ဖခင်အမည်မှန်
ဖေဖော်ဝါရီလရဲ့ ခလယ်ခေါင်လောက်တုန်းက
ကိုသန်းနိုင်ဦးနဲ့ တွေ့သေးတယ်။ အပြိုင်အဆိုင်အားလုံးကို
ကျော်လွှားပြီး ရည်မှန်းချက်အသစ်များကို လက်တွေ့
အကောင်အထည်ဖော်နိုင်မယ်လို့ ဟောခဲ့တယ်။
ကျွန်တော်ဆရာဝန်တစ်ယောက်ပါလို့ ထုတ်မပြောရင်
ဆရာဝန်မှန်းတောင် သိမှာမဟုတ်ဘူး။ ကိုသန်းနိုင်ဦးပုံစံက
ဖြူဖျော့ဖျော့ အရောင်မှိန်မှိန်။ ပန်းဆိုးတန်းလမ်းမပေါ်မှာ
တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း
စကားလက်ဆုံကျလိုက်သေးတယ်။ ဂစ်တာသမားပီပီ
ဆံပင်တွေလည်း ရှည်လို့ ။ မတ်လဆီက ကိုသန်းနိုင်ဦး။
ဂျူလိုင်လရောက်တော့ လက်ဖက်ရည်ဆိုင်ထဲကနေ သူ့ကို
ဖျတ်ခနဲ မြင်လို့ လှမ်းခေါ်လိုက်တယ်။ လှည့်မကြည့်ဘူး။
ဒီလိုနဲ့ မဆုံဖြစ်တာ ကြာသွားတယ်။ ဆုံပြန်တော့လည်း
သူ့ထုံးစံကို နေကာမျက်မှန်လို မချွတ်ဘူး။ စားပွဲအောက်ကနေ
ကဗျာတစ်ပုဒ်ကို တိုးတိုးတိတ်တိတ် ပေးဖတ်တယ်။
အဲဒီ့ကဗျာ မဂဇင်းမှာ ပါလာတော့ သန်းနိုင်ဦးမဟုတ်ဘူး။
ဂစ်တာသမားဟာ ဘယ်တုန်းကမှ သန်းနိုင်ဦး တစ်ဦး
ဖြစ်ခဲ့ပုံမရဘူး။ မိန်းမက ရယ်တယ်။ ပေါက်ပေါက်ရှာရှာ
ဗေဒင်ဆရာနာမည်က သန်းနိုင်ဦးမှ မဟုတ်တာပဲရှင်တဲ့။
ကျွန်တော် ကိုသန်းနိုင်ဦးတစ်ယောက်ပါလို့
ဆရာဝန်က မပြောခဲ့ဘူး။ ။
လွန်းဆက်နိုးမြတ်
၁၇.၃.၂၀၁၂
ညနေ ၅း၃၂နာရီ
ကဗျာတစ်ပုဒ်ကိုတိုးတိုးတိတ်တိတ်ပေးဖတ်တယ်
ထုတ်မပြောရင်
………………မှန်းတောင် သိမှာမဟုတ်ဘူး…
အရမ်းပြောင်မြောက်တယ် တကယ်လည်း စွဲသွားတယ် တော်တော်လေးကို တော်တော်လေးပါတယ် ခပ်ပေါ့ပေါ့ ဖတ်ရင်တောင် ရင်ကို ထိမယ့် အစားထဲကပါ ကောင်းတယ် အကိုရေ..အကို ကံကောင်းပါစေ…