ဒီနေ့တော့ နည်းနည်း ပျော်လာတယ်။
တစ်ညနေ လှည်းတန်းမီးပွိုင့်က ဖြတ်တော့
မမျှော်လင့်ဘဲ ကားမှန်လာခေါက်ပြီး ပိုက်ဆံတောင်းတဲ့
စန်းမောင်ကြီးကို တွေ့လိုက်ရတယ်။
အသက်တောင် အတော်လေး ရလာပြီ။
လူကတော့ အရင်အတိုင်းပဲ။ လက်ကလေး တစ်ချောင်းထောင်လို့။
စန်းမောင် ဆိုတာ ဘယ်သူလဲ။ တကယ်က ရန်ကုန် တက္ကသိုလ်ထဲက
ဆရာ/ဆရာမ/ကျောင်းသူ/ကျောင်းသား
တော်တော်များများက စန်းမောင်ကို သိကြတယ်။ အမြဲတမ်း
သူ့သွားအဖွေးသားပေါ်အောင် ပြုံးနေတာ။ အားလုံးအတွက်
စန်းမောင်က ဇာတ်လိုက်ကျော်။ အတွဲများစွာကို သူက စာပေးစာယူ လုပ်ပေးတယ်။
ဖူးစာရေးနတ် လုပ်ပေးတယ်။ အရင်ကတော့ ငါးကျပ်လောက် ငါးကျပ်လောက်လို့
တောင်းတတ်တဲ့ စန်းမောင်။ ကျွန်မတို့ သူငယ်ချင်းအုပ်စုက
(၅ယောက်ပေါင်း) ၅ကျပ် ပေးခဲ့ဖူးလို့
စန်းမောင်က သေချာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး
ငါးယောက်မှ ငါးကျပ်ထဲလို့ ပြောတာ ခံခဲ့ရဖူးတယ်။
အဲဒါ ဟိုး ၁၉၉၅/၉၆ဝန်းကျင် .. ၂၀၀၃ ဝန်းကျင် UFL တက်တော့
သူ့ဈေးက တက်သွားပြီ။ ငါးရာမှ ..။
တောင်ငူကင်တင်းမှာ ထမင်းသွားသွားစားတဲ့
ကျွန်မတို့ အုပ်စုထဲက မောင်စိုင်းကို
ကောင်မလေးတွေပေးသမျှ စာရွက်လေးတွေ လက်ဆောင်လေးတွေ
ယူယူလာပေးပြီးရင် မောင်စိုင်းဆီက မုန့်ဖိုးတောင်းတယ်။
မောင်စိုင်းကလည်း ပေးတယ်။ ကောင်မလေးတွေကလည်းပေးတယ်။
စန်းမောင်တို့ကတော့ တက္ကသိုလ်ထဲ ခေတ်အဆက်ဆက်
ကျင်လည်လာတာ ပြည့်ပြည့်လျှံလျှံ။ ခုတော့ ကျောင်းက
သိပ်မစိုပြေတော့ဘူးဆိုတော့ လှည်းတန်းမီးပွိုင့်ထိ ရောက်လာရ။
သူ့ရပ်တည်မှုက ကျောင်းကင်တင်းနဲ့တင် မလုံလောက်တော့ဘူး။
လူ့ဘဝဆိုတာ ဘာလဲ။ အလုပ်တွေက မနားတမ်းဆက်တိုက်
အရမ်းပင်ပန်းတယ်။ ဘာပဲပြောပြော စန်းမောင်ကို ဒီနေ့
ရုတ်တရက်တွေ့လိုက် သူ့ကို မုန့်ဖိုးပေးလိုက်ရတာ
ကျွန်မ တကယ်ကို စိတ်ချမ်းသာစွာ ပျော်နေမိတာ။ ။
လွန်းဆက်နိုးမြတ်
၁၆.၅.၁၂
မနက်၈း၄၀နာရီ
( ရည်ညွှန်း- ဆရာမ မနော်ဟရီရဲ့ ၁၅.၅.၁၂ရက်နေ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှ စန်းမောင်အကြောင်း Status စာသားများ
http://www.facebook.com/manor.hary/posts/10150871647611597 )