ကို့ရို့ကားယားအူသံ

ကို့ရို့ကားယားအူသံ

မတန်မရာလှိုင်းတွေ ဖွေးဖွေးလှုပ်အောင် ဗရမ်းဗတာရိုက်ခတ်ပြီးကာမှ ကမ်းခြေဆီ ဖြစ်သလို
တွန့်လိမ်ကောက်ကွေးပြုတ်ကျလာတဲ့ ပင်လယ်ဟာ ဘီယာဘူးခွံလို တစ်ဝီ၀ီလည်လို့ အားရတော့
ငြိမ်သက်သွားတယ် ဟိုးအဝေးက တသိမ့်သိမ့်ရှိုက်ငိုသံလည်း မကြားနိုင်တော့ပြီ ခွင့်လွှတ်ဖို့ အသိ
တရားတွေေ၀၀ါးဝါးနှင်းမြူထဲ ဒေါသပုန်ထပေါက်ကွဲတတ်ပြီလား သူစိမ်းဆန်မှုနဲ့ အကျွမ်းတ၀င်
နေထိုင်ဖို့ရန် မလွယ်ကူချိန် တစ်ပင်ရဲ့ အရိပ်မှာ တစ်ပင်ရဲ့ အကောင်ထင်နေတယ် ပုံစံအရ တမင်
တကလာ ကွဲပြားစွာ တည်ဆောက်ထားတာ ကံကြမ္မာစက်ဝိုင်းမှာ လေးထောင့်စပ်စပ်မွှေ့ရမ်းတိုက်
ခတ်မှု အချင်းမ၀က်တ၀က်အရောက် လူ့အဖြစ်ဘောလုံးဟာ တိုင်ဘေးကပ်လွဲသွားတယ် အိပ်လို့
မပျော်ဘူး မပျော်ဘူးအိပ်လို့ ပျော်မအိပ်လို့ဘူး အိပ်မပျော်ဘူးလို့ ကြည့်ပ သင်းကွဲတွေ အုပ်စုဖွဲ့ပြီး
မိုက်နေကြပုံ တစ်ချိန်က အသာစီးဖက်ကနေ လေစုန်မှာ အတောင်ဖြန့်ခဲ့သမျှ တစ်ဖွဲ့လုံးစွန့်ပစ်
ထားခံရတယ် အဖတ်မတင်တဲ့ အရေတွေ အဖတ်မရတဲ့ အရေတွေ သူ့ဖက်က ၀င်ကြည့်လိုက်
တော့လည်း ဒီဇာတ်လမ်းတွဲပါပဲ ကောက်ရတဲ့ ခွေးလေး ကံကောင်းအမည်ပေး ကျွေးမွေးထောက်မ
ထားတယ် ကိုယ့်ချင်းကိုယ့်ချင်း တွယ်ချိတ်ထားလို့ ဆက်နေတဲ့ ကွင်းအ၀ိုင်းအ၀န်းတစ်ခုကနေ
အခြားတစ်ခုဆီ ဆင့်ပွားသွားရင်း(လာရင်း) ရေပွက်ငယ်ကလေးတွေ ဆင့်ကဲ့ဖြစ်ပေါ်နေသလို
ဖေ့စ်ဘွတ်ကွန်ယက်ထဲ ပိုကြီးတဲ့ ငါး လွတ်သွားတာ မကြာခဏပါပဲ ၏သည်မရွေး ပြင်ဖို့လိုအပ်လာ
ရင် ထီးပြင်ကုလားဟာ ထီးစက်ခေါင်းကို ဖွင့်ကြည့်ပြီး ထီးကလီစာတွေကို ခေါင်းငုံ့နှိုက်ထုတ်နေ
တယ် သိမ်းဆည်းထားလို့ရသလောက်ထိတော့ ဘာမှမရှိဘူးဆိုတဲ့ စကားလုံးကို လေအကုန်လျှော့
ကာ အပြားလိုက် သိမ်းဆည်းထားမှာ ဆန်ကာတင်ပဲ မဖြစ်စလောက် သူ့အတွေးအခေါ်လေးကို
ညာဖက်လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ သူလစ်လစ်ထွက်သွားတယ် ဘယ်သူမှ မသိ
အောင် အားလုံးရှေ့မှာ အခွံချွတ်ပြလိုက် အမှုန့်ထောင်းပြလိုက် အရည်ပြန်ဖျော်လိုက် အခဲပြန်ကြို
လိုက်နဲ့ အငွေ့မပျံမချင်း အတောမသတ်နိုင်တော့ဘူး အရေးထဲ ညွှန်ကြားချက်အတိုင်း ကောက်
ထည့်လိုက်တဲ့ သုညတွေ တစ်တွေ နှစ်တွေ သုံးတွေ သုံးထက်ပိုကြီးတာတွေ အသုံးကြီးတဲ့ ကောင်
တွေ အလိုရှိတာကို ဒယ်ဘယ်လ်ကလစ်ခ်နှိပ်ပြီး ရွေးချယ်ခွင့်ရှိလာတော့မယ်လား အေးစက်စက်နှင်း
ထုပြင်ပေါ် ခေါင်းခဲနေတယ် အနားမှာလည်း ဘာဆေးဝါးမှမရှိတော့ ဒီကဗျာက စကားလုံးတစ်လုံးကို
တစ်ခြမ်းဖဲ့ပြီး လည်ချောင်းထဲ ရေနဲ့မျှောလိုက်တယ် ရှိစေတော့ ကိုယ့်အရေးအသားနဲ့ကိုယ်ပဲ နာရီ
ဝက်ကြာရင် ကိုယ့်အသွေးအသားတွေ အစွမ်းပြလာမယ် ရူးမှာလည်း သေချာတယ် အရူးမှာလည်း
စိတ်ကူးရှိတယ် ကုန်လွန်ခဲ့တဲ့ နှစ်ကာလများတုန်းက ဟော်တယ်ကယ်လီဖိုးနီးယား ကျွန်တော်အမှန်
တကယ်တွေ့ရှိခဲ့တယ် မနက်လင်းတော့ မဟုတ်တော့ဘူး သူတို့မရှိတော့ဘူး ပလုံရေသံကြားရသလို
ပျောက်ဆုံးပျယ်လွင့်မြဲ မနက်ခင်းသစ်လုံးတွေ မနိုင်မနင်းသယ်ဆောင်ပြီး ဗရမ်းဗတာ ဖြတ်မောင်းသွား
တာ ကျွန်တော့်ဘေးနားကနေ ငရဲဟာ ငေးကြည့်တုန်လှုပ်နေရုံသက်သက်တော့ မကဘူးထင်တယ်
ထင်တယ်ဆိုတာကလည်း တစ်ခုခုကို ဘယ်တော့မှ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ကိုယ်စားပြုမှု
မဟုတ်လား တိတ်တဆိတ် ချွတ်နင်းဝင်ရောက်မှုဟာ မိုးခြိမ်းသံလို တုန်ခါမြည်ဟိန်းနေတော့တယ်
တစ်ဖက်ကိုလှည့်ပြီး လက်နဲ့ စမ်းလိုက်တော့ အိပ်ယာပေါ်မှာ သူတစ်ယောက်တည်း ဟာခနဲ ဖြစ်သွား
တယ် အစကတည်းက အစအဆုံးဖတ်လို့ရမှန်း အဆုံးရောက်တော့မှ (မြက်)ရိပ်စားမိတယ် သူ့မှာ
ကောင်းတာတစ်ခုမှ မရှိဘူး သဘောတရားအရ သူ့ကိုယ်စောင့်နတ်တောင် အကျင့်ပျက်ခြစွဲနေတယ်
တစ်ဦးနဲ့တစ်ဦး ခေါ်မကြားအော်မကြားနီးစပ်နေတာ မြင်တော့လည်း နားလည်မှုလွဲပြီး တစ်ဖက်အ
သင်းဆီရောက်သွားတယ် မကြာပါဘူး ဂျုံခင်းထဲက သေနတ်သံတစ်ချက်ကြားလိုက်ရတယ် အာမေ
ဋိတ်တွေ အလန့်တကြားထပျံကုန်တယ် အနုပညာအဓိပါယ်ဖွင့်ဆိုမှုဆိုတာ ပုဏ္ဍားခြောက်ယောက်
ဆင်စမ်းရမ်းတုတ်သလိုပဲ ရှိရင်းစွဲအသိဥာဏ် ရှိရင်းစွဲဝေါဟာရ ရှိရင်းစွဲအမှတ်သည်းခြေ ရှိရင်းစွဲ
အစွန်းတရား ရှိရင်းစွဲကိုးကွယ်မှု ရှိရင်းစွဲတုန့်ပြန်ချက် ရှိရင်းစွဲလိင်စိတ်နဲ့ ရှိရင်းစွဲတွေရဲ့ တစ်ဖက်
နယ်/-/ခြား ဆိုတော့ တစ်ယောက်တည်း တိုင်တိုင်ပင်ပင်ပေါ့။        ။

လွန်းဆက်နိုးမြတ်     
၁၄.၁၁.၁၁
ည ၁၁း၄၇ နာရီ

သတင်းအကျယ်

သတင်းအကျယ်

 

ရုတ်တရက်ကြီး သင်ဖတ်ရှုနေတဲ့ မော်နီတာစခရမ်ရဲ့ စူးရှရှအလောင်း(ကောင်)
အစာပြေ ခူးဆွတ်စားသုံးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသေးတဲ့ အပျိုစင်ဖြစ်မှု/စစ်မှု ဒွိဟ
ပန်းသီးအူတိုင်ဘေးတစ်ဝိုက်ကနေ ၀က်အူရစ်ဆင်းသွားရာ ကြောင်လိမ်လှေကား
အစွဲကြီး ဆွဲမိပြီ။ ချွဲမိပြီ။ ပြဲမိပြီ။ လွဲမိပြီ။ ခွဲမိပြီ။ ကျွဲမိပြီ( ကျွဲခိုးဂိုဏ်း+ဘာသာစကား)
စစ်ပွဲတစ်ပွဲအတွင်းကနေ အော်ဟစ်ဆူညံနေကြစွာပြီး၎င်းတို့ ကိုယ်တိုင်ရဲ့
၏ခြင်း မ၏ခြင်း ဟိုတုန်းက အဓိပ္ပါယ်ကြီးတလှုပ်လှုပ် တတုံတုံ တ တုံ  တုံ
ဒီအချိတ်အဆက် စာသားကိုယ်ထည်ပေါ်ကနေ ငါတို့ ရွေ့ကြမယ် ၍ကြမယ်။

 

ခုန်ကူးလိုက်တယ်။ ထုံကူးတယ်။
ဘ၀အဆက်ဆက် ဆုပန်ရွယ်။
ရေကသိုဏ်း၊ မိးကသိုဏ်း။ နေကသိုဏ်း။
မြေကသိုဏ်း။ လေကသိုဏ်း။ ကဗျာကသိုဏ်း။

 

ကဲ…သင်။ ပုံစံခွက်တွေထဲမှာ ပုံစံတကျရှင်သန်နေရရှာတဲ့ သင်။
ရှင် သန် နေတယ်( မထင်ရှော့ခ်)။ ရှင် ဘာတွေ သန်နေသလဲ။
ရှင် ဘယ်လောက် သန်သလဲ။ ရှင် ဘယ်ထိ သန်အုံးမလဲ။
ရှင် သန်သလောက် စွမ်းရောစွမ်းလား။ ရှင့်ရဲ့ သန်စွမ်းမှုကို ဘာနဲ့
ဘယ်အရာနဲ့ တိုင်းတာပြရမှာလဲ။ ကုတင်နဲ့လား။ ခြင်ထောင်နဲ့လား။
ဖက်ခေါင်းအုန်းနဲ့လား။ စောင်နဲ့လား။ ညနဲ့လား။ ကျွန်မနဲ့လား။ အို…။

ငါ့ရင်ဘတ်ကြီးနဲ့ နောက်ကနေ တစ်ချိန်လုံး လုံးထွေးပြီး အတီးခံနေရ၊ ငါ့နောက်ခံတီးလုံး။ ခွန်အားဖြည့်ပူစီပုံလေးတွေလည်း ကြည်လင်လိုက်ပါဘိသနဲ့။ ဘယ်အချိန်မဆို ၀င်ထွက်သွားလာတဲ့ သိမှုအစုအဝေးငယ်လေးတွေကို ဆုပ်ဆုပ်ကိုင်ကိုင်ဖမ်း ဆုပ်မိနိုင်အောင် အရေးအသားရဲ့ ထောင့်တိုင်းထောင့်တိုင်းမှာ ကင်မရာတွေတပ်ထားတယ်။ အဆုပ်လိုက်အခိုင်လိုက် ကဗျာ တစ်ပုဒ်ရဲ့ PARANORMAL ACTIVITY။ ငါ့အသိ ဥာဏ်အရေပြားတစ်ခုလုံးကို ဇစ်ဆွဲဖွင့် ချွတ်ပုံချလိုက်ပြီး သူ့အသိဥာဏ် အရေပြားတစ်ခုလုံးကို ကြယ်သီးတပ် စွပ်ဝတ်ချလိုက်တာတောင် ငါဟာ သူနဲ့ ချွတ်စွပ်တူလိမ့်မယ် မထင်ဘူးမြင်လား။ အထင် အမြင်တွေနဲ့ တစ်ဖက်သတ် ကျွတ်ကျဲနေတာ သဘာဝမကျဘူး။ ကျွတ်ဆင်ကြီးပဲ။ ဆင်လောက်ကြီးတဲ့ ကျွတ်ကြီးပဲ။ အလျား လိုက် ကူးခတ်လာရင်း လှိုင်းတွန့်သဏ္ဍန် တွန့်ခေါက်လူးလွန့်နေသည်။ ကြံစုပ်နေသည်။ တယ်လီဖုန်းလာနေသည်။ ဆံ မြိတ်ပြေနေသည်။ ကျောပြင်ပေါ်က တက်တူးပေါ်မှာ လက်သည်းရာတွေ။ စွယ်တော်ရွက်ကလေးတစ်ရွက်က လေထုထဲမှာ စက္ကန့်တန်လို တရွေ့ရွေ့။ တ၍၍။ ဘယ်တော့မဆို။ ဘာနဲ့မဆို။ ဘယ်ချိန်မဆို။ ဘာကြောင့်မဆို။ အစရှိသဖြင့် …အဆုံးလည်း ရှိသတတ်ဟူလို။        ။

 

လွန်းဆက်နိုးမြတ်
၂၈.၃.၁၂
နေ့လည်၁၁း၃၂နာရီ