အတက်ကလေးရယ်တဲ့ ရှည်စေလို…။

အတက်ကလေးရယ်တဲ့ ရှည်စေလို…။

နံနက်စာရေးပြီးပြီလား။
ပျင်းစရာကောင်းလွန်းလို့ စိတ်ကူးစိတ်သန်းဝေနေမိတယ်။
လူနာကို ညကြီးမင်းကြီးကြီးကျယ်ကျယ်တွေ လျှောက်မတွေးစေနဲ့လို့
မှာသွားတယ်။ ဒိုးတူပေါင်ဖက်ပြီးအိပ်နေလိုက်
တာ မြင်လို့တောင် မကောင်းဘူး။
နန့်ကြောဆွဲဆောင်မှုရှိတဲ့ အကြည့်နဲ့ နတ်သံပစ်လိုက်တော့ Head Shot တွေချည်းပဲ။
ကလာပ်စည်းတားထားတဲ့ ကြားက ထိပါးခံလိုက်ရတဲ့ နယ်မြေ။
နေရောင်ခြည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမလေးရဲ့ အိမ်အပြန်။
ပေါင်ခြံထဲမှာ သစ်ပင်မျိုးစုံဖြစ်ထွန်းနေတယ်။
ညည်းကလဲအေ ပင်နီစလင်ဆိုးမယား တဖားဖားပေါ့အေ။ အငွေ့တဖြောဖြောနဲ့
ဆေးပေါ့လိပ်ကို ဂျပိုးဖြစ်အောင် ဖွာတယ်။ ရေချိုးဖျက်စီး အကြမ်းဖက်သမားတွေ။
ဂရုတစိုက်ပျိုးထားတဲ့ ဥယျာဉ်ခြံမြေတွေ။ ထုတ်ပြန်ကြေညာဝါးဖြီးဖြန်း
မေ့အချစ်စစ်စစ်တွေ။
နတ်သမီးတောက်ကြီး ဟူးဟူးရားရား တဟုန်းဟုန်းနဲ့ ထောင်းထောင်းကြေကွဲနေမှုတွေ။
စုံထောက်များ ရောက်ရှိလာချိန်၌
တထေရာတည်းခိုမည့်နေရာတွင် သူမကို မတွေ့ရှိရတော့ပါ။
ပုရပိုက်ထဲက သံဓာတ်ပါတဲ့ ရေ၀ါဝါတွေ ဒလဟော။ တစ်ညလုံး တပိုတပါးသွားကိုက်နေတာ
တစ်ရေးမှ အိပ်မပျော် စားမ၀င် တဇောက်ကန်းနေတဲ့ နားကလည်း ဘာမှမကြား။
ခုနစ်သံချီရင် သေချာချီ လွတ်မကျစေနဲ့ဦး။ ပန်းမုန်လာဥသွားတယ်။
မပြောတတ်ဘူး။ စတုမဓူဝံကြယ်ဟာ မြောက်အရပ်မှာ နေတယ်ပြောတာပါပဲ။
တကတည်း ငတ်ကြီးကျနေတာ ပြန်ကောက်တင်ခဲ့လိုက်။ ထောပတ်ထားတဲ့
စောင်ပြေသွားတယ်ဆိုတဲ့ နေရာမှာ ထမိန်ပြေသွားတယ်လို့ ရေး/တွေးရင် ညစ်ညမ်းလား။
ပြောက်တိပြောက်ကျားကြီး ခြေရာကြီး။ ပြစ်ချက်ဆို နားခွက်က မောက်တီး။
ဝိတ်လေးဘာလေးချလိုက်ဦး နေ့တစ်ဓူဝလာတယ်။
နယ်နိမိတ်တွေ ကျောတစ်ပြင်လုံးမှာ ပြွတ်သီးထနေတာပဲ။
လောင်းစရာရှိရင် ဗိုက်ရွှဲနေအောင် လောင်း။
ဒီရာသီဥတုမျက်နှာတစ်ခုလုံးပြာနှမ်းထွက်မကောင်းဘူး။
ဖောက်လွဲဖောက်ပြန်သင့်ပြီထင်တယ်နော်။ တကယ်ပါ။ တစ်ခါတည်းပါ။
မဖြစ်ညစ်ကျယ်သွားလို့ နည်းနည်းပြန်ချုံ့ချင်လို့ ရမလား။ ပယ်ရှားနေပြီ ပေါပေါ
လောလောဆယ်မရတော့ဘူး။ ကမ္ဘာကျော်ဟင်းချက်နည်းနည်းလောက် ဟိုဖက်တိုးပေးပါ။
သူ့ရှိတာတွေ အိတ်သွန်ဖာမှောက်လဲသွားတာ သ(ဘော)တရား(တွေတောင် ကွဲ)လွဲ(ကုန်တယ်)။
မင်းကြီးက ၀က်အူလှည့်လှည်တော်မူစဉ်
အဆိုပါအရပ်သို့အရောက်ပို့ဆောင်ခ သက်သာလို သက်သာငြား ခေတ္တနားနေတော်မူခဲ့လေ၏။
ခြေကုန်လက်ပန်းလေးတွေ တောတောင်ကမ်းပါးယံအနှံ့ပွင့်တယ်
။ မကောင်းဆိုးဝါးပြီးရင်
အရည်ကလေးကို ထွီခနဲနေအောင်ထွေး။ သင်ရိုးညွှန်းတမ်းတပူဆွေးရလွန်း
လို့
သဘောခွေ့နေကြတဲ့ နွားနှစ်ကောင်။ အိုလံပစ်မှာ အငြိမ်းစား အဘိုးရဲ့
ပင်စင်ကြေးတံဆိပ်ပဲ ရတယ်။ လက်ပူးလက်ကြပ်မိမိသည် ၄င်းတို့နှင့်
တစ်ပူးတစ်ပေါင်းတည်း မဟုတ်ကြောင်း အကြောက်အကန်ငြင်းဆန်သည်။
စကားချီးပါပြီးရင် ကြိုးဆွဲရေလောင်းချခဲ့ပါ။ ရိပ်ဖမ်းသံဖမ်းမမိဘဲ လွတ်မြောက်နေတာ
အန္တာရာယ်များလွန်းလှသကွာ။ ကနေ့ ဘရာစီယာထဲ လယ်ထွန်မဆင်းဘူးလား
ဘကြီးဖြိုး။             ။

လွန်းဆက်နိုးမြတ်
၎ . ၄ . ၁၂
နံနက် ၀၂း ၀၉နာရီ

ဒီနေ့တော့ နည်းနည်း ပျော်လာတယ်။

ဒီနေ့တော့ နည်းနည်း ပျော်လာတယ်။

တစ်ညနေ လှည်းတန်းမီးပွိုင့်က ဖြတ်တော့
မမျှော်လင့်ဘဲ ကားမှန်လာခေါက်ပြီး ပိုက်ဆံတောင်းတဲ့
စန်းမောင်ကြီးကို တွေ့လိုက်ရတယ်။
အသက်တောင် အတော်လေး ရလာပြီ။
လူကတော့ အရင်အတိုင်းပဲ။ လက်ကလေး တစ်ချောင်းထောင်လို့။
စန်းမောင် ဆိုတာ ဘယ်သူလဲ။ တကယ်က ရန်ကုန် တက္ကသိုလ်ထဲက
ဆရာ/ဆရာမ/ကျောင်းသူ/ကျောင်းသား
တော်တော်များများက စန်းမောင်ကို သိကြတယ်။ အမြဲတမ်း
သူ့သွားအဖွေးသားပေါ်အောင် ပြုံးနေတာ။ အားလုံးအတွက်
စန်းမောင်က ဇာတ်လိုက်ကျော်။ အတွဲများစွာကို သူက စာပေးစာယူ လုပ်ပေးတယ်။
ဖူးစာရေးနတ် လုပ်ပေးတယ်။ အရင်ကတော့ ငါးကျပ်လောက် ငါးကျပ်လောက်လို့
တောင်းတတ်တဲ့ စန်းမောင်။ ကျွန်မတို့ သူငယ်ချင်းအုပ်စုက
(၅ယောက်ပေါင်း) ၅ကျပ် ပေးခဲ့ဖူးလို့
စန်းမောင်က သေချာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး
ငါးယောက်မှ ငါးကျပ်ထဲလို့ ပြောတာ ခံခဲ့ရဖူးတယ်။
အဲဒါ ဟိုး ၁၉၉၅/၉၆ဝန်းကျင် .. ၂၀၀၃ ဝန်းကျင် UFL တက်တော့
သူ့ဈေးက တက်သွားပြီ။ ငါးရာမှ ..။
တောင်ငူကင်တင်းမှာ ထမင်းသွားသွားစားတဲ့
ကျွန်မတို့ အုပ်စုထဲက မောင်စိုင်းကို
ကောင်မလေးတွေပေးသမျှ စာရွက်လေးတွေ လက်ဆောင်လေးတွေ
ယူယူလာပေးပြီးရင် မောင်စိုင်းဆီက မုန့်ဖိုးတောင်းတယ်။
မောင်စိုင်းကလည်း ပေးတယ်။ ကောင်မလေးတွေကလည်းပေးတယ်။
စန်းမောင်တို့ကတော့ တက္ကသိုလ်ထဲ ခေတ်အဆက်ဆက်
ကျင်လည်လာတာ ပြည့်ပြည့်လျှံလျှံ။ ခုတော့ ကျောင်းက
သိပ်မစိုပြေတော့ဘူးဆိုတော့ လှည်းတန်းမီးပွိုင့်ထိ ရောက်လာရ။
သူ့ရပ်တည်မှုက ကျောင်းကင်တင်းနဲ့တင် မလုံလောက်တော့ဘူး။
လူ့ဘဝဆိုတာ ဘာလဲ။ အလုပ်တွေက မနားတမ်းဆက်တိုက်
အရမ်းပင်ပန်းတယ်။ ဘာပဲပြောပြော စန်းမောင်ကို ဒီနေ့
ရုတ်တရက်တွေ့လိုက် သူ့ကို မုန့်ဖိုးပေးလိုက်ရတာ
ကျွန်မ တကယ်ကို စိတ်ချမ်းသာစွာ ပျော်နေမိတာ။ ။

လွန်းဆက်နိုးမြတ်
၁၆.၅.၁၂
မနက်၈း၄၀နာရီ

 

( ရည်ညွှန်း- ဆရာမ မနော်ဟရီရဲ့ ၁၅.၅.၁၂ရက်နေ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှ  စန်းမောင်အကြောင်း Status စာသားများ
http://www.facebook.com/manor.hary/posts/10150871647611597 )