အလီရွှေ့ကွက် = Ali Shuffel

အလီရွှေ့ကွက် = Ali Shuffel

ဆိုကြပါစို့။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိမ်း(စ)ဂျေကော်ဘတ်လို
အလီဟာ လက်ဝှေ့ပညာအရာ ပါရမီမရှိခဲ့ဘူးပဲထားဦး။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ရော့ကီးမာရှီယားနိုးလောက်
ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့အသတ်မှာ မထွန်းပေါက်ခဲ့ဘူးပဲထားဦး။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုးလူဝီကဲ့သို့
လက်ဝှေ့ပညာနဲ့ အကြမ်းအရမ်းအသတ်ပညာ မပေါင်းစပ်နိုင်ခဲ့ဘူးပဲထားဦး။
အမေရိကန်ရဲ့ မတရားသော ဗီယက်နမ်စစ်မြေပြင်ပေါ်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့အသိမ်းခံပြီး စစ်မှုထမ်းဖို့ ငြင်းဆန်ခဲ့တဲ့ အလီ။
လူဖြူလူမဲခွဲခြားမှုကို ရဲရင့်ပြောင်မြောက်စွာ တော်လှန်ခဲ့တဲ့ အလီ။
အလီဟာ အလီဖြစ်ခဲ့တဲ့အတွက်
အခြားကမ္ဘာကျော် ဘယ်လက်ဝှေ့သမားမျိုးနဲ့
အရေးတကြီး ထပ်တူကျဖို့ လိုအပ်သေးလို့လဲ။

ပထမဆုံးရရှိတဲ့ အိုလံပစ်ချန်ပီယံရွှေတံဆိပ်ကို
အိုဟိုင်းအိုမြစ်ထဲ စက်ဆုပ်ရွံရှာစွာ ပစ်ချခဲ့တာ မပစ်ချခဲ့တာ အသာထား
အိုလံပစ်လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်လျက်နဲ့
လူဖြူများသာစားသုံးတဲ့ စားသောက်ဆိုင်ထဲကနေ
ခွေးတစ်ကောင်လို မောင်းထုတ်ခံခဲ့ရတာကတော့
ကြိုးဝိုင်းထဲ လက်သီးနဲ့ အလဲထိုးခံလိုက်ရတာထက်
ပိုပိုပြီးတော့ အလီနာကျင်။

၃နှစ်ကျော်ကြာပြီးမှ
လက်ဝှေ့လောကကို ခက်ရာခက်ဆစ် ပြန်ဝင်လာတဲ့
အလီရဲ့ ရည်မှန်းချက်က တစ်ကျော့ပြန်ချန်ပီယံ။
အဲလ်ဗစ်ပရက်စလေလက်ဆောင်ပေးတဲ့ ခြုံထည်ဝတ်ရုံနောက်ကျောမှာ
ကျောက်မျက်ရတနာနဲ့ စီခြယ်ရေးထိုးထားတာက
ပြည်သူကပေးတဲ့ ချန်ပီယံ
The People’s Champion.

အစ္စလမ်ဘာသာဝင်ဇနီးသည် မပီသလို့
ပထမမိန်းမ ဆွန်ဂျီကလေးကို
တရားနည်းလမ်းတကျ ၁၀နှစ်တိုင်အောင်
လျော်ကြေးငွေမြောက်များစွာ ပေးဆပ်ကွာရှင်းခဲ့တဲ့
လက်ဝှေ့သမားအလီဟာ
ကနေ့ခေတ် အာရပ်ကမ္ဘာက အစ္စလမ်ဘာသာဝင်အမျိုးသမီးတွေ
လူ့အခွင့်အရေးဆုံးရှုံးနေရတာကြည့်ပြီး ပျော်ရွှင်နေမယ်ထင်လား။
ကနေ့ခေတ် အထင်ကရအားကစားပွဲတော်တွေကို အထူးခြိမ်းခြောက်နေတဲ့
အစ္စလမ်ဘာသာရေးအစွန်းရောက်အကြမ်းဖက်လုပ်ရပ်တွေအပေါ်
အိုလံပစ်အားကစားပွဲတော်ကနေ စတင်ကျော်ကြားလာခဲ့တဲ့
အစ္စလမ်ဘာသာသက်ဝင်ယုံကြည်သူ အလီကြားသိပြီး
သဘောကျနှစ်သက် လက်ခံနေမယ်ထင်လား။
ကနေ့ခေတ် နိုင်ငံအချင်းချင်းကြား ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြချက်နဲ့
ကြီးနိုင်ငယ်ညှင်းအုပ်စုဖွဲ့သတ်ဖြတ်ခုတ်ထစ်နေကြတာကို နားထောင်ပြီး
အလီ ပီတိဖြစ်ဝမ်းမြောက်နေမယ်ထင်လား။

ကျေးခေတ် ကျွန်ခေတ်ကတည်းက
အရှင်သခင်နာမည်ကို အမျိုးအနွယ်အမည်နာမတော်အဖြစ်
အစဉ်အဆက်သွပ်သွင်းခံခဲ့ရတဲ့ အမေရိကန်ပိုင် နီဂရိုးအမှတ်တံဆိပ်နဲ့
“ကပ်စီးယပ်(စ)ကလေး”။
ပထမအကြိမ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ညမှာ
“ကပ်စီးယပ်(စ)ကလေး”အမည်နာမဟာ ကျွန်စော်နံလို့
“မိုဟမ္မဒ်အလီ”အဖြစ် ပြောင်းလဲကြောင်း ကြေငြာ။
မိရိုးဖလာခရစ်ယာန်ဘာသာဝင်အဖြစ်ကနေ
အစ္စလာမ်ဘာသာဝင်အဖြစ်
ကူးပြောင်းကြောင်းကြေငြာ။

ချဲ့ကားလေကျယ်ရုံသက်သက်မဟုတ်ဘူး။
ပြိုင်ဖက်ကို အလီပြောလေ့ရှိတာက
“ဘယ်နှစ်ချီနဲ့ အလဲထိုးပြမယ်”
ကြိုးဝိုင်းတွင်းယှဉ်ပြိုင်နေစဉ်မှာကို
ပြိုင်ဖက်ထိုးသမျှလက်သီးတွေ ပျော့ပါသေးရဲ့ဆိုပြီး
ပရိသတ်ဖက်လှည့် မထီတရီလုပ်ပြ။
အလီ့ခနာကိုယ်ထဲ ရဲ့ပ်( Rap )ကဗျာသွေးတွေက လူမဲပီပီ စီးဆင်းနေ။
ပြိုင်ဖက်တွေနဲ့ စကားစစ်ထိုးရာမှာ ရိသဲ့သဲ့လေနဲ့ ကာရန် နဘေမရိုးနိုင်အောင်
အလီဟာ ကဗျာ ဇ ရှိသူ။
လန်ဒန်အောက်(စ်)ဖို့တက္ကသိုလ်အဖွဲ့ဝင်
ဒေါက်တာဒန်ကင်းမက်ကလီးရော့တ်ဆိုသူက
ကဗျာပါမောက္ခခန့်အပ်ဖို့ထိတောင်
အလီ့ကို အဆိုပြုခဲ့။

အသက် (၁ရ)နှစ်၊ ၁၉၆၀ ရောမအိုလံပစ်ပွဲတော်
လိုက်ဟဲဗီးဝိတ်တန်းမှာ ရွှေတံဆိပ်ဆုဆွတ်ခူးတော့
ရွှေတံဆိပ်ကို လည်ပင်းပေါ်ကမချွတ်ဘဲ
အလီအိပ်ယာဝင်ခဲ့တယ်။
နောက် ၁၁နှစ်အကြာ ၁၉၇၁၊
တစ်ကျော့ပြန်ဟဲဗီးဝိတ်ချန်ပီယံဗိုလ်လုပွဲမှာ
ချန်ပီယံဂျိုးဖရေဇီယာရဲ့ ထိုးသတ်မှုကြောင့် ကြမ်းပြင်ပေါ် လဲကျ။
ရှုံးနိမ့်မှုအရသာ ပထမဆုံးမြည်းစမ်းခွင့်ရလိုက်တဲ့ အလီကို
ရုပ်မြင်သံကြားကတဆင့် မြင်လိုက်ရပြီး
မလေးရှားက အလီ့ပရိသတ်တစ်ဦး နှလုံးရပ်သေဆုံး။
အဲဒီ့ညက နယူးယောက်မြို့တော် ၁၂၅လမ်း ဘူတာရုံနံရံမျက်နှာစာထက်
အလီ့ကိုချစ်တဲ့ နီဂရိုးလူငယ်တွေရဲ့
တိုတောင်းပေမယ့် အဓိပ္ပါယ်အပြည့်ရှိတဲ့ ဧရာမ ဂရပ်ဖတီလက်ရာစာသား
ရှင်သန်ဆဲ အလီ
Ali Lives.

ကနေဒီမိသားစု၊ ဒုသမ္မတဟောင်း ဟူးဘတ်ဟန်ဖရေ၊
မာတင်လူသာကင်းရဲ့ ဇနီးကော်ရီတာကင်း၊
အမျိုးသမီးတေးသံရှင် ဒိုင်ယာနာရောစ်နဲ့
အဲလ်ဗစ်ပရက်စလေလို အကျော်ဒေးယျအဆိုတော်များ၊
ကမ္ဘာကျော်ဟောလီးဝုဒ်ဒါရိုက်တာများ၊ မင်းသားများ၊
မင်းသမီးများ၊ ပါလီမန်အမတ်၊ အာကာသယာဉ်မှူး၊ ကျွဲရိုင်းသတ်သမား
အစရှိတဲ့ အထက်တန်းအလွှာအလွှာက ပရိသတ်တွေအနေနဲ့
ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပွဲမို့ လာကြည့်ကြတာလား။
အလီထိုးသတ်တဲ့ လက်ဝှေ့ပွဲမို့ လာကြည့်ကြတာလား။
အလီ Vs ဂျိုးဖရေဇီယာ
လူမဲလက်ဝှေ့သမားချင်းထိုးသတ်တာတောင်
လူဖြူလူမဲခွဲခြားမှုကို ပြောင်ပြောင်တင်းတင်း တော်လှန်တဲ့
အလီဖက်မှာ လူမဲ ၂၂ သန်း ရှိပြီး
အမေရိကန်လူဖြူအစိုးရအကြိုက်နေထိုင်တဲ့
ဂျိုးဖရေဇီယာဖက်မှာ သာမန်ပရိသတ်ပဲရှိတယ်။

အလီ့မေးရိုးကို ၃ ပိုင်းတိတိ ဖွာလန်ကျိုးကြေသွားအောင်
ထူးထူးခြားခြားကြီးအစွမ်းထက်ခဲ့တဲ့  ကင်(န)နော်တင်ရဲ့
ပွဲမ၀င်ခင်ကြိုတင်ပြင်ဆင်မှု အိပ်မွေ့ချစိတ်ပညာကုထုံးတွေလောက်တော့
အလီက မဖြုံရေးချမဖြုံ။
ကမ္ဘာမှာ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော
ကမ္ဘာ့ ဟဲဝီးဝိတ် ချန်ပီယံ ၃ ကြိမ်တိုင်တိုင်
ကိုင်မြှောက်နိုင်အောင် ကျော်ကြားဆဲ
ကြိုးဝိုင်းပေါ်က အလီရဲ့ ဆောင်ပုဒ်။
“လိပ်ပြာလေးလိုလည်း ပျံဝဲနိုင်၊
ပျားပိတုန်းလိုလည်း တုပ်ခဲနိုင်။”
“float like a butterfly
And sting like a bee.”

ယနေ့ယခု တင်းနစ်ကြယ်ပွင့် ဘောရစ်ဘက်ကာ၊
ဖော်မြူလာဝမ်းကားမောင်းချန်ပီယံ လူးဝစ်စ်ဟာမီတန်၊
ဗြိတိန်အဆိုတော် ဘော့ဂဲဒေါ့ဖ်၊ လက်ဝှေ့ကျော် ၀လာဒီမာကလက်ခ်ျကိုနဲ့
ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်းတို့လို ထင်ရှားကျော်ကြားသူများရဲ့
ဂုဏ်ပြုခံအလီဟာ
သူ့ခေတ်သူ့အခါသူ့ပရိသတ်တွေ ကြည့်ရှုဖို့
ဂြိုလ်တုမှတဆင့် နိုင်ငံပေါင်း ၄၆ နိုင်ငံကို
လက်ဝှေ့ပွဲစဉ်တွေ ရုပ်မြင်သံကြားထုတ်လွှင့်ပြသပေးခဲ့တယ်။
လန်ဒန်နဲ့ ရောမမြို့များမှာ ပရိသတ်ထောင်ပေါင်းများစွာ
နားနေအိပ်စက်ခြင်းမရှိဘဲ တယ်လီဗေးရှင်းရှေ့ ထိုင်စောင့်ကြ။
ဖိလစ်ပိုင်ကျွန်း မနီလာမြို့တော်မှာ အလီ့ပွဲစဉ်စောင့်ကြည့်ဖို့
ကျောင်းတွေတောင် ပိတ်ပေးခဲ့ရ။

ဆရာဝန်ရဲ့ အထူးအကြံပြုချက်အရ
ဦးနှောက်အာရုံကြောဝေဒနာ (Parkinson) စတင်ခံစားရပြီဆိုတာနဲ့
လက်ဝှေ့ကစားခြင်းက အနားယူဖို့ ကြေညာပြီးကာမှ
ရှုံးမယ်မှန်းသိသိချည်းနဲ့ နောက်ဆုံးလက်ဝှေ့ပွဲစဉ်များ
စိတ်ဓာတ်သပ်သပ် အလီထိုးသတ်။
ကမ္ဘာနဲ့အ၀ှမ်း ချစ်ခင်နှစ်သက်သူတွေ
အလီ့ကို ခေါ်လေ့ခေါ်ထရှိတာက
The Greatest.

အီရတ်မြေပေါ်ထိတိုင် အမေရိကန်ဓားစာခံအရေး
ဆက်ဒမ်ဟူစိန်နဲ့ အလီသွားရောက်ဆွေးနွေးခဲ့တာဟာ
အတင်းအကြပ်ခိုင်းစေခံရလို့လား။ အလီ့စိတ်ရင်းသဘောပါဝင်လား။
ဂျော်ဂျီယာပြည်နယ်၊ အက်တလန်တာမှာ ကျင်းပတဲ့
နွေရာသီအိုလံပစ်ပွဲတော်မီးရှူးတိုင် အလီကိုင်ဆောင်ထွန်းညှိခွင့်ရခဲ့တာဟာ
သာမန်အပ်နှင်းမှုတစ်ခုလား၊ ကြီးကျယ်တဲ့ နောက်ခံအကြောင်းရှိသေးလား။
The First Flight of the Gizzelda Dragon လို
တေးအယ်လ်ဘမ်မျိုးရဲ့ ဇာစ်မြစ်က ဘာလို့ အလီဖြစ်နေရသလဲ။
Freedom Road၊The Greatest၊ Ali အစရှိတဲ့ ရုပ်ရှင်ကားတွေရဲ့ စီးဆင်းရာကရော
အလီပဲလား။ သေချာရဲ့လား။
စိတ်ဝင်စားစရာကောင်းတာတစ်ခုက
အထင်ကရပေါ့ပ်အနုပညာရှင် အန်ဒီဝါလ်းဟိုးရေးဆွဲခဲ့တဲ့ အလီ့ပုံတူပန်းချီကားဟာ
ခုဆိုရင် ဒေါ်လာသန်းဘယ်လောက်တန်နေမလဲ။
နောက်ဆုံးတစ်ခုပဲမေးမယ်။
ဘာကြောင့်အလီ့ရုပ်ရည်ကို အနုပညာပစ္စည်းအဖြစ်
ဖန်တီးရေးဆွဲခဲ့တယ်လို့ ထင်လဲ။        ။

လွန်းဆက်နိုးမြတ်
၃.၆.၁၃
မနက် ၀၁း၃၀နာရီ

ရည်ညွှန်း-ကျားဘညိမ်း-မိုဟာမ္မဒ်အလီ သို့မဟုတ် မဟူရာဧကရာဇ်
ကျားဘညိမ်း- အလီ.ဖရေဇီယာ ပွဲစဉ်အမှတ် ၃
Internet-    http://en.wikipedia.org/wiki/Muhammad_Ali

“မိုဟာမက်အလီ” တက်ရောက်တဲ့ လန်ဒန်အိုလံပစ် ရန်ပုံငွေပွဲ

http://www.putet.com.mm/muhammad-ali/

One comment on “အလီရွှေ့ကွက် = Ali Shuffel

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s