ဂျက်ကီနှင့် နက်ကျော်ကိုက်ခဏ်း အရေးအသား

ဂျက်ကီနှင့် နက်ကျော်ကိုက်ခဏ်း အရေးအသား

ဂျက်ကီနှင့် နက်ကျော်အမည်ရှိ ခွေးနှစ်ကောင်ကိုက်ကြသည်။
ခွေးဖြစ်သောကြောင့် ကိုက်ကြသည်။ လူဆိုလျှင် ကိုက်မည်မဟုတ်။ ရှုတော်မူ။

ဂျက်ကီက နက်ကျော်၏ ညာဖက်နားရင်းကို လှမ်းခဲသည်။ နက်ကျော်က လှလှပပတိမ်းရှောင်ကာ ဂျက်ကီ၏ ဘယ်ဖက်ပုခုံးပြင်ကို လှမ်းဟပ် သည်။ ဂျက်ကီက မရှောင်။ အဟပ်ခံသည်။ ပြီးတော့မှ နက်ကျော်၏ လည်မျိုကို မလွှတ်တမ်းလှမ်းခဲသည်။ နက်ကျော်က ရုန်းသည်။ တစ်ခါ၊နှစ်ခါ၊သုံးခါ၊ ရုန်းမရသည့်အဆုံး မြေကြီးပေါ် လှဲချကာ ခါချသည်။ ဂျက်ကီခဲထားရာမှ လွှတ်လိုက်ရသည်။ သို့သော် အပေါ်စီးက ဖြစ်သွားသည်။ နက်ကျော်က အောက်ကနေပြီး လက်တွေ ခြေထောက်တွေ ကာပြီး တဂီးဂီး အသံကုန်အော်သည်။ ခံစစ်။ ဂျက်ကီက နက်ကျော်၏ လက်တွေခြေထောက်တွေ လွတ်ရာဆီ ငုံ့ကိုက်သည်။ တိုက်စစ်။ နှစ်ကောင်စလုံး သားရေတမြားမြား အသံတွေကလည်း တဂီး ဂီးတဂါးဂါး မျိုးစုံအောင် ထွက်နေသည်။ တစ်ကြိမ်မှာ နက်ကျော်က ဂျက်ကီ၏ ညာဖက်လက်ကို လှမ်းဆွဲသည်။ ဂျက်ကီရှောင်ချိန်မရလိုက်။ နက်ကျော် ကိုယ်ပေါ် ပြုတ်ကျသွားသည်။ နှစ်ကောင် သား လုံးထွေးရှုပ်ထွေးသွား၏။ ရေဗွက်တွေလည်း ပေကျံကုန်သည်။ ထိုအရှုပ်အထွေးကြားမှာပဲ နက်ကျော်က ကုန်းထဖို့ပြင်သည်။ ဒါကပဲ မှားသွားသည်။ ဂျက်ကီက နက်ကျော်ကို အထမခံဘဲ မှီရာလှမ်းဆွဲပြီး လိုက်ထသည်။ နက်ကျော်က လည်ပြန်လှည့်ကိုက်သည်။ ဂျက်ကီက ခဲထားသည့် နေရာကို လွှတ်ပြီး နက်ကျော်၏ လည်မျိုဆီ ဗြုန်းစားကြီး ခုန်ကိုက်ပြန်သည်။ ပထမတစ်ခါ ကိုက် သည့်အနာကို ထပ်ကိုက်မိသွားသည်။ နက်ကျော်ဆီမှ နာနာကျင်ကျင် အော်မည်သံထွက်လာသည်။
နက်ကျော်က နာသည့်ဒဏ်နှင့် ပေါင်းကာ အားကုန်သုံးပြီး ဂျက်ကီ့ကို ခါချသည်။ခါချရင်း ဂျက်ကီ၏ ညာဖက်လက်ကို လှမ်းဟပ်ပြန်သည်။ ဂျက်ကီ၏…။ နက်ကျော်က…။ ဂျက်ကီသည်…။ နက်ကျော် လည်း…။ ဂျက်ကီနောက်ထပ်..။ နက်ကျော်ဆက်ပြီး…။ ဂျက်ကီခုန်ကာ…။ နက်ကျော်မှီရာလှမ်း…။ ဂျက်ကီ့ကို…။ နက်ကျော်ဆီ…။ ဂျက်ကီမှာ…။ နက်ေ ကျာ်…၊ ဂျ က် ကီ…။ န  က်  ကီ …။ ဂျ  က်ေ  ကျာ်…။ ဂျ  က် န  က်…။ေ  ကျာ်  ကီ…။ ဂီး ဂီး ဂါး ဂါး … ဂါး ဂါး ဂီး ဂီး …ဂီးဂီးဂီး …ဂါး ဂါး ဂါး … ။

ဂျက်ကီနှင့် နက်ကျော်အမည်ရှိ ခွေးနှစ်ကောင်ကိုက်ကြသည်။
ခွေးဖြစ်သောကြောင့် ကိုက်ကြသည်။ လူဆိုလျှင် ကိုက်မည်မဟုတ်။ ယုံပါလေ။

လွန်းဆက်နိုးမြတ်
၁၇.၉.၁၁
ည၁၀း၃၅ နာရီ
(မျှားသူ၏ “စီခနဲဂျက်ကီ”၀တ္ထုမှ စာသားများကို လိုအပ်သလို ဖြည့်စွက်ရေးသားသည်။)

 

3 comments on “ဂျက်ကီနှင့် နက်ကျော်ကိုက်ခဏ်း အရေးအသား

  1. junemoe says:

    အမယ်လေးဂျာ.. မောသွားတာပဲ..ခွေးနှစ်ကောင်ကိုက်တာ ကြည့်လိုက်တာ.. 🙂

  2. thawzinohn says:

    ခင်ဗျားအရေးအသားကိုတော့ခိုက်သွားပြီ

  3. အမယ်လေး… ခွေးကြောက်ရတဲ့အထဲ ခွေးသံတွေကို ညံနေတာပဲ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s