GHOST RIDERS(တစ္ဆေမောင်းနှင်စီးနင်းသူများ)

GHOST RIDERS
(တစ္ဆေမောင်းနှင်စီးနင်းသူများ)

သုံးယောက်ဆိုတာ ပုံမှန်ပါပဲ။ စီးသူတစ်ယောက် ထိုင်သူနှစ်ယောက်။
လေးယောက် ငါးယောက် တင်စီးတော့ရော ဘာဖြစ်သေးလဲ။
(ဆပ်ကပ်ထဲမှာဆို အယောက် အစိပ်(၂၅ယောက်)ကို
ဆိုင်ကယ်တစ်စင်းတည်းနဲ့ တင်မောင်းပြတယ် )
ဒီမှာက ဆပ်ကပ်မဟုတ်ဘူး။ အယောက်အစိပ်မတင်နိုင်ရင်သာရှိမယ်
ရသလောက်တော့ ရသလို တင်နိုင်ရမယ်။
ကားတစ်စင်းမောင်းဝင်လိုက်တာနဲ့ လမ်းပြည့်သွားတဲ့ ကတ္တရာခပ်ပါးပါးပေါ်မှာ
အရှိန်မပျက် ကပ်ပြီးကျော်တက်/ထွက် နိုင်ရမယ်။
အိမ်ကမိန်းမမျက်နှာပေါ်က သနပ်ခါးပါးကွက် မေ့ရင်မေ့ပလေ့စေ
လမ်းပေါ်က ချိုင့်ခိုးချိုင့်ခွက်မှန်သမျှ အလွတ်ရအောင် ကျက်ထားပြီးသားပဲ။
လမ်းကြိုလမ်းကြားထဲက လှစ်ခနဲ ခုန်ထွက်လာတတ်တဲ့ စည်းမဲ့ကမ်းမဲ့
ဘ၀တူဆိုင်ကယ်တွေ သတိထားတော်မူ။
နောက်ကနေ တိတ်တိတ်ကလေးလိုက်လာပြီး နီးလာမှ မိမိဆိုင်ကယ်လက်ကိုင် အလန့်တကြားဖြစ်သွားစေလောက်အောင် မဟားဒယားကျော်တက်တတ်တဲ့ ကြောင်သူတော်ကြွက်သူခိုးဆိုင်ကယ်တွေကြောင့်
မိမိနှလုံး ဟပ်အတက်ဖြစ်သွားစေနိုင်။
အုပ်စုလိုက် ဟေးလားဝါးလား လမ်းလုံးပြည့်ကွေ့ဝိုက်ဆူညံ စီးလာတာ
မိမဆုံးမ ဖမဆုံးမ ကာလသားလေးတွေပဲ ဖြစ်ပါတယ်။
ဆိုင်ကယ်ဘီးအောက်တည့်တည့် အသေခံစစ်သွေးကြွတွေလို ဆင်ခြင်မှုမရှိ ပြေးဝင်လာတတ်တဲ့ နှုတ်သီးမည်းမည်းနဲ့
ခွေးပေါက်စနလေးတွေရှောင်ရတာ အခက်ခဲဆုံးနဲ့ အန္တရာယ်အများဆုံးဒုက္ခပဲ။
ကမ္ဘာလုံးထဲ ပတ်မောင်းပြရတာလွယ်ပါတယ်။ လက်နှစ်ဖက်လွှတ်စီးပြရတာ ပိုလွယ်ပါတယ်။
နေပူမရှောင် မိုးရွာမရှောင် နေ့မရွေး ညမရွေး ခေါက်ရေကိုက်အောင် မောင်းရတာ မလွယ်ဘူး။
ရှစ်ရက်သားသမီးတို့ရဲ့ ဝေယျာဝစ္စ၀န်စည်စလွယ်မျိုးစုံတင်ပြီး
အရပ်ဆယ့်ခြောက်မျက်နှာ ခရီးတို/ရှည်မရွေး လိုက်လံမောင်းနှင်ပို့ဆောင်ပေးရတာ ပိုမလွယ်ဘူး။
မိုးကာကုတ်အကျီင်္ကိုယ်စီနဲ့ မျက်မှန်ကိုယ်စီနဲ့ တချို့ဆို မျက်နှာသနပ်ခါးကိုယ်စီနဲ့
နိုင်ငံရေးအေးဆေး၊ သားရေးသမီးရေးအေးဆေး၊ သာရေးနာရေးအေးဆေး၊ အားလုံး အေးဆေး။
ဘာမှ ရေးကြီးခွင်ကျယ်ပြောဆိုတွေးခေါ်နေဖို့ အချိန်အားမရှိတော့
အားလုံး အားလုံး အေးဆေးပေါ့။
ရှေ့နားမှာ ထိုးဆိုက်လာမယ့် ကားပေါ်က မိမိအတွက် ခွဲတမ်းဘယ်နှယောက်ဆင်းလာမလဲ။
ရုံး၊ ကျောင်း၊ ကဏ္ဍား၊ နေ့စဉ်သွားလာနေကျ ငါ သူတစ်ပါး ယောကျာ်း မိန်းမ ကလေး လူကြီး
အများပြည်သူဖောက်သည်မှန်ဖို့ အခေါ်အပြောလေးလည်း ညက်ရတယ်။
ကိုယ်လိုသူလို တစ္ဆေမောင်းနှင်စီးနင်းသူချင်းကြားမှာ
လူ့စည်း ဘီးလူးစည်းလေးထားပြီး ခရီးသည်ဆွယ်ရတယ်။
ကိုယ်လိုသူလို တစ္ဆေစီးနင်းသူချင်းကြားမှာ ခပ်ကြွားကြွားလေး လေးစားနေထိုင်နိုင်ဖို့
အရေးအကြီးဆုံးဟာ မိမိအလုပ်မိမိကျွမ်းကျင်မှုပဲ။ နိုင်ငံရေးကျွမ်းကျင်ဖို့ မလိုပါဘူး။
သားရေး သမီးရေးမပူပါဘူး။ သာရေးနာရေးမပြောပါဘူး။ အလွန်ဆုံးပြောလှ
အင်္ဂလန်ပရီးမိးယားလိဂ်နဲ့ ချန်ပီယံလိဂ်လောက်ပဲ ဖြစ်မယ်။
မိမိ မိသားစုပါးစပ်ပေါက်လေး လှုပ်နိုင်ဖို့အတွက်
မိမိလက်လီဗာလှုပ်မှ မိမိခြေထောက်ဂီယာချိန်းမှ မိမိသတိဘရိတ်လေးလည်း မှေးထိန်းနိုင်ဦးပါမှ။
KANBO၊ LUOJIA၊ JLM၊ WAVE၊ FEILING၊ YINXIANG၊ DAYUN ၊ DREAM ဘယ်အမျိုးအစားပဲလာလာ ကျွမ်းကျင်ရာ လိမ္မာကြရတယ်။
အင်ဂျင်မှာ KANBO ဘော်ဒီမှာ LUOJIA စသဖြင့်
တစ်ကွက်ကောင်း တရုတ်ဆိုင်ကယ်တွေပါပဲ။
ကယ်ရီဆိုင်ကယ်ဆိုတော့ များသောအားဖြင့် အင်ဂျင်ပါဝါ 125 ထက် 110 ပဲ သုံးကြတယ်။ ဆယ်ရက်တစ်ခါ အင်ဂျင်ဝိုင်လဲတယ်။
အနီနဲ့ အဖြူ လောင်စာဆီနှစ်မျိုးဈေးကွက်မှာ ၀ယ်ရတယ်။ တစ်ပုလင်း ၁၀၀၀ ပေးရတာချင်းတူတူ
အနီက တစ်ခါတစ်ခါ တစ်ရာနှစ်ရာ စွန်းချင်တယ်။ တချို့ဆိုင်ကယ်တွေက
သံသေးသံကြောင်ဟွန်းသံနဲ့၊ တချို့ဆိုင်ကယ်တွေက မီးရောင်စုံခြယ်သမှုနဲ့၊
တချို့ဆိုင်ကယ်တွေက အူကြောင်ကြားမောင်းသူနဲ့၊တချို့ဆိုင်ကယ်တွေဟာ အသစ်စက်စက်။  (ဘယ်လောက်သစ်လဲဆိုရင် ရုံးက သံနံပါတ်ပြားအစစ်မရသေးလို့ ယာယီနံပါတ်ကို စက္ကူကတ်ထူပြားပေါ်လက်နဲ့ရေးပြီး ပလတ်စတစ်လောင်းထားတယ်။
ရှေ့ဆုံးအက္ခရာအစား အတိုကောက်စာလုံး “ဘောင်”နောက်မှာ ၁၂၃၄၅ စတဲ့နံပါတ်တွေ
ဘောင်ဆိုတာ ဘောင်ဝင်တယ်လို့ ပြောချင်ဟန်တူပါရဲ့။)
တတ်မြောက်ထားတဲ့ အလုပ်နဲ့ မိမိရထားတဲ့ ဘွဲ့နဲ့ တခြားစီမှာ
မိမိလက်ရှိအလုပ်အကိုင်ဟာ ယိုင်နဲ့နဲ့ဆိုတော့ ငါးပွက်ရာ ငါးစာချလိုက်ရတယ်လို့ မထောက်မညှာ ပြောရမလား။
အီကိုနောမစ်အသိအတိုင်း Demand ဒီမန်းနဲ့ Supply ဆပ်ပလိုင်းလို့ ပညာရပ်ဆန်ဆန် သုံးနှုန်းပြောဆိုရမလား။ ကြာပါတယ် အရပ်ပြောအတိုင်းပဲ ဒါလာမှ ဒါလာမှာလို့
အရင်ဆုံး လက်ကို လီဗာဆွဲတဲ့ ပုံလုပ်ပြ နောက်မှ လက်ကို ပါးစပ်နားကပ် ထမင်းစားတဲ့ပုံ လုပ်ပြ။
ဘယ်သူမဆို တစ္ဆေမောင်းနှင်စီးနင်းသူဖြစ်နိုင်တယ်။ ဘယ်သူမဆိုတစ္ဆေမောင်းနှင်စီးနင်းသူဖြစ်ခွင့်ရှိတယ်။
သံဂဟေဆက်တဲ့အလုပ်က သိပ်မကောင်းတော့ ကယ်ရီမောင်းရတာပေါ့။လူပျိုဘ၀တုန်းက ဘီယာဆိုင်မှာ
တရုတ်စာအကြော်ဆရာ။ အိမ်ထောင်ကျတော့ ငွေပိုရတဲ့ ဆိုင်ကယ်ကယ်ရီဆရာ။ ဟိုအရင်က ကုန်စိမ်းရောင်းသမား။ ခုတော့ ပထမတန်းစားကယ်ရီသမား။ အရင်က ခြံပွဲစားလည်း ခြံဈေးကွက်ငြိမ်သွားတော့ ကယ်ရီဆွဲစားရတယ်။
ဗွီဒီယိုရိုက်ကွင်းဓာတ်ပုံဆရာဟာ ရိုက်ကွင်းနားတဲ့ရက် ကယ်ရီမောင်းသမားဖြစ်လာတယ်။
ကျွန်တော့်အသက် ၁၅နှစ်ရှိပြီ။ ကျောင်းမနေဘူး။ ရွာမှာ လုပ်စရာမရှိလို့ ဒီရောက်လာတာ။
ဒီက ကယ်ရီမောင်းတဲ့ ဆွေမျိုးက လှမ်းခေါ်လို့ ကယ်ရီမောင်းသမားဖြစ်လာတာ။
အကြောင်းအမျိုးမျိုးကြောင့် လူတွေဟာ တစ္ဆေမောင်းသူတွေ ဖြစ်လာကြတယ်။
တစ္ဆေမောင်းနှင်သူတွေဟာ ပုံစံအမျိုးအမျိုးပဲ။ အစုံအစုံပဲ။ အသက်အရွယ် မရွေးမရွေးပါပဲ။
ဂျင်းဘောင်းဘီဝတ်ကာ လက်တိုအကျီဝတ်ကာ အောက်မှာ
တက်တူးရုပ်အသားကပ်လက်ရှည်ဝတ်ထားကာ
လက်ချောင်းတွေကို လက်အိတ်နက်စွပ်ကာ လုံခြုံရေးဦးထုပ်ဆောင်းကာ
မျက်နှာပါးကွက်ကြားပေါ်နေတဲ့ ၀တ်စုံပြည့် အချိန်ပြည့် အိုးဆားဗစ်တစ္ဆေစီးနင်းသူတွေ။
ပုဆိုးနဲ့ ရှပ်လက်ရှည်အဖြူညစ်ညစ်နဲ့ လျှာထိုးဦးထုပ်နောက်ပြန်နဲ့
ရွာသားဟန်ပန် တောဂေါ်လီတစ္ဆေစီးနင်းသူတွေ။
ကွာတားဘောင်းဘီဝတ်လျက် အကျီင်္သန့်သန့်ဝတ်လျက် မျက်မှန်အနက်တပ်လျက်
ဟမ်းဖုန်းခါးချိတ်ထားလျက် ဟန်ကြီးတစ်ခွဲသား ဂိုဏ်းစတားဂိုက်တစ္ဆေစီးနင်းသူတွေ။
ပုဆိုးတိုတို စွပ်ကျယ်အောက်မှာ ဗိုက်ရွှဲရွှဲနဲ့ လုံခြုံရေးဦးထုပ်ကြိုးအမြဲမတပ်ဘဲ
ဆောင်းထားတဲ့ ကွမ်းတဗျစ်ဗျစ် ဘီးကျဲကြီးတစ္ဆေစီးနင်းသူတွေ။
ကယ်ရီသမားလို့ ထင်ရက်စရာမရှိအောင် အရွယ်ကောင်းချောမောပြီး အရောင်ထွက်အ၀တ်အစားနဲ့
ခရီးသည် မိန်းမပျိုလေးတွေကို တင်ဆောင်ရဖို့ ဦးတည်ကာ အများသူငှာအထင်မှားလည်း
မနည်းဘူးအကြံနဲ့ တဏှာ(နှာ)အသားပေးတစ္ဆေစီးနင်းသူတွေ။
ပုဆိုးကို တီရှပ်အပေါက်အပြဲ ဖြစ်သလိုတွဲဝတ်လို့ ဆိုင်ကယ်ဦးထုပ်ကို
မှန်အပြည့်ကာထားလို့ ထသွားထလာ အချိန်ပိုင်းတစ္ဆေစီးနင်းသူတွေ။
တစ္ဆေမောင်းနှင်စီးနင်းသူတွေ ဘယ်လိုပဲ ရှိနေ ရှိနေ ကိုယ်ပိုင်သင်္ကေတတွေနဲ့ ခွဲခြားနိုင်တယ်။
ကားပေါ်ကဆင်းတာနဲ့ မြေကြီးပေါ် ခြေမချခင် သင့်ရှေ့ကို ၀ူးခနဲ လာရပ်ပြီး “သွားမလား”မေးမယ်။
အဝေးမှာ သင်ရောက်နေရင် လက်ကလေးတစ်ချောင်း လှမ်းထောင်ပြမယ်။
တစ်ခါတစ်လေ သင့်နောက်ကနေ တတီတီနဲ့ ဟွန်းသံပေးမယ်။
ဒီမှာတော့ ဟိုနား ဒီနား ၀န်ဆောင်ခ တစ်ယောက် ၂၀၀၊ ခရီးနီးရင် နီးသလို ခရီးဝေးရင် ဝေးသလို။
ခရီးဝေးငှားရမ်းသူနှစ်ယောက်က မောင်းသူကို လမ်းခုလတ်လူပြတ်ရာမှာ
ရိုက်နှက်တဲ့ ဆိုင်ကယ်လုယက်သတင်းတွေလည်း မကြာခဏကြားရတတ်ပါတယ်။
ခရီးမဝေးပေမယ့် ညမှောင်မှောင် လေးယောက်တစ်ဖွဲ့မှာ နှစ်ယောက်တစ်စီးနှုန်းနဲ့ ငှားသွားပြီး
ကျောလာထောက်မှ ဓားပြအဖွဲ့မှန်းသိလိုက်ချိန် ကယ်ရီမောင်းသမားနှစ်ယောက် မသေရုံတမယ်
ခေါင်းကွဲ စုတ်ပြတ် နေရာမှာတင်မေ့လဲ ဆိုင်ကယ်နှစ်စီး ပျောက်ဆုံး လုယက် ယူဆောင်ခံရ။
ဒါကြောင့်ပဲ တစ္ဆေစီးနင်းသူတွေဟာ ဗလပဲရှိရှိ ဇပဲရှိရှိ အကြောက်တရားလေးတော့ မရှိမဖြစ် ရှိရတယ်။
ဂမ္ဘီရဆန်းကြယ်စွန့်စားခန်းစိတ္တဇအက်ရှင်နီကိုလပ်ကေ့ခ်ျရဲ့
ပိတ်သားထက်က GHOST RIDER နဲ့ ကွာခြားတာက
ဘ၀သရုပ်မှန်အောက်ခြေလူတန်းစားအခြေခံ မြန်မာပြည်သူပြည်သားတွေရဲ့ နေ့စဉ်ဘ၀အမြင်
အသေးစားခရီးသွားဝန်ဆောင်မှုလမ်းမထက်က GHOST RIDER(S) ဖြစ်ပါတယ်။
ဆိုင်ကယ်တစ်စင်းကို အုံနာခ တစ်နေ့ ၃၀၀၀ သွင်းရတယ်။ ရှစ်လဆိုရင် ပိုင်ပြီ။
ဒီကြားထဲ ဆိုင်ကယ်ပျက်ရင် မိမိပဲခံ။
နောက်တစ်နည်းက တစ်နေ့ကို အုံနာခ ၂၀၀၀ သွင်း။ ဒါပေမယ့် အုံနာကပဲ ဆိုင်ကယ်အမြဲပိုင်တယ်။
ဒီနည်းလမ်းမှာ ၃၀၀၀ ဖိုးအထက် ဆိုင်ကယ်ပျက်ရင် အုံနာနဲ့ မိမိနဲ့ တစ်ယောက်တစ်ဝက်။ ၃၀၀၀ အောက်ဆိုရင် မိမိပဲခံ။
မြို့နယ်ဈေးနယ်နမိတ်ကလွဲရင် ဘယ်နေရာမှာမှ အခွန်ဆောင်စရာမလိုပါဘူး။
ယာဉ်စည်းကမ်းလိုက်နာတာက လိုက်နာတာပေါ့။ မောင်းသူရော လိုက်သူရော ဦးထုပ်ကိုယ်စီဆောင်းရတယ်။ ဆိုင်ကယ်တစ်စင်း လူနှစ်ယောက်အပြင် ပိုမစီးရ။ ၀န်စည်စလွယ်မဆန့်အင်္ဂါအမြင်မတော်အောင် မတင်ဆောင်ရ။
ဆိုင်ကယ်တစ်စင်းမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေ စုံလင်အောင်
လိုင်စင်ကအစ နောက်ကြည့်မှန်အဆုံးတပ်ဆင်ထားရ (မည်ဟုဆိုပေမယ့်လည်းပေါ့။)
တကယ်တော့ ဒါကလည်း စစ်ဆေးရေးရှိတဲ့အခါမှသာပါပဲ။
ဆိုင်ကယ်တစ်စင်း မိသားစုတစ်စု၊ ဖေကြီးကမောင်း မေကြီးကနောက်ဆုံးမှာထိုင်
ဖေကြီးနဲ့ မေကြီးကြားမှ သားလေးနှစ်ယောက်  ဖေကြီးရှေ့ခွကြားမှာ သမီးလေးကထိုင်
ကြပ်တော့ ကြပ်တာပေါ့ ဒါပေမယ့် မကြပ်ဘူး။ ဆိုင်ကယ်တစ်စင်းမှာ
ဆန်အိတ် ၃ အိတ်တင်လို့ ရတယ်။ ဘိလပ်မြေ ၃ အိတ် တင်မောင်းနိုင်တယ်။
မီးသွေး ၆ အိတ်တင်သယ်ကြတယ်။
ကယ်ရီဆိုင်ကယ်အများစုဟာ မနက်လင်းတာနဲ့ သန့်ရှင်းသပ်ရပ်တောက်ပြောင်စွာ
လမ်းဆုံတွေမှာ ရပ်စောင့်နေကြတယ်။
ရှားရှားပါးပါး ဆိုင်ကယ်တချို့ကတော့ ရှေ့ကာဗာမားကတ်တွေပြုတ်ပျက်ထွက်ပြီး
ရှုပ်ထွေးခွေလိမ်နေတဲ့ ၀ါယာကြိုးတွေ ပေါ်နေမယ်။ အောက်ကာဗာမရှိတော့ဘဲ အင်ဂျင်ကိုယ်ထည်ကိုမြင်ရမယ်။ မဲတုံးသံချေးကိုက်နေတဲ့ ချိန်းကြိုးကို မြင်ရမယ်။ ကာဗာမားကတ်တွေ ပြန်မတပ်ဘဲ ဖြစ်သလို မောင်းနေတဲ့ ဆိုင်ကယ်တွေကို ဆိုင်ကယ်ကတုံးတွေလို့ ခေါ်ရမလား။ ယာဉ်စည်းကမ်းက ယာဉ်စည်းကမ်းပဲ။ ဒီလိုပဲ တင်နေ သယ်နေ မောင်းနှင်နေတာက မောင်းနှင်နေတာပဲ။
ကုန်စိမ်းလား၊ ကုန်ခြောက်လား၊ အသားလား၊ ငါးလား၊ အလားတူ ရေသန့်ဗူး၊ ရေပိုက်၊
သစ်တိုသစ်စ၊ သံသေတ္တာ၊ရေစည်ပိုင်း၊ ခရမ်းချည်သီးထည့် ထင်းရှူးသေတ္တာ၊ ကြက်သွန်အိတ်၊ အာလူးအိတ်၊ ကြက်မွေးကြိမ်ခြင်း၊မုန့်မျိုးစုံထည့်ကြိမ်ခြင်း၊ ၀က်အရှင်လတ်လတ်၊ ကြက်ဘဲအရှင်လတ်လတ်(စုချည်လျက်)၊ရေခဲအထပ်လိုက်၊
သားကျွေးမှုမယားကျွေးမှုအထပ်လိုက် အကုသိုလ်အထပ်လိုက်
လောဘဒေါသမောဟအထပ်လိုက် အထပ်လိုက် အထပ်လိုက်က်က်က်က်။
ဆိုင်ကယ်ရှေ့ခြင်းထဲမှာ၊ ဆိုင်ကယ်ရှေ့ခွကြားမှာ၊ ဆိုင်ကယ်မောင်းသူလိုက်သူနှစ်ဦးဖင်အောက်မှာ၊ ဆိုင်ကယ်နောက်ခုံမှာ၊တချို့ဆို ဆိုင်ကယ်ဘေးမှာကို ပစ္စည်းတင်ဖို့သက်သက် သံဂဟေအပိုဆက်ထားလိုက်သေးတယ်။ ဘယ်ချိန်ကြည့်ကြည့် သတ်မှတ် ၀န်စည်ထက်
ပိုတင်နေကြတာ အလွယ်တကူတွေ့နိုင်တယ်။ သမုဒ္ဒရာ ၀မ်းတစ်ထွာမှာ ကူးရင်းခတ်ရင်း တစ္ဆေမောင်းနှင်သူတွေ အမြဲတမ်းမေ့လျော့နေတဲ့ အချက်ကတော့
သူတို့မောင်းနှင်စီးနင်းထားတာဟာ ဆိုင်ကယ်ဖြစ်သလို တစ္ဆေလည်း ဖြစ်တယ်ဆိုတဲ့ ကိစ္စပဲ။
ဝန်ပိုတွေနဲ့ အဆင်မသင့်တဲ့အခါ တစ္ဆေဟာ မောင်းနှင်သူကို ကုန်တင်ကားကြီးအောက် ဆွဲခေါ်သွားတတ်တယ်။ လူပိုတွေနဲ့ အနေမတတ်တဲ့အခါ တစ္ဆေဟာ မောင်းနှင်သူကိုရော
လိုက်ပါသူကိုရော ကတ္တရာလမ်းပေါ် ဒလိမ့်ကောက်ကွေးဖြစ်အောင် ခါရမ်းပစ်တတ်တယ်။
၂၀၀ရ ခုနှစ် ရန်ကုန်ဆိုင်ကယ်တိုက်မှု ၂၉မှု သေဆုံး ၅ဦး ၂၀၀၈မှာ ၂၄မှု သေဆုံး ၅ဦး
၂၀၀၉ ဧပြီထိ ၂၅မှု သေဆုံး ၈ဦး  ၂၀၁၂ ဇန်န၀ါရီမှ အောက်တိုဘာထိ
မန္တလေးခရိုင် ဆိုင်ကယ်တိုက်မှုများကြောင့် သေဆုံး ၉၄ ဦး ဒဏ်ရာရ ၃၃၈ ဦး
လမ်းဘေးမှာ မှောက်လဲနေတဲ့ သွေးစွန်းဆိုင်ကယ်တစ်စင်း၊ ဥဒဟိုလိမ့်နေတဲ့ သစ်သီးများ၊
မလှုပ်မယှက်ခန္ဓာကိုယ်များ၊ ယိုစီးသွေးကွက်များ၊ ဟိုမှ သည်မှ
ထိတ်လန့်တကြားပြေးလာသော လူများ။
လဲလျောင်းဆိုင်ကယ်ရဲ့ ဘီးဟာ မရပ်သေးဘဲ တစ်ဝီ၀ီလည်နေဆဲ…။
မောင်းသူရဲ့ မူလလက်ဟောင်းအရင်းစစ်အလုပ်အကိုင်ဟာ ဘာပဲဖြစ်နေဖြစ်နေ
လိုက်ပါသူပုဂ္ဂိုလ်ကြီးဟာ ဘယ်သူဘယ်ဝါကြီးပဲဖြစ်နေဖြစ်နေ
ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ဘယ်လိုပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ်
မောင်းနှင်စီးနင်းသူရဲ့ သတိတစ်ချက်အမှားမှာ
ဆိုင်ကယ်ဟာ တစ္ဆေပဲ။ တစ္ဆေဟာ ဆိုင်ကယ်ပဲ။    ။

လွန်းဆက်နိုးမြတ်
၂၃.၁၁.၁၂
ည ၀၇း၄၇နာရီ

2 comments on “GHOST RIDERS(တစ္ဆေမောင်းနှင်စီးနင်းသူများ)

  1. Zaw Zaw Htun says:

    စကားပြေဆိုသည်မှာလူအများကကဗျာ၊ဇာတ်လမ်းများစာအုပ်ထဲတို့တွင်ရေးသားနေကြသောမူလအရေးအသားပင်ဖြစ်သည်။ကျွန်တော်တို့နေ့တဓူဝရေးနေတဲ့အရေးအသားဟာစကားပြေပဲတဲ့။”Prose”ဆိုတဲ့ဝေါဟာရကလက်တင်စကားProsaကနေလာပြီးအဓိပ္ပါယ်ကတော့”ရှေ့သို့
    ဖြောင့်တန်းခြင်း””Straightforward”ပါ။အဓိကနှစ်မျိုးကတော့ရှေ့မှာရေးခဲ့သလိုဇာတ်ကြောင်းပြောပုံစံ(Narrative)နဲ့ Expository Text(ခွဲခြမ်းစိတ်ြ်ဖာမှု၊ဖေါ်ပြချက်များပါဝင်မှု)အမျိုးအစား
    ပါပဲ။
    နောက်ထပ်ပေးတဲ့အဓိပ္ပါယ်ကတော့အတောလေးရှင်းပါတယ်။မေးတဲ့သူကတော့ကဗျာနဲ့စကားပြေဘာကွာသလဲတဲ့။”What is the difference between Prose and Poetry”တဲ့စကားပြေ
    ဆိုတာကဗျာရဲ့ဂုဏ်သိက္ခာများဖြင့်မဖွဲ့စည်းသော၊အခြားတစ်နည်းဆိုသော်စကားလုံးများကိုစာပိုဒ်အနေနဲ့ဖွဲ့စည်းထားခြင်းကိုဆိုလိုသည်။မူရင်းအရေးကတော့Prose is not confined to poetic measures and is usually grouped into paragraphs.Prose lacks a specific rhythm or the rhymes that can be found in poetry။ စကားပြေမှာတော့ကဗျာမှာတွေ့
    နိုင်တဲ့ရိုင်(မ)န(ဲ့ရစ်သမ်)အတိအကျမပါဝင်ပါဘူးဆိုတယ်။ဒီနေရာမှာ”Lack”လို့သုံးထား…ပါချင်
    လည်းပါမယ့်ပေါ့။မပါဝင်တာ၊ရှာမတွေ့နိုင်တာ၊မရှိတာပဲဖြစ်တယ်။ဒီနေရာမှာဘာကြောင့်ဒီမေး
    ခွန်းကိုမေးရသလဲဆိုတာစဉ်းစားရမယ်။ဒီအမေးဟာအဓိပ္ပါယ်မတူ၊စာလုံးမတူတဲ့Prose နဲ့Poetryဘာကြောင့်ဘယ်လိုကွာသလဲလို့မေးရတာလဲ။အရင်ကတော့ဒီမေးခွန်းဟာမေးစရာမလိုပါဘူး။အခုတော့မေးစရာလိုလာပါပြီ။အခုခေတ်မှာသူတို့ဆီမှာကိုကကဗျာနဲ့စကားပြေမ
    ကွဲတော့တဲ့သဘော။လွန်ခဲ့တဲ့၁၈ရာစုမှာဒီမေးခွန်းကိုမေးရင်မေးတဲ့လူကအတော်လေးညံ့ဖျင်းလွန်းတယ်လို့လူတွေထင်ကြမယ်။ဒါပေမယ့်အခုတော့ဒီမေးခွန်းဟာပညာရှင်အဆင့်မေးခွန်းဖြစ်နေပြီးဘယ်သူမှသိပ်မရှင်းလင်းချင်ကြဘူး။တာဝန်ကြီးသလိုပြင်ဆင်ဖို့အများကြီးလိုတယ်မ
    ဟုတ်လား။
    အခုကျွန်တော်ပြောချင်တာကစကားပြေကဗျာအကြောင်းပဲ။
    ပြင်သစ်တွေစခဲ့တဲ့ဒီစကားပြေကဗျာကိုအမေရိကန်မှာတင်မကပဲတစ်ခြားနိုင်ငံတွေမှာလည်း
    ရေးကြတာပဲ။စပိန်မှာတော့အောတာဗွီအိုပက်(ဆ)(Octayio Paz)ကသူတို့အခေါ်Aguila o Sol?တဲ့။ကျွန်တော်အသံထွက်လို့မတတ်ပါဘူး။အင်္ဂလိပ်တွေကအဲဒါကိုEagle or Sun?လို့
    အဓိပ္ပါယ်ပြန်ပေးတယ်။အဲဒါဝတ္ထုနာမည်ပဲ။စပိန်ကဗျာဆရာအိန်ဂျယ်ခရီစပို(Angle Crespo (1926.95)နဲ့Giannina Braschi) တို့ဒီအရေးအသားမျိုးရေးတယ်။၁၉၈၈မှာထွက်တဲ့(Empire of Dream,1988)ကတော့စပိန်ပိုစ်မော်ဒန်ဆရာကြီးဘရာစချို(Giannina Braschi)ရဲ့
    အကောင်းဆုံးစကားပြေကဗျာတဲ့။ဂျပန်တွေကလည်းဘာသာပြန်သူဒင်းနစ်ကင်း
    (Dennis Keene)ရဲ့အကူအညီနဲ့ဂျပန်စကားပြေကဗျာဆရာခြောက်ဦးရဲ့အရေးအသား
    တွေကိုစုပြီး”ခေတ်ပေါ်ဂျပန်စကားပြေကဗျာ”The Modem Japanese Prose Poem ဆိုပြီး
    ထုတ်တယ်။
    ရရှတွေကတော့ဘယ်ကတည်းကစရေးတယ်မသိဘူး။အန်ဒရေဝါနာ(Adrian Wanner)တို့ဘာသာပြန်တဲ့”စကားပြေကဗျာမှဇာတ်
    လမ်းမဲ့သို့”(From the Prose Poem to the Anti-Story)ထွက်လာတော့အတော်လေးရုတ်
    ရုတ်သဲသဲဖြစ်ခဲ့တယ်ဆိုပဲ။ဂိုဂေါ(Gogol)ရဲ့ဝိဥာဉ်သေများ(Dead Souls)ကတော့အပျံစား
    စကားပြေကဗျာလို့ပြောကြတယ်။

    ရေးချင်တာကိုချရေး ပါ….ဒါပေမယ့်
    နောက်ဆုံးတော့ခင်ဗျားဟာရေးချင်တာကိုချရေးပါ။အားလုံးကိုစာပိုဒ်တစ်ပိုဒ်ထဲကိုသွင်းဒါမှမ
    ဟုတ်စာမျက်နှာတစ်ခုလုံးစာသားတွေအပြည့်ရေးပါ။ပြီးရင်ခေါင်းစဉ်တပ်”Prose Poem”ဒါပါပဲ။
    ဒါပေမယ့်ကျွန်တော်ပြောချင်တာကတော့ခင်ဗျားရဲ့စာမှာအနုပညာတော့ပါ,ပါစေပေါ့ဗျာ။

  2. Zaw Zaw Htun says:

    စကားပြေဆိုတာကိုသူတို့အဓိပ္ပါယ်ပြန်ထားသလောက်ပြေကြည့်ပါ့မယ်။ဒါတွေကတော့
    ကျွန်တော့ဟာဘော်မဟုတ်ပါဘူး။ဘာကြောင့်ရှင်းပြဖို့လိုသလဲလို့မေးကောင်းမေးနိုင်ပါတယ်။
    စကားပြေရေးဟန်နဲ့ကဗျာတွေအတော်များများရေးလာကြတော့ရေးတဲ့လူတွေအတွက်အချက်အလက်ရေးလို့ရငြားဝိုင်းရှာပေးတဲ့သဘောပါပဲ။တစ်ချို့ကဒီိလိုရှည်လျားတဲ့စကားပြေရေးဟန်ဟာအယ်ပီရဲ့ဟန်လို့ထင်ကောင်းထင်နိုင်တယ်။အဲဒီလိုဆိုရင်တော့ငြင်းစရာမရှိပါဘူး။အယ်ပီဆရာကြီးတွေဖြစ်တဲ့ဆီလီမန်တို..့ဆူဆန်ဟိုးတို့၊ချားလ်ဘန်စတိုင်းတို့တွေဟာသူတို့ကဗျာ
    တွေအတော်များများကိုဒီလိုစကားပြေရေးဟန်တွေနဲ့ရေးပါတယ်။ဒါပေမယ့်စကားပြေရေးဟန်ဟာအယ်ပီရဲ့ဂုဏ်သိက္ခာတစ်ရပ်တော့မဟုတ်ဘူး။ProsePoetryဟာလွန်ခဲ့တဲ့နှစ်ပေါင်းအ
    တော်ကြာကြာကတည်းကရှိနှင့်နေတဲ့အရေးအသားဖြစ်ကြောင်း,,,,,,,,
    ဒါ့ကြောင့်စကားပြေအားလုံးဟာအယ်ပီရေးသူများမဟုတ်ဘူး။ဒါပေမယ့်အယ်ပီသမားအတော်
    များများကိုတော့စကားပြေကဗျာရေးသူအမျိုးအစားထဲမှာထည့်လို့ရတယ်။ဒါ့ကြောင့်အဘိဓါန်ရဲ့ProsePoetryWriters.စာရင်းထဲမှာအယ်ပီသမားအတော်များများပါတယ်။ဆီလီမန(Ron Silliman) ရဲ့ပန်းဒေသနာ(Flower Sermon)ကိုကြည့်ရင်စကားပြေကဗျာမဟုတ်ပြန်ဘူး
    အဲဒီလိုပဲရောဘတ်ဂျင်းနယား(Robert Giniree)ရဲ့ပေါ့ပါးကဗျာ(Find and Dust)တွေဟာ
    လည်းစကားပြေနဲ့လုံးလုံးဆန့်ကျင်နေတယ်။ဒီတော့FNDတွေအတွက်အနောက်ကတစ်
    ယောက်ကသီးသန့်လိုက်ရှင်းပေးရတဲ့အနေအထားတွေဖြစ်လာတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုစကားပြေရေးဟန်ကဗျာတွေဟာကဗျာမဖတ်ချင်တဲ့လူတွေကိုဆွဲဆောင်ဖို့ဖြစ်လာတယ်။ကဲကျုပ်တို့ရဲ့ခွက်ဟာရေတစ်ဝက်ဖြည့်ထားတဲ့ခွက်ပါ။တစ်ဝက်လျော့သွားတဲ့ခွက်မဟုတ်ဘူး။တစ်ချို့က
    တော့ကဗျာရဲ့နိဂုန်းလို့ဆိုချင်ပြန်ပါတယ်။ကျွန်တော်သဘောမတူပါဘူး။စကားပြေဟန်ကြောင့်
    ဒါမှမဟုတ်ရေးဟန်တစ်ခုခုကြောင့်ကဗျာဟာရုပ်ဖျက်ပြီးခင်ဗျားဆီကိုအလည်လာပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s