မရေမရာ ဖီလိုဆိုဖာ

မရေမရာ ဖီလိုဆိုဖာ

ဤဇာတ်လမ်းကို ကျွန်တော်၏အခြားသော ခပ်ညံ့ညံ့ဇာတ်လမ်းများအတိုင်း အဆီအငေါ်မတည့်သော စိတ်ခံစားချက်များဖြင့် အခြေပြုဖွဲ့တည် ထားပါသည်။

(၁)

ကမ္ဘာကျော်လူလည်ကြီးများ ကုမ္ပဏီအမှတ်တံဆိပ်ပါ ဘီယာတစ်ဗူးအား ဖွင့်ပေါက်သောက်လိုက်ရာ အထဲမှ ပြင်းရှသော ဘီယာရည်များထွက် ကျမလာဘဲ ရယ်မောသံအတုများကသာ ရင်ဘတ်ထဲသို့ တဟီးဟီး ဟားဟား အော်ဟစ်စီးဆင်းသွားကြလေသည်။

ထိုရယ်မောသံအတုများထဲတွင် သူ့မိတ်ဆွေများ၏ ရယ်မောသံအတုများ၊ တီဗွီကြော်ငြာတစ်ခုထဲမှ ရယ်မောသံအတုများ၊ သူ့ချစ်သူများ၏ ရယ်မောသံအတုများ၊ အညံ့စားဝတ္ထုတစ်ပုဒ်ထဲမှ ရယ်မောသံအတုများနှင့် မရယ်ရသော ပြက်လုံးတစ်ခုမှ ရယ်မောသံအတုများ စသည်တို့ ပါဝင် ကြသည်။

သို့ရာတွင် လွန်ခဲ့သော နှစ်များဆီမှ သူမ၏ ရယ်မောသံများကတော့ အစစ်ဖြစ်ခဲ့နိုင်ပါသည်။

အဲသည့်နေ့က သူမသည် ထုံးစံအတိုင်း စာသားပါအကြောင်းအရာများ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို ခပ်တည်တည်ပင် သီဆိုနေခဲ့ ပါသည်။ သူမသီချင်းဆိုလျှင် အမြဲတမ်းပင် မူရင်းသီချင်းစာသားနှင့် လွဲချော်သော စာသားများသာ ဖြစ်နေတတ်သည်။ သူကလည်း ထိုအ ကြောင်းကို ဘယ်တုန်းကမျှ သူမအား ဖွင့်ဟမေးမြန်း ပြောဆိုခြင်းမရှိခဲ့ဖူးးပါ။ လူ့ဘ၀ဆိုသည်မှာ စာသားနှင့်သံစဉ် ထာဝရမှန်ကန်နေသည့် တေး သီချင်းတစ်ပုဒ် ဖြစ်ချင်မှ ဖြစ်နေနိုင်မည် မဟုတ်လား။

သူ့အတွက် ထူးခြားနေခြင်းက လွန်ခဲ့သော နှစ်များဆီမှ သူမ၏ ရယ်မောသံများ…၊ သူမ၏ လှုပ်ရှားဟန်များ…၊ သူမ၏ ထုံးစံအတိုင်း စာသားနှင့် အကြောင်းအရာ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို သီဆိုနေပုံများကို ယခုရက်ပိုင်းတွင် မကြာခဏဆိုသလို အိပ်မက်မက်နေမိခြင်းပင် ဖြစ်သည်။ ထိုဖြစ်ရပ်သည် သူမည်သို့မျှ ကြိုတင်ရည်ရွယ်ထားခြင်းမရှိသော ဖြစ်ရပ်လည်း ဖြစ်နေသည်။

သူက ခြတောင်ပို့ကို ခြံခတ်ပြီး အမွှေးတိုင်ထွန်း ပူဇော်တတ်သူမဟုတ်ပေ။ သူက လမ်းလျှောက်ရင်း နားစွန်နားဖျားကြားရတတ်သော သီချင်း တစ်ပုဒ်ကို အရေးလုပ် လိုက်ဆိုတတ်သူလည်း မဟုတ်ပေ။ သူက အများသုံးအိမ်သာထဲမှ ရုပ်ပုံနှင့် စာသားများကို တကူးတက ကုန်းကွပြီး ဖတ်ရှု တတ်သူလည်း မဟုတ်ပေ။ သူက စိတ်နယ်လွန် ဖြစ်ရပ်ဆန်းတို့အပေါ် ထူးဆန်းကာ ယုံကြည်တတ်သူလည်း မဟုတ်ပေ။ သို့သော် အခုတလော အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ မက်နေရခြင်းကိုတော့ သူ ဘာမှမတတ်နိုင်ပါ။ တွေးမိလျှင် အောင့်သက်သက်ဖြစ်ရ၏။ တစ်စုံတစ်ရာ ကို သူနည်းနည်းစိတ်တိုမိသည်။ ဘယ်က တစ်စုံတစ်ရာကို စိတ်တိုရမှန်းလည်းမသိ။ သူထပ်ပြီးတော့ ဘာမှမတတ်နိုင်တော့ပါ။

ဟိုတစ်ချိန်တုန်းကတော့ သူမသည် သူသီးသန့်စဉ်းစားတွေးခေါ်ရလောက်အောင် သူ့ရင်ဘတ်ထဲမှာ နေရာမယူနိုင်ခဲ့ပါ။ သူမသည် သူ့အတွက် စာသင်နှစ်တစ်နှစ်ရဲ့ အတန်းဖော်တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ ဒါဆိုလျှင် သူမကရော သူ့အပေါ် မည်ကဲ့သို့ ယုံကြည်မှုမျိုး ရှိခဲ့သလဲ။ သာမန်ယုံ ကြည်မှု မျိုးပဲလား။ ဒီထက် ပိုသေးခဲ့သလား။ သူ မသိပါ။ အရာရာဟာေ၀၀ါးအုံ့ဆိုင်းနေသည်။ သေချာမှုမရှိ။

သေချာတာက သူမ အခုတလော သူ့အိပ်မက်တွေထဲဝင်ပြီး အလွဲလွဲအချော်ချော် သီချင်းတွေဆိုပြပြီး နှောင့်ယှက်နေခြင်းပဲ ဖြစ်သည်။ ကောင်မ လေးရေ… ကျေးဇူးပြု၍ ငါ့အိပ်မက်တွေ နင့်ကြောင့် အပ်ကြောင်း မထပ်ပါစေနဲ့…။

(၂)

စာရေးဆရာကြောင်ချီးရဲ့ စာများကို သူတော်တော် သဘောကျသည်။ ထိုစာရေးဆရာရဲ့ စာတွေက ပျော့ပျော့လေးနှင့် နံသည်။ ထိုကဲ့သို့ နံနေ ခြင်းကပင် စာတွေရဲ့ အဓိပ္ပါယ်ကို တနည်းအားဖြင့် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။ စာရေးဆရာကြောင်ချီးရဲ့ နောက်ဆုံးထုတ်စာအုပ်ကို အသာချလိုက်ကာ လက်ဖက်ရည်ကို သူမော့သောက်လိုက်သည်။ ထိုမော့အသောက်လေးမှာပဲ လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသော အဲသည်ငတိကို သူတွေ့မိလိုက်ရခြင်းဖြစ်သည်။

အဲသည့်ငတိဆိုသည်မှာ နှစ်ကာလအတန်ကြာအောင် သူနှင့် ဝေးကွာခဲ့ရသည့် မိတ်ဆွေတစ်ယောက်နှင့်တူသော လူတစ်ယောက် ဖြစ်၏။ နှစ်တွေ ကြာမြင့်လွန်းသောကြောင့် ထိုမိတ်ဆွေလိုလို၊ သူစိမ်းလိုလို ငတိကို သူ့စိတ်ထဲမှ ကောင်းစွာမခွဲခြားနိုင်။ သူ့မိတ်ဆွေများ ဖြစ်နေမလား။ ဒါမှ မဟုတ် လူချင်းဆင်တာပဲလား။ မြူလိုလို နှင်းလိုလို အငွေ့ဖြူဖြူတွေထဲ သူနစ်နေသည်။ ဘာကိုမှ သဲကွဲစွာ မမြင်ရ။ မဟုတ်သေးပါဘူး။ သဲသဲ ကွဲကွဲဖြစ်ချင်ရင် အဲသည် ငတိကို လှမ်းခေါ်လိုက်လေ။ ဟင့်အင်း… နေဦး.. မခေါ်နဲ့ဦး။ သွားပလေ့စေ…။ ပြတ်သားသေချာမှုဆိုတာ ကိစ္စတိုင်း အတွက် လိုအပ်တာမဟုတ် ဘူးလေ။ သူ မခေါ်ဖြစ်တော့။

လက်ဖက်ရည်ခွက်ကို ကိုင်လျက်သား သူငိုင်နေမိသည်။ မြူလိုလို နှင်းလိုလို အငွေ့ဖြူဖြူတွေကြား သူငိုင်နေမိသည်။ မှုန်ဝါးဝါးအသိတရား တစ်ခုပေါ် နားခိုပြီး သူငိုင်နေမိသည်။ ပျောက်ဆုံးသွားတာ ကြာခဲ့ပြီဖြစ်သည့် ရွှေအိုရောင်အနာဂတ်ရဲ့ တစ်ဖက်ကမ်းအမှောင်ထုထဲတွင် သူငိုင် နေမိသည်။

လူဆိုတာက လက်ဖက်ရည်ဆိုင်ထိုင်သောအခါမျိုးမှာတောင် ကိုယ်ပြောသည့်စကားကို တစ်ဖက်လူ တယုံတကြည် နားထောင်ပေးစေချင် သော တစ်ဖက်သတ်ဆန်ဆန် သတ္တ၀ါဖြစ်သည်။ ထိုသတ္တ၀ါများသည် ယုံကြည်စိတ်ချမှု အခံချင်ဆုံးနှင့် ယုံကြည်စိတ်ချရမှု အနည်းဆုံး သတ္တ၀ါများ လည်း ဖြစ်သည်။ သူကတော့ လေကြမ်းကြမ်းတိုက်လျှင်ပင် လွင့်ပါသွားမည့် စက္ကူစုတ်လို အတွေးအခေါ်ရှိသည့် လူမျိုးနှင့်သော်လည်ကောင်း၊ လက်ဖက်ရည် စားပွဲပေါ် သံရိုက်ထားသလို တရားသေရှေးရိုးစွဲ အယူအဆရှိသူများနှင့် သော်လည်းကောင်း တစ်စားပွဲတည်း အတူမထိုင်လိုပါ။ ထိုအစွန်းတရားများမှ ကင်းကွာလိုလျှင် လွတ်လပ်စွာ တွေးခေါ်တတ်ဖို့ လိုပေလိမ့်မည်။ ခုလောက်ဆို အဲသည် ငတိကရော ဘယ်လိုတွေးခေါ်သူ ဖြစ်နေမှာပါလဲ။ ထားလိုက်ပါ။ “လမ်းချင်းတူရင် လူချင်းတွေ့ကြမယ်´´ဆိုတဲ့ စကားရှိတာပဲလေ။

မပျက်မကွက် ရောက်လာမည်ဆိုသော နှင်းဝတ်ရုံခြုံလွှာမြို့တော်ဆီမှ ချစ်သူရဲ့ ကတိစကားများသည် လေပွေအသေးစားတစ်ခုလို ပေါ့ပါးစွာ လွင့်ပါးပျက်ပြယ်သွားခဲ့လေပြီ။ အလင်းမှုန်အလင်းစက်တွေအတိပြီးသည့် ခေတ်ကြီးတစ်ခေတ်လုံးလုံးမှာ ငါက သတ္တိရှိရှိ နောက်ဆုတ်နေခဲ့တာ ပါ။ ပြောပါ…။ ပြောလိုက်စမ်းပါ..။ ငါ့ အနုပညာကျောတစ်ပြားစာတောင် နေရာလေးချခွင့်မရတဲ့ မြန်မာစာပေလောကကြီးကိုလေ…။ ငါက သိပ်မြတ်နိုး ကြောင်း ပြောလိုက်စမ်းပ။ ဟိုးကမြင်နေရတဲ့ ပါတိတ်အင်္ကျီကြီး လှမ်းထားတာ တော်တော်ကြည့်ရဆိုးတာပဲ။ ဘာဖြစ်လဲ… အဲသည့် ပုတ်အဲ့နံစော်နေတဲ့ လူမှုဆက်ဆံရေးတွေ မျိုမကျလို့ လက်ထိုးအန်ပစ်ခဲ့တာ…။ ကနုတ်ပန်းနွယ်အဆင်အကွက်တွေဖြင့် ရေးခြစ်ထားသော ကယုကယမုသား စကားများသည် အချစ်ကျမ်းစာရဲ့ အရုဏ်တက်နေထွက်စမှာပင် ပိုးဝင်ခဲ့ပြီးပြီ။ ဟုတ်ကဲ့… စာရေးဆရာကြောင်ချီးရဲ့ စာတွေ က ပျော့ပျော့လေးနှင့် နံပါသည်။

(၃)

အထက်တန်းကျောင်းသားဘ၀တုန်းက ရည်းစားများသော သူငယ်ချင်းတစ်ယောက် သူ့မှာ ရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းက သူရည်စားများများ ထားရတာ “အပျင်းပြေဖို့ပါ´´ဟု ဆိုသည်။ အလုပ်တစ်ခုတွင် တစ်နေကုန် အချိန်ရလျှင်ရသလို သကြားလုံးငုံနေသော ကောင်မလေး တစ်ယောက်ဆီမှ “တို့က အပျင်းပြေ သကြားလုံး ငုံတာပါ´´ဆိုပြီး ပြောသံကြားဖူးသည်။ ဟိုတလောက သူ့မိတ်ဆွေတစ်ဦး ဘောလုံးပွဲလောင်း ရာတွင် သိန်း ၃၀ ခန့် ဆုံးရှုံးသွားသော်လည်း ကြုံ၍မေးကြည့်သောအခါ “အပျင်းပြေလောက်ပါကွာ´´ ဟုအေးအေးလေးပြောသည်။ (မှတ်ချက်။ ။ ထိုမိတ်ဆွေသည် မိုးကုတ်သူဌေး တစ်ယောက်၏ တစ်ဦးတည်းသောသမီးကို မကြာခင်ကမှ လက်ထပ်ထားသူ ဖြစ်သည်။) တစ်ခါကတလည်း သူ့ညီငယ်အရွယ် လူငယ်တစ်ယောက်က အပျင်းပြေရေးထားသော ကဗျာများကို မဂ္ဂဇင်းတိုက်တွေသို့ ပို့ချင်ကြောင်း မည်သို့ ပို့ရမည်မသိကြောင်း လာပြော၏။ ဘုရားရေ… အပျင်းပြေဆိုသော အရာတွေထဲတွင် အနုပညာရော ပါဝင်နေပြီလား။ ဂေါ်ဂင်ဟာ ပန်းချီကို အပျင်းပြေရုံသက်သက် ရေးဆွဲခဲ့တာလား။ “ချောက်ကမ်းပါးထဲမှ လူသားများ´´ စာအုပ်ကို ဂျက်လန်ဒန်က အပျင်းပြေရေးခဲ့တာလား။ ဂျိမ်းဂျွိုက်(စ်)ကတော့ သူ့ `ယူလီးဆီး´ ကို အပျင်းပြေရေးခဲ့ခြင်း မဖြစ်နိုင်ပါ။ အမှန်တော့ လူတော် တော်များများသည် ရည်ရွယ်ချက်တိတိကျကျ မထားရှိဘဲ ဘာရယ်မဟုတ်သော ကိုယ်တိုင်လည်း သာယာနေမိတတ်သော ကိစ္စရပ်လေးတွေအပေါ် `အပျင်းပြေ´ဟု ခပ်လွယ်လွယ်အမည်နာမ တပ် ခေါင်းစီးထိုးလိုက်ကြခြင်းပင်ဖြစ်သည်။ တွေးကြည့်လျှင် ထိုသို့ ခေါင်းစီးထိုးလိုက်ကြတာကိုက `အပျင်းပြေ´ သဘော ဖြစ်ပုံရပါသည်။ သို့ရာတွင် `အပျင်းပြေ´ ဆိုသော စကားလုံးသည် ဆက်ဆံရေးနယ်ပယ်တွင် မိမိတာဝန်ယူမှုကို ကာကွယ်သည့် အသေးသိမ်ဆုံးနှင့် အကောင်း ဆုံးသော ဒိုင်းကာတစ်ခုဖြစ်နေခဲ့ခြင်းကိုတော့ မည်သူ့ကိုမျှ သူ မပြောပြချင်တော့ပါ။

သူကတော့ ရင်ခုန်စရာကောင်းသော၊ စိတ်ကူးကြွစေသော၊ သွေးပူနွေးသော၊ အစဉ်အမြဲသစ်ဆန်းနေသော ယုံကြည်ချက်တစ်ခုနောက်ကိုသာ လိုက်ခဲ့သူဖြစ်သည်။ သူ့အကြောင်း အတွင်းသိတစ်ချို့က သူ့ကို မရေရာသည့် လမ်းလျှောက်သူဟု ပြောကြသည်။ နောက်တစ်ချို့က သူ့ထံတွင် ခိုင်မာ သည့် စိတ်ဓာတ်ရှိသည်ဟု ချီးကျူးကြသည်။ လက်တွေ့ကျသူတစ်ချို့က သူ့ကို လောကနှင့်အံမကျသူတစ်ယောက်အဖြစ် မြင်ကြသည်။ တစ်ချို့ကတော့ ကျောင်းပြီးကတည်းက ရေရာသည့်အလုပ်အကိုင်မရှိဘဲ ဦးလေးအိမ်တွင် ယောင်ခြောက်ဆယ်လုပ်နေသူအဖြစ် သဘောထား ကြသည်။ တကယ်တော့လည်း ဦးလေးကိုယ်တိုင်တောင် သူ့ကို ဦးခေါင်းမှာ ဒဏ်ရာတစ်ခုရှိနေပုံမျိုး ထင်မှတ်ထားကာ စိတ်မမှန်သူတစ်ယောက် လို မြင်နေတာ သူအသိပဲဖြစ်၏။ ဘာပဲဖြစ်ဖြစ် အားလုံးတူညီသောအချက်ကတော့ သူ့ကို ကောင်းကောင်းနားမလည်ဘဲ ခပ်ချဉ်ချဉ် ဆက်ဆံကြ တာပဲဖြစ်သည်။

တလောက အင်္ဂလန်နိုင်ငံမှ ပုစဉ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ဂျာနယ်တစ်စောင်တွင် သူဖတ်ရှုလိုက်ရ သည်။ ထိုအဖွဲ့မှ လိုအပ်သည့် အထောက်အပံ့အဖြစ် အိမ်ရှင်နိုင်ငံမှ ဒေသခံ ပုစဉ်းလေ့လာသူများကို လစာကောင်းကောင်းပေး၍ အဖွဲ့ဝင်အဖြစ် လက်ခံ သွားမည်ဖြစ်ကြောင်းလည်း သူဖတ်ရှုလိုက်ရသေးသည်။ သူက ငယ်ငယ်လေးကတည်းက ပုစဉ်းများကို သဘောကျတတ်ခဲ့သူဖြစ်သည်။ ငယ်ငယ်က ပုစဉ်းလေးများကို ဖမ်းပြီး အမြီးမှ အပ်ချည်ကြိုးရှည်ရှည်တစ်ချောင်းချည်ကာ ကစားတတ်သော  သူငယ်ချင်းများနှင့် သူက အမြဲရန် ဖြစ်တတ်သူလည်း ဖြစ်ခဲ့သည်။ သူ့အခန်းထဲတွင် အရောင်အသွေးစုံသော ပုစဉ်းများကို အခန်းတံခါးများ ပိတ်ပြီး အဖြူရောင်အတ္တဖြင့် ပိတ် လှောင်ထားခဲ့ဖူးသည်။ သို့သော် ပုစဉ်းလေးများကို သူက နာကျင်အောင် မည်သည့်အခါကမျှ မပြုလုပ်ခဲ့ပေ။ တစ်စစနှင့် ပုစဉ်းလေးများကို စွဲလမ်းနှစ်ခြိုက်စိတ်သည် ကလေးဘ၀ ကုန်ဆုံးသွားသော်လည်း ပျောက်ကွယ်မသွားဘဲ ထူးဆန်းစွာပင် သူ့အရွယ်နှင့် လိုက်ကာ မယုံနိုင်စရာ ကြီးထွားရင့်သန်လာခဲ့တော့သည်။ ပုစဉ်းများကို ယေဘူယျ အားဖြင့် ပုစဉ်းကြီး Dragonflies နှင့် ပုစဉ်းငယ် Damselflies ဟုနှစ်မျိုး ခွဲခြားနိုင်သည်။ ပုစဉ်းကြီး  Dragonflies မှာ ပိုကြီးမားအကြမ်းခံကာ နားသည့်အခါ တွင် အတောင်ပံတွေကို ဘေးတိုက်ဖြန့်ကားထားလေ့ရှိပြီး ပုစဉ်းငယ် Damselflies များမှာမူ အရွယ်အစားသေးသွယ်ကာ နားသည့်အခါတွင် အတောင်ပံ များကို စုကာအပေါ်သို့ ထောင်ထားတတ်ကြ၏။ ပုစဉ်းများသည် ကမ္ဘာပေါ်တွင် မြောက်များစွာသော မျိုးစိတ်များရှိသည့် အင်းဆက်များပင်ဖြစ်သည်။ သိပ္ပံအခေါ်အားဖြင့် Calopteryxs plendes ကျောက်မျက်အတောင် Jewelin ( Calopteryn maculate) ပုစဉ်းမျိုး၊ မိတ်လိုက်နေသော တခြားပုစဉ်းစုံတွဲ ကို ဆွဲလား ရမ်းလား ထုထောင်းလား ကိုက်လား လုပ်တတ်သည့် အကျင့်ဆိုးရှိသော Stealers ပုစဉ်းမျိုး၊ နှစ်ပေါင်း သန်း ၃၀၀ ကျော်နေထိုင်ရှင်သန် ပြီးသော Odonates သို့မဟုတ် toothedones ခေါ်သော ပုစဉ်းမျိုး၊ အထီးပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် နောက်ဆုံး အမကိုပဲ တခြားပုစဉ်းတွေထက် ထိခိုက် ဒဏ်ရာရစေသော Dragonhunter အမည်ရ (Hageinus brevistylus)ပုစဉ်းမျိုး၊ Club tails ပုစဉ်းမျိုး၊ မြောက်အမေရိကမှ bluets ဟုခေါ်သော Enallagma ပုစဉ်းငယ်မျိုး၊ ကျောက်မျက်အတောင် ပုစဉ်းငယ် ဒါမှမဟုတ် တက်ကြွသည့်ကြက်သွေးရောင် Darters ပုစဉ်းမျိုး၊ စသဖြင့်.. ဒါတွေက ပုစဉ်းနှင့်ပတ်သက်လျှင် အကင်းမျှလောက်သာ ဖြစ်သော မျိုးစိတ်များဖြစ်သည်။ အရွယ်ရောက်လာတော့ ဂျီတီအိုင်တက်ရင်း အင်ဂျင်နီယာပညာကို စိတ်မ၀င်စားဘဲ ကျောင်းဝန်းထဲပတ်ပြီး ပုစဉ်းလိုက်ဖမ်းနေသောသူ့ကို ဂျီတီအိုင်တစ်ကျောင်းလုံးက ပုစဉ်းကောင်ဟု နာမည်ပြောင်နှင့် သိထားကြပြီးပြီ။

 (၄)

သည်ရက်ပိုင်းအတွင်း ကမ်းရိုးတန်းဒေသများပေါ် မာလာအမည်ရှိ မုန်တိုင်းတစ်ခု တိုက်ခတ်ရန် အကြောင်းရှိသဖြင့် ဘယ်ကိုမှ မသွားလာမိပဲ အိမ်မှာပဲ သူငြိမ်နေမိသည်။ မုန်တိုင်းရှိသောကြောင့် ရာသီဥတုကလည်း အရင်လို အပြင်မှာ သိပ်မကောင်းလှပေ။ ထိုရက်များက ကောင်းကင် သည် အမြဲလိုလိုညိုမှောင်နေတတ်ကာ လေပြင်းများလည်း မကြာခဏတိုက်ခတ်နေသောကြောင့် အခန်းပြတင်းပေါက်မှ မြင်နေရသော မြင်ကွင်းသည် သူ့အား လွမ်းစိတ်ဖြင့် စိုထိုင်းလေးတွဲ့နေစေသည်။ မိုးပေါက်များ သည်းထန်စွာ ကျဆင်းလာပြီဆိုလျှင် ဖတ်လက်စ စာအုပ်တစ် အုပ်ကို လက်မှကိုင်ကာ ပြတင်းပေါက် နားတိုးရွေ့ထိုင်ရင်း ဘ၀ရဲ့ မရေရာမှုတွေကို သူဆင်ခြင်မိတတ်သေးသည်။

လူတချို့သည် တောင်တက်ဖို့ မွေးဖွားလာပြီး လူတချို့သည် မီးပုံးပျံစီးဖို့ မွေးဖွားလာသည်။ လူတချို့သည် သာသနာပြုဖို့ မွေးဖွားလာကာ လူတချို့သည် ဂျင်းဘောင်းဘီဝတ်ဖို့ မွေးဖွားလာသည်။ လူတချို့သည် ဗိုလ်ကျ စိုးမိုးဖို့ မွေးဖွားလာ၍ လူတချို့သည် မာသာထရီဇာဖြစ်ဖို့ မွေးဖွားလာသည်။ လူတချို့သည် ရုံဝင်ပေါက်စောင့် လက်မှတ်တောင်းဖို့ မွေးဖွားလာကာ နောက်ထပ် လူတချို့သည် ကပြဖျော်ဖြေဖို့ မွေးဖွားလာ ကြသည်။

မည်သို့ပင်ဖြစ်စေ ဟာမိုနီပြေပြစ်သော သီချင်းတစ်ပုဒ်လို လောကတွင် သူက ဘာအတွက်မွေးဖွားလာရပါသနည်း။ သူ့ကို စိတ္တဇရောဂါသည် တစ်ယောက်လို ဆက်ဆံတတ်သည့် ဦးလေးအတွက်လား။ အင်္ဂလန်မှ လာရောက်မည်ကြားရသော ပုစဉ်းလေ့လာရေးအဖွဲ့အတွက်လား။ ဘယ်တုန်းကမှ သူ့အပေါ် နားမလည်သော သူကလည်း ကြီးကြီးကျယ်ကျယ် စိတ်မ၀င်စားခဲ့သော တစ်ချိန်တုန်းက ငြိစွန်းဖူးခဲ့သည့် ချစ်သူတွေ အတွက်လား၊ မရေရာပါ။ ပြတင်းပေါက်မှ မြင်ရသည့်အတိုင်းပင် မြင်ကွင်းတစ်ခုလုံးသည် မိုးသည်းထဲ မည်းမည်းမှောင်နေကာ သူ့အတွက် အလင်းရောင် ပျောက်ဆုံးနေ၏။

မနက်ဖြန် အရှေ့အရပ်မှ နေထွက်မည်ဟု မည်သူပြောနိုင်သနည်း။ မနက်ဖြန်ဆိုသည်မှာ မရေရာပါ။ အရှေ့အရပ်ဆိုသည်မှာ မရေရာပါ။ နေထွက်မည်ဆိုခြင်းမှာ မရေရာပါ။ မနက်ဖြန် အရှေ့အရပ်မှ နေထွက်မည်ဟု ပြောသူ လည်း မရေရာပါ။ အချိန်ကာလတွေက လက်ပတ် နာရီတွေထဲမှာ တစ်ချက်ချက် သွားနေသည်။ သို့ရာတွင် အချိန်ကာလသည် နာရီဒိုင်ခွက်များထဲ ပုန်းအောင်း နေခြင်းမဟုတ်ဘဲ နာရီဒိုင်ခွက်များ ကသာ အချိန်ကာလကို ချုပ်နှောင်ဖို့ ကြိုးစားထားတာ ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်ဖို့ လိုအပ်မည်ကို သဘောပေါက်အောင် ရှင်းပြရန် သူ့တွင် သဘောမရှိတော့ပါ။

(၅)

အစဉ်အမြဲ စိုပြေလန်းဆန်းနေသည့် သူမ၏တေးသွားများတွင် သူမေ့လျော့ပျော်ဝင်နေသည်။ ထိုတေးသွားများထဲတွင် သူ့ဦးခေါင်းပေါ် နီးကပ် စွာ ပြိုဆင်းကျလာသော တိမ်မည်းထုထည်ကြီးများ ရှိသည်။ ဟိုးအဝေးမှ တရွေ့ရွေ့နီးကပ်လာနေသည့် အေးစက်စက် ဓားသွားများ ရှိသည်။ အမှောင် ဒြပ်သားနောက်ကွယ်မှ ကံကြမ္မာ၏ ကြာပွတ်သံများရှိသည်။

ဒီမှာ… ငါက ဘယ်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်တဲ့ အနက်ရောင် မြည်တမ်းမှုတစ်ခုပါ။ ဘ၀ရဲ့ ထောင့်ချိုးတိုင်းမှာ ဆေးစက်တွေ မှိန် ဖျော့ပြယ်လွင့်လို့…။ စိတ်ဖြစ်စဉ်စီးဆင်းမှုတိုင်းဟာ ထစ်အနှောင့်နှေး လို့…။ တောင့်တခြင်းအာသီသမှန်သမျှ ခါးဆူးကြမ်း ညှော်လို့…။ တကယ်ပါ…ငါက ဘယ်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်တဲ့ အနက်ရောင် မြည်တမ်းမှုတစ်ခုပါ။

အနက်ရောင်မြည်တမ်းမှုတစ်ခုပါ…

အနက်ရောင်မြည်တမ်းမှု…။

အနက်ရောင်….။

အနက်…။

   အ

             အ

                        အား

                                      အား

“အား´´

အိပ်မက်မှ လန့်အနိုးတွင် သူ့စိတ်တွေ ပျော့ပြဲနုံးချိနေသည်။ ထုံးစံအတိုင်း အိပ်မက်ထဲတွင် သူမက စကားလုံးတွေ လွဲချော်နေသည့် တေးသီ ချင်းများကို ဆိုပြနေပြန်သည်။ သူ အိပ်ရာပေါ်မှ ခုန်ထလိုက်ကာ မီးခလုတ်ကို ဖွင့်လိုက်၏။ အာရုံခြောက်ပါးစလုံး မောပန်းလွန်းနေသဖြင့် ရေကိုတောင် ချက်ချင်းမော့မသောက်နိုင်။ ရေခွက်ကို အသာကိုင်ပြီး အမောဖြေနေရသေးသည်။ တောက်… ဒီမိန်းမ ငါ့အိပ်မက်တွေထဲက ခုထိထွက် မသွားသေးဘူး။ တစ်ခုခုကို သူ မကျေမနပ်ဖြစ်နေမိသည်။

ခဏကြာတော့မှ ရေကို ကုန်စင်အောင် သူတကွပ်ကွပ် မော့သောက်ပစ်လိုက်သည်။ ရေသောက်ပြီးသွားသောအခါ ညနေက လက်ဖက်ရည် ဆိုင်မှာ ထိုင်နေရင်း ဆိုင်ရှေ့က ဖြတ်လျှောက်သွားသည့် သူ့မိတ်ဆွေနှင့် တူလွန်းသော ငတိကို ဖျပ်ခနဲ အမှတ်ရမိလိုက်သည်။ အဲဒီကောင် ကလည်း ဘာဖြစ်လို့ ညနေတိုင်း ငါသောက်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာမှ အားအားယားယား ဖြတ်လျှောက်နေရတာလဲ။ စိတ်ပေါက်ပေါက်ဖြင့် လက်ထဲမှ ဖန်ခွက် လွတ်ကို တစ်ဖက်က အုတ်နံရံဆီ သူပစ်ပေါက်ခွဲပစ်လိုက်သည်။

“ခလွမ်း´´

ဖန်ခွက်လွတ်ကျကွဲသံက ညနက်ထဲမှာ ကျယ်လောင်စွာ တုန်ခါသွား၏။

သူအတန်ကြာ သည်အတိုင်း ရပ်နေမိသည်။ ညက ပြန်လည်လို့ တိတ်ဆိတ်သွား၏။ အဝေးမှ နာရီသံချောင်း သုံးချက်ခေါက်သံ ကြားရတော့မှ အခန်းမီးကို ပိတ်ပြီး ကုတင်ပေါ် သူခြေပစ်လက်ပစ် လှဲလျောင်းလိုက်သည်။ သူအိပ်ပျော်သွားပြီး မကြာမီမှာပင် ကောင်မလေးတစ်ယောက်က စကားလုံး တွေ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို ဆိုပြရန် အိပ်မက်ထဲ ရောက်ရှိလာပြန်သည်။  သူ မနက်အိပ်ယာမှ နိုးထသောအခါ အသင့်ရောက်ရှိနေသည့် သတင်းစာထဲတွင် သူကြိုက်သော စာရေးဆရာကြောင်ချီး၏ စာအုပ်သစ်ကြော်ငြာကို တွေ့လိုက်ရပြီး တစ်ဖက်စာ မျက်နှာတွင်မူ အင်္ဂလန်နိုင်ငံမှ ပုစဉ်းလေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ရန် မသေချာတော့ကြောင်း ရေးသားထားသည့် သတင်း ကို ဖတ်ရှုလိုက်ရလေ၏။

လွန်းဆက်နိုးမြတ်

ပုစဉ်းမျိုးစိတ်အခေါ်အဝေါ်များအား နည်းပညာဂျာနယ်တစ်ခုမှ ယူပါသည်။

ရတီ၊ စက်တင်ဘာ ၂၀၀၇

ဆံပင်အလယ်ခွဲနဲ့ နက္ခတ် ၀တ္ထုတိုစု(တာရာမင်းဝေနှင့်တစ်ခြမ်းစီ)

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ခေတ်ဖုန်းမို

Advertisements

ရေထဲသဲသွန်ကထာ

ရေထဲသဲသွန်ကထာ

ကုတ်အင်္ကျီအိပ်ကပ်ထဲက ဥယျာဉ်တစ်ခုကို လူမသိအောင် တိတ်တိတ်လေး ပွတ်သပ်လိုက်တယ်။
အဲဒါ(သူ့)ဆိုက်ကိုပဲ။ အခုမြည်တဲ့ အသံအရ ကြမ်းပြင်ပေါ် တစ်စုံတစ်ခုတရွတ်တိုက်ဆွဲထွက်သွားတာ။
သစ်သားစတွေ ရေစိုတဲ့ အနံ့ထဲမှာ မြစ်တစ်စင်းစီးဆင်းနေတယ်။ အဲဒီ့မြစ်ထဲ တောဘဲတစ်အုပ်က
ပျံသန်းလို့။ ပျံသန်းမှုမှာ အတောင်မဲ့တယ်။ လက်သည်းကို မထုတ်ဘူး။ ဖန်သားပြင်ပေါ် အရုပ်တွေ
တဖျပ်ဖျပ်ပြောင်းလဲခုန်ကူးနေကြတုန်း။ ချိန်းဆိုတဲ့ နာရီမှာ လိပ်ထားတဲ့ လမ်းက ဖြေချမရဘူး။
မျက်နှာပြင်ပေါ် အဖုအပိန့်ဗြုတ်ထနေတာပဲ ခိုက်တယ်။ တစ်ပင်လုံးကြွေသမျှ အပွင့်တွေ တစ်နေကုန်
သံနဲ့ ပြန်ရိုက်ပေးခဲ့ပြီးပြီ။ လက်ဖယ်။ပင်စည်ကို သွားမထိနဲ့ ဓာတ်လိုက်လိမ့်မယ်။ သွယ်ဝိုက်ပြောပြ
ရရင် အဖြောင့်သဘောကူလူးမှုလို့ နားလည်ထား။ မူရင်းကိုယ်ထည်ကနေ အူမျှင်တွေ တရွရွဖြစ်နေ
တတ်တာကိုက ဒင်းရဲ့ သဘာဝ။ ပြီးတော့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ညှပ်အားကောင်းတယ်။
လုံးကြီးအမြဲတင်လို့ မရတဲ့အခါ လုံးသေးပဲ ယာယီတင်လိုက်။ ပလတ်စတစ်အကြည်တွေနဲ့ ပတ်ပတ်
လည် ကာရံပြီး မီးချောင်း၁၂ချောင်း စုံဖွင့်လျက် မှောင်ချထားပစ်တယ်။ အမှောင်ဟာ ကြည်တယ်။
ပလုံစီလုံးကလေးတွေ လေထုထဲ ဆက်တိုက်ထိုးတက်ဖို့ လုံလောက်ရဲ့လား/ မလုံလောက်ဘူးလား
ငါ့မှာ ပါးဟပ်ရှိတယ်။ ငါးတွေမှာ ပါးဟပ်မရှိဘူး။ ကားနောက်ဖုံးထဲ တုပ်နှောင်ခံဘ၀။ ဟစိဟစိ။

လွန်းဆက်နိုးမြတ်
၁၃.၉.၁၁
မနက် ၀၀း၂၀ နာရီ

ပဲ့ သမျှ ပြန် တင်

ပဲ့ သမျှ ပြန် တင်

မိမိကိုယ်ကိုယ်တစ်ဖက်လှည့်နဲ့ ပြန်လည်ကြိုးစားဆယ်မကြည့်ဖို့
စိတ်ကူးကြံရွယ်ထားခြင်းကိစ္စမှာ စွဲဆောင်မှုက (9)နိုင်းကျော်နေတယ်။
ခိုင်မာတောင့်တင်းတဲ့ သံယက်မကြီးတွေရဲ့ အသားသဘော အားရစရာ။
ပြဲကားငွားစွင့်စွာနဲ့ အရိပ်တွေ ဇယ်ဆက်သလို တဖြတ်ဖြတ် ကူးလူးနေတယ်။
ရှုပ်ထွေးထွေးစနစ်ကျမှုကြောင့် အချင်းချင်းထောက်ကန်ထိန်းမတ်ပြီး
အရောင်အရိပ်အမျိုးမျိုး ပါးပါးလေးမှသည် အဆင့်ဆင့်ရင့်မှောင်ထက်
သန်လာအောင် တရွတ်ဆွဲ ခေါ်ဆောင်ခြင်းခံလိုက်ရ။

အစွန်းအထင်း ဘယ်နှနှစ်သားလဲ။ မိုးခေါင်နေတဲ့ လွင်ပြင်ငယ်ထဲက
အသံတစ်မှုန် တုန်တုန်ခါခါ အနှေးလွင့် လွင့်ရောက်လာတယ်။ မတွေ့နိုင်ဘူး။
ပိတ်ကာထားတဲ့ မိုးသားထက်က ရေမှော်ရေညှိဖတ်ကလေး။ မိခင်ဆားဗစ်
စင်တာကတောင် မဖွင့်နိုင်လို့ လက်မခံဘဲ ပြန်လွှတ်လိုက်ရတဲ့
ခေတ်ကြီးရဲ့ အဖုံးခွံ။

သက်သေသက္ကာယကျကျပြောကြ ဆိုကြ(မယ်ပျော်ကြမယ်)ကြေးဆိုရရင်
တစ်လုံးငါးမူးနိုင်လောက်ဆိုရင် ပဲ ပြောင်း ကြံ ၀ါ ဂျုံနဲ့ စပါးခင်းတွေထဲက
အလင်းရောင်တစ်ဆင့်ချင်းပြောင်းလဲသွားပုံကို ကင်းဗတ်စပေါ် စုတ်တံ
လျှာနဲ့အပြားလိုက် သပ်ချလိုက်တာ အရည်ကြည်လေးတွေ စိုတိစိုဖတ်
ချွဲကျိကျိ အတွေ့အာရုံ။ မခမ်းမနားနဲ့ ဆွေးငင် ငင်လိုက်ရုံ ဘာပဲဖြစ်ဖြစ်
တွန့်ခေါက်တောင်စဉ်တန်းတွေ တကယ်ရောက်မလာဘူး။

ဖဲကြိုးပြေ ပြေလည်အောင် ဒါဘ၀ပဲပြောလိုက်တယ်။ အဖေက ပွဲတော်မှာ
အရောင်စုံ စက္ကူရုပ်ကလေးတွေ လုပ်ရောင်းတယ်။ အမေက ကလေးတစ်ဖက်
ရင်ခွင်ပိုက်ပြီး ပြောင်း(ဖူး)နည်းနည်းကောက်ထားတဲ့ ကော်(ပြောင်း)စေ့သေနတ်ကို
ကျည်ဖြည့်နေတယ်။ တစ်ရာဖိုး ငါးချက်ပစ်လို့ရတယ်။ သတ်မှတ်ထားတဲ့ သိမှုဗဟို
ချက်ကို မှန်အောင်ပစ်နိုင်ရင် သတ်မှတ်ထားတဲ့ ပုံသေပစည်းတစ်ခုရမယ်။ ပုံသေ
ဆန်တဲ့ သိမှုဟာ အသားသေနေပြီ။ မူလီပေါက်အခေါင်းထဲ နှစ်ပေါင်းအတော်ကြာ
အောင် နဂျီအုံစွဲနေရှာတဲ့ ခေတ်ကြီးရဲ့ အဖုံးခွံ။

မဖွင့်ကြည့်တာကြာတော့ ဖွင့်မကြည့်တာကြာတော့ မကြည့်ဖွင့်တာလည်း
ကြားကြာလှတော့ ခေတ်ကြီးရဲ့ အတွင်းထဲမှာ ဘာတွေရှိနေမလဲကွယ်။
တောများထူနေမလား။ ကွန်နက်ရှင်များကျနေမလား။ ပြည်တွင်းစစ်များဖြစ်
နေမလား။ ဘာဆိုဘာမှ ဘာဘာ ဘာမှမသိရပါကွယ်။ သိရသလောက်ပြောရ
ရင် မသိရသလောက်အဖိုးထိုက်တန်ပါလိမ့်မယ်။ တကတည်း အနက်ထဲထိ
မရောက်ခင် ဂယက်ထသွားတယ်။ စီစဉ်သူစကားအရတော့ ကတ္တားရည်
ပူလာ ကံလွှဲပဲ။ ဒီအရေးအသားကို ဘာအခြေမှပြုမထားဘူး။ ဘာအခြေနဲ့မှ
စားမထားဘူး။ အစာချေစနစ်ထဲ အရည်/အဖတ်/အဆီ/အရောင်/အညှီ/အငွေ့
စတာတွေ မဖြစ်မနေ ဖြစ်သလို ပုံစံမျိုးစုံ လောင်းထည့်ပစ်လိုက်တယ်။

နဂျီအုံစွဲနေတဲ့ မြေကြီးစတွေနဲ့
မူလဟာ ဘူကျနေတယ်။        ။

လွန်းဆက်နိုးမြတ်
၂၆.၁၁.၁၁
နံနက်၀၀း၁၅နာရီ