်ကွယ်သွားပေလိမ့်မည်။

                အဝေးမှ သီချင်းသံသဲ့သဲ့ကို ကိုယ်ကြားလိုက်မိ၏။ နားစိုက်ထောင်ကြည့်သောအခါ ဇော်ဝင်းထွဋ်ရဲ့ ရွှေရောင် အိပ်မက်များသီချင်း ဖြစ်နေ သည်ကို နာကျင်မှုတစ်ခုနှင့်အတူ သိလိုက်ရသည်။ ကိုယ် သူမကို ပြင်ပြင်းပြပြ သတိရနေမိချိန်ဟာ တနင်္ဂနွေတစ်နေ့အဖြစ် ထူးခြားစွာ တိုက်ဆိုင်ရုံမျှမက ဘဲ သူမ သိပ်ကြိုက်သည်ဆိုသော သီချင်းကိုပင် ကိုယ်ကြားနေရသည်။ ကိုယ့်ရင်ခွင်သည် ချောက်ချားပူလောင်စွာဖြင့် တုန်ယင်နေတော့၏။

                ယခုတော့ သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်ရင်း သေဆုံးသွားခဲ့ပြီ။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့် သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ သူမရင်ထဲတွင် တစ်ချိန်က ရှင်သန်ခဲ့သော ကိုယ့်ဝိညာဉ်လည်း သေဆုံးခဲ့ပြီ။ သူမရင်ထဲက ကိုယ့်ဝိညာဉ်သည် ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာများဖြင့် ထုဆစ်ထားသော ပုံရိပ်သာဖြစ်၏။ ထို့အတူ ကိုယ့်ရင်ထဲက သူမ၀ိညာဉ် သည်လည်း သူမရဲ့ ချစ်ခြင်းမေတ္တာများဖြင့် ထုံမွှမ်းထားသာ သူမပုံရိပ်သာဖြစ်သည်။ ကံ့ကော်တစ်ပွင့်ပန်ဆင်ပြီး သေဆုံးသွားသော သူမသည် ကိုယ့်ရင် ထဲက ချစ်ခြင်းမေတ္တာဖြင့် ပေါင်းစပ် ထားသော သူမ၀ိညာဉ်မဟုတ်ပါချေ။ အာရုံခြောက်ပါး ကုပ်တွယ်ခြင်း ခံခဲ့ရသော သက်မဲ့ခန္ဓာကိုယ်ငယ်တစ်ခုသာ ဖြစ်သည်။

                စိတ်ရှုပ်ထွေးစွာဖြင့် လွတ်လပ်ကျယ်ပြန့်သော ကောင်းကင်ဆီ ကိုယ်မော့ကြည့်ဖြစ်တော့ ဗျိုင်းဖြူဖြူတစ်အုပ် ပျံသန်းသွား တာ မြင်ရ၏။ အဝေးမှ ဇော်ဝင်းထွဋ်ရဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ကိုယ်မကြားရတော့ပါ။ ကိုယ့်အတွက် ရွှေရောင်အိပ်မက်တွေ ဘယ်ဆီမှာ ပုန်းခိုနေပါသလဲကွယ်။

                ကိုယ်ရော သူမရော မွေးဖွားစဉ်က သီးခြားဖြစ်သော်လည်း ကိုယ်နှင့် သူမ တွေ့ဆုံပြီးချိန်မှစ၍ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ရင်ဘတ်ထဲတွင် တစ်ယောက်ဝိညာဉ် တစ်ယောက်ထံ ပူးကပ်ခိုဝင်ကာ နှစ်ယောက်တစ်ဝိညာဉ် ဖြစ်ခဲ့ကြသည်။

                ကိုယ့်ရွှေရောင်အိပ်မက်တွေ ခုတော့ စာတိုက်ပုံးထဲတွင် ပုန်းအောင်းနေသည်။ နာရီတစ်လုံးထဲတွင် ပုန်းအောင်းနေသည်။ ဘီယာဘူးခွံ အလွတ်ထဲတွင် ပုန်းအောင်းနေသည်။ ဂျူပီတာဂြိုဟ်ပေါ်တွင် ပုန်းအောင်းနေသည်။ ၀က်ပေါင်ခြောက်ထဲတွင် ပုန်းအောင်းနေသည်။ နောက်ဆုံး သူမပန်ဆင်ထားသော ကံ့ကော်ပွင့်ထဲတွင်လည်း ပုန်းအောင်းနေနိုင်သည်။

                ကိုယ်တို့နှစ်ယောက်သည် ကမ္ဘာကြီးအား ချစ်ခြင်းဖြင့် အနိုင်ပိုင်းနေထိုင်ခဲ့ကြသော်လည်း သူမသေဆုံးသွားခြင်းသည် ကိုယ်ရော သူမရော သေဆုံးသွားခြင်းဖြစ်ပြီး ကိုယ် ရှင်သန်ကျန်ရစ်ခြင်းသည် ကိုယ်ရော သူမရော ရှင်သန်ကျန်ရစ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်သေဆုံးသွားလျှင်တော့…။

                လမ်းမပေါ်မှ မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်းဟောင်း လူများကို ကြည့်မြင်လိုစိတ်မရှိတော့သောကြောင့် ကိုယ့်အခန်းပြတင်းပေါက်အား ၀ုန်းခနဲ ကိုယ်ပိတ်ပစ် လိုက်သည်။

                တောင်ပံတစ်ဖက်ဖြင့်ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမ၏ စိုလွင်သော အပြုံးများကို ရုပ်ရှင်အနှေးပြကွက် တစ်ခုပမာေ၀၀ါးစွာ မြင်ရပြန်၏။ တနင်္ဂနွေနေ့သည် ကိုယ်တို့နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။ အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် ထာဝရ အိပ်ပျော်နေသော သူမအား ကိုယ် ကံ့ကော် တစ်ပွင့်ပန်ဆင်ပေးခဲ့ပါသည်။

လွန်းဆက်နိုးမြတ်

ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင်ဝတ္ထုတိုစု/ငါးရိုးပင်လယ်ဝတ္ထုတိုစု/ဖက်ရှင်မဂ္ဂဇင်း

ဧပြီ၊၂၀၀၈
ပန်းချီ-ခေတ်ဖုန်းမို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s