ဖခင်အမည်မှန်
တလောက သစ်တွေ ၀ယ်ပြီး မြင်းလှည်းနဲ့ တင်ခဲ့တယ်။
မြင်းက ခပ်ပိန်ပိန်။ လှည်းဆရာက ခပ်ပိန်ပိန်။ ကျွန်တော့်နာမည်
သန်းနိုင်ဦး နောင်လည်း ကျွန်တော့်လှည်းတွေ့ရင် အစ်ကိုခေါ်နော်။
ပိုက်ဆံယူပြီးတာနဲ့ ဆိုင်ကယ်ကို ၀ူးခနဲမောင်းထွက်သွားတယ်။
ရေးရေးလေး မြင်တော့မှ နာမည်တစ်ခု သွားသတိရတယ်။ ကိုသန်းနိုင်ဦး။
ကိုယ့်ထက်ငယ်တဲ့ လူကိုတောင် အစ်ကိုလို့ အောက်ကြို့ခေါ်လေ့ရှိတာ။
ရက်တွေကြာသွားတယ်။ လတွေကြာသွားတယ်။ သစ်ဆိုင်ကို တစ်ခါထပ်
ရောက်တယ်။ အစ်ကိုမြင်းလှည်းငှားမလား။ လူက ခပ်ပိန်ပိန်။
နေ့လည်ပိုင်းတစ်ပိုင်းလုံး လျှပ်စစ်မီးဆရာက မိန်းမနဲ့ ကလေးတွေ
အကြောင်းပြောတယ်။ လျှပ်စစ်မီးသမားဝန်ထမ်းဘ၀အကြောင်းပြောတယ်။
နိုင်ငံရေးအပြောင်းအလဲတွေအကြောင်းပြောတယ်။ မီးဆရာ မပြောတာက
နာမည်တွေပဲ။ မီးဆရာနာမည်ကလွဲရင် အခြားနာမည်တွေ သိစရာမှ
မလိုတာ။ မီးဆရာပြန်သွားတော့ ပြောခဲ့တာတွေမမှတ်မိဘူး။ နာမည်
တစ်ခုပဲမှတ်မိတယ် ကိုသန်းနိုင်ဦး။ ကိုသန်းနိုင်ဦးက ဘလိတ်ဓားအသစ်
ထုတ်ပြတယ်။ ဆံပင်ညှပ်ပေးရင်းကနေ ညက မန်ယူပွဲအကြောင်း
ဖောက်သည်ချတယ်။ ညှပ်ပြီးသား ဆံပင်ကလေးကို လက်နဲ့သပ်ပြီး
အပြန်လမ်းတစ်လျှောက်လုံး ကိုသန်းနိုင်ဦးနာမည် ပါးစပ်ဖျားတင်
မေ့နေတယ်။ လက်ဖက်ရည်ဆိုင်မှာ မောင့်ကို စကားလာပြောတာ
ဘယ်သူလဲ။ ဇနီးသည်က စပ်စုတယ်။ ကိုသန်းနိုင်ဦးထင်တာပဲ။
မောင်ကလဲ အူကြောင်ကြောင်နဲ့။ လှည်းပေါ်တက်တက်ချင်း
လှမ်းနှုတ်ဆက်လိုက်တယ်။ အေးဆေးပဲလား ကိုသန်းနိုင်ဦး။
ခင်ဗျာ ကျွန်တော့်နာမည် သန်းနိုင်ဦးမဟုတ်ဘူး။ ထုံးစံအတိုင်း
ဆိုင်ကယ်ကို ၀ူးခနဲ မောင်းထွက်သွားတယ်။ မီးဆရာနဲ့ ဆံသ
ဆရာကလည်း သူတို့နာမည် ကိုသန်းနိုင်ဦးမဟုတ်ကြောင်း
ငြင်းဆန်ပါတယ်။ ။
လွန်းဆက်နိုးမြတ်
၁၇.၃.၂၀၁၂
၁၂း၃၅နာရီ
မပြောတာကနာမည်တွေပဲ