ဘ၀နေ့စဉ်

ဘ၀နေ့စဉ်

မီးကို တစ်နွယ်ချင်း (ငါး)ရစ်တက်နေရတယ်။ လိုင်းတွေကို
အားပြုနေရသေးတယ်ဆိုတာ ကြားကတည်းက နေမထိထိုင်မသာဖြစ်လို့။
ဒင်းကလေးကို မထိရက်မကိုင်ရက် ပါးလျက်နားလျက်ရှိလျက်သာပါပဲ။
ဆိုလိုတာက သစ်ပင်လည်း သစ်ပင်အလျောက် သစ်ရွက်လည်း သစ်ရွက်
အလျောက် ကိုယ့်ခရီးနဲ့သူပါပဲ။ ဒါကိုလည်း သူမြင်မှ ကိုယ်ကြားရတာပါ။ ဂျင်းစိမ်းနဲ့
(မိတ်သလင်)တီရှပ်ပါ။ နည်းနည်းလောက်တော့ အူကြောင်ကြောင်ရှုံးနေမှာပေါ့။
မနှစ်က ကန်တဲ့ဘောပွဲဟာ တစ်ဖက်ကို ဘယ်နှဂိုးဆိုတာမျိုး goal score မတက်
လာသေးခင်ထိတော့ တစ်နှစ်လုံး ကန်နေကြတယ်ပြောရမယ်။ မပြောချင်လည်း
မဆိုပါနဲ့။ ငယ်ငယ်ကလို အရုပ်ကလေးတွေ ထောင်ပြီး ပစ်ချင်တယ်။ ခုလောက်ဆို
အဲဒီ့အရုပ်ကလေးတွေလည်း အတော်ကြီးလာလောက်ရောပေါ့။ မိဘမရှိတော့
ကိုယ့်ကိုယ်ကိုယ်ပဲ ရေမှန်မှန်လောင်းခဲ့ရတယ် သူ့ခမျာ။ ဒါတောင် ပိုးတွေက
သူ့အရွက်ပေါ် ကျလိုက်သေး။ ရပ်ကွက်နေပြည်သူများအနေဖြင့် အပူရှိန်ပြင်း
လွန်းသဖြင့် ဦးဏှောက်ကို အုပ်မထားရန် ကြေငြာ။ ထိုကြေငြာသည် တခြားအဓိပါယ်
တစ်စုံတစ်ခုကို ဖွင့်ဆိုပြဖို့ အားမထုတ်။ မြစ်တွေ ရင်ဘတ်ထဲမှာ ချွေးလို စီးနေပြီ
လို့ ပင်လယ်က ညညအော်တာ လမင်းနဲ့ ကြယ်စင်များ ကြွေသွားသည့်တိုင်။
ဓာတ်ပုံကူးခန်းလေးက နေ့ခင်းကျားတောင်ကြီး ရှေ့(အပေါ်)မီးကြီးအတင်းဖွင့်
မောင်းနေတယ်။ မောင်းဆိုတာ ရှုံးရင်လည်း လောင်းပျော်တယ်။ ရေကူးကန်ထဲမှာ
လူတွေ ကူးနေကြတယ်။ ရေတွေကူးဖို့ကျတော့ လူကူးကန်က ဘယ်မှာလဲ။
rough it / ရာ့(ဖ်)အစ်(တ်)/idm.ဖြစ်ကတတ်ဆန်း၊ ဆင်းရဲဒုက္ခခံ နေထိုင်သည်။
ဌာနချုပ်ဗျူရိုက လက်ကုတ်သတင်းတက်လာတယ်။ အမြန်လစ်ခဲ့။ အမြစ်လန်နေပြီ။
ဒီဆောင်းပါးကို အရိပ်အခြည်ကြည့်ပြီး ရေးတယ်။ ယောက်ျးယောက်ျား ချဉ်ချဉ်စပ်စပ်
တော်တော်ကြိုက်ဆိုတဲ့ စာသားထဲ ချဉ်ချဉ်စပ်စပ်နေရာမှာ ရှင်လေ(ကာရန်တူ )
တော်တော်ကြိုက်ကို ထည့်ဆိုနေမိတယ်။ အဲဒီ့နေရာအရောက် လျှပ်စစ်မီးပြတ်သွား
တယ်။ ပိုလျှံနေတဲ့ လျှပ်စစ်။ အပိုအလျှံ/အလျှံပယ်/ကြွယ်ပိုးကြွယ်ဝ/ခုတလော
ကြွယ်ကြွယ်လေး ၀လာတယ်။ ကြွယ်ကြွယ်လေး ၀လာတယ်ဆိုတဲ့ သိမှုဆီ
ဆိုက်ရောက်ဖို့ လျှပ်စစ်မီးကို ဖြတ်လိုက်သလား။ စောက်ခွက်တစ်ခုလုံး
ပိန်ချိုင့်သွားအောင် ချစ်စနိုးလေး ဖြတ်ရိုက်လိုက်တယ်။ ရှေ့ကနေ ဖြတ်လျှောက်
သွားတာ ထောင့်မကျိုးလို့ဆိုပဲ။ ဘယ်ကျိုးမလဲ။ သူ့ထောင့်က ကိုးဆယ်ဒီဂရီ။
သောတရှင်များယှဉ်။ ဒီနေ့လည်း မနေ့ကအတိုင်း အီရန်နျူဟင်းခါးတစ်ပွဲရယ်၊
အာဖဂန်အသေခံတစ်ခွက်ရယ်၊ ကျန်းမာရေးကို ဆိုးဝါးစွာ’ထိ’ ‘ခိုက်'(စေ)’နိုင်’တဲ့
ရုရှားမဲလိပ်တွေရယ်ပဲ ကမ္ဘာကြီးရဲ့ နံနက်စာ။        ။

လွန်းဆက်နိုးမြတ်
၂၇.၃.၁၂
ည ၀၉း၁၁နာရီ

ကဗျာနေ့အတွက် အသစ်(၂)ပုဒ်

ဖခင်အမည်မှန်

တလောက သစ်တွေ ၀ယ်ပြီး မြင်းလှည်းနဲ့ တင်ခဲ့တယ်။
မြင်းက ခပ်ပိန်ပိန်။ လှည်းဆရာက ခပ်ပိန်ပိန်။ ကျွန်တော့်နာမည်
သန်းနိုင်ဦး နောင်လည်း ကျွန်တော့်လှည်းတွေ့ရင် အစ်ကိုခေါ်နော်။
ပိုက်ဆံယူပြီးတာနဲ့ ဆိုင်ကယ်ကို ၀ူးခနဲမောင်းထွက်သွားတယ်။
ရေးရေးလေး မြင်တော့မှ နာမည်တစ်ခု သွားသတိရတယ်။ ကိုသန်းနိုင်ဦး။
ကိုယ့်ထက်ငယ်တဲ့ လူကိုတောင် အစ်ကိုလို့ အောက်ကြို့ခေါ်လေ့ရှိတာ။
ရက်တွေကြာသွားတယ်။ လတွေကြာသွားတယ်။ သစ်ဆိုင်ကို တစ်ခါထပ်
ရောက်တယ်။ အစ်ကိုမြင်းလှည်းငှားမလား။ လူက ခပ်ပိန်ပိန်။
နေ့လည်ပိုင်းတစ်ပိုင်းလုံး လျှပ်စစ်မီးဆရာက မိန်းမနဲ့ ကလေးတွေ
အကြောင်းပြောတယ်။ လျှပ်စစ်မီးသမားဝန်ထမ်းဘ၀အကြောင်းပြောတယ်။
နိုင်ငံရေးအပြောင်းအလဲတွေအကြောင်းပြောတယ်။ မီးဆရာ မပြောတာက
နာမည်တွေပဲ။ မီးဆရာနာမည်ကလွဲရင် အခြားနာမည်တွေ သိစရာမှ
မလိုတာ။ မီးဆရာပြန်သွားတော့ ပြောခဲ့တာတွေမမှတ်မိဘူး။ နာမည်
တစ်ခုပဲမှတ်မိတယ် ကိုသန်းနိုင်ဦး။ ကိုသန်းနိုင်ဦးက ဘလိတ်ဓားအသစ်
ထုတ်ပြတယ်။ ဆံပင်ညှပ်ပေးရင်းကနေ ညက မန်ယူပွဲအကြောင်း
ဖောက်သည်ချတယ်။ ညှပ်ပြီးသား ဆံပင်ကလေးကို လက်နဲ့သပ်ပြီး
အပြန်လမ်းတစ်လျှောက်လုံး ကိုသန်းနိုင်ဦးနာမည် ပါးစပ်ဖျားတင်
မေ့နေတယ်။ လက်ဖက်ရည်ဆိုင်မှာ မောင့်ကို စကားလာပြောတာ
ဘယ်သူလဲ။ ဇနီးသည်က စပ်စုတယ်။ ကိုသန်းနိုင်ဦးထင်တာပဲ။
မောင်ကလဲ အူကြောင်ကြောင်နဲ့။ လှည်းပေါ်တက်တက်ချင်း
လှမ်းနှုတ်ဆက်လိုက်တယ်။ အေးဆေးပဲလား ကိုသန်းနိုင်ဦး။
ခင်ဗျာ ကျွန်တော့်နာမည် သန်းနိုင်ဦးမဟုတ်ဘူး။ ထုံးစံအတိုင်း
ဆိုင်ကယ်ကို ၀ူးခနဲ မောင်းထွက်သွားတယ်။ မီးဆရာနဲ့ ဆံသ
ဆရာကလည်း သူတို့နာမည် ကိုသန်းနိုင်ဦးမဟုတ်ကြောင်း
ငြင်းဆန်ပါတယ်။        ။

လွန်းဆက်နိုးမြတ်
၁၇.၃.၂၀၁၂
၁၂း၃၅နာရီ

ဖခင်အမည်မှန်

ဖခင်အမည်မှန်

ဖေဖော်ဝါရီလရဲ့ ခလယ်ခေါင်လောက်တုန်းက
ကိုသန်းနိုင်ဦးနဲ့ တွေ့သေးတယ်။ အပြိုင်အဆိုင်အားလုံးကို
ကျော်လွှားပြီး ရည်မှန်းချက်အသစ်များကို လက်တွေ့
အကောင်အထည်ဖော်နိုင်မယ်လို့ ဟောခဲ့တယ်။
ကျွန်တော်ဆရာဝန်တစ်ယောက်ပါလို့ ထုတ်မပြောရင်
ဆရာဝန်မှန်းတောင် သိမှာမဟုတ်ဘူး။ ကိုသန်းနိုင်ဦးပုံစံက
ဖြူဖျော့ဖျော့ အရောင်မှိန်မှိန်။ ပန်းဆိုးတန်းလမ်းမပေါ်မှာ
တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း
စကားလက်ဆုံကျလိုက်သေးတယ်။ ဂစ်တာသမားပီပီ
ဆံပင်တွေလည်း ရှည်လို့ ။ မတ်လဆီက ကိုသန်းနိုင်ဦး။
ဂျူလိုင်လရောက်တော့ လက်ဖက်ရည်ဆိုင်ထဲကနေ သူ့ကို
ဖျတ်ခနဲ မြင်လို့ လှမ်းခေါ်လိုက်တယ်။ လှည့်မကြည့်ဘူး။
ဒီလိုနဲ့ မဆုံဖြစ်တာ ကြာသွားတယ်။ ဆုံပြန်တော့လည်း
သူ့ထုံးစံကို နေကာမျက်မှန်လို မချွတ်ဘူး။ စားပွဲအောက်ကနေ
ကဗျာတစ်ပုဒ်ကို တိုးတိုးတိတ်တိတ် ပေးဖတ်တယ်။
အဲဒီ့ကဗျာ မဂဇင်းမှာ ပါလာတော့ သန်းနိုင်ဦးမဟုတ်ဘူး။
ဂစ်တာသမားဟာ ဘယ်တုန်းကမှ သန်းနိုင်ဦး တစ်ဦး
ဖြစ်ခဲ့ပုံမရဘူး။ မိန်းမက ရယ်တယ်။ ပေါက်ပေါက်ရှာရှာ
ဗေဒင်ဆရာနာမည်က သန်းနိုင်ဦးမှ မဟုတ်တာပဲရှင်တဲ့။
ကျွန်တော် ကိုသန်းနိုင်ဦးတစ်ယောက်ပါလို့
ဆရာဝန်က မပြောခဲ့ဘူး။        ။

လွန်းဆက်နိုးမြတ်
၁၇.၃.၂၀၁၂
ညနေ ၅း၃၂နာရီ

အရောင်-အသံ-အနံ့-အရသာအားဖြင့် ခင်ဗျားအကြောင်း အတင်းပြောခြင်း

အရောင်-အသံ-အနံ့-အရသာအားဖြင့် ခင်ဗျားအကြောင်း အတင်းပြောခြင်း

တစ်ယောက်က နားထဲမှာ နား(ဖာ)ချေးတွေ
ပြည့်နေ/ပိတ်နေ/ဆို့နေတယ်
အခု ခင်ဗျားပြောလိုက်တဲ့ ဘာသာစကား
တ၀ူးဝူးတ၀ါးဝါးသာရှိ (တစ်)၀ူးဝူး(တစ်)၀ါးဝါးဟု မရှိကြောင်း
မှတ်ဥာဏ်ဆိုင်ရာမှာ အနှောင့်အသွား မလွတ်မကျွတ် လာလာနှောင့်ယှက်
ဟင့်အင်း ပီပီနဲ့ သ သ(မ)ကြားရဘူး သကြား(မ)ရဘူး
ဟမ်မ်မ်…ဘာပြောတယ် ပြန်ပြောပါဦး ဘာပြောလိုက်တယ်
ဘာ….
တစ်ယောက်က နှာခေါင်းထဲ နှပ်စိုင်ခဲတွေ မာခဲနေတယ်
အသက်ကောင်းကောင်း ရှူမ၀/မရဘူး
မော မော နေတယ်
နှုတ်ခမ်းတစ်ခုရဲ့ မွှေးမြမှု လား စအိုပြွှန်တစ်လျှောက် လာတဲ့လေ လား
ဘာနံ့မှ မရဘူး အိုင်ဒုန့်နိုး
အမဲလိုက် ခွေးတစ်ကောင်လို
ခင်ဗျားခနာကိုယ်အနှံ့ တရှုပ်ရှုပ်အနံ့ခံလို့
တစ်ယောက်က မျက်လုံးထဲမှာ မျက်ချေးတွေ စေးပျစ်နေတယ်
နီတျာတျာ မျက်လုံးထဲက အရိပ်တွေ
အဖြူအမည်း/ တူးစီ/ဖိုးစီ
မိတ်ဆွေနဲ့ ရန်သူ အသည်းမကွဲဘူး အဲ မသဲကွဲဘူး
ခင်ဗျားပုခုံးကို မမိမချင်း အမိအရ လှမ်း လှမ်း ကိုင်နေ
ဟောဒီ့မှာ ၀ါထိန်ထိန် သွားချေးတွေ
ပုတ်လှောင်နေတဲ့ အနံ့အသက်နဲ့
လျှာတစ်ချောင်းခေါင်း (မ) ပြူ (ရ) (လက်မထုတ်ရ)
ခင်ဗျားဟာ နောက်ဆုံးတစ်ယောက်ရဲ့
ပါးစပ်ပုပ်ကြီးထဲမှာ တစ်လစ်တစ်လစ်။    ။

လွန်းဆက်နိုးမြတ်
၈.၂.၁၂
နံနက် ၁၂း၂၅နာရီ

တားမြစ်နယ်မြေ

တားမြစ်နယ်မြေ

 

နာရီတွေ နောက်ပြန်မသွားဘူးဆိုတဲ့ စကားကို ချွတ်ပစ်ထားတာ နည်းနည်းကြာသွားတော့
ဖတ်လက်စ စာမျက်နှာရဲ့အသားအရေတွေ အေးလာတယ် မုန့်ကြိုးလိမ်လို ၀ါယာအနီနဲ့အနက်
နှစ်ပင်လိမ်ထားတုန်းက အရွယ်လောက်တော့ရှိရောပေါ့ ပထွေးမရှိဘူး မိထွေးမရှိဘူး မိရင်း
ဖရင်းတောင် မရှိဘူး ဒါဆို ဗလာ ဗလာ ဗလာပဲလို့ မထင်နဲ့ ဗလာလည်း မရှိဘူး  လိုအပ်တာထက်
ပိုပြီးတော့ တောနက်မည်းထဲ တောင်ကို တရစပ်လှော်ခတ်ပစ်လိုက်တယ် ခွက်ထဲမှာ သောက်စရာများ
ကျန်ဦးမလားလို့ ခါးမတ် လည်ဆန့်ပြီး ဓာတ်စာကို အမျှော်ဆိုက်တယ် မျက်လုံးဒေါက်တွေ ဟောင်းနေ
ပြီ ထောက်ရတာ မခိုင်ချင်တော့ဘူး သေဆုံးနေတဲ့ သတင်းတစ်ပုဒ်ကို သေဆုံးနေတဲ့ စာတစ်စောင်
အဖြစ် ခေါက်ထည့်ပြီး စာအိတ်အခေါင်းထဲ ထည့်သဂြိုလ်လိုက်တယ် မိုးရွာထဲ ထီးအမည်းတွေ
ကိုယ်စီဆောင်းလို့ အသုဘရှုသူတွေ ၀မ်းနည်းနေကြရဲ့ ရယ်စရာပဲ အိမ်သာတက်တာတောင်
ရိုးရိုးနဲ့ ဗိုလ်ထိုင် အထက်အောက်ဖိစီးမှုနဲ့ ကြုံတယ် ဒါပေမယ့် ဘာလာလာ သုံးတုံးလောက်ပါပဲ
တံခါးကြားမှာ ပုံတူကပ်ထားတဲ့ တောက်တဲ့ရုပ်က တောက်တဲ့ တောက်တဲ့နဲ့ အော်တယ် အော်သံ
က လွမ်းစရာကောင်းပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေတယ် ဟောင်ကောင်မှာ တိုက်ခန်းဈေး
တွေ စောက်ရမ်းခေါင်ခိုက်တာကို ရိုက်ပြထားတဲ့ ဇာတ်ကားထဲက လူနေမှုဟာ ကြောက်စရာပဲ
သစ်ပင်ပေါ် အမြီးရှည်ငှက်ကလေးနားနေတာမှမဟုတ်တာ ကျွတ်ကျွတ်အိတ်စုတ်ကပ်နေတာ
စုပ်ခွက်တွေပါတဲ့ လက်ချောင်းတွေနဲ့ ဖဲချပ်ကို ပွတ်သပ်လည်း အပွင့်ကတော့ တိုးမလာဘူး
စိတ်ကြိုက်အခန်းဖွဲ့ပြီးရင် ၀တုတစ်ပုဒ်ရဲ့ အောက်ခံဖောင်ဒေးရှင်းထဲ ကျောက်လောင်းထည့်လိုက်
မူးလာရင် ဒီအတိုင်းပဲ စရစ်လာပြီ ကျောက်စရစ်ဖျော်လိုက် စကားလုံးယက်မတွေ လော့ဂျစ်ဆင့်တွေ
ဝေါဟာရဒိုင်းတွေ ဗန်းစကားမြားတွေ တိုင်ထူဖို့ ကျွန်းသစ်ဘယ်မလဲလို့ မမေးနဲ့ ကျောက်သင်ပုန်းနဲ့
ကျောက်တံပဲ လိုတယ် မဟာဘုတ်။        ။

လွန်းဆက်နိုးမြတ်