အေးသာယာ

1016699_417799761672583_2108347046_nအေးသာယာ

ရပ်ကွက်ဟာ ရပ်ကွက်ဖြစ်ဖို့ စောနေပါသေးတယ်၊ ကားတစ်စင်းဝင်ရခက်တဲ့ မြေသားလမ်းပေါ်မှာ
ကျွဲ၊ နွား၊ ဆိတ်၊ ခြေရာတွေ ရှိပါတယ်၊ လူနေအိမ်တွေကြားထဲ တစ်နေကုန်တစ်နေခန်း မီးစက်
တဖုန်းဖုန်းနဲ့ သံချောင်းသံခဲတွေပေါ် ဂျောင်ဂျောင်မြည်ထု ရိုက်နေတဲ့ လူနေအိမ် တစ်လုံးကို မြင်
ရမယ်၊ အိမ်ခြေဟာ ကင်းခြေများလိုမညီဘဲ စိပ်တဲ့နေရာ အသားကုန်စိပ်ပြီး ကျဲတဲ့ နေရာ အသား
ကုန်ကျဲပါတယ်၊ သဲဆန်မြေနဲ့ ရွှံ့ဆန်မြေနှစ်မျိုးပေါင်းစပ်မှုဟာ မြေပြန့်များပြီး ဆင်ခြေလျှော
နည်းနည်းတွေ့ရစေပါတယ် ၊ ရပ်ကွက်လမ်းမှာ ယောက်ျားစီးစက်ဘီးဟောင်းကြီး ကို ကုန်းရုန်းနင်း
နေတဲ့ အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ဒေသခံအမျိုးသားကြီး တစ်ယောက်မဟုတ်ရင်တော့အခြား
တစ်ယောက်ပေါ့၊ ၀ါတွင်းကာလ တစ်ရက်မဟုတ် တစ်ရက်ရက်မှာ ရပ်ကွက်ကပဲဖြစ်ဖြစ်
ရပ်ကွက်နီးချုပ်စပ်ကပဲဖြစ်ဖြစ် ဓမ္မာရုံမတ်ရပ်ဘုရားရုပ်ပွားတော်တွေ လှည့်လည်ပင့် ဆောင်လို့
အနားကျယ်ဝါးခမောက်အသီး သီး ဆောင်းထားတဲ့ အလှူခံပုဂ္ဂိုလ်လေးတွေ လော်စပီကာတစ်လုံး
ကို စက်ဘီးတစ်စီးစီးပေါ်တင် တွန်းပြီး နေပူမိုးရွာမရှောင် တစ်အိမ်တက်ဆင်း အလှူခံကြပါတယ်၊
အိမ်တိုင်းလျှပ်စစ်မီတာရှိကြပေမယ့် မီးအားမြှင့်စက်ခံမှ တယ်လီဗေးရှင်း ဖွင့်လို့ ရပါတယ်၊
တစ်အိမ်မဟုတ်တစ်အိမ်အိမ်က တွံတေးသိန်းတန်မဟုတ်ရင် ဟင်္သာတထွန်းရင်ဖွင့်ထားတဲ့အခါ
မီးလာနေမှန်း အလွယ် သိပေါ့၊ နွေခါဆိုရင်တော့ မီးအားကြီးပြတ်တတ်ပါတယ်၊ အဖြူဟာ ဖားဥ
စွဲပြီး မည်းညစ်ချင်လည်း မည်းညစ်နေမယ်၊ အစိမ်းဟာ အရောင်မွဲပြီး ဖာထေးချင်လည်း ဖာထေး
ထားမယ်၊ ကျောင်းတက်ကျောင်းဆင်းချိန်တိုင်း ပကတိအပြစ်ကင်းတဲ့ အဖြူအစိမ်း ၀တ်လေးတွေ
ရပ်ကွက်လမ်းမှာ ပေါ့ပါးမှုနဲ့ လမ်းလျှောက်ကြပါတယ်၊ တရုတ်ကြီးကျေးဇူးတော်ပါပဲ၊ မော်တော်
ဆိုင်ကယ်တစ်စီး လောက်သာ ရှိကြည့်လိုက် အရွယ်ရှိယောက်ျား အများစု ကယ်ရီထွက်ဆွဲကြမယ်၊
ဆိုင်ကယ်တစ်စီးလောက်ကလည်း တကယ် ဆိုမလောက်ပါဘူး၊ အဖေတစ်စီး သားတစ်စီး အဖေ
ရော သားရော ကယ်ရီမင်းတွေဖြစ်ပါတယ်၊ တစ်အိမ်လုံးမှာ အိပ်စရာ နေရာကောင်းကောင်း မရှိရင်
သာနေမယ် ဆိုင်ကယ်ကောင်းကောင်း တစ်စီး တော့ ရှိတတ်ပါတယ်၊ မြက်ရိတ်တဲ့ ကုလားမူတူးဟာ
စူပါကပ်နဲ့ မြက်သယ်ပါတယ်၊ ဆန်ရောင်းတဲ့ အတီးရဲ့ သမီးဟာ 125 ကန်ဘိုဖင် ထောင်စီးပါတယ်၊
ကျွဲ နွား မဖြတ်သန်းရ လမ်းတွေဟာ သန့်ရှင်းပြီး ကျွဲ နွား ဖြတ်သန်းခံရတဲ့ လမ်းတွေဟာ ပြော့ပြဲ
ဗွက်ထနေပါတယ်၊ တစ်ခါတစ်လေ နွားခြေရာခွက်ထဲမှာ ဧရာမကျွဲမျော့ကြီးတွေ ထွန့်ထွန့်လူးနေတာ
ကို တွေ့နိုင်ပါတယ်၊ ကိုယ်ထူကိုယ်ထဖို့ ပြင်နေတဲ့ ရပ်ကွက် ဗဟိုလမ်းဟာ ကွန်ကရစ်ခင်းလက်စ
တန်းလန်းနဲ့ အလှူခံလက်စမဏ္ဍပ်ကြီးတန်းလန်းနဲ့ နှစ်ပေါက်ပြီးရင်း နှစ်ပေါက်နေပါတယ်၊
ရပ်ကွက်မှာ အိမ်တစ်လုံးဆောက်မယ်ဆိုရင် ရပ်ကွက်ထဲက လက်သမားနဲ့ပဲ ဆောက်ပါတယ်၊
ရပ်ကွက်မှာ သာရေးရှိရင် ရပ်ကွက်ဦးက ကျောင်းထိုင် ဆရာတော်ကြွပါတယ်၊ ရပ်ကွက်မှာ နာရေး
ရှိရင်တော့ တော်တော်ဝေးဝေးရပ်ကွက်တစ်ခုက သုသာန်ကို ၀ိုင်းပို့ လိုက်ကြတော့တာပါပဲ၊
မနက်ခင်း စည်ပင်သာယာဈေးဟာ စည်ကားပြီး ညနေခင်းလမ်းကြားဈေးဟာ ၀ယ်ဖြစ်ရုံလောက်သာ
ရှိပါတယ်၊ ရဲစခန်းပဲဖြစ်ဖြစ် ဆေးရုံပဲ ဖြစ်ဖြစ် မသွားမဖြစ်သွားချင်ရင် မြို့ထဲသွားတဲ့ လမ်းမပေါ်က
အတော်လှမ်းလှမ်း နေရာတွေဆီကို သွားရပါ့မယ်၊ လက်လုပ်လက် စားများပေါ့၊ ကျောင်းသား
ကျောင်းသူများပေါ့၊ မြေကောင်းပေါ့၊ ရေကောင်းပေါ့၊ အသက်၀၀ရှူဖို့အတွက် လေကောင်းပေါ့၊
တစ်အိမ်နဲ့တစ်အိမ် ဘောဂဗေဒ အရ ပြိုင်ဆိုင်မနာလိုတာမျိုးအနည်းငယ်စီရှိကြ သော်လည်းပဲပေါ့၊
လူသတ်မှု မုဒိန်းမှု လုယက်မှုတွေတော့ အဟုတ်ကြီးမကြားဖူးပါဘူး၊ ဟမ်းဖုန်းခါးချိတ်ထားတဲ့
ထိပ်ပြောင်ပြောင် ရာအိမ်မှူးကိုညိုဟာ တစ်ချိန်က ကယ်ရီဆွဲခဲ့တာလို့ ပြောသံကြားရပါတယ်၊
အလုပ်ကြမ်းသမား ကိုမည်းဟာ ရာအိမ်မှူး ကိုညိုရဲ့ ဦးလေးဖြစ်ပြီး လက်သမားဆရာကိုဖြူဟာ
ကိုမည်းအစ်မ၀မ်းကွဲနဲ့ ညားပါတယ်၊ ရေသန့်ဗူးပို့တဲ့ ကိုနီ့ညီမဟာ ကိုမည်း မိန်းမဖြစ်ပါတယ်၊
ပန်းရံဆရာကိုဝါ၊ ကုန်စုံဆိုင်ပိုင် ရှင်ကိုပြာနဲ့ ၀ါးရောင်းတဲ့ ကိုခရမ်း ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားစပ်
မိတဲ့အခါ တစ်ယောက်ယောက်ဟာ တစ်ဦးဦးနဲ့တော့ တစ်နည်း တစ်ဖုံ ဆွေမျိုးတော်စပ်ကြပါတယ်၊
ဘောလုံးနဲ့ နှစ်လုံးကစားရာမှာ ၀ါသနာကြီးသူတွေ နေထိုင်ကြပါတယ်၊ ဂေးလို့ ခေါ်တဲ့ အခြောက်
တစ်ယောက်နှစ်ယောက်ကို ပုံမှန်တွေ့ရပြီး လက်စဘီယံ တွေအတွက်တော့ လက်စဘီယံဖြစ်လို့
ဖြစ်မှန်းတောင် ကိုယ့်ကိုယ်ကိုယ် မသိမြင်နိုင်တဲ့ ဗဟုသုတမျိုးလောက်သာ ရှိပါတယ်၊ အိမ်ရှင်မ
တချို့နဲ့ မိန်းမပျိုတချို့ဟာ ရပ်ကွက်ထဲက တိုက်ပုံချုပ်အိမ်တွေကနေ တိုက်ပုံပိတ်စတွေကို
အိမ်ယူပြီး ချုပ်ကြ သီကြ ပါတယ်၊ ဆယ်တန်းအောင်ပြီး ဒါမှမဟုတ် တက္ကသိုလ်အောင်ပြီး
မိန်းမပျိုအများစုကတော့ မြို့တော်ကြီးဆီ နေ့စဉ် အလုပ်သွားရပါတယ်၊ အထည်ချုပ်၊ စက်မှုဇုံ၊
ကုမ္ပဏီနဲ့ အစိုးရရုံးတွေ ဖြစ်ပါတယ်၊ နေ့လည်နေ့ခင်း စက်ဘီးတစ်စင်းနဲ့ တစ်လမ်းဝင် တစ်လမ်း
ထွက် ၀က်ရောင်းမလားလိုက်မေးနေတဲ့ ၀က်အရေး ကျွမ်းကျင်သူကြီးတွေလည်း ရှိပါတယ်၊
ကျောင်းပိတ်ရက်တွေဆို ကိုယ့်လမ်းထဲလာပြီး ကိုယ့်အိမ်ရှေ့ကနေ ၀ါးခြမ်းပြားတစ်ချောင်းကိုင်
ထားတဲ့ သူ့အမေကြီးဟာ တခြား လမ်းထဲ တခြားအိမ်ရှေ့က သူ့ကမြင်းလတီးသားသမီးဘုစုခရု
တွေကို ကီးကုန် မြင့်လှမ်းအော်ခေါ်တာလည်း ရှိတတ်ပါတယ်၊ အိမ်အတော်များ များမှာ ခွေးတစ်
ကောင်ကနေ ခွေးသုံးကောင်ခန့် မွေးထားတတ်ကြပြီး အဲဒီ့ထက် ပိုများတဲ့ အိမ်တွေမှာတော့
ကြောင်တစ်ကောင်ကနေ ကြောင်ရှစ်ကောင်လောက်ထိမွေးထားတတ်ကြပါတယ်၊ ဗမာဗုဒ္ဓဘာသာ
တွေအနေများသလောက် ကရင်ခရစ်ရှန်တွေနဲ့ ဟိန္ဒူကုလားနဲ့ မွတ်စ လင်ကုလားတွေလည်း
ရှိကြပါတယ်၊ တောရွာဓလေ့လို ညနေခင်းပျိုမေတစ်သင်း ရေအိုး ကိုယ်စီရေခပ်ဆင်းတာမျိုးနဲ့
နည်းနည်းလေး တောင်ဆင်ဆင်မတူတဲ့ ရပ်ကွက်ထဲက ဒေသခံအဒေါ်ကြီးတွေ ၅ ဂါလံဝင် UPG
အိမ်သုတ်ဆေးပုံးအလွတ် နှစ်လုံးစီကိုင်ရင်း ညနေပိုင်းမှာ သောက်ရေ သုံးရေ ထမ်းပါတယ်၊
တောရွာဓလေ့မှာ နွားရိုင်း သွင်းချိန်ကျော်ပြီး အပြင်မထွက်ကြပေမယ့် ရပ်ကွက်ထဲ အလုပ်ပြန်ချိန်
အစောဆုံးဟာ ည၈နာရီဆိုလည်း ဟုတ်ရ ည ၉နာရီ ဆိုလည်းဟုတ်ရတာပါပဲ၊ ညဖက်တွေမှာ
ဓာတ်တိုင်မီးအလင်းထက် ဆိုင်ကယ်မီး တ၀င်းဝင်းကသာ လမ်းတွေကို အလှဆင် ပါတယ်၊
ညစာစားပြီးချိန်ဆို ဟိုဖက်အိမ်က ဟဲလေးနဲ့ ဒီဖက်အိမ်က မိုက်ခဲတို့ ကာရာအိုကေနဲ့ တံတျာတေ
ရှင်ကြပါတယ်၊ ညတရေးနိုးလို့မှ တပိုးတပါးထသွားမယ်မကြံနဲ့ ညသန်းခေါင်းထဲ လူအရှင်လတ်
လတ်ကိုတွေ့သွားလို့ အိမ်ရှေ့ထိုး ရပ်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဒီနားမှာ အသုဘအိမ် ဘယ်နား
ရှိသလဲ လှမ်းဟစ်မေးတတ်တဲ့ ဖဲဝိဇ္ဇာတွေလည်း ရှိပါသေးတယ်၊ အောက်ခြေ လူတန်းစားတွေဆို
တော့လည်း နိုင်ငံရေးအပြောင်းအလဲမှာ ဘယ်သူမှ ဘာမှ ထူးထူးခြားခြားတောက်ပြောင်
လာတာမျိုး မရှိပေမယ့် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပိုစတာတွေ ပေါ်ကာစ
တုန်းက ဆိုင်ကယ်မားကတ်တွေ နဲ့ အိမ်ဝါးထရံတွေမှာ အပြိုင်အဆိုင် ချိတ်ဆွဲ ဖိကပ်ထားလိုက်
ကြပါသေးတယ်၊ နောက်တော့လည်း အမှန်လက္ခဏာကို နီးရာဓားအောက်ကနေခြစ်ခဲ့ကြတာပါပဲ၊
ဇာဂနာနာမည် ကြားတာနဲ့ ၀ါးလုံးကွဲအော်ဟစ်ရယ်မောကြဖို့ သတိရပြီး နောက်တော့လည်း
ဒီမိုကရေစီရေး မကရေစီရေးထက် နေ့စဉ်ထမင်းလုံးစီရေးကိုသာ တွေးတောအိပ်စက်ကြရပါတယ်၊
တစ်နေ့တော့ ထီပေါက်မှာပါဆိုတဲ့ မျှော်လင့်ချက်လိုမျိုးပေါ့၊ တစ်နေ့တော့ ရပ်ကွက်မြေဟာ တန်ဖိုး
ရှိလာ မှာပါ၊ တစ်နေ့တော့ ရပ်ကွက်မီးဟာ အားပြည့်လာမှာပါ၊ တစ်နေ့တော့ ရပ်ကွက်လမ်းတွေ
ကားကောင်းကောင်းမောင်းလို့ရအောင် မာကျော လာမှာပါ၊ တစ်နေ့တော့ ရပ်ကွက်စီးပွားဟာ
စည်ပင်ဖွံ့ဖြိုးလာမှာပါ၊ အဲဒီ့ ဘယ်တော့မှ ရောက်မယ်မှန်းမသိသေးတဲ့ အထူးသဖြင့် အောက်ခြေ
ထိ ဒုတ်ဒုတ်ထိ ရောက်မလာနိုင်သေးတဲ့ အဲဒီ့တစ်နေ့တော့ဆိုတဲ့ ဖွင့်မပြောဘဲထားတဲ့ စိတ်ကူးတွေနဲ့
ရပ်ကွက်သူရပ်ကွက်သားတွေဟာ ရပ်ကွက်မှာ မျှော်တွေးနေထိုင်ကြပါတယ်၊ စိတ်မချတချ။    ။

လွန်းဆက်နိုးမြတ်
မှန်စီရွှေချ ကဗျာစာအုပ်မှ-လွန်းဆက်နိုးမြတ်၊ မြတ်မိုးအိမ်၊ မြေမှုန်လွင်၊ WLO

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s