အကြမ်းဘယ်လို ဘာကြောင့်ဖက်

အကြမ်းဘယ်လို ဘာကြောင့်ဖက်

ယာဇ်ပူဇော်လိုခြင်း၊  သားမယားလုယူလိုခြင်း၊ အသားငါးလုယူလိုခြင်း၊
ဗိုလ်ကျစိုးမိုးလိုခြင်း၊ မီးကိုပိုင်ဆိုင်လိုခြင်း၊ အိမ်ယာပိုင်ဆိုင်လိုခြင်း၊
နယ်မြေပိုင်ဆိုင်လိုခြင်း၊ လက်နက်ပိုင်ဆိုင်လိုခြင်း၊ လက်ဝတ်ရတနာပိုင်ဆိုင်လိုခြင်း စသဖြင့်။
စိတ်ဝေဒနာရှင်တစ်ယောက်ကို အမှန်ကန်ဆုံးချဉ်းကပ်ကုသနိုင်ဖို့
ဝေဒနာရှင်ရဲ့ အတိတ်ဖြစ်ရပ်( Past Experience )ဟာ အရေးကြီးသလို
အုပ်စုဖွဲ့အကြမ်းဖက်လိုစိတ်ဟာ ကမ္ဘာဦးအတိတ်ကာလကတည်းက
လူသားဗီဇမှာ ရှိနှင့်ပြီးသားပဲ။

၁၅.၄.၁၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊
ဘော်စတွန်မြို့၌ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးနှစ်လုံးဆင့်ကဲပေါက်ကွဲ
လူ ၃ ဦးသေဆုံး ၁၈၀ ကျော် ထိခိုက်ဒဏ်ရာရ။
(Breaking News)

အနီးစပ်ဆုံးသတင်းအပိုင်းအစတွေ လှန်လှောကြည့်လိုက်ရုံနဲ့
အကြမ်းဖက်ဖြစ်ရပ်တွေဟာ သမ္မတအိမ်ဖြူတော်ကနေ မာရသွန်ပြေးလမ်းပေါ်အထိ
နေ့စဉ်ဘ၀ရဲ့ အမှောင်ယဉ်ကျေးမှုသဖွယ်
အလိုမတူဘဲ ကျွမ်းဝင်နေရပြီ။
လူသားမျိုးနွယ်ဆင့်ကဲဖြစ်စဉ်နဲ့အတူ တိရိစ္ဆာန်ကဲ့သို့
အကြမ်းဖက်လိုစိတ်ဟာလည်း ဆင့်ကဲတိုးတက်လာ။
ခေတ်မှီစစ်လက်နက်ပစ္စည်း အပြိုင်အဆိုင် တီထွင် ထုတ်လုပ်
တပ်ဆင်မှုနှုန်းဟာ လျော့ကျမသွား။

၁၈.၄.၁၃ ရက်နေ့ ဘော်စတွန်ဗုံးခွဲသူအဖြစ်
သံသယအရှိဆုံးလူ(ညီအစ်ကို)နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
အသက်(၂၆)နှစ်အရွယ် သံသယရှိသူ(အစ်ကို)သေဆုံး
လွတ်မြောက်သွားသူ(ညီ)နောက်တစ်ဦးအား ဘော်စတွန်တစ်မြို့လုံး နေရာလပ်မကျန်အောင်
ရဲတပ်ဖွဲ့ဝင်များ ပိုက်စိပ်တိုက်ရှာဖွေနေလျက်ရှိ။
(Breaking News)

လူမျိုးရေးမုန်းတီးမှု အခြေခံသင်ရိုးညွှန်းတမ်းတွေ
မဆီမဆိုင်ကျောင်းစာအုပ်ထဲက ထုတ်ကျက်နေရတဲ့
ယနေ့ သနားစရာကျောင်းသားလူငယ်လေးတွေရဲ့
မွှေးတပျံ့ပျံ့”နံ့သာဆီ”အဖြစ်ဟာ
နောင်ဝယ် ကြောက်စရာအကြမ်းဖက်သမား
ချောက်ချားပုပ်ဟောင် “မစင်ပုံ”တွေများလား။
အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းစဉ်တစ်ရပ်လုံးကို
မြင့်မားတဲ့ နည်းပညာနဲ့ ညွှန်ကြားနေသူ
ဘယ်သူဘယ်ဝါမှန်း တိုက်ရိုက်မသိရ။
တစ်ဖက်သားအပေါ် နိုင်လိုမင်းထက် တရားလက်လွတ်
ပြုကျင့်ဆက်ဆံလိုက်ခြင်းအားဖြင့်
မိမိရဲ့ မနောဓာတ်ရွှေဘ၀င်ပုဒုမ္မာကြာချပ်ကို
လေအဟုန်လာဟပ်မယ့်ပီတိစိတ်။

၁၉.၄.၁၃ ရက်နေ့  အသက် ၁၉ နှစ်အရွယ် လွတ်မြောက်သံသယရှိသူကို
အသက်ရှင်လျက် ဖမ်းဆီးရမိဟု အက်ဖ်ဘီအိုင်မှ
ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်
ဥာဏ်ပညာထက်မြက်ပြီး အားကစားနှင့်ကျောင်းစာထူးချွန်သော
သံသယရှိသူများကို မိသားစုနှင့် သူငယ်ချင်းများ အံ့သြတုန်လှုပ်
အကြာင်းရင်းရှာမရဖြစ်။
(Breaking News)

အတိုင်းတိုင်းအပြည်ပြည်က အကြမ်းဖက်မှုရင်းမြစ်တွေဟာ
အရှေ့အလယ်ပိုင်းရေနံဈေးကွက်ကို သူ့ထက်ငါ အပြိုင်အဆိုင်
လက်ဝါးကြီးအုပ်လိုမှုကြောင့်လား
တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့လို ကမ္ဘာ့ထိပ်သီးနိုင်ငံအချင်းချင်း
အာဏာပါဝါချဲ့ထွင်လိုမှုကြောင့်လား။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နဲ့ အီရတ်နယ်မြေတွေပေါ်
အလိုမတူဘဲ သွားရောက်တပ်စွဲထားခဲ့မိလို့လား။
ရ၀မ်ဒါတစ်နိုင်ငံတည်းသားချင်းတူတာတောင် ဟူတူနဲ့ တွတ်ဆီလူမျိုးကွဲပြားနေလို့လား။
ကိုးကွယ်သည့်မွတ်စလင်ဘာသာချင်းတူတာတောင် ရှီယိုက်မွတ်စလင်နဲ့ ဆွန်နီမွတ်စလင်ခြားနားလို့လား။
အစ္စရေးနဲ့ ပါလက်စတိုင်း၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ကမ္ဘာမကြေတဲ့ နယ်မြေအချင်းများမှုတွေကြောင့်လား။
နျူကလီးယားဗုံးတစ်လုံးလောက် ဖင်ခုထိုင်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် ဖင်ခေါင်းကျယ်ချင်တဲ့
မြောက်ကိုရီးယားနဲ့ အီရန်တို့ရဲ့ အရူးထမှုကြောင့်လား။
မက္ကဆီကို မူးယစ်ရာဇာအချင်းချင်း စားခွက်လုဗိုလ်ကျ ဂိုဏ်းစတားဖြစ်လိုမှုတွေကြောင့်လား။
အစ္စလမ်မစ်ဂျီဟဒ်ဝါဒီအကြမ်းဖက်သမားတွေရဲ့
အလ္လာသခင်ရှေ့တော်မှောက် အလျင်အမြန်ရောက်ရှိချင်စိတ်ကြောင့်လား။
အဓိကရုဏ်းဖြစ်စဉ်ကို လူမျိုးရေးဘက်လိုက်မှုသဘောဆောင်ပြီး သွေးအေးအေးနဲ့
လက်ပိုက်ကြည့်နေမိတဲ့ ခပ်ညံ့ညံ့အာဏာပိုင်လုံခြုံရေးတွေကြောင့်လား။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကျင့်သုံးတဲ့ အငြင်းပွားဖွယ်ရာ
လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကြောင့်လား။
အာဏာရအစိုးရအသီးသီးက ဆန္ဒပြပြည်သူနဲ့
ကျောင်းသားလယ်သမားအလုပ်သမားသံဃာတော်ထုမကျန်အောင်
လက်နက်သုံးဖြိုခွင်းမှုတွေကြောင့်လား။

ဘော်စတွန်ဗုံးခွဲမှုတွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သော ဗုံးများမှာ
ပရက်ရှာကွတ်ကာဖြင့်ပြုလုပ်သည့်ဗုံးများဖြစ်ဟု စုံစမ်းစစ်ဆေးသူတစ်ဦးမှ
ထုတ်ဖော်ပြောကြား။
(Breaking News)

ကွန်ပျူတာကို ကောက်ဖွင့်လိုက်ပြီး
အင်တာနက်မှာ အဆင့်မြင့်နည်းပညာသုံး ခြေရာခံလိုက်တဲ့အခါ
အလွယ်ကူဆုံးနဲ့ စရိတ်စကအသက်သာဆုံး
ဖောက်ခွဲရေးပစ္စည်းပြုလုပ်ပုံအဆင့်ဆင့်
မိမိကိုယ်တိုင်ကိုယ်ကျ အသေခံစမ်းသပ်ပြုလုပ်နိုင်ပါပြီ။
မိမိကိုယ်တိုင်ကိုယ်ကျ မိမိရဲ့ဆန်ကုန်မြေလေးဘ၀ကို
အဆုံးသတ်ပစ်လိုက်နိုင်ပါပြီ။
ဤကဲ့သို့ ကားဗုံးဖေါက်ခွဲမှုဘယ်နှစ်ကြိမ်၊ ဤကဲ့သို့ အသေခံဗုံးဖေါက်ခွဲမှုဘယ်နှစ်ကြိမ်။
ဤကဲ့သို့ ရေနံဓာတ်ငွေ့ပိုက်လမ်းဖောက်ခွဲမှု ဘယ်နှစ်ကြိမ်၊
ဤကဲ့သို့ လေယာဉ်ပျံပေါ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဘယ်နှစ်ကြိမ်။
ဤကဲ့သို့ အရပ်သားတစ်ယောက် ဆိုက်ကိုဖောက်ပြီး အဓိပ္ပါယ်မရှိတွေ့ကရာပစ်ခတ်မှုမှာ
စာသင်ခန်းထဲက အပြစ်မဲ့ကျောင်းသားလူငယ်ဘယ်နှစ်ယောက်။
ဤကဲ့သို့ စစ်သားတစ်ယောက် ဆိုက်ကိုဖောက်ပြီး စစ်စခန်းချရာအနီးပစ်ခတ်မှုမှာ
ဒေသခံ အပြစ်မဲ့ပြည်သူပြည်သားဘယ်နှစ်ယောက်။
ဤကဲ့သို့ အသားအရောင်မတူလို့ လူမျိုးမတူလို့ ဘာသာမတူလို့ လက်စတုံးခံလိုက်ရသူဘယ်နှစ်ယောက်။
ဤကဲ့သို့ ဘုရားသခင်ရှေ့တော်မှောက် အာဇာနည်တစ်ယောက်လို ရောက်ရှိမယ်အထင်နဲ့
ဘုရားသခင်မကြိုက်တဲ့ အကြမ်းဖက်အသေခံသူ အစွန်းရောက်ဘယ်နှစ်ယောက်။
ဤကဲ့သို့ လူသားမျိုးနွယ်အညွှန့်တုံးဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားပြီး
ဇာတ်တူသားချင်းစားခံလိုက်ရတဲ့ ကျွတ်ကျွတ်အိပ်ထဲက
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘယ်နှစ်ယောက်။            ။

လွန်းဆက်နိုးမြတ်
၂၆.၄.၁၃
နေ့လည် ၀၃း၂၅ နာရီ