နေရာအခုဆောင်း
ကိုယ့်လက်ဝဲဖက်လက်မကို မှင်အပြာရောင်သုတ်ပြီး
အပေါင်စာရွက်ဘောင်ချာပေါ်မှာတစ်ချက် လက်ခံစာရွက်
ပေါ်မှာတစ်ချက် ဖိထောက် လက်ဗွေရာပေးလိုက်ရုံနဲ့
ကိုယ်ပိုင်ပစ္စည်းတစ်ခုဟာ ကိုယ်လိုအပ်သလောက်
ငွေစက္ကူတွေအဖြစ် ခေတ္တလဲလှယ်ခွင့်ရသွားတယ်။
လတ်တလော ကိုယ့်အခက်အခဲအတွက် တန်ဖိုးရှိပစ္စည်းတစ်ခုဗန်းပြပြီး
နောင်အနာဂတ်ထဲကနေ ချေးယူသုံးစွဲတဲ့ သဘောပဲ။
ဆေးရုံဆေးခန်းတွေမှာ လူရှုပ်တာမကောင်းဘူး။ သင်္ချီုင်းကုန်းမှာ
သေလူမပြတ်တာ မကောင်းဘူး။ အပေါင်ဆိုင်မှာ လူစည်တာလည်း
အလားတူ။ စောစောစီးစီးထွက်လာတာတောင် ကိုယ့်ထက်အရင်
ရောက်နေနှင့်တဲ့ အခြားဘ၀တွေရဲ့ အနာဂတ်ချေးယူသုံးစွဲမှု။
အပေါင်ဆိုင်ထဲကထွက်လာတော့ ကိုယ့်စက်ဘီးကို ဆောင်းလေအေးက
လာတိုးဝှေ့တယ်။ တစ်ဆောင်းသစ်ပြန်ပြီ။ ဒီနှစ်ဆောင်းအတွက်
ကိုယ်ဘာမှမပြင်ဆင်ရသေးဘူး။ နိဒါန်း စာကိုယ် နိဂုံးမရှိသေးရုံမက
ဘာခေါင်းစဉ်နဲ့ပဲ လာလာ မဖွဲ့နွဲ့နိုင်တဲ့ စာစီစာကုံးတစ်ပုဒ်လို
ဒီနှစ်ဆောင်းကို ကိုယ်ခံစားရတယ်။ အိမ်ပြန်ရောက်မဆိုက် နေရာတစ်ခုကို
သွားရောက်ဖို့ ကိုယ်အရေးကြီးရတယ်။ လက်ဖက်ရည်လည်း မဖျော်နိုင်ဘူး။
ဟမ်းဖုန်းဘက်ထရီလည်း အားပြည့်အောင် ဖြည့်မနေအားဘူး။
နေရာတစ်ခုရှိတယ်။ ကိုယ်အခုသွားရမယ်။ နေရာအခုသွားရမယ်။
လက်ရှိကိုယ်နေထိုင်တဲ့ တိုက်ခန်းကို ရောင်းချလိုက်ပြီပဲ ဆိုပါစို့။
နေရာအခုသွားရမယ်။ နေရာတစ်ခုမှာ မြေကွက်လွတ်လေးတစ်ခုရှိတယ်။
ကိုယ်ဟာ မြေကို ချစ်တယ်။ မြို့ပြရဲ့ တိုက်ခန်းယဉ်ကျေးမှုဟာ ရေရှည်မှာ
ကိုယ်နဲ့ သိပ်မကိုက်ဘူး။ မိုးလင်းမိုးချုပ် အပေါ်ထပ်နဲ့ အောက်ထပ်က အပူတွေ။
နေရာအခုကို ကိုယ့်မိဘတွေရဲ့ ငွေစက္ကူတွေနဲ့ စိုက်ဝယ်ပေးထားတာ။
လက်ရှိတိုက်ခန်းကို ရောင်းလိုက်ရင် ရတဲ့ငွေစက္ကူတွေကို နေရာအခုက
မြေကွက်လွတ်အတွက် ကိုယ်ပြန်ပေးချေရမှာ။ မရောင်းရသေးခင် လက်ရှိနဲ့
လက်မဲ့စပ်ကြားမှာတော့ ဖြစ်သမျှကို လေခဏ သလပ်ထားတယ်။
တစ်နည်းအားဖြင့် ဒါဟာ နောင်အနာဂတ်ထဲကနေ ချေးယူသုံးစွဲတဲ့ သဘောပဲ။
နေရာအခုဆီ ကိုယ်ရောက်သွားတော့ မြေကွက်လွတ်ဟာ မြက်တွေ
ထနေတယ်။ မြေကြီးကို ချစ်လို့ အလုပ်သမားမခေါ်တော့ဘဲ ကိုယ်တိုင်ရှင်းဖို့
ဆုံးဖြတ်လိုက်တယ်။ ပေါက်တူး တူးရွင်း ဓားတစ်လက်နဲ့ မြေကွက်လွတ်ကို
ကိုယ်ရှင်းဖို့ ကြံတယ်။ ဘာဖြစ်လို့မှန်းမသိဘူး။ အရေးကြီးတဲ့ ထွန်ခြစ်က
ပါမလာဘူး။ မြက်တွေက ပေါက်ရုံနဲ့မရဘူး။ ပေါက်ပြီး ဆွဲမှ အောက်ခံမြေကြီး
ပေါ်လာတယ်။ မြက်အောက်ခြေဟာ ရှည်လျားရှုပ်ထွေးပြီး ဆွဲငင်အားအပြည့်။
ပုရွက်ဆိတ်နီတွေ ထွက်လာတယ်။ ခြတောင်ပို့တစ်ခု ပေါ်လာတယ်။
ခရုတွေ တက်မနင်းမိအောင် သတိထားရှောင်ရှားရတာလည်း အလုပ်ကြီးတစ်ခု။
နေရာတစ်ခုရဲ့ အောက်ခံမြေသားဖြူလွှလွှပေါ် ချွေးစက်တွေနဲ့ ကိုယ် ထိုင်ချ
ပစ်လိုက်တယ်။ မြက်ရိုင်းရှည်တွေနဲ့အတူ တောပန်းလေးတွေတွေ့တော့
သူမကို သတိရတယ်။ လှတာ မလှတာထက် သူမဦးခေါင်းထက်မှာ
တောပန်းလေးတစ်ပွင့် ပန်ပေးချင်တဲ့ စိတ်ကလေးမျှသာပါပဲ။
အဲဒီ့စိတ်ကလေးနဲ့ ဟမ်းဖုန်းကို ဖွင့်ပြီး သူမအလုပ်လုပ်နေတဲ့ဆီ
လှမ်းဆက်သွယ်လိုက်တယ်။ ဖုန်းသံဟာ တတူတူနဲ့ အဝေးထွက်ခွာနေတယ်။
ဓားခုတ်ကောင်အနှံ့အပြားမှာ မြက်တောတွေကို တွေ့တယ်။ ခဏနေတော့
ကိုယ်ရှိရာ နေရာတစ်ခုအရပ် သူမရောက်လာတယ်။ မှင်အပြာရောင်
ပေစွန်းနေတဲ့ လက်ဝဲဖက်လက်မနဲ့လက်ညိုးကြားကနေ တောပန်းကလေး
သူမဆီ ကမ်းပေးလိုက်တယ်။ သူမကိုကြည့်ရတာ ဒီနှစ်ဆောင်းကို
ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သေးဟန်မတူဘူး။ ။
လွန်းဆက်နိုးမြတ်
၁၆.၁၁.၁၁
နံနက်၀၀း၁၀နာရီ
မြေလွတ်လေး မြက်ရှင်းတာ ကို သေချာကို မြင်အောင် ရေးတတတ်ပါပေ့။ ဒီကဗျာလေး ကြိုက်တယ်။ စာအကြွေးတွေရှိသေးတာ လာဖတ်ဦးမယ်။
ဇင်ကို.. cbox မထားဘူးလား ? အော်ချင်ရာအော်ထားခဲ့လို့ရတာပေါ့…. 😉
အခေါ်အဝေါ်အပြောအဆိုထောက်ခြင်းအားဖြင့် ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ယောက်ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လာဖတ်ပေးတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ cboxက ဘလော့ဂ်စရေးကတည်းက တပ်မထားမိတာပါ။ ဘယ်လို တပ်ရမှန်းမသိတာလည်း ပါပါတယ်။ ခုတော့လည်း အသားကျနေပါပြီ ခင်ဗျား။(ဒါနဲ့ပတ်သတ်ပြီး “ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာ´´ဆိုတဲ့ ကဗျာတစ်ပုဒ်တောင် ရေးတင်ထားပါသေးတယ်။ အပန်းမကြီးရင် ဒီဘလော့ဂ်ထဲမှာ ရှာဖတ်စေလိုပါတယ်ခင်ဗျာ)
ဇင်ကိုရေ ကဗျာတွေချရေးဖြစ်တိုင်း ပထမဆုံးကျောင်းမှာ ကဗျာစာအုပ်လေးလုပ်ဖြစ်တုန်းကသုံးဖြစ်တဲ့ နာမည်ကိုပဲ သုံးနေဖြစ်တဲ့ တစ်ယောက်ပါ(ဟုတ်ပါတယ် ကျောင်းတုန်းက သူငယ်ချင်းပါ) first year တုန်းက ထုတ်တဲ့ ရင်ခုန်ဗုံသံ စာအုပ်လေးကို မမေ့သေးရင် သိမယ်ထင်ပါတယ်… 😛
`ရင်ခုန်ဗုံသံတို့ရဲ့ ကြယ်စုံပွဲတော်´´ ကဗျာစာအုပ်လေးကို မမေ့ပါခင်ဗျာ။ ကျွန်တော်ပေးတဲ့ စာအုပ်ခေါင်းစဉ်ကို စောဒကမတက်ခဲ့ကြတဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေကိုလည်း ကျေးဇူးအမြဲတင်ပါတယ်။
`ကျွန်တော်အမှတ်မမှားရင် အရိပ်ကလောင်ရှင်ဟာ မချိုမွန်သန်းထင်ပါတယ်။ ပြန်ဆုံရတာ ၀မ်းသာပါတယ် အစ်မရယ်။ စာကဗျာတွေ ရေးဖြစ်နေတာ တွေ့ရတဲ့ အတွက်လည်း ပိုဝမ်းသာပါတယ်ခင်ဗျာ။ ကျွန်တော် ညွှန်းတဲ့ “ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာ´´ကဗျာကို ဖတ်ဖြစ်အောင် ဖြစ်ပေးတဲ့ အတွက်လည်း ကျေးဇူးပါခင်ဗျာ။
ဇင်ကို မှားနေသေးတယ် ထားလိုက်ပါတော့ ..ဖိုးချိုကို ပြန်ပြောပြလိုက်မယ်… 😛 ဇင်ကို က ဖိုးချို့နာမည်ကို အကုန်လုံးသိနေသေးတယ်လို့… ဖိုးချိုကြီးလည်း တို့လိုပဲ စိတ်ထဲရှိရင် ကဗျာချရေးနေတုန်း….
တိန်…
“မျောက်မင်းစွန်းဝူခုန်းလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်ရင်း ဘယ်လက်ဖမိုးပေါ် ညာ လက်ချောင်းများနဲ့အသာကုတ်ရင်း ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာမှာ ကိုယ့်ခမျာ ယားကျိကျိ။ ။” တဲ့… ရေးတတ်ပါ့ ဇင်ကိုရယ်…