ကျေးဇူးတော်ဖွဲ့
အခုလို စော်ကားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သင့်ရဲ့စော်ကားမှုဟာ ပန်းတွေ ပွင့်စေပါတယ်။
ရာသီဥတုကိုလည်း သာယာစေပါတယ်။ ကျေးငှက်တွေတောင်မှပဲ
သင့်စော်ကားမှုကို ကောင်းမှုဆောင် တေးသီချင်းတွေ သီကြွေးကြပါလိမ့်ဦးမယ်။
သင့်ရဲ့ စော်ကားမှုဟာ စားကောင်းအိပ်ပျော်တဲ့ နေ့တွေ ညတွေ တစ်ထောင်။
ထက်ရှလင်းလက်တဲ့ ဥာဏ်စဉ်ကွန့်မြူးမှု တစ်သောင်း၊
အူမြူးလှိုက်ရွှင်ဖွယ် အရသာနဲ့ နေထိုင်ခြင်း ကာလပေါင်းတစ်သိန်း၊
တက်ကြွကြည်နူးစရာ ညက်သက်ညင်သာမှုတစ်သန်းနဲ့ ညီမျှပါပေတယ်။
သင့်ရဲ့ စော်ကားမှုသာမရှိခဲ့ရင် ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ပါ။
ဒီကမ္ဘာမြေကြီးပေါ်မှာ အသက်ဆက်ရှင်သန်ရခြင်းဟာလည်း
အချည်းနှီးသာပါပဲ။ သင်စော်ကားသမျှ စကားလုံးတစ်လုံးချင်းစီတိုင်းမှာ
ခွန်အားနဲ့ အသက်ဓာတ်ဟာ ကိန်းဝပ်ဖြစ်တည်နေပါတယ်။ သင်စော်ကားတဲ့
ပြုမူလှုပ်ရှားမှုတိုင်းဟာ ကံကောင်းခြင်းဆုလဒ်ရဲ့အပိုင်းအစတွေပါပဲ။
သင်စော်ကားပါမှ မြိုသိပ်သည်းခံခြင်းတွေ တဖွားဖွားဖြစ်ပေါ်လာရတာပါ။
သင့်စော်ကားမှုတွေက အမှန်တရားနဲ့ သိမှုဆိုင်ရာအပိတ်အဆို့တွေအတွက်
အကောင်းဆုံး လမ်းညွှန်မြေပုံတစ်ချပ်ပါပဲ။ သင့်စော်ကားမှုမှန်သမျှဟာ
နောင်နှစ်ပေါင်းများစွာတိုင်အောင် သမိုင်းမှတ်တမ်းတွင်နေဦးမှာ ဖြစ်ပါတယ်။
ထပ်မံလဲပြိုကောင်း လဲပြိုလာဦးမယ့် လောကဓံတွေနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ
သင့်စော်ကားမှုတွေနဲ့အတူ စိတ်ဓာတ်တို့ကို အားယူထူမတ်ရပါဦးမယ်။
သင့်စော်ကားချက်တွေ ပီပြင်လေလေ သင်စော်ကားသည်ထက်
အဆမတန်တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေရရှိလာလေလေပါပဲ။
ဒီ့အတွက် သင့်စော်ကားမှုတွေကို များစွာ ပြစ်ပြစ်နှစ်နှစ်ရှိစေချင်ပါတယ်။
များစွာ တရားလက်လွှတ်ဖြစ်စေချင်ပါတယ်။ များစွာလည်း ပိုးစိုးပက်စက်
ဖြစ်စေချင်လှပါတယ်။ များစွာ…များစွာ…များစွာ…စော်ကားပါလေ။
သင့်စော်ကားမှုမှန်သမျှဟာ ရွှေငွေကျောက်သံပတမြားတွေထက်
လွန်စွာမှပဲ အဖိုးထိုက်လှပါပေရဲ့။ ရေနံ၊ ကျောက်မီးသွေး၊
နျူကလီးယား၊ယူရေနီယံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်တို့ကဲ့သို့ပင်
သင့်စော်ကားမှုတစ်ခုချင်းစီတိုင်းဟာ အရေးပါအရာရောက်လှပါပေတယ်။
သင်နဲ့ထပ်တူ သင့်စော်ကားမှုတွေ အဓွန့်ရှည်ပါစေသောဝ်။ ။
လွန်းဆက်နိုးမြတ်
၇.၁၂.၁၁
ည ၁၁း၃၀နာရီ
သင်နဲ့ထပ်တူ သင့်စော်ကားမှုတွေ အဓွန့်ရှည်ပါစေသောဝ်
ဟုတ်ကဲ့..စော်ကားမှုလေး ဖတ်သွားတယ်ဗျ.. 🙂
အဲ့ဒါမှပဲ ကဗျာရေးဖြစ်တာက ပို ဖြစ်လာတယ်…။
စော်ကားတာက အေရိုးပစ်…:D