စစ်အေးကာလရဲ့ စနက်တံကဗျာတစ်ပုဒ်

စစ်အေးကာလရဲ့ စနက်တံကဗျာတစ်ပုဒ်

Land of  the unwashed, goodbye!
Land of the masters, land of knaves!
You, in neat blue uniforms!
You, who live like cringing slaves!
In my exile I may find
Peace beneath Caucasian skies,-
Far from slanderers and tsars,
Far from ever-spying eyes.
Mikhail Lermontov

ဒီဆေးကြောမှုမဲ့ခြင်း၏မြေကြီး၊ သင့်အား နှုတ်ဆက်ပါ၏
ဒီဆရာသခင်များ၏မြေ၊
သင်၊ သပ်ရပ်ပြာလွင် ယူနီဖောင်းများအတွင်း
သင်၊ ငိုကြွေး ကျွန်သနုပ်များကဲ့သို့ နေထိုင်ရှင်သန်သောသူ
ငါတွေ့နိုင်လေရဲ့ ငါ၏ နယ်နှင်မှုနယ်မြေထဲ
ကော်ကေးရှန်းမိုးကောင်းကင်များ အောက်၌ရှိသော ငြိမ်းချမ်းခြင်း
သွားပုပ်လေလွင့် ပြောသူများနှင့် အုပ်ချုပ်သူများဆီမှဝေးရာ
မျက်စိ ဒေါက်ထောက်သူလျှိုမျက်လုံးများဆီမှဝေးရာ

မီခေးလာမွန်တော့(ဗ)

ဒီကဗျာလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်က ရေးထားတာပါ။ ရေးသူကတော့ လာမွန်တော့(ဗ) ဆိုတဲ့ ရုရှကဗျာဆရာတစ်ယောက်ပါ။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကြောင့် ပြီးခဲ့တဲ့ရာစုက အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ရုရှကို စစ်အေးတိုက်ပွဲ စတင်အောင် မီးမွှေးပေးခဲ့တဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ စနက်တံတစ်ချောင်း ဆိုရင်တော့ အဲဒီစနက်တံကို မီးရှို့ခဲ့သူဟာ နီကိုးလပ်(စ)ဒါနီလုပ် (Nicholas Daniloff)ဆိုသူပဲဖြစ်တယ်။ ဖြစ်ပုံကဒီလိုပါ။ စစ်အေးကာလမစခင်မှာ ဆိုဗီယက်ပြည်ထောင်စုက အမေရိကန်နိုင်ငံသား ရုရှနွယ်ဖွား နီကိုးလပ်(စ)ကို သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ အငြင်းပွားစရာများနဲ့ အဲဒီသူလျှိုမှုဟာ နိုင်ငံနှစ်နိုင်ငံ အပြန်အလှန်ညှိနှိုင်းပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ကောင်းမွန်တယ်လို့ မဆိုသာတဲ့ သူတို့ဆက်ဆံရေးဟာ အက်ကြောင်းထင်ခဲ့ပြီး နီကိုးလပ်(စ)ဟာ လွတ်လျှင်လွတ်ချင်း ဒီကဗျာနဲ့ သူ့ကိုဖမ်းခဲ့တဲ့ ရုရှတွေကို မီဒီယာတွေကတဆင့် ဒီကဗျာနဲ့ဖွခဲ့တယ်။ တစ်လလုံးနီးပါး သတင်းစာတွေမှာ ဒီကဗျာနဲ့ နီကိုးလ(စ)ရဲ့ ဖွင့်ဟမှုတွေအဆုံး ဒီအင်အားကြီးနိုင်ငံဟာ သူလျှိုတွေကို အပြန်အလှန် ဖမ်းဆီးကြပါတယ်။ ဒါကြောင့် ကဗျာနဲ့နိုင်ငံရေး (Poetry and Politics)ဆောင်းပါးရေးသူ ရော်ဂျာရိုဆင်ဘလတ် (Roger Rosenblatt) ကတော့ ကမ္ဘာရဲ့ အင်အားကြီး တိုက်တန် နိုင်ငံကြီးနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဖြစ်သွားအောင် ဖွင့်ပေးလိုက်တဲ့ကဗျာ (that brought the world’s two titans into open confrontation)လို့ ရေးခဲ့ပါတယ်။ ဒီကဗျာထဲမှာ “tsars” ဆိုတဲ့စကားလုံးဟာ ရုရှအုပ်ချုပ်သူအစိုးရကို ခေါ်ဝေါ်တဲ့ စကားလုံးဖြစ်တယ်။

ကဗျာဆရာတွေဟာ ကဗျာရေးတဲ့အခါ သူတို့ရဲ့ ပင်မအကြောင်းအရာ (Subject Matter)အနေနဲ့ နိုင်ငံရေးက ကင်းကွာဖို့ တသီးတသန့် အားမစိုက်ကြပါဘူး။ နိုင်ငံရေးလုံးလုံးမရေးတဲ့ ကဗျာဆရာဆိုရင်လည်း တစ်ကြိမ်မဟုတ် တစ်ကြိမ် သွားငြိတာပါပဲ။ ဟိုးမား (Homer)၊ ဒန်တီ (Dante)၊ ရှိတ်စပီးယား (Shakespeare)၊ မီလတန် (Milton) တို့အားလုံးဟာ နည်းလမ်းတွေသုံးပြီး သူတို့လက်ထက်က ဘုရင်တွေနဲ့ အုပ်ချုပ်သူ အစိုးရတွေကို ဆန့်ကျင်ခဲ့ကြတယ် လို့ဆိုတယ်။ ဆရာကြီးယိ(ထ) (Yeats)ဟာ နိုင်ငံရေးမဆန်တဲ့သူ နက်ကတိုင် တွေထဲက နိုင်ငံရေးဆန်တဲ့ အကြောင်းတွေ ထွက်လာတယ်လို့ တောင်ထင်ရတယ်။ ရောဘတ်လိုဝဲလ် (Robert Lowell)လည်းပဲ ဒီလိုပါပဲ။ ရှေးမော့ဟေနီလည်း ထိုနည်းတူပါ။ ဒက်ဗလျူ၊အိပ်ခ်ျ၊အော်ဒင် (W.H. Auden) ရဲ့ ၁၉၃၉ စက်တင်ဘာ (၁) (September 1, 1939) ကို ကြည့်ရင် ကဗျာတစ်ပုဒ်ရဲ့ လှပတဲ့ အစဉ်မကျမှုတွေနဲ့ ဥရောပတိုက် စစ်အရိပ်ခံခဲ့ရပုံကို ဖော်ပြတယ်။ ဘာတော့ဘရက် (Bertolt Brecht)ရဲ့ မျိုးဆက်သစ်သို့ (To Posterity)ဟာ နာဇီလက်အောက်က ဂျာမနီအကြောင်းကို ခေါင်းလောင်းတီး လိုက်သလို ရှင်းလင်းတယ်။ ပီသစွာကြားရတယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။

Ah, what an age it is
When to speak of trees is almost a crime
For it is a kind of silence against injustic.
Bertolt Brecht (Excerpt From To Posterity)

အ၊ ဘယ်လိုခေတ်ကြီးလဲ ဒီဟာ
သစ်ပင်တွေနဲ့ စကားပြောရင်လည်း ဒါဟာ ပြစ်မှုကြီးတစ်ခုနီးပါး ဖြစ်ပေါ့
မတရားမှုကို တွန်းလှန်ဖို့အတွက် ဒါဟာ တိတ်ဆိတ်နေခြင်းတစ်မျိုးသာလျှင် ရှိကုန်၏
ဘာတော့ဘရက် (မျိုးဆက်သစ်သို့မှ ကောက်နှုတ်ချက်)

နိုင်ငံရေးသမားတွေကလည်း ကဗျာဆရာတွေကို အားပေးတယ်။ ကဗျာတွေကို ကိုးကားတယ်။ တချို့ဆို ကဗျာဆရာလည်း ဖြစ်ဖူးကြတယ်။ ဥပမာ- အဋ္ဌမမြောက်ဟင်နရီဟာ ကဗျာရေးဖို့ ဆန္ဒအမြဲရှိနေခဲ့တယ်။ စိနတိုင်း ဥက္ကဋ္ဌကြီး “မော်” (Chairman Mao)ဟာ ကဗျာအရာမှာ ပရိတ်သတ် အခိုင်အမာ ရှိသူဖြစ်တယ်လို့ သမိုင်းမှာ ဖော်ပြတယ်။ ဆီနီဂေါ သမ္မတဟောင်းဖြစ်တဲ့ လီယိုပို(ထ)ဆန်ဟော (Le’opoid Senghor)ဟာ ကဗျာဆရာတစ်ယောက်ပါ။ ဘရာဇီးသမ္မတ ဂျိုဆေဆာနေး (Jose Sarney) ဟာလည်း ကဗျာဆရာ စစ်စစ်ဖြစ်ပါသတဲ့။ အကယ်၍များ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေဟာ ကဗျာဆရာ မဖြစ်နိုင်တော့တဲ့အခါမှာ ကဗျာဆရာတွေနဲ့ ပူးပေါင်းမိတ်ဖွဲ့လေ့ရှိတယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။ ဥပမာ ဂျွန်ကနေဒီဟာ ရောဘတ်ဖရော့(စ)ရဲ့ ကဗျာတွေကို နှစ်သက်သူဖြစ်ပြီး သမ္မတကျမ်းကျိန်ပွဲမှာ ဆရာကြီးကို ပင့်ဖိတ်ပြီး ကဗျာရွတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဆရာကြီးဟာ အဲဒီပွဲမှာ လေတဖြတ်ဖြတ် တိုက်ပြီး နေထိုးနေလို့ သူရေးလာတဲ့ကဗျာကို ဖတ်လို့မရခဲ့ပေမယ့် သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ပေးခဲ့တယ်။ ဒါက မှော်ဆန်တဲ့ အလုပ်အကျွေးပြုမှုဖြစ်ပြီး နတ်ဒေဝတာများရဲ့ ကောင်းချီးပေးပုံမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်လို့ ရစ်ချတ်က ဆိုပါတယ်။

ကဗျာ (Poetry)နဲ့ နိုင်ငံရေး (Politic)နှစ်ခုကြားက ဆက်နွယ်မှုထဲ ပဋိပက္ခဆိုတာ ဘာလဲ။ အပေါ်ယံအနေနဲ့ ကြည့်ရင်တော့ အဲဒီအရာနှစ်ခုရဲ့ ဖွင့်ဟဖော်ပြမှုသဏ္ဍာန် (Forms of expression)အရ လုံးလုံးဆန့်ကျင်နေခြင်း (Antipodal)အရာကတော့ အသံနှင့်သဏ္ဍာန် (tone and structure)သာ မဟုတ်ဘဲ သူတို့ဆက်သွယ်မှု (ဝါ) စည်းရုံးမှု သဘောသဘာဝအတွင်း (in the picture of mind)ကိုက ကွဲပြားခြားနားပါတယ်။ ကဗျာဆရာက ကွေ့ဝိုက်တင်ပြတယ်၊ ရှင်းလင်းမှုမရှိ၊ မှုန်တိမှုန်ဝါးအနေအထားကိုမှကြိုက်တဲ့ သတ္တဝါမျိုး (Vague and Hazy animal)ဖြစ်တယ်။ နိုင်ငံရေးသမား ကတော့ ကြောင်တစ်ကောင်လို အနာဂတ်ကို တွက်ဆ အာရုံခံနေတဲ့သူ။ တစ်ယောက်က မြန်မြန်အလောတကြီး စားသုံးတုံ့ပြန်တတ်သူ။ မြန်မြန်ထက်ထက် အကောင်အထည်ဖော်ချင်သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ လေထဲ အိမ်ဆောက်ချင်တဲ့ အမျိုးအစား။ ဒါနီလုပ် ကိစ္စအပြီးမှာတော့ ကဗျာဆရာနဲ့ နိုင်ငံရေးသမားတွေဟာ အခြေခံအုတ်မြစ် တစ်ခုပေါ်မှာ နေထိုင်နေတဲ့အကြောင်း သူတို့ကိုယ်သူတို့ သိလာခဲ့တယ်။ သူတို့အမြင် ရှုထောင့်တွေပေါ်မှာရှိတဲ့ မြန်ဆန်တဲ့ စိတ်လှုပ်ရှားမှုအင်အားဟာ ဒီလူအမျိုးအစားနှစ်ရပ်လုံးမှာ ရှိကြောင်း သိလာခဲ့တယ်။ တစ်စုံတစ်ခုကို အရူးအမူး တုံ့ပြန်လှုပ်ရှားတတ်တဲ့ သဘာဝနှစ်မျိုးစလုံးမှာ တွေ့ရတယ်။ သူတို့ရဲ့ ခံယူချက်တွေကို အရူးအမူးဆုပ်ကိုင်တတ်တဲ့ အားလို့ဆိုရတယ်။ ဆောင်းပါးရှင် ရော်ဂျာရိုဆင်ဘလတ်ကတော့ “the frantic force of their opinions” လို့ သုံးထားတယ်။ ကဗျာနဲ့နိုင်ငံရေးမှာတော့ နောက်ထပ်တူညီတဲ့ လမ်းစဉ်တွေ ရှိသေးတယ်လို့ ဆောင်းပါးရှင်က ထပ်ပြီး သက်သေပြပြန်တယ်။ ကောင်းမွန်ပြီး သိက္ခာရှိတဲ့ ကဗျာနဲ့နိုင်ငံရေးတွေမှာ ပေါ်ထွက်လာတတ်တဲ့ စရိုက်တစ်ခုကတော့ သူတို့ရဲ့ ဗဟိုချက်မမှာ မြင့်မားတဲ့ လှုတ်ခတ်မှုတွေ(ဝါ) အာရုံလှုပ်ခတ်မှု (Sub-limely Irrational) တစ်ခု အသေအချာ ရှိနေတယ် ဆိုတာပါပဲ။ အဲဒီလှုံ့ဆော်မှုဟာ ခင်ဗျားရဲ့ တည်ငြိမ်တဲ့ အနေအထားနဲ့ သဘာဝကျမှုတွေကို အရူးအမူးဖြစ်စိတ် (zealot)ကနေပြီး မွှေနှောက်ကာ ရရှိလာတယ်လို့ ဆိုတယ်။ အဲဒီအရူးအမူးစိတ်များ(zealots) တွေဟာ ဘယ်လိုဟာတွေလဲ။ သူတို့ကိုယ်သူတို့ အောင်မြင်မှုကို ချဉ်ခြင်းတပ်နေလေ့ရှိတယ်။ တစ်စုံတစ်ခုကို အောင်မြင်ချင်တဲ့ စိတ်ပေါ်လာအောင် “zealot” အစွန်းရောက်မှုတွေက တဆင့် လိင်ကိစ္စတွေ အထွပ်ထိပ်ကိုရောက်ဖို့ တွန်းအားပေးတဲ့ ပုံမျိုးနဲ့ ခပ်ဆင်ဆင်တူတယ်။ သူတို့ဟာ အောင်မြင်မှု အထွပ်အထိပ်ကိုရောက်ဖို့ အာသာငမ်းငမ်းဖြစ်နေကြတယ်လို့ ဘေးလူတွေက မြင်ကြတယ်။ တစ်ချိန်ထဲမှာပဲ သူတို့နှစ်မျိုးစလုံးဟာ နေ့စဉ် စဉ်ဆက်မပြတ်တဲ့ နေမှုဘဝကိုသာ အာရုံစိုက်ကြတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အနေအထားဖြစ်ပါစေ၊ ဒါဟာ ဒုက္ခတဒင်္ဂလေးများသာ ဖြစ်ပြီး ကျွန်တော်တို့ လူသားတွေအတွက် လိုအပ်တဲ့ မပြည့်စုံမှုတစ်ခုပါလားလို့ မှတ်ယူတတ်ကြတယ်။ နိုင်ငံရေးအနုပညာ ဆိုတာဘာလဲ။ “Art of Politics” ဆိုတာဟာ ကခုန်ခြင်းတစ်မျိုးပဲ။ နိုင်ငံရေးသမားတွေ ကခုန်လေ့ရှိတဲ့ အဲဒီ အနုပညာ ဆိုတာ ကိစ္စတိုင်းကို ကမ္ဘာကြီးပျက်စီးလုပြီဆိုတဲ့ သရုပ်ဆောင်မှုနံရံနဲ့ မနက်ဖြန်ဆိုတာ လတ်ဆတ်တဲ့ ရက်စက်မှုတစ်ဒါဇင် လောက်ကို သယ်လာတဲ့ အတွေးရနံ့နှစ်ခုကြားမှာ ကခုန်ခြင်းအနုပညာမျိုးပဲ။ ကဗျာတွေဆိုတာကလည်း ဒီလိုပဲ၊ တူညီတဲ့ မပြည့်စုံမှု (incompleteness) ကို ဖော်ပြကြတယ်။ ကဗျာဆိုတာ ခရီးရှည်တစ်ခုပါပဲလို့ ဆောင်းပါးရှင်က ဆိုပြန်တယ်။ ကဗျာနဲ့ စကားပြေဆိုတာ ဦးတည်မှုခြင်း မတူပါဘူး။ ကဗျာဟာ စကားပြေနဲ့ ကွဲပြားစွာပဲ ရည်ရွယ်ချက်နေရာနဲ့ ရောက်ရှိတဲ့နေရာကို စကားပြေလို သိပ်ဂရုစိုက်လေ့မရှိဘူး။

ဒါက ကဗျာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ ကဗျာဟာ အဲဒီခရီးရှည်ကို အရေးပါမှု နှစ်ခုနဲ့ တည်ဆောက်တယ်။ အဲဒါကတော့ အိုင်ဒီယာနဲ့ ပုံရိပ် (Idea and Image)ပါပဲ။ ကဗျာဆရာဟာ ဖတ်သူကို အဲဒီနှစ်မျိုးနဲ့ ဖမ်းစားပြီး ဖြစ်စဉ် (Process)ဆီကို ပို့တယ်။ ပြီးတော့ ကဗျာဆရာဟာ ဖတ်သူကို တစ်ဝက်တစ်ပျက်မှာ ရပ်ထားတာဟာ အဆုံးထိသွားပြီး ဖတ်တာထက် ပိုကောင်းကြောင်းကို ပြတဲ့နည်းနဲ့ ပွဲသိမ်းပစ်တယ်။ ဒီတော့ ကဗျာရဲ့ တစ်ဝက်တစ်ပျက်တင် အဆုံးသတ် ဖြစ်သွားစေတယ်။ ကဗျာဆရာဟာ ကိုယ်ပိုင်စိတ်ကူးကမ္ဘာ (own state of mind)ကို ဖတ်သူအား တည်ဆောက်စေတယ်။ ပေါ(လ)ဗယ်လာရီ (Paul Vale’ry)ကတော့ ကဗျာဆိုတာ စကားလုံးတွေနဲ့ ကဗျာစိတ်ကူးဝိဥာဉ် စိတ်ကူးတစ်ခုကို ထုတ်လုပ်တဲ့ စက်ကိရိယာတစ်မျိုး (kind of machine for producing the poetic state of mind by means of words)လို့ ဆိုခဲ့တယ်။ နိုင်ငံရေးသမားတွေကလည်း ဒီလိုပါပဲ။ နိုင်ငံရေးဆိုတာ စကားလုံးတွေနဲ့ နိုင်ငံရေးစိတ်ကူးတစ်ခုကို ထုတ်လုပ်တဲ့ ကိရိယာစက်ပစ္စည်း တစ်မျိုးပဲ။ အဲဒီနှစ်ခုစလုံးမှာ ဘုံအနေနဲ့ ရှိနေတာကတော့ သူတို့ရဲ့ အစစ်အမှန်ကမ္ဘာမြေပေါ်က ပရိတ်သတ်တွေကို သူတို့ရဲ့ စိတ်ကူးတွေကို ချပြစည်းရုံး တာပါပဲ။ ဒါကြောင့် နှစ်ခုစလုံးဟာ စိတ်ကူးဆန်တဲ့ လူစားမျိုးတွေ။ သူတို့ တည်ဆောက်ပြတာတွေက အပြင်မှာ မရှိတဲ့အရာ။ အမှန်တကယ်ရှိတဲ့ အရာတွေမဟုတ်ဘူး။ ကဗျာဆိုတာဟာ စစ်ပွဲတွေကို ဆန့်ကျင်နိုင်တယ်။ ဒါမှမဟုတ် အောင်ပွဲခံမှုပွဲတွေကို လုပ်နိုင်တယ်။ ဒါပေမယ့် စစ်ကိုဖြစ်စေတဲ့ အကြောင်းအရာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကဗျာရဲ့ စကားလုံးအားဟာ နိုင်ငံရေးဘာသာစကားကို အဓွန့်ရှည်အောင် လုပ်ပေးနိုင်တဲ့ စွမ်းအားရှိတာတော့ အမှန်ပါပဲ။ ဒါကြောင့် သမ္မတ ကနေဒီက အာဏာ ဆိုတာက လူသားတွေရဲ့ အရေးကြီးကိစ္စတွေကို ချုံ့ပစ်လိုက်တဲ့ အခါမှာ ကဗျာက သူ့ရဲ့ ဖြစ်တည်မှုကို ပိုပြီး ကြွယ်ဝစေတယ်။ ပိုပြီး ကွဲပြားစေတယ်။ အာဏာက ခြစားမှုတွေ ရှိလာပေမယ့် ကဗျာကတော့ သန့်စင်လျှက်ပါပဲ လို့ ဆိုခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရုရှကဗျာဆရာ လာမွန်တော့(ဗ) ကွယ်လွန်သွားတာ ၁၄၅ နှစ် ရှိခဲ့ပြီ။ ကဗျာဟာ စစ်ပွဲတွေကို မဖန်တီးနိုင်ပေမယ့် တစ်ခါတရံမှာ လူတွေဟာ လှုံ့ဆော်မှု စကားလုံးကို စောင့်ဆိုင်းနေတတ်တယ်။ အဲဒါရပြီ ဆိုရင်တော့ ပေါက်ကွဲကြတော့တာပါ။ စစ်အေးကာလရဲ့ စနက်တံဟာ ကဗျာတစ်ပုဒ်ကြောင့် လောင်ကျွမ်းခဲ့တယ်ဆိုရင် ခင်ဗျားမအံ့သြပါနဲ့။ စကားလုံးတွေမှာ ပါဝါဆိုတာရှိပြီး လူတွေဟာ တစ်ခါတရံ တစ်ခုခု အစပျိုးဖို့ စကားလုံးတွေကို စောင့်နေတတ်ကြတယ် မဟုတ်လား။

ဇော်ဇော်ထွန်း

Ref: Poetry and Politics by Roger Rosenblatt
100 Essays of Time
ရော်ဂျာရိုဆင်ဘတ်ရဲ့ ကဗျာနဲ့နိုင်ငံရေးမှ

Advertisements