နိုင်ငံပြုအရေးအသား

နိုင်ငံပြုအရေးအသား

ပြည့်ဝစစ်မှန်တဲ့ ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျသော
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တည်ရှိရပါမယ်။
လွတ်လပ်မျှတတဲ့ ပါတီစုံဒီမိုကရေစီစနစ်
ဖြစ်ထွန်းပေါ်ပေါက်ရေးဟာ ပဓာနကျသလို
တိုင်းရင်းသားပေါင်းစုံ ညီညွတ်ငြိမ်းချမ်းရေးဟာလည်း အဓိကကျပါတယ်။
လယ်ယာကိုင်းကျွန်းများ စိမ်းစိုဝင်းမှဲ့ပြီး ပညာရှိစပါးနှံတွေ
အမျိုးမှန် အပင်သန် ခေါင်းငိုက်စိုက်ရွှေရောင်သန်းစေဘို့
သိမ်းဆည်းလယ်ယာအရေး မြန်မြန်မနှေး အဖြေရှာပေးရန်လိုပါတယ်။
လျှပ်စစ်ဓာတ်အားတွေ တသွင်သွင် ရေလို စီးဆင်းလင်းဖြာလို့
အဖွဲ့အစည်းပေါင်းစုံအားအင်နဲ့
မြစ်ချောင်းအင်းအိုင်တွေကို
သဘာဝကျကျ ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
အစိုးရပိုင်းမှာ ရုံးအဆောက်အဦးကြီးတွေ
လိုအပ်လျော်ညီစွာ စည်းကမ်းတကျ တည်ဆောက်သကဲ့သို့
ရုံးပြင်ကန္နားတွေမှာ အာဂတိကင်းရှင်းစွာ ဆက်သွယ်သွားလာရပါမယ်။
ကုန်သည်ပိုင်းဟာ ကုန်သည်ပိုင်းအလျောက်
အမြတ်ကြီးမစားဘဲ ကူးသန်းရောင်းဝယ်ဖောက်ကား
မင်းဘဏ္ဍာအခွန်အတုတ်မှန်စွာ ပေးဆောင်ရပါမယ်။
ပညာရေးဘက်မှာ ဖြောင့်မတ်မြင့်မားစနစ်ကျတဲ့ သင်ရိုးတွေပြုစုလျက်
မျက်နှာသာပေး ဘက်လိုက်ခြင်းကင်းအောင်
အကျင့်ပျက်ဆရာ/ဆရာမတွေ မမွေးထုတ်ဘို့ လိုပါတယ်။
စက်မှုဘက်ပိုင်းမှာလည်း အလုပ်ရုံစက်ရုံတွေဟာ မီးခိုးတလူလူဝေ
ဇုံအလိုက် ကုန်ထုတ်လုပ်မှုတွေ ထာဝရ စက်ယန္တရားသံတညံညံရှိစေပါမယ်။
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးစေချင်သလို
အာဏာပိုင်နဲ့ ပြည်သူကြား ယုံကြည်မှုလည်း တိုးပွားစေချင်ပါတယ်။
ဆန္ဒပြ ရဟန်းသံဃာပြည်သူလူထုကိုဖြစ်စေ
တစ်ဝမ်းတစ်ခါးအခြေအနေကြောင့်
ကျူးကျော်နေထိုင်ဆိုင်ဖွင့်ရောင်းချသူတွေကိုဖြစ်စေ
ညတွင်းချင်း အင်အားသုံးဖြိုခွင်းဖြေရှင်းခြင်း ကင်းရှင်းကြစေချင်ပါတယ်။
မြို့တော်များအတွင်း သွားလာနေထိုင်သူတွေကို
နေ့စဉ် လစဉ် နှစ်စဉ်ကြုံတွေ့မြဲ ကားပိတ် ကားမှောက် လမ်းပျက် ရေလျှံမှုများအတွက်
ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရုံနဲ့တင် မလုံလောက်
မြောင်းများ လမ်းများ တံတားများကိုလည်း စံချိန်မှီအောင် တည်ဆောက်စေချင်ပါတယ်။
အကျင့်ပျက်ခြစားခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ ဆင်းရဲမွဲတေခြင်း၊
ဘာသာနဲ့ လူမျိုး ပဋိပက္ခဖြစ်အောင် ဆူပူလှုံ့ဆော်ခြင်းတို့ကို
မီးမောင်းထိုး ပညာပေး အမှန်တရားအတိုင်း မျှတစေဘို့
ဗဟိုချုပ်ကိုင်မှုမဟုတ်ဘဲ လူထုသဘောထားအတိုင်း
ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာမဏ္ဍိုင် လူကြီးလူကောင်းဆန်ဆန်
လှည့်ဖျားပရိယာယ်ကင်းစွာ ဖော်ဆောင်ခွင့်ပြုရန် သင့်ပါတယ်။
ခွေး၊ တောက်တဲ့နဲ့ ဆံပင်ကအစ လူ၊ ဘိန်းနဲ့ စစ်လက်နက်ကုန်ကူးခြင်းအဆုံး
ဘနဖူးသိုက်တူး ငတ်ကြီးကျအရောင်းအ၀ယ်သမားတွေနိဂုံးချုပ်ပြီး
သမာဓိရှိတဲ့ အရောင်းအ၀ယ်ဈေးကွက်တွေ ဖန်တီးဖော်ဆောင်ရပါမယ်။
နိုင်ငံတကာစံချိန်မှီ ဘဏ်တိုက်ကြီးများမှ အစပြုလို့
မြေပေါ်မြေအောက်အစုန်အဆန် လျှပ်စစ်ကျည်ဆံအမြန်ရထားများ၊
ဝေဟင်တစ်ခွင် အဆင့်အတန်းမြင့်နိုင်ငံတကာလေယာဉ်ပျံကြီးများ၊
ရေပိုင်နက်ထဲ အတိုင်းတိုင်းအပြည်ပြည်မှ ဧရာမကုန်တင်သင်္ဘောကြီးများ။
ကမ္ဘာ့အဆင့်ဘူတာရုံများ၊ ကမ္ဘာ့အဆင့်လေယာဉ်ကွင်းများ၊ကမ္ဘာ့အဆင့်ရေနက်ဆိပ်ကမ်းများ။
မော်တော်ကားထုတ်လုပ်ရေးစက်ရုံကြီးများ၊ စက်မှုဇုံများ၊ ကုန်သွယ်ရေးကုမ္ပဏီကြီးများ၊
နည်းပညာဝန်ဆောင်မှုများ၊ ပြည်နယ်တိုင်းဒေသများမှ ကုန်ထုတ်လုပ်ငန်းများ၊
ရိုးရာယဉ်ကျေးမှုအနုသုခုမများ၊ ရွှေ၊ ငွေ၊ ကြေး၊ ခဲမဖြူ၊ အဖြိုက်နက်၊
ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း အစရှိတဲ့ တွင်းထွက်ပစ္စည်းရတနာများ၊
မြေပေါ်မြေအောက် ရေပေါ်ရေအောက် ကျွန်းသစ်၊ ရေနံနဲ့
သဘာဝဓာတ်ငွေ့သယံဇာတများ
အစရှိတဲ့ နိုင်ငံ့ကြွယ်ဝမှုကဏ္ဍစုံအကျိုးစီးပွားအားလုံး
တိုင်းပြည်အတွက် ထင်သာမြင်သာ ရင်းနှီးပွားစည်းကူးလူးရပါမယ်။
ဂျုံ၊ ပဲ၊ ပြောင်း၊ ကုန်စည်သယ်ပိုးသူ၊
သစ်၊ ၀ါး၊ သံ ၀န်စည်စလယ်သယ်ပိုးသူ၊
လက်ပွေ့အရောင်းသမားများ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊
မီးရထားဘက်လုပ်သားများ၊ ရေလုပ်ငန်းဘက်လုပ်သားများ၊
အများသုံးယာဉ်မောင်းလုပ်သားများ၊ အငှားလိုက်ယာဉ်မောင်းများ၊
သီကုံးပန်းသွင်အနုပညာရှင်များ၊ ရုံးမှုရေးရာစာရေးစာချီများ၊
ကာကွယ်ရေးစွမ်းရည်တပ်မတော်သားကြီးများ၊
ဥပဒေပြုလွှတ်တော်အမတ်မင်းများ
အစရှိတဲ့ နိုင်ငံသားတိုင်း တာဝန်ကိုယ်စီကျေပွန်ဘို့ လိုပါတယ်။
အနာဂတ်မှာ နယ်ပယ်ရပ်အသီးသီးဖွံဖြိုးတိုးတက်စေရန်
ထွားလှ ကြိုင်းလှ သန်မာလှ ခန့်ညားလှတဲ့ မောင်တို့ မယ်တို့ရဲ့
လူ့စွမ်းအားအရင်းအမြစ်တွေ ခေတ်မှီဥာဏ်ပွင့်ဘို့
ကမ္ဘာကို အစဉ်တစိုက် မျက်စိဖွင့် နားစွင့်စောင့်ကြည့်ရပါမယ်။
အိမ်ပြတင်းတိုင်းမှာ နိုင်ငံတော်အလံလွင့်ဝဲ
မျက်နှာစာတန်းတစ်လျှောက် အလှတန်ဆာပန်းမလ်မျိုးစုံချိတ်ဆွဲလို့
တေးသံစုံတူရိယာများညံစီနေအောင် တီးမှုတ်ကြ ကခုန်ကြ သီဆိုကြ
ပြည်ထောင်စုအ၀ှမ်း ပျော်ပွဲရွှင်ပွဲများ ဆင်ယင်နွှဲပြီး မြူးတူးလန်းရွှင်သော
ဒီမိုကရေစီနိုင်ငံတော်တစ်ခုဆီ အရောက်လှမ်းနိုင်ရမည်ဆိုတဲ့
အခြခံစိတ်ဓာတ် ပန္နက်ရိုက်ရန် ယခုကဲ့သို့ နိုင်ငံပြုခွန်အားဖြည့်
အရေးအသားများလည်း အထူးတလည် လိုအပ်ပါတယ်။

လွန်းဆက်နိုးမြတ်
၁၂.၈.၁၃
မနက် ၀၂း၁၈နာရီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s