ပရမီးသီအက်(စ်)ပျောက်ဆုံးခြင်း

ပရမီးသီအက်(စ်)ပျောက်ဆုံးခြင်း

လူဖြူလူမည်းခွဲခြားဆက်ဆံခံရတာကမှ ခံသာဦးမယ်။
ခွဲခြားဆက်ဆက်ခံရခြင်းကိုယ်က ဖြစ်တည်မှုကို သက်သေထူနေတာ
လူဖြူပဲဖြစ်ဖြစ် လူမည်းပဲဖြစ်ဖြစ် ဖြစ်တည်မှုကိုယ်စီရှိတယ်။
သူက မရှိဘူး။ သူက သူ့ဖြစ်တည်မှုကို သူကိုယ်တိုင် လိုက်လံရှာဖွေနေရ။
သူဘယ်အချိန်ကစ ပျောက်ဆုံးခဲ့တာလဲ။ သူဘာကြောင့် ပျောက်ဆုံးသွားရတာလဲ။
သူ့နိုင်ငံ၊ သူ့လယ်ယာကိုင်းကျွန်း၊ သူ့ဇနီး၊ သူ့သားသမီး၊ သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊
သူ့မိတ်ဆွေ၊ သူ့ရန်သူ၊ သူ့ဆရာသမား၊ အစရှိတဲ့ သူနဲ့ ပတ်သက်စပ်နွယ်မှုမှန်သမျှဟာ
သူ့ဖြစ်တည်မှုကို တစ်ပြိုင်နက်တည်း အကြီးမားဆုံး လစ်လျူရှုလိုက်ကြ။
သူဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသလိုပုံစံမျိုးတောင် ထင်ရ။
သူ့နိုင်ငံရဲ့ ဦးတည်ချက် ၁၂ ရပ်ကို သူလိုက်နာကျင့်သုံးခဲ့တာတွေ၊
သူ့လယ်ယာကိုင်းကျွန်းမြေကို ပေါင်းသင်ထွန်ယက်ခဲ့တဲ့
သူ့သွေးချွေးခွန်အားအဖုအထစ်အမြှောင်းတွေ။
သူ့ဇနီးအပေါ် နွေးထွေးပေးခဲ့တဲ့ သူ့မေတ္တာဓာတ်တွေ၊
သူ့သားသမီးတွေဆီ သူပြုစုပေးခဲ့တဲ့ သူ့ဂရုဏာတရားတွေ၊ သူ့မိဘတွေကို
အစဉ်သဖြင့် အလိုက်သိခဲ့တဲ့ သူ့ကြည်ညိုမှုတွေ၊ သူ့ညီအစ်ကိုမောင်နှမတွေကြားမှာ
သူခေါင်းငုံ့အလျှော့ပေးခဲ့ရခြင်းတွေ၊ သူ့ဇနီးတောင် မသိခဲ့တဲ့ လျှို့ဝှက်မှုတစ်ချို့
သူတိုးတိတ်ဝေမျှပေးခဲ့တဲ့ သူ့မိတ်ဆွေတွေ၊ သူ့ကို လစ်ရင်လစ်သလို
ထိုးခုတ်ခဲ့တဲ့ ရန်သူ့ဓားချက်တွေအပေါ် သူ့ခွင့်လွှတ်သည်းခံခဲ့ခြင်းတွေ၊
သူအိပ်ယာဝင်ချိန် ဂါရပြုအိပ်စက်ခဲ့တဲ့ သူ့ဆရာသမားတွေ၊
အားလုံး အားလုံးကြားမှာ သူဟာ ညင်သာစွာ ပျောက်ဆုံးခဲ့တယ်။
သူ့အမည်နာမကို သူ့နိုင်ငံသားစာရင်းမှာ မမြင်ရ၊ အသိအမှတ်မပြု၊ မူဘောင်မ၀င်။
သူ့လယ်ယာကိုင်းကျွန်းဟာ သူ့လယ်ယာကိုင်းကျွန်းမဟုတ်၊
ကုမ္ပဏီပိုင်ဆိုင်မှုရဲ့အမှတ်အသား၊ လက်ဝါးကြီးအုပ်ခံနယ်မြေ။
သူ့ဇနီးက သူနဲ့ ပတ်သက်ရင် အမြဲတမ်းမျက်နှာသေ၊ ဆွံ့အ၊ နားမကြား။
သူ့သားသမီးတွေက သူခေါ်သံကို သတိမထားမိ၊ သူ့အရိပ်ကို ဂရုမစိုက်၊
တိုးတိတ်၊ စွန့်ခွာ။ သူ့ကို မိဘတွေက တောင်းဆိုးပုလုံးဆိုးလောက်တောင် မမြင်ကြ၊
မျက်နှာချင်းမဆိုင်၊ ကွေ့ရှောင်သွားကြ။ သူရှိရာဆီ သူ့ညီအစ်ကိုမောင်နှမတွေ
မလာရောက် မလည်ပတ်၊ ဆွေးနွေးတိုင်ပင်ခြင်းမပြု၊ သွေးက စကားမပြော။
သူ့လက်ကိုင်ဖုန်းနံပါတ်ကို ဘယ်မိတ်ဆွေကမှ လှမ်းမဆက်ကြတော့ဘူး။
ဟိုအရင် သည်းသည်းမည်းမည်းတိုက်ခိုက်ခဲ့တဲ့ သူ့ရန်သူတွေလည်း
အခိုးအငွေ့သဖွယ် လွင့်ပါး ပျင်းရိ ကြေကွဲစရာကောင်းလာတယ်။
သူ့ဆရာသမားတွေက သူ့အသွင်သဏ္ဍာန်ကို လုံးဝမေ့ဖျောက်ပစ်လိုက်ကြပြီ။
သူ့ Facebook  Account မှာ သူ့ Post အသစ်တစ်ခုတင်လိုက်တိုင်း
Like လုပ်နေကျ Friend တစ်ယောက်မှ မတွေ့ရ။ ဘယ်လို Comment မျိုးမှ တက်မလာ။
အိမ်နီးနားချင်းအလှူသဘင်တွေဟာ ၀တ်ကောင်းစားလှတွေဝတ်ဆင်ပြီး
သူ့ကို အမြဲကျော်ခွသွားကြ။ လူ့အဖွဲ့အစည်းထဲကနေ သူတိတ်တဆိတ်
ပျောက်ဆုံးခဲ့တယ်။ ပျောက်ဆုံးမှုဟာ သူ့အသည်းနှလုံးကို အသစ်ပြန်ဖြစ်စေပြီး
အသစ်ဖြစ်တဲ့ သူ့အသည်းနှလုံးကို ပျောက်ဆုံးမှုက နေ့စဉ် ကိုက်ဖြတ်စားသောက်တယ်။
ကမ္ဘာမြေအတွက် မီးကို ခိုးယူပေးခဲ့မိတာ သူ့အမှားပဲလား။ သူအိမ်ထဲမှာ ထိုင်နေတဲ့အခါ
အရင်လို သူ့ခြေထောက်ဆီ လာပွတ်သပ်နေကျ ကြောင်ကလေး ရောက်မလာ။
သူလမ်းထွက်လျှောက်တဲ့အခါ သူ့ပုခုံးပေါ် မတော်တဆ ချီးပါချမယ့်
ငှက်ကလေး တစ်ကောင်တစ်လေတောင် မရှိ။        ။

 လွန်းဆက်နိုးမြတ်
၂၄.၁၀.၁၂
နံနက် ၀၁း၁၅နာရီ
Prometheus

နယ်

နယ်

သား-“ဒီကောင်နည်းနည်းများလာပြီအဖေ။ ဒီအတိုင်းဆို တကွေ့ကွေ့တော့ ငြိတော့မယ်။
သွားစရာကလည်း ဒီလမ်းပဲ ရှိတာ၊ ဒီလမ်းကပဲ သွားရမှာ။ ”

အဖေ-“ဒါတော့ ဒီလိုပဲသား အဖေတို့လည်း စောင်းမြောင်းပြောခံရတာတွေကြုံရတာပဲ။
ဂရုစိုက်မနေနဲ့ တန်းချင်းမတူဘူး။ မင်းလုပ်လိုက်ရင် မင်းပဲ သိက္ခာကျမှာ။”

သား-“အဲဒါသိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်း တစ်သက်လုံး
ဖင်ခံနေရမှာလား။ ကိုယ်ကလည်း ဘာမှမမှားဘဲနဲ့။ သားပြောချင်တာက ဒီကောင် ရိနေတာကြာပြီ။
သားအိမ်ဆောက်တုန်းကလည်း အဖေ့အိမ်ကနေ ရေသွယ်တဲ့ ရေပိုက် ကပ်ကြေးနဲ့ ခိုးအဖြတ်ခံရတာ
မှတ်မိတယ်မဟုတ်လား။ ဒါလည်း ဒီကောင်လုပ်တာပဲနေမှာ။ ဒါကို ရပ်ကွက်က မသိဘူး။
ရပ်ကွက်က သိအောင်လုပ်ရမယ်။ ဟို ရာအိမ်မှူးဆိုတဲ့ လူလေ။ အဖေ့ဆီက အလှူလာလာခံနေတာပဲ။
အဖေဖုန်းနဲ့ ပြောလိုက်စမ်းပါ။”

အဖေ-“အင်း။ ငါတို့က ဒီရပ်ကွက်ထဲ ပြောင်းလာတာ မကြာသေးတော့ သန်းခေါင်စာရင်းကလည်း
မပြောင်းရသေးဘူး။ ပြီးတော့ မင်းပြောတဲ့ ကောင်က ဘာအဆင့်မှ မရှိဘူး။
မာဖီးယားဆန်ဆန်လူမိုက်ငှားပြီး ချောင်းရိုက်ခိုင်းမှ ရမယ့်အပေါက်မျိုးတွေကွ။”

သား-“သားကတော့ ရခိုင်၊ ရိုဟင်ဂျာအရေးအခင်းမှာ အိမ်တွေကို မီးရှုံ့သလို ဓာတ်ဆီပုလင်းမီးရှုံ့ပြီး
အဲဒီ့ကောင်အိမ်ပေါ် ပစ်လိုက်ချင်တာပဲ။”

အဖေ-“ဟ…မင်းအဲဒီလို လုပ်လို့ ဖြစ်မလား။ မင်းရခိုင်တွေက မစို့မပို့သွားလုပ်လို့ အခု ကုလားတွေပြန်လုပ်တာနဲ့
ပြည်ပမီဒီယာတွေ စောက်တလွဲလွှင့်တာနဲ့ ရှုပ်ကုန်တာ မင်းသိလား။ ရှုပ်သွားတာ မင်းသိလား။ ပြီးတော့
အဲဒီလို အကြမ်းဖက်တာက အဖြေမဟုတ်ဘူး။ ပြောစမ်းပါဦး။ မင်းဘ၀မှာ ဘယ်နှစ်ခါ အကြမ်းဖက်တာ နိုင်ခဲ့ဖူးလို့လဲ။”

သား-“ဟာဗျာ။ အဲဒါနဲ့ ဘာမှမဆိုင်ဘူး။ အဖေက သားရဲ့ ငယ်ကျိုးငယ်နာကို ပြန်ဖော်မနေနဲ့လေ။
အခြေအနေချင်းမတူဘူး။ အဲဒါက သားအရက်အရမ်းမူးနေတာ။ သူချကိုယ်ချ။
ပိုမူးတဲ့ကောင် ပိုခံရတာပဲ။ အခု သားအရက်ဖြတ်လိုက်တာတောင် နှစ်ချီနေပြီ။
အခုဟာက ရခိုင်၊ ရိုဟင်ဂျာ အရေးအခင်းမဟုတ်ဘူး။ ဗမာဗမာချင်း။”

အဖေ-“အေး မင်းပဲစပြောလို့ ရခိုင်တွေ ကုလားတွေပါသွားတာ။ မင်း မဟုတ်တာတွေ
လျှောက်လုပ်မနေနဲ့။”

သား-“ဟာ။ သားက လုပ်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ လုပ်ချင်တာပဲ ပြောပြတာ။
လုပ်မရတာသိတယ်။ အရမ်းတင်းနေလို့ ဖွင့်လိုက်ရတာ။ သားစဉ်းစားမရတာက
ဒီကောင် ဘာဖြစ်လို့ အလကားသပ်သပ် သားတို့ကို လိုက်ပြီး ဂျေဝင်နေလဲမသိဘူး။
ယောကျာ်းတန်မဲ့။”

အဖေ-“ရပ်ကွက်ထဲကို ငါတို့က တိုက်ကြီးဆောက်ပြီး ပြောင်းလာလို့ ဂျေဝင်နေတာ။
မင်းကလည်း ငါတို့အိမ်နားမှာ နောက်ထပ်အိမ်တလုံးလာဆောက်ပြီးနေတော့ ပိုဂျေဝင်တာပေါ့။
အဲဒီ့ဂျေက ဒီကောင့်အစ်မဖြစ်ဖြစ် အမေဖြစ်ဖြစ်ကနေတဆင့် ဒီကောင့်ဆီဝင်သွားတာ။ ထားလိုက်စမ်းပါကွာ။
အဲဒီ့ကောင်က ၁၀တန်းတောင် အောင်ပုံမရဘူး။မင်းထက်လည်း အများကြီးငယ်ပါတယ်။ အလကားကောင်ပါကွာ။
တကယ်က အမေရိကတိုက်ကို အမေရိကန်တွေရောက်လာတော့ ဒေသခံလူနီရိုင်းတွေက
မကျေနပ်ကြသလို ဖြစ်နေတာမျိုးကွ။”

သား-“ဘာမှမဆိုင်ဘူးအဖေ။ သားတို့ ဒီရပ်ကွက်ထဲ ပြောင်းလာတာ အမေရိကန်တွေ အမေရိကတိုက်ပေါ်
ပြောင်းလာတာမျိုးနဲ့ သဘောတရားမတူဘူး။ကိုယ့်နိုင်ငံထဲက မြို့တစ်မြို့ကို ကိုယ်ပြောင်းတာပဲ။ ပြီးတော့
သားတို့က ဒီရပ်ကွက်မှာ နေထိုင်ရုံသပ်သပ်ပဲ။ ပြောချင်တာက ဒီရပ်ကွက်ကနေ ဘာအမြတ်မှ
ထုတ်ယူဖို့ရောက်နေတာမဟုတ်ဘူး။ သားတို့ အလုပ်က ဘယ်နေရာမှ လုပ်လုပ်ဖြစ်တယ်။
အမေရိကန်လိုမဟုတ်ဘူး။”

အဖေ-“ဟေ့ကောင် စောက်စကားမများနဲ့ စားဝတ်နေရေးအတွက်ကလွဲရင် အရေးမပါတာတွေ
ငါလိုက် ဖြေရှင်းမပေးနိုင်ဘူး။ မင်း ရှောင်ကွာ။ ဒီကောင်နဲ့ မဆုံအောင်ရှောင်။”

သား-“သားကလည်း အဖေ့ကို ဖြေရှင်းပေးဖို့ ပြောနေတာမဟုတ်ဘူး။ အခြေအနေကို သိသင့်တယ်ထင်လို့
လှမ်းပြောပြတာ။ သားတို့ အမြဲတမ်းဒီလမ်းမှာ လျှောက်နေရတာ။ ဒီကောင်နဲ့ အမြဲတမ်းတွေ့နေဦးမှာ။
ဘယ်လိုမှ ရှောင်လို့ မရဘူး။ အဲဒီ့စောက်ခြောက်ကောင်က တွေ့တာနဲ့ မိန်းမလိုမိန်းမရ ရန်စနေဦးမှာ။”

အဖေ-“ဘာဖြစ်ဖြစ် မင်းရှောင်ကွာ။ ငါတို့မှာ စားဝတ်နေရေး လုံးပန်းရဦးမယ်။ အချိန်တန်ရင်
ကိုယ့်လမ်းကိုယ်သွားကြရမှာ အားလုံးက။”

သား-“အဖေ့ပြောပုံနဲ့ဆို ဆီပုလင်း ခါးကြားထိုးပြီး ရပ်ကွက်လမ်းဆုံမှာ ဖင်အ -ိုးသွားခံရမယ့်
သဘောဖြစ်နေတယ်။ သားပြောချင်တာက ဒီရပ်ကွက်ရဲ့ လုံခြုံရေးကို
မေးခွန်းထုတ်သင့်ပြီလို့ ပြောချင်တာ။”

အဖေ-“ဟေ့ကောင် တော်တော့။ ညကြီးမင်းကြီး မိုက်ရိုင်းမနေနဲ့။ ငါမနက်ကျရင် ရုံးစောစောသွားရဦးမယ်။
မင်းလည်း ကိုယ့်အလုပ်ကိုယ်လုပ်၊ မိန်းမနဲ့ ကလေးကို ဂရုစိုက်။ အရေမရ အဖတ်မရ ။
စားရေးလည်းမဟုတ် သောက်ရေးလည်းမဟုတ်တဲ့ ကိစ္စတွေ ငါနားမထောင်နိုင်တော့ဘူး။
ဖုန်းချလိုက်တော့မယ်။ ဒါပဲ။”

သား-“နေဦး။ နေဦး။ ဒီကိစ္စကြောင့် ညကြီးမင်းကြီး ထပြီးထိုင်နေတာ အိပ်မရဘူးး။
ဟဲလို။ လောလောဆယ်တော့ ဒါက သားအလုပ်ပဲလေ။ ဟဲလို။ဟဲလို”        ။

လွန်းဆက်နိုးမြတ်
၂၈.၈.၁၂
မနက် ၁၀း၃၀နာရီ