စာသုံးစောင်ဝတ္ထု

စာသုံးစောင်ဝတ္ထု

စာနံပါတ် (၁)

                ကေ။

ဘာတစ်ခုမှ မရေရာမသေချာသေးတဲ့အချိန်မှာပဲ ဒီစာကို ကိုယ်ရေးခဲ့ပါတယ်။ ဒီအတွက် ကိုယ့်မှာ အကြောင်းပြချက်တွေ အများ ကြီးရှိပါတယ်။ ကေနဲ့ ကိုယ်နဲ့ ခင်မင်တွယ်ငြိခဲ့တဲ့ ဟောဒီအချိန်ကာလတိုတိုလေးအတွင်းမှာပဲ အံ့သြစရာကောင်းလောက်အောင် တစ်ယောက် နဲ့တစ်ယောက် နားလည်မှုတွေ လျင်မြန်လွန်းခဲ့တယ်။ ကိုယ်တို့ ရင်ဘတ်ထဲက မေတ္တာ တရားကို အလွယ်တကူပဲ မြင်ခဲ့ကြတယ်။ ပြီးတော့ ကိုယ်တို့ရဲ့ လက်တွေဆုပ်ကိုင်ဖို့ထက် ကိုယ်တို့သွားရမယ့် လမ်းကို အခက်အခဲမရှိ သာယာစေချင်တဲ့ စိတ်က ပိုခဲ့ကြတယ်။

ကေနဲ့ စကားပြောပြီးတဲ့ ညနေခင်းတွေတိုင်းမှာ ကိုယ်ဟာ အုံ့ဆိုင်းတဲ့ အတွေးတွေထဲ အကြိမ်ကြိမ် နစ်ကျွံ့ခဲ့ရတယ်။ ချစ်ခြင်း မေတ္တာဆီချဉ်းကပ်ပုံမှာ ကိုယ်ဟာ မကြာခဏ ခြေချော် လက်ချော်ဖြစ်ခဲ့ဖူးတဲ့ ကောင်ပါ ကေ။ မိန်းမတွေ ဆီက ကိုယ်ရရှိပိုင်ဆိုင်ခဲ့ရတဲ့ အရာ တွေဟာ ကိုယ်ပြန်ပြီးပေးဆပ်ခဲ့ရတဲ့ အရာတွေရဲ့ တစ်ဝက်တောင် မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကို လမ်းခွဲထွက်ခွာသွားခဲ့ကြတယ်။ ကြာလာတော့ ကိုယ်လည်း အရေထူလာတယ်။ ခုတော့ ကိုယ်ဟာ မိန်းမတွေဆီကပဲဖြစ်ဖြစ် ဒါမှမဟုတ် မိန်းမ တစ်ယောက်ယောက်ဆီကပဲဖြစ်ဖြစ် ဘာဆိုဘာမှ မမျှော်လင့်ဘဲ နေထိုင်တတ်လာတယ်။ ပြီးတော့ ဘာကိုမှလည်း မတောင်းဆိုဘဲနဲ့ပေါ့။

ကိုယ့်ဘ၀ရဲ့ တချို့အစိတ်အပိုင်းတွေဟာ ကေနဲ့ တိုက်ဆိုင်မှုတွေ များလွန်းတယ်ဆိုတာလောက်နဲ့တော့ ကေ့ရင်ခုန်သံတွေကို အချစ်လို့ မသတ် မှတ်သင့်ဘူးထင်တယ်။ လူဆိုတာဟာ တစ်နေရာမဟုတ် တစ်နေရာတော့ တိုက်ဆိုင်မှုဆိုတာ ရှိတတ်တာပဲမဟုတ်လား။ လူတွေကို ယုံကြည်လွယ်တတ်တဲ့ ကေနဲ့ လူတွေကို အလွယ်တကူ ယုံကြည်အောင် (အထူးသဖြင့် မိန်းမတွေကို) ပြောတတ်ဆိုတတ်တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကြားမှာ ကေ ဇဝေဇ၀ါဖြစ် နေပုံရတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကေ့နေရာမှာ တခြား တစ်ယောက် ဆိုရင် ကိုယ်ဒီလိုမျိုး ဆက်ဆံရင်းနှီးဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကေက သိပ်ပြီးရိုးသားတဲ့ မိန်းကလေးတစ်ယောက်လေ။ အံ့သြစရာကောင်းလောက်တဲ့ နားလည်စာနာမှုတွေနောက်မှာ ကိုယ့်ဘ၀ရဲ့ အချစ်ဆုံးလူတစ်ယောက်ဟာ ကေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အမြဲတမ်း ရင်ကွဲပက်လက်ကျန်ခဲ့ရတဲ့ ဘ၀ကို နောက်တစ်ကြိမ် ကိုယ်ပြန် မသွားချင်ဘူး။ မိန်းမတွေကြောင့် ပြင်းရှတတ်တဲ့ ခံစားချက်တွေ ထဲမှာ နောက်ထပ်တစ်ကြိမ် ကိုယ်မနာကျင်လိုတော့ဘူး။ အလားတူ ကိုယ့်ကြောင့်လည်း တခြားမိန်းမတစ်ယောက်ကို စိတ်ဒဏ်ရာတွေ မပေး ချင်ဘူး။ အထူးသဖြင့် ချစ်ခြင်းမေတ္တာအပေါ် ကိုယ့်လိုပဲ ခံစားပုံတူတဲ့ ကေ့ကို ပိုပြီးတော့ မနာမကျင်စေလိုတာ ကိုယ့်စိတ်ရင်းအမှန်ပဲ။ ဒါကြောင့် ကေနဲ့ ပတ်သက်ရင် ကိုယ်ဟာ စိတ်မပါသလို အေးစက်စက်ဖြစ်နေခဲ့တယ်။

အနာဂတ်ဟာ ကေနဲ့ ကိုယ့်အတွက် ဘာဖြစ်လာမယ်မှန်း မသေချာသေးဘူးမဟုတ်လား။ ဒါပေမယ့် ကေ့ဘ၀မှာ ကိုယ့်ထက်ပိုပြီး အဆင်ပြေသင့်တော်တဲ့ လူတစ်ယောက်ထပ်ပြီးတော့ တွေ့ရှိလာရဦးမှာပါ။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် မချစ်မိကြသေးခင် နာနာ ကျင်ကျင် လမ်းခွဲမယ့် ကိစ္စတွေ ဖြစ်မလာခင် ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ချလိုက်ပါပြီ။ ဒီအတွက် ကေကတော့ ထင်မှာပဲ။ ကိုယ်ဟာ မိုးပြိုမှာ တွေးကြောက်တတ်သူတစ်ယောက် ဆိုပြီးတော့ပေါ့။ ခုမှတော့ ထားလိုက်ပါတော့လေ။ ကေနဲ့ ကိုယ်နဲ့ ခင်မင်မှုအဦးအစကတည်းက ကေ့အ တွက် ကိုယ်ကြိုပြီး ရေးပေးထားခဲ့တဲ့ စာသုံးစောင်ထဲက တစ်စောင်ကို ကိုယ်ရွေးချယ်ခဲ့ပါပြီ ကေ။

ဒီစာသုံးစောင်ကို သစ္စာရှိရှိ ဖောက်မဖတ်ဘဲ သိမ်းဆည်းခဲ့တဲ့ ကေ့ကို ကိုယ်ကျေးဇူးတင်ပါတယ်။ ဒီစာသုံးစောင်ဟာ ကေနဲ့ပတ် သက်ပြီး ပေးအပ်ခဲ့တဲ့ ကိုယ့်ဘ၀သုံးခုပါပဲ။ အချိန်တန်ရင် ကေ့လက်ထဲ အပ်ထားတဲ့ ဘ၀သုံးခုထဲက တစ်ခုကို ကိုယ်ရွေးချယ်မယ်ဆိုတဲ့ ဆုံးဖြတ်မှုနဲ့ပေါ့။ ဒီစာကို ဖောက်ဖတ်ပြီးချိန်မှာ ကိုယ်ဟာ ကေနဲ့ ဘယ်တော့မှ ချစ်သူဖြစ်မလာနိုင်တော့တဲ့ ခပ်ဝေးဝေးက သူငယ်ချင်းတစ် ယောက်အဖြစ်ပဲ ဆက်လက်တည်ရှိသွားမယ်ဆိုတာ သိစေချင် ပါတယ်။

ကေ့လက်ထဲမှာ ကျန်နေသေးတဲ့ စာနံပါတ်(၂) နဲ့ (၃) ကိုလည်း သစ္စာရှိစွာနဲ့ ဖောက်မဖတ်ဘဲ အမြန်ဆုံး ဖျောက်ဖျက်ပစ်လိုက်ဖို့ ကိုယ်နောက်ဆုံး တောင်းဆိုလိုက် ပါရစေ ကေ။

                သူငယ်ချင်း ကေ အစစအရာရာ အဆင်ပြေပါစေ။

စာနံပါတ် (၂)

                ကေ။

နေ့ရက်တွေ ကုန်ဆုံးတာမြန်တယ်။ သစ်ရွက်တွေ အသစ်ပြန် ထွက်တာမြန်တယ်။ ကမ္ဘာကြီးက အရင်ကထက် လည်တာပိုမြန် တယ်။ လက်ရှိ ဖြတ်သန်းနေတဲ့ ခေတ်ကလည်း မြန်တယ်။ ပြီးတော့ ကေနဲ့ ကိုယ်နဲ့ ချစ်သူတွေ ဖြစ်သွားကြတာလည်း မြန်တယ်။

ကေ ကိုယ့်ကို အဖြေပြန်ပေးတဲ့နေ့တုန်းကဆို ကိုယ်ဟာ ပျော်ရွှင် ရမယ့်အစား ရှေ့ဆက်ရမယ့် ခရီးတွေအတွက် အားသစ်တွေ ဖြာထွက်နေတာက ပိုခဲ့ပါတယ်။ ပြေပြစ်လိုက်ဖက်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ကိုယ်နဲ့ကေ ဖန်တီးနိုင်လိုက်တာ ကံကောင်းခြင်းတစ်ခုလို့ အထင်ရောက်ခဲ့ဖူးတယ်နော်။

တနင်္ဂနွေအားလပ်ရက်တွေတိုင်းဟာ ကေနဲ့ကိုယ့်အတွက် ရင်အခုန်ရဆုံးရက်တွေ ဖြစ်ခဲ့တယ်။ ကေ့ရဲ့ ရုံးအဆင်း ညနေခင်း တွေထဲ ကိုယ့်အပျော်တွေက အိမ်အပြန်လမ်းတစ်လျှောက် စီးဆင်းလို့။ အဆက်မပြတ် ချိတ်ဆက်ခဲ့တဲ့ တယ်လီဖုန်းပြောဆိုမှုတိုင်းမှာ ကေ့ရယ်သံတွေက လွင်လွင်ခတ်ခတ် ငြိမ့်ဝေလို့။ ပွင့်လင်းရိုးသားတဲ့ ဘ၀အဓိပ္ပာယ်ဆိုတာ ဟန်ဆောင်မှုကင်း စွာ ဖူးပွင့်မွှေးရီနေတဲ့ ခရေပွင့် လေးတွေဆိုပြီး ကေနဲ့ကိုယ် စာလုံးပေါင်း ညီညာခဲ့ကြတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ အာရုံမှာ ထင်သမျှ လောကတစ်ခွင်ဟာ သိမ်ခမ်းနား ခဲ့ဖူးတယ် ကေ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်စိတ်ကူးတွေဟာ ကေ့ ရနံ့တွေဖြစ်ပြီး ကေ့ အိပ်မက်တွေက ကိုယ့် အနာဂတ်ဖြစ်လို့ပေါ့။

တကယ်တော့ ပျော်ရွှင်မှုတွေနောက်မှာ လိုက်ပါလာတတ်တဲ့ ၀မ်းနည်းမှုတွေကို သိလျက်နဲ့ သတိမမူခဲ့တာဟာ ကိုယ်တို့ အပြစ် ပါပဲ။ တစ်ခုခု လုပ်ချင်ပြီဆို ဘယ်သူ့ခံစားချက်ကိုမှ ထည့်မတွက်ဘဲ လုပ်တတ်တဲ့ ကေ့စရိုက်နဲ့ စကားမတည်ဘဲ လိမ်ညာတတ်တဲ့ ချစ်သူကို ဆင်ခြင်မဲ့စွာ မုန်းတီးတတ်တဲ့ ကိုယ့်စရိုက်နှစ်ခု ထပ်တိုက်ဆုံချိန်ဟာ ဘာဖြစ်လို့ ဒီလောက် မြန်ဆန်သွားရတာလဲ ကေ။

ကိုယ်တို့ရဲ့ ချစ်ခရီးဟာ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲကြမ်း တမ်းရတာလဲ။ ကေသိပ်ချစ်တဲ့ ကေ့ရဲ့ ဖေဖေဆီက စကားလုံး တွေဟာ ကိုယ့်ကို အထိနာစေခဲ့တယ်။ ကေ့မမတို့ မိသားစုဟာ အနုပညာသမားဖြစ်တဲ့ ကိုယ့်အပေါ် အရမ်းကြီးတော့ နားလည်ပေးနိုင်မှာ မဟုတ်ဘူးပေါ့။

ဖြစ်ပျက်ခဲ့သမျှအတွက် ကိုယ်ဘာမှ ပြန်လည်ဖြေရှင်းလိုစိတ် မရှိတော့ပါဘူး။ ဘယ်လိုမှ ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ကျော ခိုင်းဝေးကွာသွားရမှာက သဘာဝတရားပဲမဟုတ်လား ကေ။ ကိုယ်ပိုင်အတ္တအတွက် အသက်ရှင်သန်နေတဲ့ လူသားတွေထဲမှာ ကေနဲ့ ကိုယ် လည်း ပါဝင်နေကြတယ်ဆိုတာ မေ့သွားလို့ မဖြစ်ဘူးလေ။ အချစ်အတွက် ဘယ်သူက ဘယ်လောက် အထိ ပေးဆပ်ရဲခဲ့လို့လဲ။ ဒီလိုနဲ့ ကိုယ် ဟာ ဗင်းဆင့်ဗန်ဂိုး မဟုတ်ခဲ့ဘူး ကေ။

ဟင့်အင်း ကေ။ ကေရော ကိုယ်ရော ဘယ်သူမှ မမှားခဲ့ကြပါဘူး။

ကိုယ်တို့နှစ်ယောက် ကြုံခဲ့ရတဲ့ မတရားတဲ့ အဖြစ်အပျက်တွေကသာ မှားယွင်းနေခဲ့တာပါ။ ကေ့ဖက်က အလျော့ပေးလာမယ့် နေ့ရက်ကို တစ်ဖက်သတ်ဆန်စွာ စောင့်စားဖို့မသင့်ပေမယ့် ကိုယ်စောင့်စားမိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကေ ကလည်း ကိုယ့်ဆီက ချော့ မော့မှုလေး တစ်စွန်းတစ်စလောက်ကို ဇွဲကောင်းစွာနဲ့ စောင့်မျှော်ခဲ့ပြန်တယ်။ အဲဒီနောက်တော့ ကေလည်းသိတဲ့အတိုင်း ဟိုးအစောပိုင်း ကတည်းက ကိုယ်တို့နှစ်ယောက်ကို အကဲခတ်လာခဲ့ကြတဲ့ နှစ်ဖက်ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားလုံးတွေဟာ ကိုယ်နဲ့ ကေ့ကို လုံးလုံးဝေးအောင် ဖန်တီးလိုက်ကြတော့တာပါပဲ။

                ကေရေ။

အခုလို ကေနဲ့ ကိုယ်နဲ့ ရိုးရိုးသူငယ်ချင်းအဆင့်မှာတင် ဒီစာကို ကြိုတင်ရေးပြီး ကေ့ဆီကို ပေးလိုက်မိတဲ့အတွက် ကိုယ်ဟာ တကယ့်ကို စိတ်မနှံ့သူတစ်ယောက်လို့ ထင်သွားမလားပဲ။ ဒါပေမယ့် ခု ဒီစာကို ကေ ဖောက်ဖတ်လိုက်ချိန်မှာတော့ ဟော့ဒီကြိုတင်ရေးသားမှုတွေဟာ အမှန်တကယ်ဖြစ်ပျက် ပြီးစီးသွားခဲ့ပြီလေ။

ဒီစာနဲ့အတူ တစ်ပါတည်း ရေးပေးခဲ့တဲ့ စာနံပါတ် (၁) နဲ့ (၃) ကို ကေမဖတ်ပါနဲ့တော့နော်။ ကျေးဇူးပြုပြီး စာနံပါတ် (၁) နဲ့ (၃) ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတော့…။

                ထာဝရနှုတ်ဆက်လိုက်ပါတယ် ကေ။

စာနံပါတ် (၃)

                ကေ။

                ကိုယ် ကေ့ကို သိပ်ချစ်ပါတယ် ကေ။

ချစ်သူဘ၀အစပိုင်းမှာ ကိုယ့်မိသားစုထဲ ကေ ခပ်ရဲရဲတိုးဝင်ပြီး အဆင်ပြေအောင်နေထိုင်ပေးတာ တွေ့ရလို့လည်း ၀မ်းသာမိပါရဲ့။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုကြောင့် ကေတစ် ယောက် စိတ်ညစ်ခဲ့ရဖူးမှာပဲနော်။ ထင်သလောက် မလွယ်သလို ထင်သလောက်လည်း မခက်တဲ့ ဆက်ဆံရေးတစ်ခုမှာ အနည်ထိုင်ဖို့ ကေနဲ့ကိုယ် တော်တော် ကြိုးစားယူခဲ့ကြရတယ် မဟုတ်လား။

ကေ့ရဲ့ အားပေးမှုတွေသာ မပါရင် ကိုယ့်အောင်မြင်မှုတွေဟာ ဒီလောက်အတိုင်းအတာထိ ရောက်လာမယ်မထင်ဘူး။ ချစ်လမ်း ခရီးတစ်လျှောက် ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေတိုင်းမှာ ကိုယ့်ဖက်က ရပ်တည်ပေးခဲ့တာ ဘယ်တော့မှ ကိုယ်မမေ့တော့ပါဘူး။ ကိုယ်တို့ နှစ်ယောက် ချစ်သူဘ၀ကတည်းက တောင့်တမျှော်လင့်ခဲ့ကြတဲ့ အေးချမ်းလေးနက်တဲ့ မိသားစု ဘ၀လေးဟာ တဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့ပြီ ထင်တယ်နော်။

ခုဆိုရင် ကိုယ်တို့မိသားစုဘ၀လေးအဆင်ပြေဖို့ ကေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း တက်ရိပ်ပြနေပြီ။ ကေရဲ့ အားပေးမှုနဲ့ စစ်မှန်တဲ့ ကိုယ့်စေတနာတွေကြောင့် ကိုယ်လည်း အတော်အတန် ၀င်ငွေရနေတဲ့ အနုပညာသမားတစ်ယောက်ဖြစ်နေပြီ။ ကိုယ် တို့ရဲ့ သမီးကြီးကလည်း ဒီနှစ်ဆို ဒုတိယတန်းတက်ပြီ။ သားငယ်လေးကတော့ သူငယ်တန်း ပေါ့။

တစ်ခါတစ်လေ ကိုယ်စာထိုင်ရေးနေရင်း ကလေးနှစ်ယောက်ကို စာသင်ပြပြီး အလုပ်ရှုပ်နေတဲ့ ကေတို့ သားအမိသုံးယောက်ကို လှမ်းကြည့်ပြီး ကြည်နူးမိပါရဲ့။ နှစ်လခြားတစ်ခါလောက် ကိုယ်တို့ မိဘတွေဆီ အလည်သွားတိုင်း ကိုယ်တို့သမီးနဲ့ သားဟာ ဘိုးအေ ဘွားအေတွေရဲ့ အချစ်သည်းမှုခံရတာကို မြင်ရပြန်တော့လည်း ကိုယ် ကြည်နူးရတာပါပဲ။ ဒီလိုမြင်တဲ့အခါ တိုင်း ဟိုအရင် ကေနဲ့ကိုယ် သမီးရည်းစား ဘ၀က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ အတွက် အမြတ်ပြန်ရလိုက်သလို ခံစားရတယ်။

ဒါပေမယ့် ကေရယ်။

ရုပ်ရှင်ထဲမှာသာ ချစ်သူတွေ ညားသွားရင် ဇာတ်လမ်းပြီးသွားတာ။ လက်တွေ့ဘ၀မှာက ညားပြီးမှ ဇာတ်လမ်းက စတာ မဟုတ် လား။ ကေနဲ့ကိုယ် လက်တွဲထူထောင်လိုက်တဲ့ အိမ်ထောင်တစ်ခုဟာ ခုမှ အဆင်ပြေခါစ ရှိသေးတယ်ဆိုပေမယ့် မမြင်နိုင်သေးတဲ့ အဖျက် အမှောင့်တွေက ရှေ့မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဦးမှာ အသေအချာပဲ။

ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ ကေနဲ့ကိုယ် အိမ်ထောင်သက် ရှစ်နှစ်ပြည့် ဖြစ်တဲ့အတွက် ကေ့ကို အမှတ်တရလက်ဆောင်တစ်ခု ပေးချင်မိတယ်။ အဲဒါကတော့ ကေနဲ့ချစ်သူမဖြစ်ခင်ကတည်းက တင်ကြိုရေးသားပြီး ကေ့ဆီပေးအပ် ထားခဲ့တဲ့ ဟောဒီ စာနံပါတ် (၃)ကို ကေ ဖွင့် ဖောက်ဖတ်ဖို့ပါပဲ။ ပြီးတော့မှသာ စာနံပါတ် (၁) နဲ့ (၂)ကို ကေဆက်ဖတ်ပေါ့။

ဒီစာနဲ့အတူပေးအပ်ခဲ့တဲ့ စာနံပါတ် (၁) နဲ့ (၂) ကို ခုကစ နှစ်ဦးသဘောတူ ဆက်လက်သိမ်းဆည်းကြစို့နော်။ ဘာကြောင့်လည်း ဆိုတော့ ဟောဒီ စာနံပါတ် (၁) နဲ့ (၂) ဟာ ကိုယ်တို့နှစ်ယောက်ရဲ့ ခက်ခဲတဲ့   အောင်မြင်မှုအထွေထွေကို ကိုယ်စားပြုနေလို့ပဲပေါ့။

                အရာရာအတွက် ကျေးဇူးတင်ပါတယ် ကေ။

 

လွန်းဆက်နိုးမြတ်

အချစ်ဂျာနယ်၊ အတွဲ (၆)၊ အမှတ် (၁၃)၊ မေ ၂၀၀၉

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဧကစာချို

နေရာအခုဆောင်း

နေရာအခုဆောင်း

ကိုယ့်လက်ဝဲဖက်လက်မကို မှင်အပြာရောင်သုတ်ပြီး
အပေါင်စာရွက်ဘောင်ချာပေါ်မှာတစ်ချက် လက်ခံစာရွက်
ပေါ်မှာတစ်ချက် ဖိထောက် လက်ဗွေရာပေးလိုက်ရုံနဲ့
ကိုယ်ပိုင်ပစ္စည်းတစ်ခုဟာ ကိုယ်လိုအပ်သလောက်
ငွေစက္ကူတွေအဖြစ် ခေတ္တလဲလှယ်ခွင့်ရသွားတယ်။
လတ်တလော ကိုယ့်အခက်အခဲအတွက် တန်ဖိုးရှိပစ္စည်းတစ်ခုဗန်းပြပြီး
နောင်အနာဂတ်ထဲကနေ ချေးယူသုံးစွဲတဲ့ သဘောပဲ။
ဆေးရုံဆေးခန်းတွေမှာ လူရှုပ်တာမကောင်းဘူး။ သင်္ချီုင်းကုန်းမှာ
သေလူမပြတ်တာ မကောင်းဘူး။ အပေါင်ဆိုင်မှာ လူစည်တာလည်း
အလားတူ။ စောစောစီးစီးထွက်လာတာတောင် ကိုယ့်ထက်အရင်
ရောက်နေနှင့်တဲ့ အခြားဘ၀တွေရဲ့ အနာဂတ်ချေးယူသုံးစွဲမှု။
အပေါင်ဆိုင်ထဲကထွက်လာတော့ ကိုယ့်စက်ဘီးကို ဆောင်းလေအေးက
လာတိုးဝှေ့တယ်။ တစ်ဆောင်းသစ်ပြန်ပြီ။ ဒီနှစ်ဆောင်းအတွက်
ကိုယ်ဘာမှမပြင်ဆင်ရသေးဘူး။ နိဒါန်း စာကိုယ် နိဂုံးမရှိသေးရုံမက
ဘာခေါင်းစဉ်နဲ့ပဲ လာလာ မဖွဲ့နွဲ့နိုင်တဲ့ စာစီစာကုံးတစ်ပုဒ်လို
ဒီနှစ်ဆောင်းကို ကိုယ်ခံစားရတယ်။ အိမ်ပြန်ရောက်မဆိုက် နေရာတစ်ခုကို
သွားရောက်ဖို့ ကိုယ်အရေးကြီးရတယ်။ လက်ဖက်ရည်လည်း မဖျော်နိုင်ဘူး။
ဟမ်းဖုန်းဘက်ထရီလည်း အားပြည့်အောင် ဖြည့်မနေအားဘူး။
နေရာတစ်ခုရှိတယ်။ ကိုယ်အခုသွားရမယ်။ နေရာအခုသွားရမယ်။
လက်ရှိကိုယ်နေထိုင်တဲ့ တိုက်ခန်းကို ရောင်းချလိုက်ပြီပဲ ဆိုပါစို့။
နေရာအခုသွားရမယ်။ နေရာတစ်ခုမှာ မြေကွက်လွတ်လေးတစ်ခုရှိတယ်။
ကိုယ်ဟာ မြေကို ချစ်တယ်။ မြို့ပြရဲ့ တိုက်ခန်းယဉ်ကျေးမှုဟာ ရေရှည်မှာ
ကိုယ်နဲ့ သိပ်မကိုက်ဘူး။ မိုးလင်းမိုးချုပ် အပေါ်ထပ်နဲ့ အောက်ထပ်က အပူတွေ။
နေရာအခုကို ကိုယ့်မိဘတွေရဲ့ ငွေစက္ကူတွေနဲ့  စိုက်ဝယ်ပေးထားတာ။
လက်ရှိတိုက်ခန်းကို ရောင်းလိုက်ရင် ရတဲ့ငွေစက္ကူတွေကို နေရာအခုက
မြေကွက်လွတ်အတွက် ကိုယ်ပြန်ပေးချေရမှာ။ မရောင်းရသေးခင် လက်ရှိနဲ့
လက်မဲ့စပ်ကြားမှာတော့ ဖြစ်သမျှကို လေခဏ သလပ်ထားတယ်။
တစ်နည်းအားဖြင့် ဒါဟာ နောင်အနာဂတ်ထဲကနေ ချေးယူသုံးစွဲတဲ့ သဘောပဲ။
နေရာအခုဆီ ကိုယ်ရောက်သွားတော့ မြေကွက်လွတ်ဟာ မြက်တွေ
ထနေတယ်။ မြေကြီးကို ချစ်လို့ အလုပ်သမားမခေါ်တော့ဘဲ ကိုယ်တိုင်ရှင်းဖို့
ဆုံးဖြတ်လိုက်တယ်။ ပေါက်တူး တူးရွင်း ဓားတစ်လက်နဲ့ မြေကွက်လွတ်ကို
ကိုယ်ရှင်းဖို့ ကြံတယ်။ ဘာဖြစ်လို့မှန်းမသိဘူး။ အရေးကြီးတဲ့ ထွန်ခြစ်က
ပါမလာဘူး။ မြက်တွေက ပေါက်ရုံနဲ့မရဘူး။ ပေါက်ပြီး ဆွဲမှ အောက်ခံမြေကြီး
ပေါ်လာတယ်။ မြက်အောက်ခြေဟာ ရှည်လျားရှုပ်ထွေးပြီး ဆွဲငင်အားအပြည့်။
ပုရွက်ဆိတ်နီတွေ ထွက်လာတယ်။ ခြတောင်ပို့တစ်ခု ပေါ်လာတယ်။
ခရုတွေ တက်မနင်းမိအောင် သတိထားရှောင်ရှားရတာလည်း အလုပ်ကြီးတစ်ခု။
နေရာတစ်ခုရဲ့ အောက်ခံမြေသားဖြူလွှလွှပေါ် ချွေးစက်တွေနဲ့ ကိုယ် ထိုင်ချ
ပစ်လိုက်တယ်။ မြက်ရိုင်းရှည်တွေနဲ့အတူ တောပန်းလေးတွေတွေ့တော့
သူမကို သတိရတယ်။ လှတာ မလှတာထက် သူမဦးခေါင်းထက်မှာ
တောပန်းလေးတစ်ပွင့် ပန်ပေးချင်တဲ့ စိတ်ကလေးမျှသာပါပဲ။
အဲဒီ့စိတ်ကလေးနဲ့ ဟမ်းဖုန်းကို ဖွင့်ပြီး သူမအလုပ်လုပ်နေတဲ့ဆီ
လှမ်းဆက်သွယ်လိုက်တယ်။ ဖုန်းသံဟာ တတူတူနဲ့ အဝေးထွက်ခွာနေတယ်။
ဓားခုတ်ကောင်အနှံ့အပြားမှာ မြက်တောတွေကို တွေ့တယ်။ ခဏနေတော့
ကိုယ်ရှိရာ နေရာတစ်ခုအရပ် သူမရောက်လာတယ်။ မှင်အပြာရောင်
ပေစွန်းနေတဲ့ လက်ဝဲဖက်လက်မနဲ့လက်ညိုးကြားကနေ တောပန်းကလေး
သူမဆီ ကမ်းပေးလိုက်တယ်။ သူမကိုကြည့်ရတာ ဒီနှစ်ဆောင်းကို
ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သေးဟန်မတူဘူး။         ။

လွန်းဆက်နိုးမြတ်
၁၆.၁၁.၁၁
နံနက်၀၀း၁၀နာရီ

အမြစ်မဲ့သစ်ပင်

အမြစ်မဲ့သစ်ပင်

(၁)

မေးခွန်း ၁။                ။               သင်၏ ချစ်သူမိန်းကလေးအတွက် သင်သည် မည်ကဲ့သို့ သော လူစားမျိုးဖြစ်သနည်း။

ခက်ခဲသော မေးခွန်းတစ်ခုမဟုတ်သည့်တိုင် ဤမေးခွန်းကို ဖြေဆိုရန် အတော်ကလေး ချိန်ဆကြည့်နေရ၏။ ထိုသို့ ချိန်ဆနေခိုက်တွင် ကျွန်တော်၏ စိတ်ကူးထဲသို့ သူမက အလို အလျောက်ဝင်ရောက်လာ၏။ သူမဆိုသည်မှာ ကျွန်တော့်ချစ်သူမိန်းကလေးဖြစ်ကြောင်း အထူးဖြေရှင်းပြရန် လိုမည်မထင်ပါ။

သူမနှင့် ကျွန်တော်တို့၏ ချစ်သူဘ၀သည် အရာရာချို့ငဲ့ဆဲ အနေအထားဖြစ်သည်။ ဆိုးရွားတာက သူမသည် ကျွန်တော်နှင့် ချစ်သူဖြစ်နေသော်လည်း ပြင်ပနိုင်ငံတစ်ခုသို့ အလုပ်သွား ရောက်လုပ်ကိုင်နေခြင်းပင်။ ထို့ကြောင့် ကျွန်တော်နှင့် သူမ၏အကြားတွင် လိုအပ်ချက်များက သာမန်ချစ်သူ စုံတွဲတို့ထက် ပိုမို၍ များပြားရှုပ်ထွေးပါသည်။ ကျွန်တော့်အနားတွင် သူမရှိစဉ် အခါကတော့ ချစ်သူဘ၀သည် အတော်ကလေး ပျော်ရွှင်ဖို့ကောင်းခဲ့တာ မှန်ပါသည်။ သို့ရာတွင် အနေဝေးသွားသောအခါ ကျွန်တော်ရော သူမပါ ကြိုတင် မမျှော်မှန်းနိုင်ခဲ့သော ပြဿနာများက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကျွန်တော်တို့ ချစ်သူနှစ်ယောက်ကြားတွင် ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာခဲ့ပါသည်။

ရှေးဦးစွာ ကျွန်တော်သည် သူမ၏ အီးမေးလ်အကောင့် ပတ်စ်ဝှက်ကို မေ့လျော့သွားသောကြောင့် သူမ စိတ်ဆိုးခဲ့ပါသည်။ ထိုအတွက် ကျွန်တော်သည် ပြစ်ဒဏ်အဖြစ် သူမ၏ ပတ်စ်ဝှက်အား ကာလအတော်ကြာသည့်တိုင်အောင် သိခွင့်မရရှိခဲ့ပါ။ ကျွန်တော်သည် သူမကို ယုံကြည်ပါသည်။ သူမသည် သူမ၏ အီးမေးလ်ကောင့်ထဲတွင် တခြားကောင်ကလေးများ နှင့် ရှုပ်ရှုပ်ယှက်ယှက် ဇာတ်လမ်းဆင်မည့်သူမျိုး မဟုတ်ပါ။ ပြည်ပတွင် သုံးလနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခဏတာ ပြန်လာချိန်တွင် သူမအင်တာနက်သုံးသောအခါ ကျွန်တော်က ဘေးမှာ ရှိနေသဖြင့် သူမ၏ အီးမေးလ်အကောင့်ကို ပြန်လည် မြင်တွေ့ခွင့်ရခဲ့သည်။ ထိုအခါ ဘယ်လိုမှ မယုံကြည်နိုင်စရာ သူမ၏ အီးမေးလ်အကောင့်ထဲတွင် ကျွန်တော်မဟုတ်သော ကျွန်တော် မသိသော တခြားယောက်ျားလေးတစ်ယောက်နှင့် အပြန်ပြန်အလှန်လှန် ပေးပို့ဆက်သွယ်ထားသည့် မေးလ်များကို ၀မ်းနည်းနာကျင်စွာ ကျွန်တော်တွေ့ရှိခဲ့ရတော့သည်။ သူမနှင့် ထိုယောက်ျားလေးသူငယ်ချင်းမှာ ချစ်သူတွေ မဟုတ်သည့်တိုင် အပြန်အလှန်ပေးပို့သော မေးလ်များမှာ တစ်ယောက်နှင့် တစ်ယောက် ငြိချင်နွယ်ချင်သော နှစ်ဖက်ခွအဓိပ္ပာယ် စာသားတွေချည်း ဖြစ်ကြ၏။ ပို၍ ၀မ်းနည်းစရာကောင်းသည်မှာ သူမသည် ကျွန်တော့်ထံသို့ မေးလ်မှန်မှန် မပို့ခဲ့သော်လည်း ထိုယောက်ျားလေးသူငယ်ချင်းဆီကိုတော့ မေးလ်မှန်မှန်ပို့ခဲ့ ၏။ ထိုထက်ပို၍ ၀မ်းနည်းစရာကောင်းသည်မှာ နိုင်ငံခြားတွင် မေး ထူး ခေါ် ပြော ကလွဲရင် ယောက်ျားလေးသူငယ်ချင်းမထားပါဘူးဟု ကတိဆိုခဲ့သော  သူမက အခုမေးလ်အပြန်အလှန် ပို့နေသော ယောက်ျားလေး သူငယ်ချင်းကို ပြည်ပနိုင်ငံမရောက်ခင် လေယာဉ်ပျံပေါ်မှာတင် ခင်မင်သွား ခဲ့ခြင်းဖြစ်သည်။ သူမနှင့် ကျွန်တော်၏ သံယောဇဉ်မှာ ၂ နှစ်ကျော်ကြာနေပြီ။ လေယာဉ်ပေါ်မှာ တွေ့ခဲ့သော ထိုသူငယ်ချင်းနှင့်က ၃ နာရီသာ စကားပြော ခဲ့ကြသည်။ သို့သော် ကျွန်တော့်ထက် ထိုသူငယ်ချင်းပေါ်မှာ သူမ စေတနာပိုကဲ ပုံရ၏။ ထိုပြဿနာသည် သူမဆီမှာ ကျွန်တော်က (ကျွန်တော်က မှားယွင်းခြင်း မဟုတ်ပါဘဲနှင့်) ဒူးထောက်ငိုယိုပြပြီး အပျော့ဆွဲ ဆွဲလိုက်သဖြင့် ပြေလည်သွားခဲ့ပါသည်။ နောက် သူမ နိုင်ငံခြားကို ပြန်ထွက်ခွာ သွားခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်တော့ သူမ မြန်မာပြည်ပြန်လာလျှင် ကျွန်တော့်ဆီလာပါတော့မလား။ မသေချာတော့ပါ။ အကြောင်းကတော့ ခုတစ်ခေါက် သူမပြန်သွားပြီးကတည်းက သူမ နှင့် ကျွန်တော်၏ ဆက်ဆံရေးသည် သုသာန်တစ်ခုလိုပင် ချောက်ချားတိတ်ဆိတ်သွားခဲ့ခြင်းကြောင့်ပင်။

ဒီတစ်ခေါက် သူမပြန်သွားသောအခါ ကျွန်တော်၏ မွေးနေ့ကို သူမမေ့နေသည်။ (ထိုနေ့က ကျွန်တော် ဘုရားမသွားဖြစ်တော့ပါ။ အရက်လည်း မသောက်ပါ။ စိတ်ပေါက်ပေါက်ဖြင့် ကိုယ့် လက်မောင်းကိုယ် ကြေကွဲစနှင့် အချက်ပေါင်းများစွာ ဆွဲခြစ်နေခဲ့သည်။) ချစ်သူများနေ့မှာ သူမဖုန်းကို ဘက်ထရီကုန်နေသည်ဟု အကြောင်းပြကာ အဆက်အသွယ်ဖြတ်ထားသည်။ (ထိုနေ့သည် သူမကြောင့် ငိုကြေးခဲ့ရသည့် ယောက်ျားတစ်ယောက်၏ နောက်ဆုံးမျက်ရည်တွေ ပေကျံနေသော နေ့ဖြစ်သွားခဲ့သည်။) နောက်တစ်ခါ သူမ၏ မွေးနေ့တွင် ကိုယ့်မွေးနေ့ ကိုတောင် သူမက မေ့နေပါသည်ဟု ဆိုလာသောအခါ ကျွန်တော် သူမကို မည်သို့နားလည်ရမည်မသိ ဖြစ်သွားခဲ့ပါသည်။ (ထိုနေ့ကတော့ သူမအတွက် ရွှေတိဂုံဘုရားမှာ ဆီမီး၊ရေချမ်း၊ ၀တ္ထုကပ်လှူ ပူဇော်ခဲ့ပြီး သူမအသက် ၂၃ နှစ်ကို ရည်ရွယ်၍ ဖယောင်း တိုင် ၅ တိုင်ဖြင့် မီးပူဇော်ခဲ့သည်။) ကျွန်တော် သူမအပေါ်မှာ ခံစား၍ မရတော့ပါ။ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့လျော့နေရလောက်အောင် သူမသည် နှလုံးသားမဲ့သွားပြီလား။ စက်ရုပ်ဆန်သွားပြီလား။ သူမ နိုင်ငံခြားသွားသည်မှာ သူမမိသားစု၏ တင်ရှိ နေသည့် ကြွေးမြီများအတွက် ပိုက် ဆံရှာဖွေရန် သွားခြင်းဖြစ်သည်။ ထိုကြွေးမြီပြဿနာ ဖြေရှင်းပြီးမှသာ သူမနှင့်ကျွန်တော် လက်ထပ်ဖို့ စဉ်းစားရမှာ ဖြစ်သည်။ ကျွန်တော်က အခါခပ်သိမ်း သူမဆီမှ ချစ်ခြင်းမေတ္တာ မှလွဲရင် ဘာကို မှ မမျှော်လင့်ခဲ့ပါ။ ဘာကိုမှလည်း မတောင်းဆိုခဲ့ပါ။ ကျွန်တော်အရင်က ထားခဲ့ဖူးသည့် ရည်းစားတွေက ကျွန်တော့်ကို ချစ်သော အချစ်၏ အပုံ ၁၀၀ ပုံ ပုံလျှင် ၁ ပုံတောင် သူမက ကျွန်တော်ကို မချစ်ပါ။ အခုလို တွက်ချက်ပြလိုက်သည့်အတွက် အများအမြင်တွင် ကျွန်တော့်အတွေးသည် မိန်းမဆန်နေနိုင်သည်။ သို့သော် မတတ်နိုင်ပါ။ သူမနှင့် ကျွန်တော့်ကြားတွင် နှစ်ဦးပိုင် သီးသန့်ကမ္ဘာမရှိပါ။ အချိန်ပြည့် ပူလောင်နေသော သဲကန္တာရလွင်ပြင်ကြီးတစ်ခုသာ ရှိနေသည်ဟု ကျွန်တော်တွေးခေါ်စပြုနေပါပြီ။ ဖြစ်နိုင်လျှင် သူမ၏ကြွေးမြီတွေကို သူမကိုယ်စား ကျွန်တော်ရှာဖွေပေးဆပ်ချင်ပါသည်။ ထိုကဲ့သို့လည်း ရည်ရွယ်ထားခဲ့ပါသည်။ သို့သော် အခုတော့ ကျွန်တော့်ထံတွင် အဲဒီ့စိတ်တွေ မရှိတော့ပါ။ သူမတန်ဖိုးမထားသော အရာတွေထဲတွင် ကျွန်တော့် အချစ်သည် ထိပ်ဆုံးမှာ ရှိနေခဲ့ပြီ။ အကယ်၍ သူမသည် ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ် ပြန်လည်တန်ဖိုးထားမည် ဆိုလျှင်တောင်မှ အတ်ာကလေးနောက်ကျနေပြီလို့ ကျွန်တော်ထင်သည်။ ကျွန်တော်သည် သူမကို မယုံကြည်တော့ပါ။ ကျွန်တော်သည် သူမအပေါ် စိတ်ပျက်နေခဲ့ပါပြီ။ ကျွန်တော်သည် သူမနှင့် ဘ၀ခရီးတစ်ခုကို လက်တွဲပြီး မလျှောက်ရဲတော့ပါ။ နောင်တစ်ချိန်တွင် မွေးဖွားလာမည့် ကျွန်တော့်သားသမီးများ၏ မိခင်အဖြစ် သူမကို နေရာမပေးချင်တော့ပါ။ ကျွန်တော် သူမကို ကြောက်ရွံ့နေခဲ့ပါပြီ။

အခုချိန်သည် သူမကို ဖြတ်တောက်မေ့လျော့ပစ်ရင် ကောင်းမလားလို့ ကျွန်တော်စဉ်းစားနေချိန်ဖြစ်သည်။ ကျွန်တော် ဒီလို စဉ်းစားနေမှန်းသာ သိခဲ့လျှင် ကျွန်တော်သည် သူမအတွက် သူရဲကောင်းတစ်ယောက်မဟုတ်မှန်း သူမ သေသေချာချာ တွေးထင်ကောင်း တွေးထင်သွားနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အမေးရှိလျှင် အဖြေကတော့ ရှိရမည်ပင်။

အဖြေ ၁။  ။               ကျွန်တော်၏ ချစ်သူမိန်းကလေးအတွက် ကျွန်တော်သည် သူရဲဘောကြောင်သော လူတစ်ယောက် ဖြစ်ပါသည်။

(၂)

မေးခွန်း ၂ ။               ။               သင်နေထိုင်သော ပတ်ဝန်းကျင်ဖက်မှ သင့်အပေါ် ထားရှိ သည့် သဘောထားကို အကြမ်းဖျဉ်း ခန့်မှန်းပြနိုင်ပါသလား။

ဒီမေးခွန်းကို မဖြေဆိုခင် အချိန်လေးအတွင်းမှာ ပြောစရာ အနည်းငယ်ရှိနေသည်။ တခြားမဟုတ်ပါ။ ကျွန်တော်နေထိုင်နေရသော ပတ်ဝန်းကျင် အကြောင်း ဖြစ်ပါသည်။ နောက်ပြီး ထိုပတ်ဝန်းကျင်နှင့် ကျွန်တော်၏ ဆက်ဆံရေးကိုလည်း ပြောပြချင်ပါသည်။

အတော်အတန်လူနေများသည့် ရပ်ကွက်တစ်ခုတွင် ကျွန်တော်နေထိုင်ပါသည်။ ကျွန်တော်နေထိုင်ရာလမ်းထဲတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ၍ တခြားလမ်းများတွင်လည်း အခြား လက်ဖက်ရည်ဆိုင်များ ရှိကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ လမ်းထဲတွင် လက်ဖက်ရည်ဆိုင်မှာ တစ်ဆိုင်သာရှိပြီး တခြားလမ်းများတွင် အနည်းဆုံး ၂ ဆိုင်စီတော့ရှိကြ၏။ ကျွန်တော် အဓိက ပြောပြလိုသည်မှာ တခြားလမ်းများသို့ သွားရောက်ကာ လက်ဖက်ရည် မသောက်လိုသော ကျွန်တော်အပါအ၀င် ကျွန်တော်တို့လမ်းထဲမှ လူတွေသည် တစ်ဆိုင်တည်းသော ဟောဒီလက်ဖက်ရည်ဆိုင်လေးမှာပဲ ထိုင်ကြရသည်။ ပြောရလျှင် ဒီလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်မှာ အလွန်ညံ့သည်။ စားပွဲခုံတွေသည် သန့်ရှင်းမှုမရှိဘဲ ဘာမှန်းမသိသော အညစ်အကြေးများနှင့် အစဉ်သဖြင့်ရှိနေတတ်ကာ လူလာထိုင်ပြီဆိုလျှင်လည်း စားပွဲထိုးများသည် အရေးမစိုက်ကြသဖြင့် အတန်တန်ခေါ်ယူမှ ရောက်လာတတ်ကြသည်။ သို့သော် လည်း ကျွန်တော်တို့လမ်းထဲမှ လူများသည် ထိုဒုက္ခများ ကင်းလွတ်ရာဖြစ်သည့် တခြားလမ်းမှ လက်ဖက်ရည်ဆိုင်များသို့ မသွားကြပါ။ ကိုယ့်လမ်းထဲက ဆိုင်ကိုသာ အစွဲကြီးစွာ အားပေး ကြပါသည်။ ဒါက ကျွန်တော် ပုံမှန်အားပေးနေကျဆိုင်နှင့် ကျွန်တော့်၏ ဆက်ဆံရေးဖြစ်သည်။

နောက်တစ်ခါ ကျွန်တော်၏ အိမ်နီးနားချင်းတွေအကြောင်းကို အနည်းငယ် ပြောပြလိုသည်။ ကျွန်တော်၏ အိမ်နားနီးချင်းတွေထဲတွင် မျက်နှာချင်းဆိုင်အခန်းမှ မိသားစုမှာ ကာရာအိုကေ သီချင်းများကို ကျယ်လောင်သော အသံဖြင့် မကြာခဏနှိပ်စက်တတ်ကြသူများဖြစ်ကာ  ကျွန်တော့်အိမ် အပေါ်ထပ်မှ လူများမှာမူ အောက်ထပ်သို့ မဆင်မခြင် ကွမ်းတံတွေးထွေး တတ် ကြသော လူများဖြစ်နေ၏။ တစ်ခါတစ်ရံ ကျွန်တော်စိတ်ပင်ပန်းနေစဉ်ခါတွင် ကျွန်တော့်အခန်းဖက်သို့လှည့်ထားသည့် မျက်နှာချင်းဆိုင်အခန်းမှ ကျယ်လောင်သော ဆောင်းဘောက်ဆီမှ ကီးကြောင်အသံများသည် ကျွန်တော့်စိတ်အား များစွာညစ်နွမ်းစေပါသည်။ ထို့ပြင် အပေါ်ထပ်မှ မဆင် မခြင်ထွေးထုတ်လိုက်သည့် ကွမ်းတံတွေးများသည်လည်း ၀ရန်တာမှာ လှမ်းထား သည့် ကျွန်တော့်အ၀တ်အစားများကို စွန်းထင်းစေသည့်အတွက် ထပ်မံ ဒေါသပွားရပြန်ပါသည်။

ထားပါတော့။ ခုလောက်ဆိုလျှင် ကျွန်တော်နေထိုင်သော ပတ်ဝန်းကျင်အကြောင်း တစ်စေ့တစ်စောင်းတော့ ပြောပြီးပြီဟု ယူဆပါမည်။ ဆက်လက်ပြောပြဖို့ရှိသည်မှာ ကျွန်တော်က ထိုပတ်ဝန်းကျင်အပေါ် ဆက်ဆံပုံ ဖြစ်၏။ ကျွန်တော်သည် လမ်းထဲမှ ထုံပေပေနိုင်သော စားပွဲထိုးများနှင့် ညစ်ပတ်သော အသုံးအဆောင်များရှိသည့် လက်ဖက်ရည်ဆိုင်အား ပေးချေရန် အကြွေးအနည်းငယ်ရှိပါသည်။ ထိုမျှသော အကြွေးငွေကို ပေးနိုင်စွမ်းရှိသော်လည်း ဘယ်သောအခါမှ ကျွန်တော် မကြေမပေးပါ။ တချို့ညနေများတွင် အိမ်သို့ အလည်လာလေ့ ရှိတတ်သော သူငယ်ချင်းများဖြင့် ကျွန်တော်သည် မျက်နှာချင်းဆိုင် အခန်းဖက်သို့လှည့်၍ စပီကာနှစ်ခုကို တွန်းရွှေ့ကာ ကာရာအိုကေရော့ခ်သီချင်းများကို အသံကုန်ဟစ်တတ်ပါ သေးသည်။ အပေါ်ထပ်မှ တစ်ခါတစ်ရံ လှမ်းထားသော အ၀တ်များ ကျွန်တော့်အခန်းသို့ မတော်တဆလွင့်ပါရောက်ရှိလာလျှင်လည်း ကျွန်တော်သည် ထိုအ၀တ်အစားများကို နောက်ဖေး မီးဖိုချောင်တွင် အသုံးပြုတတ်ပါသည်။ တကယ်တော့ ထိုအပြုအမူများသည် ပတ်ဝန်းကျင်က ပြောင်းပေးသော အရောင်အတိုင်း ကျွန်တော်နေလိုက်မိခြင်းသာဖြစ်ပြီး နည်းနည်းမှ မကောင်းမှန်း ကျွန်တော် သိပါ၏။ သို့သော်….

အဖြေ ၂    ။               ။ကျွန်တော်နေထိုင်သော ပတ်ဝန်းကျင်ဖက်မှ ကျွန်တော့်အား ရန်လို၍ လက်တုန့်ပြန်တတ်သော ၀ံပုလွေတစ်ကောင်အဖြစ် သဘောထားနေနိုင် ပါသည်။

(၃)

မေးခွန်း ၃။                ။               သူငယ်ချင်းမိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် သင်သည် ဘယ်နှစ်ရာခိုင်နှုန်း ရိုးသားမှုရှိသည်ဟု ထင်ပါသလဲ။

တော်တော့်ကို သတိထားဖြေဆိုရမည့် မေးခွန်းဟု ကျွန်တော်ယူဆသည်။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေအပေါင်းအသင်းဆိုသည်မှာ အမျိုးမျိုးအစား စားရှိပြီး ရင်းနှီးမှုဒီဂရီမှာလည်း တစ်ဦးနှင့်တစ်ဦး တသမတ် တည်းတူညီမှု မရှိသောကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်သည် သူငယ်ချင်း မိတ်ဆွေများအား ရင်းရင်းနှီးနှီး ဆက်ဆံလေ့မရှိပါ။ ကျွန်တော်နှင့် ၀ါသနာတူ အလုပ်တူ နေရပ်တူ သူငယ်ချင်းများဖြင့်သာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ပါသည်။ သို့ရာတွင် လူမှုရေးပြဿနာဆိုသည်မှာ သူငယ်ချင်း မိတ်ဆွေများကြားတွင် အနည်းနှင့် အများတော့ သူသူကိုယ်ကိုယ် ရှိတတ်ကြစမြဲပင်။

ဘယ်နေရာက ကြားဖူးမှန်းမသိတော့သော စကားပုံတစ်ခုကို ကျွန်တော် ရုတ်တရက် အမှတ်ရလိုက်မိ၏။ စကားပုံအရ မိတ်ဆွေအပေါင်းအသင်းဆိုသည်မှာ ရေမှန်မှန်လောင်းရသည့် ပန်းပင်နှင့်တူသည်။ ရေမှန်မှန်မလောင်းလျှင် ပန်းပင်ကလေးသည် ညှိုးရော် သေဆုံးသွားမည်ဖြစ်သကဲ့သို့ မိတ်ဆွေ အပေါင်းအသင်းများကို ဆက်ဆံရာတွင်လည်း လွန်မင်းစွာ အဆက်အသွယ်ပြတ်တောက်သွားခဲ့လျှင် စိမ်း၍သွားတတ်သည်။ သည့်နောက်တွင်တော့ မိမိနှင့် မိတ်ဆွေများကြားရှိ သံယောဇဉ်မှာ တခြားလူစိမ်းများလိုပဲ ဖြစ်သွားပေတော့မည် ဖြစ် သည်။ သို့သော်လည်း ကျွန်တော်တို့သည် ရှုပ်ထွေးနေသည့် လောကဓံပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် ဆက်ဆံရေး ပန်းပင်ကလေးအား ရေအစဉ်မှန်မှန်လောင်းရန် မလွယ်ကူပေ။ ဤသည်မှာ  ကျွန်တော်တို့ တစ်ဦးချင်းစီ၏ ချို့ယွင်းချက်ဖြစ်နိုင်ပြီး ထို့အတွက်ကြောင့် ကျွန်တော်တို့ဘ၀တွင် မိတ်ဆွေအပေါင်းအသင်း မည်မျှဆုံးရှုံးခဲ့ပြီးပါသနည်း။ ၀မ်းနည်း တတ်မည်ဆိုလျှင် ၀မ်းနည်းစရာပင်။

ကျွန်တော်၏ ဘ၀တွင် ကျောင်းခန်းထဲ၊ အလုပ်ထဲ၊ ရပ်ကွက်ထဲမှာ ခင်မင်သည့်မိတ်ဆွေများထက် ဘောလုံးကွင်းထဲတွင် ခင်မင်သည့် မိတ်ဆွေများက ထူးခြားစွာပဲ အရေအတွက် ပိုများပါသည်။ ဒါကလည်း ကျွန်တော်သည် ဘာလုံးအားကစားကို ရူးသွပ်ခုံမင်သူ တစ်ယောက်ဖြစ်တာကြောင့်ပင်။ ဘောလုံးအားကစားဆိုသည့်အတွက် မိတ်ဆွေပေါသလို ရန်ဖက် လည်းများခဲ့ပါသည်။ ငယ်စဉ်က အင်မတန် ခင်မင်ခဲ့ဖူးသော သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အား ဘောလုံးကွင်းတွင်း နင်ပဲငဆအထက်ဆီးမှ ပြောဆိုခဲ့သောကြောင့် ကျွန်တော် ပြန်လည်လက်စားချေခဲ့ဖူးသည်။ ထိုကိစ္စကြောင့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားသော်လည်း ကျွန်တော်မည်သည့်အခါကမျှ နောင်တမရခဲ့မိဖူးပါ။ (အဆိုပါ သူငယ်ချင်းက ကျွန်တော့်အပေါ် မည်သို့သဘောထားသွားမည်နည်း) ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်သည် ကျွန်တော့်အား နာလိုခံခက်သည့် စကားများကို အများရှေ့တွင် ပြောသောအခါ ကျွန်တော်က ပုဂ္ဂိုလ်ရေးထိုးနှက်ချက်အဖြစ် ယူဆပြီး ပြန်လည်လက်စားချေခဲ့ဖူး၏။ (အဆိုပါ သူငယ်ချင်းက ကျွန်တော့်အပေါ် မည်သို့သဘောထားသွားမည်နည်း)

ကျွန်တော့်ဘ၀တွင် သူငယ်ချင်းလည်းဖြစ် ကျွန်တော် ချစ်မိသူလည်းဖြစ်သော မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးသည်။ ကျွန်တော်သည် ထိုသူငယ်ချင်းအပေါ် ပြောပြရန် ခက်ခဲသော ကျေးဇူးကြွေးရှိခဲ့ဖူးကာ မည်သည့်အခါမျှ ပြန်ဆပ်နိုင်တော့မည်မထင်ပါ။ ပြန်ဆပ်ဖို့လည်း ကျွန်တော် မစဉ်းစားချင်တော့ပါ။ ပြန်တွေးမိတိုင်း နာကျင်နေရသည့် ကိစ္စတစ်ခုအဖြစ်သာ တစ်သက်လုံး တည်ရှိသွားရတော့မည်ဖြစ်၏။ (အဆိုပါသူငယ်ချင်းက ကျွန်တော့် အပေါ် မည်သို့သဘောထားသွားမည်နည်း) ကျွန်တော့်အား အင်္ဂလိပ်စာလာရောက် သင်ကြားပေးသော ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။ ငွေကြေး အဆင်မပြေသည့် ထိုဆရာသူငယ်ချင်းအား ယခုအချိန်ထိ ကျွန်တော့်ဖက်မှ ကြီးမားသော အကူအညီပေးနိုင်ခဲ့ခြင်းမရှိသည့်အပြင် သူ့ထံမှ အကူအညီများသာ ရယူခဲ့ဖူးသည်။ အခုတော့ ထိုဆရာသူငယ်ချင်းနှင့် အဆက်အသွယ် မရတော့ပါ။ (အဆိုပါ သူငယ်ချင်းကရော ကျွန်တော့်အပေါ်မည်သို့ သဘော ထားသွား မည်နည်း)

အရင်းစစ်ကြည့်လျှင် ကျွန်တော်၏ဘ၀တွင် ရေမှန်မှန်မလောင်းသဖြင့် ညှိုးရော်သေဆုံးသွားခဲ့သည့် ပန်းပင်ကလေးများ မြောက်များစွာ ရှိနေခဲ့ဖူးကာ မိတ်ဆွေသူငယ်ချင်းအပေါင်း အသင်းများ၏ ဆက်ဆံရေး ပြတ်တောက်မှုသည်လည်း ကျွန်တော့်မရိုးသားမှုများကြောင့်ပင် ဖြစ်မည်ဟု သဘောပိုက်ရပါသည်။ ထို့ကြောင့်…

အဖြေ ၃    ။               ။               ကျွန်တော်သည် သူငယ်ချင်းမိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ရံဖန်ရံခါ ရာနှုန်းပြည့် ကောက်ကျစ်တတ်ပါသည်။

(၄)

မေးခွန်း ၄။                ။               မိသားစုရာဇ၀င်တွင် သင်သည် လိမ္မာရေးခြားရှိပြီး စံနမူနာဖြစ်ဖွယ် သားသမီးတစ်ယောက်ဖြစ်ပါသလား။

ဘယ်ဖက်က လှည့်တွေးတွေး သေချာပေါက်အနှုတ် လက္ခဏာပြမည့် အဖြေထွက်စေသော မေးခွန်းပဲဖြစ်သည်။ အကြောင်းကတော့ ကျွန်တော်သည် မိသားစုတွင် ဘယ်တုန်းခါကမှ ထူး ထူးခြားခြား လိမ္မာနေသူတစ်ယောက်မဟုတ်ခဲ့တာကြောင့် ဖြစ်သည်။ အထူးသဖြင့် မိသားစုဆီသို့ ရံဖန်ရံခါ သယ်ဆောင်လာတတ်သော ကျွန်တော်၏ ပြဿနာများနှင့် မိဘနှစ်ပါး၏ ဆန့်ကျင်ဘက်အရပ်တွင် အမြဲလိုလို ရောက်ရှိနေခဲ့သည့် အတွေး အခေါ်များ ရှိနေခြင်းပဲ ဖြစ်သည်။

ကျွန်တော်သည် မိသားစုတွင် စာတော်သော သားသမီး တစ်ယောက် မဟုတ်ခဲ့ပါ။ (သာမန်ထက်တောင် ညံ့လိမ့်ဦးမည်ထင်ပါသည်) ကျွန်တော်သည် မိသားစုတွင် အကြီးဆုံးသားဖြစ် သော်လည်း ကျွန်တော့်အောက်မှ ညီနှင့်ညီမအတွက် စံနမူနာယူထိုက်ဖွယ် အစ်ကိုကြီး မဖြစ်ခဲ့ပါ။ (အူကြောင်ကြောင် ဂေါက်စီစီအစ်ကိုကြီးဟုတော့ ယူဆပြီးနိုင်လောက်သည်) ထို့ပြင် ကျွန်တော်သည် တစ်ခါတစ်ရံ အပြင်အပမှ လူများနှင့် ခိုက်ရန်ဖြစ်ပွားတတ်ကာ နိုင်သည့်အခါနိုင်၍ ရှုံးသည့် အခါရှုံးသည်။  နိုင်သည့်အခါ မသိသာသော်လည်း ရှုံးသည့်အခါ ပေါက်ပြဲ ဖူးရောင်၍ ညနက်သန်းခေါင်မူးရူး ပြန်လာသော ကျွန်တော်ကြောင့် မိဘတွေ သောကပွေရပေါင်းများခဲ့သည်။ အချစ်ရေးပြဿနာများကြောင့် ကိုယ့်ကိုယ်ကို မကြာခဏ သွေးထွက်သည် ထိ ညှဉ်းပန်းမိသည့် ဒဏ်ရာဒဏ်ချက်များကလည်း မိဘနှစ်ပါးကို ရတတ်ပွေစေခဲ့သည်။ ထို့ပြင် မိသားစုတွင်း အရေးကြီးအရာများ ဆွေးနွေးတိုင်ပင်လျှင်လည်း ကျွန်တော်၏ အတွေး အခေါ်များက ကန့်လန့်သဘော ဆောင်နေတတ်သေးပြန် သည်။ (ဘယ်လောက်တောင် မွေးထားဖို့ ကောင်းလိုက်ပါသနည်း)။

သို့သော်လည်း မိသားစုနှင့် ကျွန်တော့်ကြားမှ တချို့ကိစ္စများသည် ကျွန်တော့်အမှားများချည်းတော့ မဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့် လူကြီးလူငယ် ပြဿနာမျိုးတွေလည်း အများကြီးပါရှိပါ သေးသည်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်းတွင်တော့ မိသားစုဆိုသည်မှာ မည်သည့်လူမျိုး မည်သည့်ဘာသာဝင်ပဲဖြစ်စေ တစ်ခုတည်းသော နွေးထွေး လုံခြုံမှုပေးနိုင်သည့် ကိုယ်ပိုင်အသိုက်အမြုံတစ်ခုဆိုတာကိုတော့ ကျွန်တော် ကောင်းစွာ သိထားပြီးဖြစ်သည်။ မိသားစုထက် ပိုပြီး တွယ်တာမိခဲ့သော ကျွန်တော့်ချစ်သူက ကျွန်တော့်မွေးနေ့ကို သတိမရ။ ထိုအချိန်တွင် ကျွန်တော့်ကိုဟက်ပီးဘတ်ဒေးဟု ပြောကြသူများမှာ ကျွန်တော့်မိသားစုဝင်များသာ ဖြစ်သည်။ စိတ်လေနေသော ကာလတွေမှာ ရန်ဖြစ်ကွဲပြဲ ဖူးရောင်လာသည့် ကျွန်တော့် ဒဏ်ရာများအတွက် နှစ်သိမ့်သူများမှာ ကျွန်တော့် မိသားစုဖြစ်သည်။ ကျွန်တော့်ကို လိုအပ်မှ သုံးသည့် ချစ်သူတွေ တစ်ယောက်မှ မဟုတ်။

ဤမေးခွန်း၏အဖြေကို ဖြေဆိုရာတွင် တခြားသူများ ကျွန်တော့် ထက် ပိုမိုကောင်းမွန်စွာ ဖြေဆိုနိုင်ရန် မျှော်လင့်သည်။ ကျွန်တော်ကတော့ မှန်သည်ဟု ထင်မြင်ရာကိုပဲ ဖြေလိုက်ပါသည်။ နှောင်းလူများ ကျွန်တော့်အဖြေအား အတုမခိုးမိစေဖို့ လေးလေးနက်နက် ဆန္ဒပြုမိ၏။

အဖြေ ၄    ။               ။               မိသားစုရာဇ၀င်တွင် ကျွန်တော်သည် တာဝန်မဲ့ကာ အတန်ငယ်ဆိုးသွမ်းစာရင်းဝင်သော သားမိုက်တစ်ယောက်သာ ဖြစ်ပါသည်။

(၅)

မေးခွန်း ၅။                                ။               အထက်ပါမေးခွန်းများကို ဖြေဆိုပြီးချိန်တွင် ထွက်ပေါ်လာသော အဖြေများအရ သင့်ကိုယ်သင် မည်သို့ ခံစားရသနည်း။

မေးခွန်းများ၏ အဆုံးသတ်မေးခွန်းဖြစ်မည်ထင်သောကြောင့် အဖြေများ၏ အဆုံးသတ်အဖြေကို ဖြေဆိုပေးပါမည်။ မဖြေဆိုခင်အချိန်တွင်းမှာတော့ အထက်က ဖြေဆိုပြီး အမေးနှင့် အဖြေများကို အနည်းငယ်လောက်ဖြစ်ဖြစ် ပြန်လည်၍ ပိုင်းဆစ်ဝေဖန်ပြချင်ပါသေးသည်။

ကျွန်တော်သည် ယခုအချိန်ထိ ဘ၀လက်တွဲဖော်ချစ်သူကောင်းတစ်ယောက်ကို ရှာမတွေ့နိုင်သေး။ လက်ရှိ ချစ်သူကိုလည်း ဘယ်လိုမှ သဘောမကျတော့သော အခြေအနေလည်း ဖြစ် နေသည်။ ကျွန်တော်နေထိုင်သည့် ပတ်ဝန်းကျင်ကလည်း တစ်ယောက်အမှား တစ်ယောက် စောင့်ကြည့်ကာ အလစ်ထိုးခုတ်ချင်နေသူတွေ ပြည့်နေသည်။ ကျွန်တော့် လက်ထဲတွင်ပင် တခြားသူကို အလစ်ထိုးခုတ်ရန် လက်စားချေတတ်သည့် ဓားတစ်ချောင်းက ကိုင်လျက်သားရှိနေ၏။ ဘ၀ပေးအရ သူငယ်ချင်းတွေအပေါ် ကျေးဇူးကြွေးများစွာလည်း ရှိနေပြီး ထိုသူငယ်ချင်းတွေအပေါ် တတ်နိုင်တာထက် ပိုမို၍ ရိုးသားပေးဆပ်ဖို့ မေ့လျော့နေမိသည်။ မိသားစုစာမျက်နှာများ တွင်လည်း ကျွန်တော်သည် ဖျက်ရာများစွာနှင့် ဖတ်ရှုရခက်ခဲသည့် သွေးစို့ စာမျက်နှာတစ်ရွက်အဖြစ် ရှိနေပြီ။

တကယ်တမ်းတွင်မူ ကျွန်တော်သည် ချစ်ခြင်းမေတ္တာ ရာနှုန်းပြည့် ပါဝင်ကာ နားလည်မှုအပြည့်ရှိသော ချစ်သူတစ်ယောက်ကို လိုချင်ခဲ့သည်။ နေထိုင်ချင်စဖွယ်ကောင်းသော လူနေမှုပုံစံ မြင့်မားသည့် ပတ်ဝန်းကျင်တစ်ခုကိုလည်း ကျွန်တော်မျှော်လင့်ခဲ့သည်။ တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီကာ စာနာမှုအပြည့်ရှိသည့် မိတ်ဆွေသူငယ်ချင်းများကိုလည်း ခင်မင်ရင်းနှီး ချင်ခဲ့သည်။ မိသားစုသမိုင်းတွင် လေးစားဂုဏ်ယူစရာကောင်းသော အကြီးဆုံး သားတစ်ယောက်ဖြစ်ချင်ခဲ့သည်။ ဒါတွေက ကျွန်တော့်ဖက်မှ လိုလားချက်များသာဖြစ်၏။ ဘ၀ဆိုသည်မှာ ကျွန်တော်တို့ ယုံကြည်ကိုးစားထားသလို ဘယ်တော့မှ ဖြစ်မလာသည့် စကားလုံးတစ်ခုများလားမသိ။ လက်တွေ့ရင်ဆိုင်နေရတာနှင့် စိတ်ကူးမျှော်မှန်းထားသည်များက အစဉ်သဖြင့် ကွဲလွဲနေတတ်သည်။

တစ်ချိန်ချိန်မှာ မိုးဦးရောက်လာဖို့ကို စောင့်ဆိုင်းနေရသည့် သစ်ခြောက်ပင်တစ်ပင်ကဲ့သို့ ဘ၀ကို ကျွန်တော်ဖြတ်သန်းနေမိပြီထင်သည်။ မိုးဦးရောက်လာချိန်ကျလျှင်တော့ ပန်းပွင့်နှင့် သီးနှံတွေ ဝေဆာစွာ သီးပွင့်ပစ်လိုက်မယ် စိတ်ကူးထားသည်။ သို့သော်လည်း ကျွန်တော့်သစ်ခြောက်ပင်၏ အမြစ်တွေသည် မိုးဦးရောက်သည်ထိ ရှင်သန်နိုင်ပါဦးမည်လား။ ယခုပင် အမြစ်တွေသည် သွေးဆုတ်သေဆုံးစပြုနေပါပြီလား။

အဖြေ ၅။  ။               မေးခွန်းအားလုံးအား ဖြေဆိုပြီးချိန်တွင် ရရှိလာသော အဖြေများအရ ကျွန်တော်သည် အမြစ်မဲ့နေသည့် သစ်ပင်တစ်ပင်အဖြစ် ကိုယ့်ကိုယ်ကို ခံစား မိပါသည်။

လွန်းဆက်နိုးမြတ်

ဖက်ရှင်၊ မေ၊ ၂၀၀၉

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ခေတ်ဖုန်းမို

မဦးမချွတ်အနမ်း

မဦးမချွတ်အနမ်း

အထီးတည်း ဖြစ်မှုရဲ့ ပေါင်မုန့်တစ္ဆေခြောက်လှန့်ရာ နေ့ခင်းနေ့လယ်ဝါကျတွေပြည့်လျှံသွားသည်ထိ
မိုးဟာ လည်ကုတ်သားဖွေးဖွေးကလေးပေါ်ကနေတဆင့် နားရွက်တွေဆီ မနားတမ်းရွာသွန်းတယ်
တ၀ုန်းဝုန်းနဲ့ဆိုတော့ နင်ငုံ့ရှောင်ချိန်တောင်မရလိုက်ဘူးမဟုတ်လား နှုတ်ခမ်းတွေပေါ် ချော်လဲရောထိုင်
လိုက်လေ ပြီးပြီးရော မလုပ်နဲ့ဟယ် ငါခက်တယ် လျှာရင်း လျှာဖျား လျှာဘေးသားတစ်လျှောက်
လေတွေကြမ်းလာတယ် လေနဲ့အတူ ကြယ်တံခွန်တွေပါလာတယ် ပင်လယ်မှာ အပျော်တမ်းလှိုင်းစီးရ
သလိုပဲကွာ နေကြာစေ့ခွံကလေးကို ရှေ့သွားကလေးနဲ့ ဖောက်ခနဲဖောက်လိုက်တယ် မြည်သံစွဲတွေ
ထည့်ဖျော်စပ်ဖို့လည်း မေ့မပစ်ရဘူးနော် မီးရောင်စုံညကလေးထဲ စိတ်ကူးတစ်ခြမ်းကျွံဝင်ကျသွားတာ
ကော်ဖီခွက်ကလေးကို မသောက်ခင်မှာ တဖူးဖူးမှုတ်ဖို့ ရှေ့တိုးထွက်လာတဲ့ နှုတ်ခမ်းဟဟလေးတစ်စုံ
စိုလက်နေတဲ့ မှန်ပြတင်းတွေပေါ် မိုးရေစက်တွေ ယိုစီးကျနေတုန်းပဲရှိသေးတယ် လှိုက်ဖိုမောလာတယ်
အမြင့်တစ်နေရာကနေ ဟိုးအနက်ရှိုင်းဆုံးအောက်ခြေဆီ တစ်ရှိန်ထိုးပစ်စလတ်ခတ်ပြုတ်ကျသွားပုံမျိုး
အပေါ်သွားကလေးနဲ့ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ပြလိုက်တာ ငါဖျားသွားတယ် အတည်ရွာမလို
ရွာမလိုနဲ့ မီးရှူးမီးပန်းတွေပစ်ဖောက်ပြီး နင်ပျော်ရွှင်သွားတဲ့ ပန်းချီကားလေး ငါငေးနေလိုက်တယ်
တစ်ကွေ့ကွေ့မှာ ပက်ပင်းလွဲချော်သွားပြီးနောက် မြို့တွေ ရွာတွေလည်း သိမ်းပိုက်ခံထားရပြီးပြီပဲ
နင်ဘာတွေလိုအပ်နေသေးလဲ သက်တံ့ကိုင်းကို မမှီမကမ်း လှမ်းဆွဲချလိုက်လို့ ငါ့အပေါ် ဖြူနီပြာဝါတွေ
ဖြန်းခနဲ ရောင်စုံလာစင်တယ် တကယ်ပါ ငါက ဒီကိစ္စမှာ အရိုင်းပါ ဘယ်ပုံစရွာသွန်းရမယ်မသိခင် အဖျား
ရှူးသွားတယ် နေပြန်ပွင့်လာတယ် ရွှံ့နွံထဲ ကြယ်တွေ ပြန်ဝင်တာ မြင်တော့မှ ရှုံးနိမ့်ပြီးမှန်းသိတော့တယ်။        ။

လွန်းဆက်နိုးမြတ်
၁၀.၁၀.၁၁
၁၂း၀၀နာရီ