ယန်းကီးအထာ

1016699_417799761672583_2108347046_nယန်းကီးအထာ

“အမေရိကန်အပြင်ဖက်ကလူတွေဟာ နည်းပညာအရတော့ အာရပ်တွေပဲ”
(The Dictator Film)

လူလည်ကြီးကနေဒီ ဆေးပြင်းလိပ်ကြိုက်ပုံက စာတင်လောက်တယ်။
ကျုးဘားနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့ မှုလက်မှတ်ရေးထိုးခြင်းမပြုခင်လေးမှာပဲ
ဆေးပြင်းလိပ်သောက်ဖော်သောက်ဖက် သတင်းထုတ်ပြန်ရေးဌါနအကြီင်္းအကဲ ပီရာဆလင်ဂျာကို မှာတယ်။
လက်နဲ့လိပ်တဲ့ ကျုးဘားနိုင်ငံထုတ် မက်ဆစ်အပ်(ပ်)မန်းဆေးပြင်းလိပ် ၁၀၀၀ ၀ယ်ပေးဖို့ပေါ့။
နောက်တစ်နေ့ ဆေးပြင်းလိပ် ၁၂၀၀ ၀ယ်ယူပြီးလို့ စက္ကန့်ပိုင်းအကြာမှာ
ကွန်မြူနစ်နိုင်ငံထွက်ကုန်အားလုံး အမေရိကန်ပြည်ထောင်စုက တားမြစ်တဲ့ အမိန့်ကို
ကနေဒီ လက်မှတ်ထိုးတယ်။

အစ္စရေး-အီရန်အရေးသုံးသပ်ချက်တစ်ခုလား။ ဒါမှမဟုတ် အမေရိကန်ရဲ့ အာဖျံကွီးမှုတစ်ခုလား။
နေတန်ယာဟု ပြောခဲ့သလို အမေရိကန်အစိုးရက ဘယ်လိုမူဝါဒတွေချမှတ် ချမှတ်၊
အစ္စရေးဆိုတာ ကနဦးကတည်းက အမေရိကန်ထောက်ခံမှုရထားတဲ့နိုင်ငံ၊ အစ္စရေးက
အီရန်ကို ၀င်တိုက်ဖို့ ကိစ္စအတွက် အိုဘားမားအစိုးရဟာ အများအမြင်မှာ
သဘောမတူချင်သလိုလိုလုပ်ပြီး ဖွင့်မပြောလည်း စည်းဝါးကိုက်သိပြီးသား နားလည်မှုမျိုးနဲ့
သဘောတူညီထားပြီးသား။ အရင်တုန်းက အစ္စရေးတွေ ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ကိစ္စကို
အသံထွက်ကျယ်ကျယ်နဲ့ကန့်ကွက်ပြီးမှ ခွင့်ပြုခဲ့သလို
အခုလည်း နေတန်ယာဟုအဆိုကို လူသိထင်ကြားကန့်ကွက်ပြီးရင် ထောက်ခံဦးမှာပဲ။

“အမေရိကန်ပြည်ထောင်စုက ခင်ဗျားတို့ကို ကူညီချင်ပါတယ်။”
(ချားဝီလ်ဆင်၊ အမေရိကန်ကာကွယ်ရေးဆပ်ကော်မတီ ကွန်ဂရက်အရာရှိ၊Charlies Wilson’s War Film)

“မကူညီချင်ပါဘူး။ လုံးဝကို မကူညီချင်ပါဘူး။ ကျုပ် အောက်စဖိုဒ့်မှာ
ကျောင်းတက်ခဲ့တော့ ဒီစကားရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းသိတယ်။
U.S က ကျူပ်တို့ကို မကူညီချင်ပါဘူး။”
(ကာနယ်မက်ဟုဒ်၊ ပါကစ္စတန်အရာရှိ၊Charlies Wilson’s War Film)

ကဒါဖီမသေခင်မှာ ပြောသွားခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။
“မင်းတို့အမှန် အမှားကို ခွဲခြားသိကြရဲ့လား”တဲ့။
ထောက်လှမ်းရေးဆိုင်ရာ ကုမ္ပဏီတစ်ခုကနေ အီးမေးလ်သတင်းပေါက်ကြား။
အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ ရုပ်အလောင်းဟာ ထုတ်ပြန်ကြေငြာသလို ပင်လယ်ပြင်မှာ
မွတ်စလင်ဘာသာထုံးစံနဲ့ မီးသဂြိုလ်ခဲ့ခြင်း မဟုတ်။ အမေရိကန်ပို့ပြီး မီးသဂြိုလ်ခဲ့ခြင်းသာဖြစ်တဲ့။
ဘင်လာဒင်ဟာ တကယ်ပဲ အိုဘားမားရဲ့
ရွေးကောက်ပွဲစည်းရုံးမှုသားကောင်ဖြစ်သွားခြင်းပဲလား။

လေ့လာတွေ့ရှိချက်တွေအရ
ပါကစ္စတန်မှာ ၂၀၀၉ခုနှစ်အတွင်း မောင်းသူမဲ့ဒရုန်းလေယာဉ်တိုက်ခိုက်မှုကြောင့်
အရပ်သား ၇၀၀ သေဆုံး။ အမေရိကန်အစိုးရဟာ အာဖဂန်ရဲ့ မူဂျာဟီဒင်သူပုန်တွေကို
ဒေါ်လာသန်းတစ်ဘီလီယံတန်ဖိုးရှိတဲ့ စစ်လက်နက်တွေ ထောက်ပံ့ပေးပြီး ကိုးနှစ်ကြာကျူးကျော်ဝင်ရောက်နေတဲ့
ဆိုဗီယက်တွေကို မောင်းထုတ်ပစ်ခဲ့။ အာဖဂန်ပြန်လည်ဖွံဖြိုးရေး ကျောင်းနဲ့ဆေးရုံတွေဆောက်ဖို့ကျတော့
ဒေါ်လာတစ်သန်းဖိုးတောင် မသဒ္ဒါ။ အကြမ်းဖက်သမားတွေကို နှိပ်နင်းရင်းနဲ့ အကြမ်းဖက်သမားတွေ
တိုးပွားလာပုံ ဥပမာပေးရရင်ဖြင့်-

“၂၀၀၄ခုနှစ် ပါကစ္စတန်နိုင်ငံမှာ တာလီဘန်သူပုန်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုနိုင်တယ်။
ကျေးရွာတစ်ရွာကို အမေရိကန်မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့
အဲဒီ့ကျေးရွာသားသေဆုံးခဲ့တယ်။ နောက်တစ်နေ့ သူ့ရဲ့ အသုဘမှာ
နောက်ထပ်တိုက်ခိုက်ခံရပြန်တယ်။ ဒီဖြစ်စဉ်ကြောင့် ပါကစ္စတန်-တာလီဘန်ရယ်လို့
ပေါ်ပေါက်လာတာဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။ အမေရိကန်မောင်းသူမဲ့
လေယာဉ်တွေရဲ့ တိုက်ခိုက်မှုဟာ တရားသဖြင့် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့
လွတ်ကင်းပြီး လူမှုကိုယ်ကျင့်သိက္ခာအရလည်း မမျှတဘူး”
(လန်ဒန်အခြေစိုက်လူ့အခွင့်အရေးဆိုင်ရာရှေ့နေ ဆာဂါဟတ်ဆန်အား ပရက်စ်တီဗွီသတင်းဌာနက တွေ့ဆုံမေးမြန်းခန်း)

အီရန်ရဲ့ စွပ်စွဲပြောဆိုမှုသက်သက်ဆိုရင်တောင် စိတ်ဝင်စားစရာကောင်းလှပါတယ်။
အီရန်နျူကလီးယားပညာရှင်တွေကို လုပ်ကြံတဲ့ အမှုသွားအမှုလာတွေမှာ
တစ်ခုနဲ့တစ်ခုတူညီတဲ့ လုပ်နည်းကိုင်နည်းတွေတွေ့ရတယ်။ ဆိုတော့ နောက်ဆုံးလုပ်ကြံမှုကလည်း
ကနဦးလုပ်ကြံမှုတွေနည်းတူ အမေရိကန်နဲ့ အစ္စရေးတို့အနေနဲ့ နောက်ကွယ်မှာ
ပတ်သက်နေမယ်လို့ ယူဆတော့တာပေါ့။ ၁၉၆၃ ခုနှစ်၊စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အီရန်ဝန်ကြီးချုပ်
မိုဟာမက်မိုဆာဒီကို ရာထူးဖြုတ်ချ၊ ရှားဘုရင်ကို နန်းတင်၊ ရှားဘုရင်က သက်ဦးဆံပိုင်စနစ်နဲ့ အီရန်ကို အုပ်ချုပ်၊
၁၉၈၀ ခုနှစ်၊ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်တပ်ဖွဲ့များက အီရန်ကို ၀င်ရောက်တိုက်ခိုက်။
အမေရိကန်သမ္မတရိုနယ်ရီဂင်က ဆက်ဒမ်ဟူစိန်အစိုးရကို
ထောက်လှမ်းရေးသတင်းတွေ၊ ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးခဲ့။

“ကျွန်တော့်အမြင်ပြောရရင် အမေရိကမှာ အဲ့ဒီအရှေ့အလယ်ပိုင်းဒေသနဲ့
ပတ်သတ်လို့ ရည်မှန်းချက်တစ်ခုပဲရှိပါတယ်။ အခြေခံအားဖြင့်တော့
အဲ့ဒီဒေသထွက်ရေနံတွေကိုထိန်းချုပ်ဖို့ ပိတ်ဆို့မှုတွေဆက်တိုးမြှင့်ဖို့
တန်ခိုးအာဏာသိသိသာသာကြီးထွားလာတဲ့ တရုတ်နဲ့အိန္ဒိယအပေါ်ရည်မှန်းထားတဲ့
အစီအစဉ်တွေမှာ စစ်ပြုတာပဲဖြစ်ဖြစ် ပိတ်ဆို့ကန့်သတ်တာပဲဖြစ်ဖြစ်
သေချာတာကတော့ အကြောင်းပြချက်တစ်ခုပဲရှိတယ်လို့ ကျွှန်တော်ထင်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသရေနံတွေကို လက်ဝါးကြီးအုပ်ရေးပေါ့”
(အီရန်-အမေရိကန်အရေးတက်ကြွလှုပ်ရှားသူ အလီရေဇာ)

စတိဗ်ဂျောဗ့်သေတာနဲ့  FBIက စတိဗ်ဂျောဗ့်ရဲ့ မှတ်တမ်းတွေ ထုတ်ပြန်တာနဲ့ ဘာဆိုင်လို့လဲ။
လစ်ဗျားနယ်မြေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မပျံသန်းရဇုန်သတ်မှတ်ထားလည်း
အမေရိကန်နဲ့ နေတိုးတိုက်လေယာဉ်တွေက အဲဒီ့နယ်မြေတွေပေါ်  အဲဒီ့စည်းကမ်းကို
ချိုးဖောက်ပျံသန်းတာကရော အခြားစည်းကမ်းတစ်ခုလား။ တစ်ဖက်မှာ
တရုတ်(တိုင်ပေ)ကို လက်နက်ရောင်းနေသလို တစ်ဖက်မှာ တရုတ်(ပြည်မ)ကြီးနဲ့ အမေရိကန်ဟာ
မြောက်ကိုရီးယားလျှို့ဝှက်ချက်တွေ နှစ်ဦးသဘောတူ လဲလှယ်ပြီး နောက်ကွယ်မှာ
တရုတ်သူလျှိုလုပ်ငန်းတိုးမြင့်လုပ်ဆောင်နေမှုအပေါ် ထိတ်လန့်တကြားဖြစ်နေခြင်းဟာ
အမေရိကန်ရဲ့ နှစ်ထပ်ဆင့်မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒလား။
နယူးယောက်မြို့က မွတ်စလင်တွေကို နယူးယောက်ရဲတပ်ဖွဲ့နဲ့ စီအိုင်အေပူးပေါင်းထောက်လှမ်းတာဟာ
အမေရိကန်တွေ ပြောပြောနေတဲ့ လူ့အခွင့်အရေးလား။
TO KILL A MOCKING BIRD ကနေ the Help အထိ အထင်ကရ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေမှာ
အဓိကပါဝင်တဲ့ အကြောင်းအရာဟာ ဘာဖြစ်လို့ အသားအရောင်ခွဲခြားမှုဖြစ်ရတာလဲ။
အော်စကာရရုံပဲလား။ အဲဒီ့ထက် ပိုတဲ့ ရည်ရွယ်ချက်ရှိသလား။ ဟာဗေးမစ်ခ်ဟာ
အမေရိကန်လူအဖွဲ့အစည်းအကြောင်းကို မသေခင်ကတည်းက
ကောင်းကောင်းကြီး သဘောပေါက်ခဲ့သူ။

“ဟာဗေး စကားပြောနေပါတယ်။ ဒါကို ကျွန်တော်လုပ်ကြံခံရပြီး သေဆုံးတဲ့အခါဖွင့်ဖို့ အသံသွင်းခဲ့ပါတယ်”
(ဟာဗေးမစ်ခ်၊ ဂေးအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်၊ MILK Film၊)

ကြိုတင်မှာယူထားတဲ့ စစ်ပွဲတွေက တစ်ပွဲပြီးတစ်ပွဲအလှည့်ကျတန်းစီလို့။
မြို့ကြီး (၈၀) မှာ အီရန်အရေး ဆန္ဒပြသူက ပြနေပြီ။
ဆိုက်ကိုဖောက်တဲ့ သူကဖောက်နေပြီ။ ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အသီးအပွင့်အဖြစ်
ဒေသခံမိန်းမပျိုတွေကို အဓ္ဓမကျင့်တဲ့ စစ်သားက ကျင့်နေပြီ။ တာလီဘန်တိုက်ခိုက်ရေးသမား
အလောင်းတွေပေါ် တခစ်ခစ်ရယ်ပြီး သေးနဲ့ပန်းတဲ့ စစ်သားက ပန်းနေပြီ။ အာဖဂန်အရပ်သားတွေကို အသားလွတ်
သေနတ်နဲ့ လိုက်ပစ်တဲ့ စစ်သားက ပစ်နေပြီ ( ကလေးငယ် ၉ ဦးအပါအ၀င် ၁၆ ဦး သေဆုံး)။ စစ်သုံးစရိတ်ဘတ်ဂျက်
ဝန်ထုပ်ဝန်ပိုးတွေအောက်မှာ အမေရိကန်ပြည်သူတွေ စီးပွားရေးကျဆင်း၊ အလုပ်လက်မဲ့နှုန်းမြင့်တက်။
လျှာတန်းလန်းနဲ့ မျက်လုံးမျက်ဆံပြူးကျယ်ပိပြားနေကြပြီဆိုသော်လည်း…။

ထုံးစံအတိုင်း ပြောချင်ရာပြောပြီးရင်
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်သာဖြစ်ကြောင်း
ထုတ်လွှင့်ဆဲ သတင်းဌာနရဲ့ အမြင်အာဘော်မဟုတ်ကြောင်း
အမေရိကန်တက်ခနိနဲ့ အမေရိကန်ဝါရှင်တန်ဒီစီအခြေစိုက်အသံလွှင့်ဌာနကနေ
တစ်ကမ္ဘာလုံးကို အချိုသတ်ဦးမယ်။ သူ့ သကြားလုံးအရသာကတော့
သမိုင်းကြောင်းတစ်လျှောက် ချဉ်စုတ်စုတ်နဲ့။        ။

လွန်းဆက်နိုးမြတ်
(Resource-နိုင်ငံတကာရေးရာဂျာနယ်များ)

မှန်စီရွှေချ ကဗျာစာအုပ်မှ-လွန်းဆက်နိုးမြတ်၊ မြတ်မိုးအိမ်၊ မြေမှုန်လွင်၊ WLO

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s