အခွင့်အရေး

DSC01607အခွင့်အရေး

အဲဒီ့ညနေက လူသေတယ်။ နေရာက ရပ်ကွက်အစွန်ပိုင်းက ရေမြောင်းထဲမှာ။ အလောင်းကို သွားကြည့်တဲ့ လူတွေဟာ တစ်အုပ် ပြီးတစ်အုပ် ကျွန်တော့်အိမ်ဘေးလမ်းကနေ  အဲဒီ့ရေမြောင်းကြီးဆီသွားကြတယ်။ တချို့ကလည်း အလောင်းကြည့်ပြီးလို့ ပြန်လာတယ်။ သွား ကြည့်တဲ့ လူတွေနဲ့ ကြည့်ပြီးပြန်လာတဲ့ လူတွေ ဆုံကြတော့ အလောင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံပြောကြတယ်။ သူတို့ ပြောပုံအရ အလောင်းဟာ အရွယ်ကောင်းယောကျာ်းတစ်ယောက်ပဲ။ နောက်ပြီး အလောင်းနားမှာ ရဲမရောက်သေးဘူး။ တချို့ကလည်း ကိုယ့် အသိဖြစ် နိုးနိုး၊ ကိုယ့်တူကိုယ့်သားဖြစ်နိုးနိုးနဲ့ မှောက်နေတဲ့ အလောင်းကို အနီးစပ်ဆုံးဆိုင်ရာလူကြီးတွေ အကူအညီယူပြီး လှန်ကြည့်ကြတယ်။ ဒါပေမယ့်လို့ အလောင်းပိုင်ရှင်ပေါ် မလာဘူး။ အဲဒီ့ညနေက မျိုးခင်တို့နဲ့ ချိန်းထားလို့ အလောင်းကို ကျွန်တော်သွားမကြည့်ဖြစ်ခဲ့ဘူး။ မျိုးခင်တို့ ဆိုတာက မျိုးခင်နဲ့ ထွန်းလှကို ပြောတာ။ အဲဒီ့တလောမှာ ဒီကောင်တွေနဲ့ ဘီယာဆိုင်မှာ ကျွန်တော်အဖွဲ့ကျနေတတ်တယ်။ ဘီယာဆိုင်ရောက် တော့ မျိုးခင်တို့က ရောက်နေနှင့်ပြီ။
    

မျိုးခင်နဲ့ ထွန်းလှက ကျွန်တော်လာတာကို အသိအမှတ်ပြုတဲ့ သဘောတောင်မှ မရှိဘူး။ သူတို့ ပြောလက်စ စကားကိုပဲ ဆက်ပြောနေကြတယ်။ အထာသိနေတဲ့ စားပွဲထိုးလေးကပဲ ခွက်လွတ်တစ်လုံးယူလာပြီး စားပွဲအလယ်က ဘီယာဂျားထဲကနေ ကျွန်တော့်အတွက် ဘီယာငှဲ့ပေးတယ်။ ဟိုနှစ်ကောင်ပြောနေတာက ခုတလော ခြံဈေးတွေ နည်းနည်းပြန်လှုပ်လာတဲ့ အကြောင်း။ ဒီအကြောင်းကို ကျွန်တော်စိတ် မ၀င်စားဘူး။ အစကတည်းက စကားဝိုင်းထဲမှာ ကျွန်တော်မပါခဲ့တော့ ကျွန်တော်ကလည်း ဟိုနှစ်ကောင်ကို အသိအမှတ်ပြုတဲ့ သဘော မျိုး ပြန်မလုပ်ပြဖြစ်ဘူး။ အဲဒီ့အစား ဘီယာကိုပဲ တကျိုက်ယူမော့လိုက်တယ်။ ဟိုနှစ်ကောင်ရဲ့ ခြံဈေးလှုပ်တဲ့ ကိစ္စဟာ တော်တော်ကြာတယ်။ ခြံဈေးနဲ့ စီးပွားတက်သွားတဲ့ လူတွေ အကြောင်းပြောရာကနေ စီးပွားပျက်ပြီး ကိုယ့်ကိုယ်ကိုယ်ကိစ္စတုံးပစ်တဲ့ လူတွေအကြောင်းရောက်လာတယ်။ ညနေက လူသေအလောင်းကို စိတ်ကူးထဲမှာ ကျွန်တော်ဖြတ်ခနဲ သတိရ သွားတယ်။ ဒါပေမယ့်လို့ အလောင်းက အရက်မူးပြီး မြောင်း ထဲပြုတ်ကျသေတာလို့ ပြောကြတယ်။

နောက်ထပ်ဘီယာတစ်ဂျားထပ်ရောက်လာတော့မှ ဟိုနှစ်ကောင် စကားစပြတ်သွားတယ်။ နှစ်ကောင်စလုံး ကျွန်တော့်ကို ခုမှမြင် သွားသလိုလို ပုံမျိုးဖမ်းကြတယ်။ မင်းတို့အိမ်နားမှာ လူသေလို့ဆိုလို့ မျိုးခင်က ဆိုင်းမဆင့်ဗုံမဆင့်မေးတယ်။ ကျွန်တော်က ငါတို့အိမ်နဲ့ တော် တော် ဝေးပါသေးတယ်ကွာလို့ ပြန်ဖြေလိုက်တယ်။ သေတဲ့လူက ဘယ်သူလဲလို့ ထွန်းလှ ကမေးပြန်တယ်။ မသိဘူး ငါတို့ရပ်ကွက်ထဲကတော့ မဟုတ်ဘူးလို့ ကျွန်တော်ထပ်ဖြေလိုက်တော့ မျိုးခင်က မင်းသွားမကြည့်ဘူးလားလို့ ဆက်မေးတယ်။ ကျွန်တော်က ခေါင်းကိုခါရင်း ဟင့်အင်း မကြည့်ချင်ဘူးလို့ ဖြေလိုက်တယ်။ အင်း လူတွေလည်း သေနေကြတာပဲလို့ မျိုးခင်က တရားရသံလိုလို ဘာလိုလို မှတ်ချက်ချပြီး ကြက်ဆီဗူးကင်ကို တစ်ကိုက်ကိုက် လိုက်တယ်။ အဲဒီ့အချိန်မှာပဲ ဘီယာဆိုင်ရဲ့ ပရိုဂျက်တာပေါ်မှာ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပွဲတစ်ပွဲပေါ်လာတယ် ။ ကျွန်တော်ရော ဟိုနှစ်ကောင်ရော ငြိမ်သက်သွားကြတယ်။

အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးမီးတွေပြတ်ပြီး မှောင်မဲနေလေရဲ့။ ကျင့်သားရနေလို့ အိမ်သော့ကို အလွယ်တကူပဲ ကျွန်တော် ဖွင့်လိုက်နိုင်တယ်။ အမှန်တော့ ဒီအိမ်က ကျွန်တော့် အိမ်မဟုတ်ဘူး။ ကျွန်တော်နဲ့ စေ့စပ်ထားတဲ့ ကောင်မလေးရဲ့ အိမ်။ နောင် ကျွန်တော်တို့ လက်ထပ်ပြီးရင် ဒီမှာနေရမှာ။ ဒါပေမယ့်လို့ လက်မထပ်ခင်မှာကို မကြာမကြာလာနေနေလို့ ဟိုနှစ်ကောင်ကတောင် မင်းတို့အိမ်ဆိုပြီး နှုတ်ကျိုးနေပြီ။ အခုတော့ ကျွန်တော့်ကောင်မလေးမရှိဘူး။ သူ့မိဘတွေနဲ့ မော်လမြိုင်ကို ခရီးထွက်သွားတယ်။ သူတို့က မော်လမြိုင် ဆက်တွေ။ ကျွန်တော်နဲ့ အိမ်ထောင်မကျခင် မော်လမြိုင်က ဆွေမျိုးတွေဆီ တစ်ခေါက်သွားလည်တာ။ အစက ကျွန်တော်ပါလိုက်ဦးမလို့ပဲ။ နောက် တော့ ကျွန်တော့်မှာ လိုက်မရတဲ့ ကိစ္စပေါ်လာလို့ လိုက်မသွားဖြစ်တော့ဘူး။ လက်ထပ်ပြီးမှပဲ ထပ်သွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် မလိုက်ဖြစ်တဲ့ ကိစ္စက တခြားမဟုတ်ဘူး။ ကျွန်တော့်ယောက္ခ မလောင်းကြီးက ဗေဒင်သိပ်ယုံတယ်။ ဗေဒင်ဆရာက ဒီရက်ပိုင်း ကောင်မလေးနဲ့ အတူတူ ကျွန်တော်ခရီးမထွက်ရဘူးဆိုပြီး ပြောသတဲ့။ ခရီးထွက်ရင် လက်ထပ်ပွဲပျက်မယ်လို့လည်း ထပ်ဟောသေးသတဲ့။ ဒါနဲ့ပဲ ခရီးထွက်ဖို့ အစစအရာရာ စိတ်ကူးယဉ်ပြင်ဆင်ပြီးကာမှ ကျွန်တော်နေခဲ့လိုက်ရတယ်။

တံခါးပိတ်ပြီး အိမ်ထဲကို အ၀င်မှာ ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်မိတယ်။ အိမ်ထဲမှာ လူတစ်ယောက်ရောက်နေသလိုမျိုး ခံစား ရတယ်။ ဖယောင်းတိုင်ရှာထွန်းပြီး တစ်အိမ်ခန်းလုံးနှံ့ အောင် ကျွန်တော်လျှောက်ရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူး။ အဲဒါပြီးတော့ ကျွန်တော် ဗိုက်ဆာလာတယ်။ ဒါနဲ့ ဘီယာဆိုင်ကနေ ပါဆယ်ဆွဲလာတဲ့ ထမင်းပေါင်းထုပ်ကို ပန်းကန်ပြား တစ်ချပ်ထဲ လှယ်ထည့်ပြီး ညစာတည်လိုက်တယ်။ ထင်သလောက်စားမကောင်းဘူး။ ညစာစားမကောင်းတာနဲ့ ဆိုင်လား မဆိုင်လားတော့မသိဘူး။ ကျွန်တော့်ကောင်မလေးကို သတိရမိ သွားပြန်တယ်။ မနက်ပိုင်းတုန်းက ကျွန်တော့်ဆီ သူ ဖုန်းဆက်သေးတယ်။ ဘာမှထူးထူးခြားခြားမရှိလှပါဘူး။ တခြားသမီးရည်းစားတွေလိုပဲ။ သာ ကြောင်းမာကြောင်း အဆင်ပြေကြောင်းကနေ လွမ်းကြောင်း ချစ်ကြောင်းဆိုတာတွေပါပဲ။ ဟိုဖက်ညက အိပ်မက်ထဲမှာ သူ့ကို မြွေပေါက်လိုက် တယ်ဆိုတဲ့ ကိစ္စပဲ နည်းနည်းထူးခြားတယ်။ ဒီလိုအိပ်မက်မျိုး ကလည်း ကျွန်တော့်ကောင်မလေး မကြာခဏမက်နေကျ အိပ်မက်တွေလိုပါပဲ။ သူ့ကို ဆင်ပျံကြီးက ကမ္ဘာတစ်ပတ်ကျောပေါ်တင်ပြီး ပျံသန်းသွားတာ။ အဆုံးမရှိတဲ့ ဧရာမချောက်နက် ကြီးထဲ သူပြုတ် ကျတာ။ သူ့တစ်ကိုယ်လုံးမှာ အပင်စိမ်းစိမ်လေးတွေပေါက်လာပြီး ပန်းပွင့်နီနီလေးတွေပွင့်တာ။ အို သူပြောဖူးတာ စုံလို့ပါပဲ။

ကျွန်တော့်ယောက္ခမလောင်းကြီးက ဗေဒင်ခရေဇီဆိုရင် ကျွန်တော့် ကောင်မလေးကိုတော့ အိပ်မက်ခရေဇီလို့ ပြောရမယ်။ သူမက်သမျှ အိပ်မက်တွေကလည်း ထူးပေ့ဆန်းပေ့တွေ ချည်းပဲ။ သာမန်စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ အိပ်မက်မျိုးတွေ။ ဓာတုဗေဒဆရာမဆိုတဲ့ သူ့အလုပ်အကိုင်နဲ့ သူ့အိပ်မက်တွေက ဘာမှတောင်မဆိုင်ဘူး။ တစ်ခါတုန်းက ကျွန်တော်မက် တဲ့ အိပ်မက်တွေကို သူမေးတော့ ကျွန်တော်က ဘာလဲ ကိုယ့်အိပ်မက်တွေကို ဓာတ်ခွဲကြည့်မလို့လားလို့ နောက်လိုက်တယ်။ သူက ရယ်ရင်း မဟုတ်ပါဘူး မောင်ရယ် ပြောမှာ သာပြောစမ်းပါ လို့ မေးတယ်။ ဒါပေမယ့်လို့ အိပ်မက်တွေနဲ့ပတ်သက်လို့ ကျွန်တော် ဘာမှ ပြန်မဖြေနိုင်ဘူး။ ကျွန်တော်က ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော် တဲ့ ကောင်။ အိပ်မက်တွေ ဘာတွေ မက်တော့မက်ပေမယ့်လို့ ဟုတ်တိပတ်တိ မှတ်ထားမိတာမျိုးမရှိဘူး။ ထူဆန်းတာတွေလည်း မမက်ဖူးဘူး။ သူကတော့ အိပ်ယာဘေးမှာ စာအုပ်နဲ့ ဘောလ်ပင် အသင့်ချထား တယ်။ အိပ်ယာနိုးလာတာနဲ့ သတိရသမျှ အဲဒီ့စာအုပ်ထဲ အိပ်မက်တွေ အကုန်ချရေးတော့တာ။ ဒါနဲ့ပတ်သက်လို့ သူပြောဖူးတာလေးတစ်ခု သွားအမှတ်ရတယ်။ ကျွန်တော်က အင်္ဂလိပ်စာမှာ လူတကာထက် ထူးချွန်အောင် အလင်းပေါက်သလောက် အိပ်မက်မက်တဲ့ နေရာမှာတော့ အကန်းတဲ့။ ကျွန်တော်ဟာ အိပ်မက်ကန်းသူတဲ့။ ဘာရယ်မဟုတ်ဘဲ အဲဒီ့တုန်း က သူပြောတာ ကဗျာသိပ်ဆန်နေလို့ ဘယ်အချိန်ပြန်တွေးတွေး ကျွန်တော်မမေ့တော့ဘူး။

ဖယောင်တိုင်မီးကိုကိုင်ရင်း အိမ်ရှေ့ခန်းဖက် ကျွန်တော်ထွက်လာခဲ့လိုက်တယ်။ တစ်အိမ်လုံးတိတ်ဆိတ်လို့နေရဲ့။ ကျွန်းဆက်တီ ခုံပေါ် ၀င်ထိုင်လိုက်ရင်း ကျွန်တော့်စိတ် က ကောင်မလေးအကြောင်းတွေးနေရာကနေ ဟိုနှစ်ကောင်အကြောင်းကို ဘယ်လိုကဘယ်လို သတိ ရမိသွားလဲမသိဘူး။ ညနေက ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့် ရင်း ငြင်းခုံခဲ့ကြတာကြောင့်ပဲလား။ ကျွန်တော်အားပေးတဲ့ ဘောလုံးအသင်းရှုံး ခဲ့လို့ တစ်ဝိုင်းလုံးစာ ကျွန်တော်ပဲ ဒိုင်ခံရှင်းခဲ့ရတာကြောင့်ပဲလားတော့ သေချာမသိပါဘူး။

ဟိုနှစ်ကောင်ထဲက မျိုးခင်က ကျွန်တော်တို့ထဲမှာ အိမ်ထောင်အရင်ကျတာ။ ကလေးတောင် နှစ်ယောက်ရှိပြီ။ အလုပ်အကိုင်က တော့ ဘုရားစူးသင်္ဘောသား။ ဘုရားစူးသင်္ဘောသား လို့ ပြောရတာက အကြောင်းရှိတယ်။ ဒီကောင်က မိန်းမရပြီးနောက်ပိုင်း သင်္ဘောတစ်ခါ တက်ပြီးကတည်းက အနားယူတာ ငါးနှစ်ရှိသွားပြီ။ မေးလိုက်ရင်တော့ ဒီနေ့ပဲ သင်္ဘောပြန် တက်မလို မနက်ဖြန်ပဲ ပြန်တက်မလိုနဲ့။ နောက် ထွန်းလှဆိုတဲ့ ကောင်ကရော ဘာထူးသေးလဲ။ အသက်သာ ၃၀ကျော်နေတာ အခုထိ မိဘအိမ်မှာ ကလေးလုပ်လို့ကောင်းနေတုန်း။ မိန်းမသာ မယူသေးတာ ကျွန်တော်တို့ထဲမှာ မိန်းမအကြောင်း အရင်ဆုံးစသိတာလည်း ဒီကောင်ပဲ။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး အခုလို လက် ထပ်ဖြစ်တော့မယ့် အကြောင်း ရင်းတွေထဲမှာ ဒီကောင်မြှောက်ပေးတာတွေကလည်း အဓိကနေရာမှာ ပါနေတယ်။

ခဏကြာတော့ ဗိုက်ပြည့်သွားတာရယ် ဘီယာတန်ခိုးရယ်ပေါင်းပြီး ကျွန်တော်အိပ်ချင်လာတယ်။ နေ့လည်တုန်းက အင်္ဂလိပ်စာ ကျူရှင်တစ်ခုကို သွားသင်ပေးထားလို့ ပင်ပန်းတာလည်း ပါလိမ့်မယ်။ အိပ်ခန်းထဲရောက်တော့ ဖယောင်းတိုင်မီးကို ဟုတ်ခနဲငြိမ်းပြီး ကျွန်တော် ကုတင်ပေါ်တက်လိုက်တယ်။ ဒီညဟာ သူမရှိတဲ့ ကုတင်မှာ အိပ်ရတာ ကျွန်တော့်အတွက် သုံးညမြောက်ပဲ။ ဘယ်နေရာက၀င်လာမှန်းမသိရတဲ့ ထူးဆန်းတဲ့ စေ့ဆော်မှုတစ်ခုနဲ့အတူ လျှပ်တပြက်အတွင်းမှာ သူ့ခေါင်းအုံးလေးကို ကျွန်တော် လှမ်းယူအုံး လိုက်မိတယ်။ ကျွန်တော့်စိတ်ထဲ နည်းနည်းမောနေသလိုလိုပဲ။ နောက်နေ့ ဟိုနှစ်ကောင်နဲ့ ဘီယာဆိုင်မထိုင်ဘဲ နေဦးမှလို့ တွေးလိုက်တယ်။ မကြာခင်မှာပဲ သူ့ခေါင်းအုံးသား အိအိလေးေ ပါ် ခေါင်းတင်ရင်း ကျွန်တော်အိပ်ပျော်သွားတယ်။ အဲဒီ့မှာ ထူးထူးဆန်းဆန်းအိပ်မက်တစ်ခုမက်တယ်။  အိပ်မက်ထဲမှာ အရမ်းများ ပြားတဲ့ မြွေဆိုးတွေကြား ကျွန်တော်ရောက်သွား တယ်။ ကျွန်တော်ဟာ မြွေဆိုးတွေကြားက ခြေချစရာ ခြေတစ်ဖ၀ါးစာ မြေလေးကို မရမကရှာပြီး အဝေးက ကျွန်တော့်ကောင်မလေးဆီ ပြေးသွားနေမိတယ်။ သူ့နောက်မှာ အရွယ်ပိုကြီး တဲ့ မြွေဆိုးတစ်ကောင် ရောက်နေတာကို သူ မသိ ပေမယ့်လို့ ကျွန်တော်က လှမ်းမြင်နေရတယ်။ ကျွန်တော့်အော်သံဟာ တိုးသိမ်လွန်းတော့ သူလုံးဝ မကြားရဘူး။ သူ့အန္တရာယ်ကို သူမသိဘဲ ကျွန်တော့်ကို လှမ်းပြုံးပြတယ်။ ကျွန်တော်ဟာ အိပ်မက်ထဲမှာ ဖြစ်တည်မှုတွေ ယောက်ယက်ခတ်နေတယ်။

ဧည့်ခန်းထဲက ဆူညံနေတဲ့ တယ်လီဖုန်းမြည်သံကြောင့်သာမဟုတ်ရင် ကျွန်တော်ဟာ မြွေဆိုးဝင်္ကပါအိပ်မက်ထဲကနေ ထွက်လာ နိုင်မယ်မထင်တော့ဘူး။ အပြင်မှာ မိုးကြီးစင်စင်လင်းေ နပြီ။ တယ်လီဖုန်းမြည်သံက မနက်ခင်းကို စူးစူးဝါးဝါးတွန့်လိမ်ရွဲ့စောင်းသွားစေတယ်။ နေရောင်ခြည်ဟာ ကျွန်းဆက်တီခုံတွေပေါ်ကို အငမ်းမရတွားတက်လို့ နေရဲ့။ ရွှဲနစ်နေ တဲ့ ချွေးစေးတွေနဲ့ တယ်လီဖုန်းခွက်ဟာ ကျွန်တော့် လက်ထဲမှာ ချောကျိကျိနဲ့ ပါလာတယ်။ ဟဲလိုလို့ ကျွန်တော် အမောတကော ထူးလိုက်တယ်။  ရုတ်တရက် တစ်ဖက်က ဖုန်းပြောသူ ရဲ့ စကားသံဟာ ကျွန်တော့် နားထဲ ဗို့အားအရမ်းပြင်းပြင်းကြီး ဖြတ်စီးသွားသလို ထင်လိုက်ရတယ်။ ကျွန်တော့် လက်ထဲက ဖုန်းခွက်လွတ် ကျသွားတယ်။ ကျွန်တော့်ကောင်မလေးေ မ်ာလမြိုင်မှာ ပိုးထိလို့ ဆုံးသွားပြီဆိုတဲ့ ယောက္ခမလောင်းကြီးရဲ့ ငိုကြီးချက်မ ပြောသံဟာ ကျွန်တော့် နားထဲမှာ အငွေ့တလူလူ စွဲလောင်နေတယ်။ အဖြစ်အပျက်တွေက အိပ်မက်ဆန်စွာ လျင်မြန်လွန်းလှတယ်။

အဲဒီညကစတင်လို့ ကျွန်တော့်အိပ်စက်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ထူးဆန်းတဲ့ အိပ်မက်တွေရဲ့ လုယူခြင်းကို ခံလိုက်ရတော့တာပါပဲ။ ကျွန်တော့်ဖက်က ပြန်ရတာဆိုလို့ အိပ်မက်ထဲမှာ အန္တရာယ်အသွယ်သွယ်ကြားကနေ ကျွန်တော့်ကို လှမ်းပြုံးပြနေတဲ့ သူ့ကို မြင်တွေ့ခွင့်ရတဲ့ သေးငယ်လွန်းတဲ့ အခွင့်အရေးလေးတစ်ခု။        ။

လွန်းဆက်နိုးမြတ်
၂၉.၈.၁၂
ညနေ ၀၃း၃၀ နာရီ

Color of Life Magazine.2012.

လေထဲက ဘဝ

လေထဲက ဘဝ

ရှင်ဘုရင်တွေ အမဲလိုက်ထွက်သလို
စစ်သားတွေ စစ်တိုက်ထွက်သလို
ကနေ့ခေတ်ယောကျာ်းတွေ စွန်တိုက်ထွက်ကြတယ်။

စွန်တိုက်မထွက်ခင်မှာ အစစအရာရာပြင်ဆင်ရတယ်။
စစ်သားတစ်ယောက် သေနတ်ကို ခပ်ဆဆ “မ”ကြည့်တဲ့ ဟန်အတိုင်း
ကိုကြည်စိန်ဟာ စွန်ကို “မ”ကြည့်တယ်။
ညီညီအောင်ဟာ စွန်မှာ အလေးအပေါ့ညီအောင် ဆိုင်းကြိုးတပ်တယ်။
သေနတ်ပြောင်း  ဖြောင့်မဖြောင့် ရှင်းမရှင်းစစ်ဆေးပုံမျိုးနဲ့ ထွန်းထွန်းဦးက
လွှတ်မယ့်ကြိုးကို ပွတ်ကြည့်တယ်။ မှန်စာကြိုးအရသာ ခပ်ရှရှ ဖြစ်နေမှ ခိုက်တယ်။
ဆယ်တန်းကျောင်းသားမောင်မိုးက ကျည်ကပ်အပိုသယ်သလို
စွန်အပို ၁၅ ခုလောက် တစ်ပါတည်းသယ်ခဲ့တယ်။ ဒါပေမယ့်
ကွဲကွဲပြားပြားသိထားဖို့က စစ်တိုက်တာဟာ စွန်တိုက်တာမဟုတ်။
ပါးကွက်ကျားနဲ့ ဖိုးဝလေးဟာ အပ်ချည်လုံးကို ၀ါးခြမ်းပြားထိုးပြီး အမြီးရှည်တပ်စွန်လေးကို
အမြင့်ကြီးရောက်အောင်လွှတ်တတ်တာဖြင့် သိပ်မကြာသေးဘူးရယ်။

စွန်တိုက်ရတာထက် စွန်လိုက်ရတာက ပိုပျော်စရာကောင်းနေသေးရဲ့။
စွန်ပြတ်တာကို စွန်ပြတ်တာလို့ မခေါ်ဘဲ စွန်လန်တယ်လို့ ခေါ်တယ်။
လန်သွားတဲ့ စွန်နောက် ၀ရုန်းသုန်းကားပြေးလိုက်ရတာ မဟာစွန့်စားခန်းတစ်ခုပါပဲ။
စွန်လိုက်စည်းကမ်းမှာ လန်သွားတဲ့ စွန်ရဲ့ ကြိုးစဆွဲမိသူက စွန်ကို ရတယ်။
ဒါပေမယ့် ဒါကလည်း နိုင်ငံသားတိုင်းလိုက်နာစောင့်ထိန်းရမယ်လို့ အမိန့်ထုတ်ပြန်ရေးအဖွဲ့က
အမိန့်ထုတ်ပြန်ထားတာမရှိလေတော့ လစ်ရင်လစ်သလို ကြိုးစမိသူထက်
စွန်မိသူက စွန်ရဖို့ ပိုသေချာတယ်။
မိမိကိုယ်ပိုင်လက်တွေနဲ့ မပိုင်နိုင်တဲ့အခါ စွန်လိုက်သူတစ်စုမှာ
ဝါးလုံးရှည်တွေ သစ်ခက်တွေ ကိုင်ဆောင်လာကြတယ်။

တိုက်စွန်နှစ်ခုဖြတ်တဲ့အခါ အဓိကကျတာ စွန်လွှတ်သူတစ်ဦးချင်းရဲ့ ပညာလား။
အနိုင်ရ စွန်ရဲ့ လေကြောင်းလား။ သုံးတဲ့ မှန်စာကြိုးကွာခြားလို့လား။ ရစ်ကြိုးကသာလား။
လျှော့ကြိုးကသာလား။ အရေမရ အဖတ်မရလို့ပဲ ဆိုချင်ဆို၊ ဘယ်အချိန်ကာလကတည်းက
စတင်ခဲ့သလဲ။ ဘယ်အရပ်ဒေသက ဦးဘယ်သူ ဒေါ်ဘယ်ဝှာဆီကနေ
လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ခြင်းလဲ။
ကားအသွားအလာအရမ်းများတဲ့ မြို့တွင်းပလက်ဖောင်း ဓာတ်ကြိုးတွေအောက်မှာလား၊
ညီညာပြန့်ပြူးတဲ့ မြို့ပြတိုက်ခေါင်မိုးမြင့်တစ်နေရာမှာလား၊  မီးရထားမဖြတ်သန်းတဲ့
သံလမ်းပြတ်ပေါ်မှာလား၊ လယ်ကွင်းရိုးပြတ်တောထဲမှာလား၊လှည်းလမ်းကြောင်းမှာလား။
ဗမာ့လူ့အဖွဲ့အစည်းထဲက အမျိုးသမီးအများစုကတော့ သိပ်သဘောတွေ့မယ်မထင်ဘူး။
အမျိုးသမီးအများစုဆိုရာမှာ ကလေးသုံးယောက်အဖေ လက်သမားဆရာ
ကိုကြည်စိန်ရဲ့ အိမ်သူသက်ထားလည်း ပါ စီးပွားရေးအရ ကျောင်းမနေတော့တဲ့
အသက် ၁၁နှစ်အရွယ် ညီညီအောင်ရဲ့ အမေလည်းပါ ဂျီတီစီကျောင်းသားထွန်းထွန်းဦးရဲ့
သမီးရည်းစားကောင်မလေးလည်းပါ ဆယ်တန်းတက်နေတဲ့ မောင်မိုးရဲ့ အစ်မ
ဆရာဝန်လောင်းလျာလေးလည်းပါ ပါးကွက်ကျားနဲ့ ဖိုးဝလေးရဲ့ ပူတတ်ပန်တတ်တဲ့
ဘွားအေကြီးလည်းပါချေသပေါ့။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေးကို
ဦးတည်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။
ပြောချင်တာက ယာဉ်မှာလည်း ယာဉ်စည်းကမ်း လမ်းမှာလည်း လမ်းစည်းကမ်း။
စစ်မှာလည်း စစ်စည်းကမ်း၊ စွန်မှာလည်း စွန်စည်းကမ်းရှိတယ်။
ကလေးတွေနဲ့ စွန်လွှတ်ဝါသနာပါပြီး ကျွမ်းကျွမ်းကျင်ကျင်မလွှတ်တတ်တဲ့
အမျိုးသား၊ အမျိုးသမီးငယ်တချို့ဟာ အမြီးရှည်တပ်ထားတဲ့ စွန်တွေကို လွှတ်တယ်။
အမြီးရှည်တပ်စွန်ဆိုရင် မတိုက်ရဘူး။ အလှလွှတ်တဲ့ စွန်ဆိုရင် မတိုက်ရဘူး။
တိုက်စွန်ချင်းတိုက်ရင်တောင် ကြိုးရှည်ရှည်အမြင့်ပျံနေတဲ့ တိုက်စွန်ကို
ကြိုးတိုတိုတိုက်စွန်က အောက်ကနေ အကျင့်ယုတ်မတိုက်ရဘူး။
အမြင့်တူအကွာအဝေးတူဝေဟင်မှာ တိုက်တဲ့ စွန်ပွဲဟာ တရားမျှတကြည့်ကောင်းတဲ့ပွဲပါပဲ။
ဒါပေမယ့် ဒါကလည်း နိုင်ငံသားတိုင်းလိုက်နာစောင့်ထိန်းရမယ်လို့
အမိန့်ထုတ်ပြန်ရေးအဖွဲ့က အမိန့်ထုတ်ပြန်ထားတာမရှိလေတော့ ကြုံရင်ကြုံသလို
တိုက်စွန်အချင်းချင်းလမ်းတစ်ဝက်ကနေ ပိုင်းဖြတ်တိုက်ခံနေရတယ်။
လစ်ရင်လစ်သလို အမြီးရှည်တပ်စွန်တွေ ဖြတ်ခံနေရတယ်။
(ပါးကွက်ကျားနဲ့ ဖိုးဝလေးဟာ သူ့အမြီးရှည်စွန်လေးဖြတ်ခံလိုက်ရလို့ အော်ငိုနေရှာ)
တိုက်စွန်စစ်စစ်ဟာ အရောင်စုံတာကလွဲရင် ပုံသဏ္ဍာန်အစွန်းမရောက်ဘူး။
ဘာအကွန့်အညွှန့်မှ မရှိဘဲ ရိုးရှင်းတဲ့ ပုံသဏ္ဍာန်နဲ့ တိုက်စွန်တွေ တက်လာပြီ။

စွန်အလွှတ်ကောင်းလို့ ကုန်ခြောက်ရောင်းတဲ့ မိန်းမကို ဈေးသွားသွားပြန်
ကြိုပို့လုပ်ရာမှာ ကိုကြည်စိန်နောက်ကျနေမယ်။
သူတစ်ပါးအိမ်အတွက် အခကြေးငွေယူပြီးရေထမ်းပေးဖို့ အမေမှာတာကို ညီညီအောင်မေ့နေမယ်။
ချိန်းတဲ့နေရာ မရောက်လို့ ထွန်းထွန်းဦးကို ကောင်မလေးက ရွှေစိတ်တော်ကောက်မယ်။
အစ်မဖြစ်သူတဖွဖွပြောနေတဲ့ကြားက စာမကျက်ဘဲ မောင်မိုးစွန်ပဲလွှတ်နေမယ်။
စွန်တစ်ခု တဂျီဂျီပူဆာမိတဲ့ ပါးကွက်ကျားနဲ့ ဖိုးဝလေးခမျာ နားပူလို့ ဘွားအေ အရိုက်ခံထိမယ်။
ဒီအမှုကို လွန်ကျူးနေသမျှတော့ အခြား အခြားသော ယောကျာ်းသားများကို
အခြား အခြားသော အမျိုးသမီးတွေက သိပ်သဘောတွေ့မထင်။
အလားတူ စွန်အလိုက်ကောင်းလို့  ကလေးတွေ သံစူး ပုလင်းကွဲရှ
ဓာတ်လိုက် ကားတိုက် ရထားကြိတ်အမှုတွေလည်း မတိုးစေချင်။

လေထဲ တိုက်အိမ်ဆောက်တာထက်တော့ အပုံကြီးသာပါတယ်။
လေထဲမှာ ဝေဟင်စစ်ပွဲဆင်နွှဲရတဲ့အခါ ဆွန်ဇုစစ်ပညာကျမ်းကို ကြားတောင်
မကြားဖူးထားပေမယ့် မိမိကိုယ်ပိုင်သနင်္ဂဗျူဟာတွေ ခင်းကျင်း ဆင်နွှဲရတာပါပဲ။
ဒါပေမယ့် ပြောခဲ့ပြီးသလို စွန်တိုက်တာဟာ စစ်တိုက်တာမဟုတ်။
သက်ဦးဆံပိုင်ဘုရင်စနစ်ကပဲ ရှိခဲ့ရှိခဲ့။ ကိုလိုနီလက်အောက်ရောက်မှ သိခဲ့သိခဲ့၊
စစ်အစိုးရအာဏာရှင်လက်ဝါးကြီးအတွင်းမှာပဲ နေခဲ့နေခဲ့၊ ရိုးရာဓလေ့ဖြစ်ခြင်း
မဖြစ်ခြင်းကလည်း အရေးမကြီးဘူး။ အမျိုးသားအားကစားထဲ မပါဝင်တာလည်း
မထူးဘူး မဆန်းဘူး။ နိုင်ငံလူမှုစီးပွားတွေရဲ့ ဘက်စုံဖိစီးနှိပ်ကွပ်ခံနေရတဲ့ ဘ၀တွေဟာ
ဝါသနာအရင်းခံပြီး လေထုထဲ မိမိကိုယ်တိုင်ပျံသန်းတိုက်ပွဲဝင်နေဘိသကဲ့သို့
စိတ်ကူးနဲ့ဖဲရိုက်ရတာလောက် ပေါ့ပါးပျော်ရွှင်ကျေနပ်စရာကောင်းလှတာ
ဘယ်မှာရနိုင်ပါတော့မလဲကွယ်ရို့။        ။

လွန်းဆက်နိုးမြတ်
၇.၁၂.၁၂
နေ့လည် ၀၁း၅၈ နာရီ