ကန်စွန်းရွက်အထူးပြု
ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းမဟုတ် ရိုးစင်းလွန်းတဲ့ ဂုဏ်ဒြပ်ပိုင်ရှင် မို့သာ သက္ကရာဇ်များစွာ မေ့လျော့ခြင်းခံထားရတာ ခပ်ညံ့ညံ့ဘ၀သရုပ်ဖော်ဝတ္ထုတွေထဲမှာ ကွန်မြူ နစ်လည်းဖြစ်ဖူး ဇာတ်ကို မနာနာအောင် ဇွတ်အတင်းထုရိုက်ခွဲခြေထားတဲ့ သရုပ်မှန် ရုပ်ရှင်ဇာတ် ၀င်ခန်းတွေရဲ့ ထမင်းချိုင့်လေးတွေထဲလည်းဖန်တရာတေအောင် ရောက်ရောက်သွားတတ် ခေတ် အဆက်ဆက် စီးဆင်းခဲ့တဲ့ ဧရာဝတီလို ပြည်သူ့နေ့စဉ်ဘ၀ထဲ တစ်နိုင်တစ်ပိုင်ဝန်လေးနဲ့ အညွှန့် ဖြာဝေ သူ့မှာ ငန်ခြင်းသော်လည်းကောင်း ချိုခြင်းသော်လည်းကောင်း အရသာမျိုးရှိ ၀မ်းမီးကို နိုင် နင်း ရူးသောအနာ သည်းခြေနဲ့ယှဉ်သောအနာတွေ သက်သာစေ သူ့ကို ပြုတ်မလား ကြော်မလား ချဉ်ရေဟင်း ချက်မလား တို့မြှပ်စားမလား သူ့အတ္ထုပ္ပတ္တိ သူ့ဖြတ်သန်းမှု သူ့ရဲ့ ခမ်းနားကြီးကျယ် မှု(မဲ့ခဲ့တဲ့) ရာဇ၀င်နောက်ခံရိုးဂုဏ်နဲ့ လတ်တလော သူ့လှုပ်ရှားမှုသတင်းတွေ သူ့အကြောင်း သိကောင်းစရာတွေ အင်တာဗျူးတွေ ဒုတ်ခွီမန်ထရီတွေ မှတ်ဖွယ်မှတ်ရာ စကားတိုစိကလေးတွေ မျိုးရင်း မျိုးကွဲ မျိုးပွားတွေ သူ့ကို ကုန်းနေနဲ့ ရေနေဆိုပြီး နှစ်မျိုးခွဲခြားထား ကုန်းနေဟာ ဥတဲ့ အမျိုး အစား(တစ်ချို့က ကန်စွန်းကြီးလို့ သိကြ) ရေနေမှာတော့ ဆင့်ပွားမျိုးများ အဆင်သင့်ရှိနေ ဆင့်ပွား အနက်ဂယက်အရ
(၁) ကန်စွန်းဖြူ-အရိုးအဖြူရောင်(တရုတ်ကန်စွန်းလို့ အခေါ်များ)
(၂) ကန်စွန်းနီ-အခြားကန်စွန်းတွေထက် အရိုးအရွက်ပိုမိုထွားကြိုင်း အရိုးပွလျက် နီညိုရောင် သန်း(အတို့အမြှပ်နဲ့ ချဉ်ရေဟင်းအဖြစ်အသုံးပြု)
(၃) ကန်စွန်းသေး-အရိုးအရွက်အသေးဆုံး(ဈေးကွက်မှာ ထိုင်ဝမ်ကန်စွန်း၊ ၀က်ဆီဖတ်နည်းနည်း၊ ပုဇွန်ခြောက်နိုင်နိုင် အဆင်ပြေသလို ကြော်လေ့ရှိ)
သူဟာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ရှင်သန်ပေါက်ရောက်ရလို့ အမြဲစိမ်းစိုလတ်ဆတ်ခြင်းအသွင် အပြင်နဲ့ နွယ်ဆန်ဆန်ရှည်လျားဆန့်ထွက်လာတတ်တဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှုကိုလည်း ပိုင် ဆိုင်ပြန် သဘာဝအလျောက် မတော်မတည့် ဖြစ်တတ်တဲ့ ကိလေသာအဆိပ်အတောက်ကိုလည်း ဖြိုခွင်းနိုင်သေးသလို ခင်ဗျားတို့ရဲ့ ခန္ဓာအတွင်းပိုင်းထဲက အကောင်းမြင်အစိတ်အပိုင်းတွေ ကြီး ထွားဖို့ရာ လိုအပ်သလောက် အပြုသဘောဆောင်တဲ့ ဗီတာမင်အေလည်း ကြွယ်ဝလုံလောက် လော ကဓံနဲ့ ရင်ဆိုင်တဲ့အခါ အရေးအကြီးဆုံး အရိုးအဆစ်တွေ အားကောင်း သန်မာစေဖို့ မျှော်လင့်ယုံ ကြည်ချက် ကယ်လ်စီယမ်ခေါ် ထုံးဓာတ်များတောင် အချိုးကျ ပေါင်းစပ်ပါဝင်နေပေမယ့်လည်း သူဟာ ရာဇ၀င်မှာ စာတင်မခံရ သူဟာ သမိုင်းနဲ့ လမိုင်းမကပ်ခဲ့ရှာ ဒါတင်မက ဒီမိုကရေစီ နည်းကျကျ အောက်ခြေပြည်သူတွေရဲ့ ဆန္ဒမဲကို တစ်ခဲနက် ပိုင်ဆိုင်ခဲ့သလောက် ထာဝရမေ့လျော့ ခံနေရပြန်ရာ ပွင့်လင်းထင်သာ အခြေဆိုက်တုန်းခဏ ဒီအရေးအသားမှ တဆင့် သူ့ဖြစ်တည်မှုကို အထူးပြုဖော်ထုတ် တင်ပြ မီးမောင်းထိုးပြလိုက်ရပေသတည်း။ ကန်စွန်းရွက်အဓွန့်ရှည်ပါစေသောဝ် ။ ။
လွန်းဆက်နိုးမြတ်
၂၂.၇.၁၂
ကောင်းတယ်နော်……ရေးထားတာလေး….
လာဖတ်သွားတယ် ဆရာလွန်း…..