တက်ခေတ်လောကျမ်း

တက်ခေတ်လောကျမ်း

တစ်နိုင်ငံလုံးလျှပ်စစ်မီးမရရှိလျှင် မမှောင်လော။
မှောင်သော် ဖယောင်းတိုင်ထွန်းသော် မလင်းလော။
အလုပ်အကိုင်းရှားပါးမှုများလျှင် ခိုးဆိုးလုယက်မှုတို့ မထကြွလော။
မိသားစုတွေ ထမင်းမ၀သော်လည်း ကားမှတ်တိုင်မှာ အိပ်ရေးဝသူတွေ မပေါများလော။
လူ့အခွင့်အရေးကို တန်ဖိုးထားကာကွယ်သော် လူနေမှုအသိစိတ်ဓာတ် မတောက်ပြောင်လော။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှုန်းမြင့်မားသော် လူဖြစ်ပြီး လူနှင့်တူပါ၏လော။
မြို့ပြနှင့် ကျေးလက်ဖွံဖြိုးမှုကွာဟလွန်းသော် လူတန်းစားကွာဟမှုလည်း မမြင့်မားလော။
လူတန်းစားကွာဟမှုမြင့်မားသော် တိုင်းပြည် ဟန်ချက်မပျက်လော။
အနုပညာလွတ်လပ်ခွင့်မရှိသော် စစ်မှန်သော အနုပညာတွေမဆုံးရှုံးလော။
ထိုအတွင်းကြိုးတုပ်ထားသော ဆွံ့အနားမကြား အနုပညာလက်ရာတွေ မထွက်ပေါ်လော။
နေရာအနှံ့ရှိ မြေမြှပ်မိုင်းများ အချိန်မှီ မရှင်းလင်းသော်
ကံဆိုးသူအပြစ်မဲ့ တိုင်းသူပြည်သားတို့ အသားလွတ်သေပွဲ မ၀င်နိုင်လော။
မြေမြှပ်မိုင်းအန္တရာယ်သတိပေးချက်များ နီးစပ်ရာတွင် ထင်ရှားသိသာအောင်
ပညာပေးပြီး ကျွမ်းကျင်ပညာရှင်တွေဖြင့် အချိန်မှီ ရှင်းလင်းသော်  မငြိမ်းလော။
အသိဥာဏ်မဖွံ့ဖြိုးသေးသော အရွယ်မရောက်သေးသူ ကလေးစစ်သားများအား
ဖြားယောင်းသိမ်းသွင်းစုဆောင်းသော် တပ်မတော်အင်အား မရှိလော။
အသိဥာဏ်မဖွံ့ဖြိုးသေးသော အရွယ်မရောက်သေးသူ ကလေးစစ်သားများအား
သေနတ်ပေးကိုင်သော် ကိုယ်ကျိုးမနည်းလော။
ဝန်ထမ်းများအကျင့်ပျက်ခြစားသော် တိုင်းပြည်တွင်း အနှစ်သာရမကင်းမဲ့လော။
တိုင်းပြည်တွင်း ခြစားထား၍ အခွံသာရှိသော် အလွယ်တကူ ပြိုလဲမပျက်စီးလော။
ပညာရေးနိမ့်ကျသော် တိုင်းပြည်မှာ အောက်ခြေလူတန်းစားသာ ပိုမိုများပြားလော။
အထပ်မြင့်စာသင်ကျောင်းတွေတွင် ခုံမြင့်မြင့်နှင့် စာသင်ကြားပေးသော် ပညာရေးမမြင့်မားလော။
ပြည်တွင်းငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်တည်ငြိမ်တိုးတက်မှု မနှေးကွေးလော။
ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အဖြေရှာသော် မရလော။
ရခိုင်နှင့် ရိုဟင်ဂျာအရေးအခင်းကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ ရုပ်မပျက်လော။
တိုင်းရင်းသားဥပဒေခိုင်မာအောင် ဒေသတွင်းလုံခြုံအောင် စောစီးစွာ
ချမှတ်ဆောင်ရွက်ခဲ့သော် ဤသို့ဖြစ်မည်လော။
လူသားချင်းစာနာမှုပြည်တွင်း NGO အဖွဲ့အစည်း များများပေါ်ပေါက်သော်
အခက်အခဲရှိပြည်သူတို့ အသေဖြောင့် အဆင်မချောလော။
လူသားချင်းစာနာမှုပြည်တွင်း NGO အဖွဲ့အစည်းများဖွဲ့စည်းခွင့်ကို
မခက်ခက်အောင် အခွန်အတုတ်တိုးမြှင့်ကန့်သတ်သော် ပြိတ္တာဘုံသို့ မလားလော။
သဘာဝပတ်ဝန်းကျင်မထိန်းသိမ်းဘဲ ထိခိုက်အောင်ပြုသော် ကမ္ဘာ့မြေကြီးပျက်စီးမှုမကြုံလော။
မြစ်ဆုံဆည်စီမံကိန်းနဲ့ ကြေးနီတောင်စီမံကိန်းကဲ့သို့ စီမံကိန်းများ
ထာဝရရပ်ဆိုင်းလျှင် သဘာဝပတ်ဝန်းကျင် မအေးချမ်းလော။
ထောင်ပိုင်ကြီးများနှင့် ထောင်မှူးများက ချစ်ခင်သံယောဇဉ်ကြီးလွန်းသဖြင့်
ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို မလွှတ်သော် တိုင်းပြည်ရိက္ခာမဆုံးရှုံးလော။
ထောင်ပိုင်ကြီးများနှင့် ထောင်မှူးတို့ သံယောဇဉ်ကြိုးဖြတ်ပြီး ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို
လွတ်လပ်စွာ နိုင်ငံရးလုပ်ခွင့်ပြုသော် နိုင်ငံအလျင်အမြန်မတိုးတက်လော။
မြောက်ကိုရီးယားမှ စစ်လက်နက်များ ခိုးကြောင်ခိုးဝှက်ဝယ်ယူသော်
တိုင်းပြည်၏ ကာကွယ်ရေးကဏ္ဍ မတောင့်တင်းလော
ရရှိစစ်လက်နက်များ အသုံးပြု၍ ပြည်တွင်းတိုင်းရင်းသားများအပေါ်
မတရားစစ်မက်ပြုသော် ပြည်တွင်းစစ် မဖြစ်လော
လူတိုင်းဆက်သွယ်ရေး အဆင်ပြေအောင် ၅၀၀၀ တန် ဆင်းကဒ် မရှိသင့်လော။
၅၀၀၀တန် ဆင်းကဒ်ရှိသော် နွားကျောပေါ်မှ နွားကျောင်းသားများ ပုလွေမမှုတ်ဘဲ ဖုန်းပြောနေမည်လော။
တိုင်းတပါးယဉ်ကျေးမှုလွှမ်းမိုးသော် မိန်းမတွေ အရက်သောက်ပြီး မယားရှိလင် မပြစ်မှားလော။
ရိုးရာယဉ်ကျေးမှု အရွက်ဖုံးသော် ယောကျာ်းတွေ နေ့ခင်းကြောင်တောင် မာဖလာပတ်ပြီး လမ်းမသလားလော။
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးချက်ချင်းလုပ်သော် တိုင်းသူပြည်သားတို့ နေ့ချင်းညချင်း မချမ်းသာလော။
တိုင်းသူပြည်သားတို့ ချမ်းသာသော် ကျောင်း၊ရုံး၊ ကဏ္ဍားတို့တွင်အောက်ခြေသိမ်းအလုပ် မည်သူလုပ်မည်လော။
တရုတ်မယားပဲဖြစ်ဖြစ် ငါးဖမ်းစက်လှေပေါ်ပဲဖြစ်ဖြစ် အိမ်ဖော်အကူပဲဖြစ်ဖြစ်
လိင်အလုပ်သမပဲဖြစ်ဖြစ် လူကုန်ကူးခံရသော် ခေတ်သစ်ကျွန်မဖြစ်လော။
ခေတ်သစ်ကျွန်မဖြစ်ရလေအောင် လူကုန်ကူးမှုတိုက်ဖျက်ရေး
ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ ဟန်ကျပန်ကျမလုပ်သင့်လော။
တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာမြေတွေကို ကုမ္ပဏီနှင့် စစ်တပ်က
မတရားသိမ်းယူသော် တိုင်းပြည်မှာ သီးနှံစပါးထွက်နှုန်းမလျော့လော။
ကိစ္စမရှိ သီးနှံစပါးလောက်ကို ပြည်ပကနေ မှာယူတင်သွင်းပြီး တိုင်းသူပြည်သားတွေကို
အချိုးကျခွဲဝေသော် တောင်သူလယ်သမားဦးကြီးများ အနားမရလော။
ဒီမိုကရေစီနိုင်ငံအတွက် ပွင့်လင်းမြင်သာလူ့အဖွဲ့အစည်းဖော်ဆောင်ရန် မလိုလော။
ပွင့်လင်းမြင်သာလူ့အဖွဲ့အစည်းဖြစ်ရန် လူတိုင်းအတွင်းခံလောက်ပဲဝတ်ပြီး အော်လံကိုင် စကားပြောရင် မရလော။
တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာအခန်းကဏ္ဍတိုးတက်သော် ပြည်သူ့အသံမကြားရလော။
အပြန်အလှန်အားဖြင့် မီဒီယာအခန်းကဏ္ဍကနေ ပြည်သူ့အသံကို ထုတ်ဖော်သော်
တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် မပီသလော။
သာသနာ့နယ်မြေတွေပေါ် ဟိုတည်နဲ့ စားသောက်ဆိုင်ဖွင့်သော် နိုင်ငံခြားဖွတ်ကလိဒင်္ဂါးမရလော။
နိုင်ငံခြားဖွတ်ကလိဒင်္ဂါးရဖို့ ယုံကြည်သက်ဝင်မှုဘာသာရေးကို ရောင်းစားသော် ခွေးနိုင်ငံမဖြစ်လော။    ။

 
လွန်းဆက်နိုးမြတ်
၁၆.၁၁.၁၂
မနက် ၁၀း၂၅နာရီ
(ရည်ညွှန်း-လောကီပညာစွယ်စုံကျမ်း-လောကျမ်း)

ဘတာ

ဘတာ

 

ဘတာရဲ့ အသက်က ၆၁ နှစ်ရှိပြီ။ စာမတတ်ဘူး။ ငယ်ငယ်တုန်းကတော့ ဘုန်းကြီးကျောင်းမှာ သင်ခဲ့ဖူးတယ်။
ဒါပေမယ့် ကြာခဲ့ပြီ။ ဘတာ အသက်၂၄ နှစ်မှာ အိမ်ထောင်ကျတယ်။ မိဘအမွေအဖြစ် လယ် ၃ ဧက ရဖူးတယ်။
တစ်နှစ်ပဲ ခံလိုက်တယ်။ ကြွေးတွေ ထိုးဆပ် လိုက်ရတာနဲ့ ကုန်တာပဲ။ အသက် ၃၅နှစ်လောက်ထိ
လယ်လုပ်ငန်းလုပ်ခဲ့တယ်။ နောက်တော့ အလုပ်မရွေးတော့ဘူး။ ရရာအလုပ် အကုန် လုပ်ရတော့တယ်။
ဘတာမှာ ကလေး ၅ယောက်ရှိတယ်။၂ ယောက်က အဖတ်မတင်ဘူး။ သမီးပျိုတစ်ယောက်က ၂၁နှစ်၊
သားပျို တစ်ယောက်က ၃၁နှစ်မှာ ဆုံးရှာကြတယ်။ဘယ်တတ်နိုင်မလဲ။ ဘ၀တစ်ခု ကံတစ်ခုပေါ့။ ခုတော့ ကျန်တဲ့
သားသမီး ၃ယောက်စလုံး အိမ်ထောင်ကျကုန်ကြပါပြီ။ဘတာတို့ လင်မယားနဲ့ အတူနေတာဆိုလို့ မွေးချင်း
၅ယောက်ထဲမှာ ၃ယောက်မြောက် သမီးတစ်ယောက်ပဲ ရှိတော့တယ်။

ဘတာမှာ ပေ၂၀x ပေ၆၀ ခြံလေးပိုင်တယ်။ ခြံထဲမှာ အိမ်နှစ်လုံးဆောက်ထားတယ်။ တစ်လုံးက ဘတာတို့
လင်မယားနေတာ။ နောက်တစ်လုံးမှာ ဘတာရဲ့ သမီးက အိမ်ထောင်ခွဲနေတယ်။ သမက်က စက်မှုဇုန်တစ်ခုမှာ
လုပ်တယ်။ မြေး နှစ်ယောက်ရှိတယ်။ စီးပွားရေးက ရရာစားစားဆိုတော့ အသက် ၆၁ နှစ် ရှိတာတောင် အိုကြီးအိုမနဲ့
ရရာအလုပ် ဘတာလုပ်နေရတုန်းပဲ။ ဘတာလုပ်တဲ့ အလုပ်တွေကလည်း စုံမှစုံ။ အနင်းအနှိပ်။ အိမ်သာကျင်းတူး။
မြက်ပေါက်။ ခြံစည်းရိုးကာ။ ၀ါးခုတ်၊ ခင်မင်ရာပန်းရံဆရာဖြစ်ဖြစ် လက်သမားဆရာဖြစ်ဖြစ်ကခေါ်ရင် လူကြမ်းလိုက်
လုပ်တယ်။ လူကြမ်းဆိုတာ ဘိလပ်မြေအိတ်ထမ်း၊ ကျောက်စရစ်အိတ်ထမ်း၊ အုတ်သယ်။ တူထု။ သစ်ထမ်း စတာတွေ။
မိုးတွင်းဖက် အလုပ်ပါးတဲ့အခါကျရင် ရပ်ကွက်ထဲက ရေမြောင်းတွေထဲ ပိတ်နေတဲ့ သဲတွေဖော်ပြီး တစ်အိတ် ၂၀၀ နဲ့
မှာတဲ့အိမ်အရောက် ထမ်းပို့ပေးတယ်။ ဒီအလုပ်ကိုတော့ ဘတာရဲ့ မြေးအကြီးကောင်လေးက ကူတယ်။ ခုတော့
သူလည်း မကူနိုင်တော့ဘူး။ ဟိုဖက်ရပ်ကွက်က အရက်ဆိုင်မှာ အလုပ်ရသွားလို့။ ဘတာလည်း ကစ်တတ်ပါတယ်။
ညနေအလုပ်ပြီးလို့ ပင်ပန်းတဲ့ နေ့မျိုးဆိုရင် ရပ်ကွက်ဘုံဆိုင်မှာ ဂျမ်းလေး ၅၀ဖိုးလောက် သွားမှီဝဲတတ်တယ်။ ဒီလိုနဲ့
ဘတာရပ်တည်လာတာ ကြာပြီ။

နိုင်ငံရေးပြောင်းလဲတယ်ဆိုတာ လူတွေပြောလို့ ဘတာကြားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စာစောင်တွေထဲမှာ
ဘတာမြင်ဖူး တယ်။ စာတော့ မဖတ်တတ်လို့ မဖတ်ဖူး။ မဲတွေပေးတော့ ဒီလိုပဲ ပေးလိုက်တာပဲ။ ဘယ်သူ့ကို မဲပေး
လိုက်သလဲဆိုတာတော့ ဘတာ မမှတ်မိဘူး။ ဒီလိုပဲ ဒီမဲရုံထဲသွား ဆိုတာနဲ့ သွားပြီး ဒီလိုခြစ်ဆိုတာနဲ့ ခြစ်လိုက်ပြီး
ဒီလိုပုံးထဲထည့်ဆိုတာနဲ့ ထည့်ခဲ့တာပဲ။ တစ်ခုပဲ မှတ်မိတယ် မဲပေးတဲ့ အခန်းက မှောင်လွန်းတယ်။ မဲမပေးခင်နဲ့
မဲပေးအပြီးမှာ ဘတာရဲ့ ဘ၀ဟာ ဘာမှ ထူးထူးခြားခြားပြောင်းလဲတာ မရှိဘူး။ မဲပေးတဲ့ ကာလတွေကို
အကြာကြီးကျော်ဖြတ်ပြီးတော့လည်း ဘတာမှာ ဒုံရင်း ဒုံရင်းပဲ။ အနင်းအနှိပ်ပြန်လုပ်။ အိမ်သာကျင်းပြန်တူး။
မြက်ပြန်ပေါက်။ ခြံစည်းရိုးပြန်ကာ။ ၀ါးပြန်ခုတ်၊ ဘိလပ်မြေအိတ်ပြန်ထမ်း၊ အုတ်ပြန်သယ်။ တူပြန်ထု။ တစ်ခါတစ်လေ
အလုပ်ကောင်းရင် တစ်ရက် ၅၀၀၀ လောက်ရတာကအစ၊အလုပ်မကောင်းရင် ၁၅၀၀ လောက်ကို မနည်းရှာရတာ
အဆုံး ဒုံရင်း ဒုံရင်းပဲ။ ပြောင်းလဲတာ ဘာမှမရှိဘူး။

ဘတာက စာမတတ်တော့ ဘာတွေပြောင်းလဲနေမှန်းလည်း မသိဘူး။ စာတတ်တဲ့ သူတွေကတော့ သိကြမှာပေါ့။
ဘတာမပြော တတ်ဖူး။ တချို့လူတွေကတော့ ဘတာကို မေးကြတယ်။ ဘတာ ဘယ်သူ့ကို တက်စေချင်သလဲတဲ့။
ဘတာကတော့ ဘယ်သူပဲတက်တက် အရေးမကြီးဘူး။ ဘယ်သူ့ကိုမှ ကြိုက်တယ်ဆိုတာမျိုးမရှိဘူး။ မကြိုက်ဖူးဆို
တာလည်း မရှိဘူး။ ကိုယ်က မကြိုက်ဘူး မတက်ပါနဲ့လို့ မိုက်ကြီးနဲ့ အော်နေလည်း သူတက်ချင်တက်မှာပဲ။ ကိုယ်က
ဘာကောင်မို့လို့လဲ။ အဓိက စားဝတ်နေရေးပြေလည်စေချင်တာပဲ။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
အားလုံးပြေလည်စေချင်တာ။ ဘတာတို့ ငယ်ငယ်တုန်းက စားစရာတွေ ပေါမှပေါပဲ။ အဲသလိုခေတ်မျိုးတော့
ပြန်ရောက်စေချင်တယ်။ ကိုယ်က ရှေ့အဖို့ သေဖို့ပဲ ရှိတော့တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်အချိန်သေမယ်မှန်းမသိ။
ဘယ်နေရာ သေမယ်မှန်းမသိနဲ့။ တကယ်လို့ ဒီမိုးတွင်းဖက်မှာ ဘတာကို တွေ့ချင်ရင် ဂေါ်ပြားတစ်လက်နဲ့ သဲတွေဖော်ပြီး
ဆာလာအိတ်ထဲ ထည့်နေတဲ့ ရပ်ကွက်ရေမြောင်း တစ်လျှောက်မှာသာ လိုက်ရှာကြ။

လွန်းဆက်နိုးမြတ်
၂၃.၁၀.၁၂/ညနေ ၀၄း၂၅ နာရီ
Sunday Journal