ကန်စွန်းရွက်အထူးပြု

625673_490412691022000_1237663077_nကန်စွန်းရွက်အထူးပြု

ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းမဟုတ် ရိုးစင်းလွန်းတဲ့ ဂုဏ်ဒြပ်ပိုင်ရှင် မို့သာ သက္ကရာဇ်များစွာ မေ့လျော့ခြင်းခံထားရတာ ခပ်ညံ့ညံ့ဘ၀သရုပ်ဖော်ဝတ္ထုတွေထဲမှာ ကွန်မြူ နစ်လည်းဖြစ်ဖူး ဇာတ်ကို မနာနာအောင် ဇွတ်အတင်းထုရိုက်ခွဲခြေထားတဲ့ သရုပ်မှန် ရုပ်ရှင်ဇာတ် ၀င်ခန်းတွေရဲ့ ထမင်းချိုင့်လေးတွေထဲလည်းဖန်တရာတေအောင် ရောက်ရောက်သွားတတ် ခေတ် အဆက်ဆက် စီးဆင်းခဲ့တဲ့ ဧရာဝတီလို ပြည်သူ့နေ့စဉ်ဘ၀ထဲ တစ်နိုင်တစ်ပိုင်ဝန်လေးနဲ့ အညွှန့် ဖြာဝေ သူ့မှာ ငန်ခြင်းသော်လည်းကောင်း ချိုခြင်းသော်လည်းကောင်း အရသာမျိုးရှိ ၀မ်းမီးကို နိုင် နင်း ရူးသောအနာ သည်းခြေနဲ့ယှဉ်သောအနာတွေ သက်သာစေ သူ့ကို ပြုတ်မလား ကြော်မလား ချဉ်ရေဟင်း ချက်မလား တို့မြှပ်စားမလား သူ့အတ္ထုပ္ပတ္တိ သူ့ဖြတ်သန်းမှု သူ့ရဲ့ ခမ်းနားကြီးကျယ် မှု(မဲ့ခဲ့တဲ့) ရာဇ၀င်နောက်ခံရိုးဂုဏ်နဲ့ လတ်တလော သူ့လှုပ်ရှားမှုသတင်းတွေ သူ့အကြောင်း သိကောင်းစရာတွေ အင်တာဗျူးတွေ ဒုတ်ခွီမန်ထရီတွေ မှတ်ဖွယ်မှတ်ရာ စကားတိုစိကလေးတွေ မျိုးရင်း မျိုးကွဲ မျိုးပွားတွေ သူ့ကို ကုန်းနေနဲ့ ရေနေဆိုပြီး နှစ်မျိုးခွဲခြားထား ကုန်းနေဟာ ဥတဲ့ အမျိုး အစား(တစ်ချို့က ကန်စွန်းကြီးလို့ သိကြ) ရေနေမှာတော့ ဆင့်ပွားမျိုးများ အဆင်သင့်ရှိနေ ဆင့်ပွား အနက်ဂယက်အရ
(၁) ကန်စွန်းဖြူ-အရိုးအဖြူရောင်(တရုတ်ကန်စွန်းလို့ အခေါ်များ)
(၂) ကန်စွန်းနီ-အခြားကန်စွန်းတွေထက် အရိုးအရွက်ပိုမိုထွားကြိုင်း အရိုးပွလျက် နီညိုရောင် သန်း(အတို့အမြှပ်နဲ့ ချဉ်ရေဟင်းအဖြစ်အသုံးပြု)
(၃) ကန်စွန်းသေး-အရိုးအရွက်အသေးဆုံး(ဈေးကွက်မှာ ထိုင်ဝမ်ကန်စွန်း၊ ၀က်ဆီဖတ်နည်းနည်း၊ ပုဇွန်ခြောက်နိုင်နိုင် အဆင်ပြေသလို ကြော်လေ့ရှိ)
သူဟာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ရှင်သန်ပေါက်ရောက်ရလို့ အမြဲစိမ်းစိုလတ်ဆတ်ခြင်းအသွင် အပြင်နဲ့ နွယ်ဆန်ဆန်ရှည်လျားဆန့်ထွက်လာတတ်တဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှုကိုလည်း ပိုင် ဆိုင်ပြန် သဘာဝအလျောက် မတော်မတည့် ဖြစ်တတ်တဲ့ ကိလေသာအဆိပ်အတောက်ကိုလည်း ဖြိုခွင်းနိုင်သေးသလို ခင်ဗျားတို့ရဲ့ ခန္ဓာအတွင်းပိုင်းထဲက အကောင်းမြင်အစိတ်အပိုင်းတွေ ကြီး ထွားဖို့ရာ လိုအပ်သလောက် အပြုသဘောဆောင်တဲ့ ဗီတာမင်အေလည်း ကြွယ်ဝလုံလောက် လော ကဓံနဲ့ ရင်ဆိုင်တဲ့အခါ အရေးအကြီးဆုံး အရိုးအဆစ်တွေ အားကောင်း သန်မာစေဖို့ မျှော်လင့်ယုံ ကြည်ချက် ကယ်လ်စီယမ်ခေါ် ထုံးဓာတ်များတောင် အချိုးကျ ပေါင်းစပ်ပါဝင်နေပေမယ့်လည်း သူဟာ ရာဇ၀င်မှာ စာတင်မခံရ သူဟာ သမိုင်းနဲ့ လမိုင်းမကပ်ခဲ့ရှာ ဒါတင်မက ဒီမိုကရေစီ နည်းကျကျ အောက်ခြေပြည်သူတွေရဲ့ ဆန္ဒမဲကို တစ်ခဲနက် ပိုင်ဆိုင်ခဲ့သလောက် ထာဝရမေ့လျော့ ခံနေရပြန်ရာ ပွင့်လင်းထင်သာ အခြေဆိုက်တုန်းခဏ ဒီအရေးအသားမှ တဆင့် သူ့ဖြစ်တည်မှုကို အထူးပြုဖော်ထုတ် တင်ပြ မီးမောင်းထိုးပြလိုက်ရပေသတည်း။ ကန်စွန်းရွက်အဓွန့်ရှည်ပါစေသောဝ် ။    ။

လွန်းဆက်နိုးမြတ်
တော်လှန်ကြောင် ကဗျာစာအုပ်မှ

၃၇မင်းအထူးပြု

1146496_417801345005758_887595262_n၃၇မင်းအထူးပြု

တရေးတမော နှပ်တာလည်း နှပ်ပေါ့
ဒါပေမယ့် နတ်မကြိုက်အောင်တော့ မနေနဲ့ မထိုင်နဲ့
အခင်းကြီး အခင်းငယ်မသွားနဲ့
ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်း ခိုးစားရင် ဦးထုပ်ဆောင်း
မတော်လို့ နတ်ဖမ်းနေမှဖြင့် ခက်မယ်
ဘာသာရေးကျမ်းများထဲက ဗုဒဘာသာ ၃၇ မင်းဆိုတာ
မြန်မာ့လူမှုအဆောက်အဦးမှာတော့ လူသိ/ပြော အင်မတန်နည်းပဲ
လူရွှင်တော်တွေကတော့ ပြောကြတယ်
အတွင်း တာတီဆဲဗင်းကင်းနဲ့ အပြင်တာတီဆဲဗင်းကင်းတဲ့။
နတ်တစ်ပါးမှာ ဒေသစွဲ ကာလစွဲအားဖြင့် အခေါ်အဝေါ်အမည်နာမဟာ သုံးလေးမျိုးမကချင်ဘူး(နတ်ကလောင်ခွဲများ)
သူတော်ကောင်း နတ်ကောင်းမ ရုံတင်မဟုတ် လူမစွမ်းလည်း နတ်မတာပါပဲတော်(သတိ-နတ်သံနှော၍ ပြော)
အရေးထဲ မူကွဲ ၆ မျိုးလောက်ဖြစ်နေတဲ့ နတ်မင်းကြီးငါးပါးကလည်း တစ်မှောင့်
အဲဒီ့တစ်မှောင့်ထဲ မဟာပိန္နဲနတ်ကြီးက တော်တော်ဆိုးဆိုး
သူ့လက်က လေးဖက်ရှိပြီး သူ့ဘ၀ဖြစ်စဉ်က ၅ မျိုးကွဲပြားနေတယ်။
သမိုင်းအစဉ်အဆက် ဖြုတ်/ထုတ်/သတ် နတ်ဘ၀ကူးပြောင်းသူတွေရဲ့ ဘ၀ပုံရိပ်အထွေထွေ။
အခြေအနေအရ ရွေး/ပယ်/ကိုးကွယ် နတ်စာရင်းအတိုးအလျှော့ရှိတဲ့ သမိုင်းကြောင်း။
လက်ရှိယုံကြည်ပူဇော်ထားတဲ့ မြ၀တီမင်းကြီးဦးစရဲ့ အပြင် ၃၇ မင်းနတ်စာရင်းမှာ
၁၈ ပါးပဲ ထပ်တူကျတဲ့ ၀န်ကြီးပဒေသရာဇာရဲ့ အပြင်၃၇မင်း နတ်စာရင်းပြုစုထားချက်စစ်တမ်း။
သိကြားမင်းကနေ စတင်တာထွက်လိုက်တာနဲ့  ဘုရင်၊မိဖုရား၊ မင်းသား၊ မင်းမျိုးမင်းနွယ်၊ အမတ်၊
အမှုထမ်း၊ကုန်သည်၊ ရှင်နဲ့ ဆင်းရဲသားများပါ နောက်ချန်မနေဘဲ
နတ်မာရသွန်ပြေးပွဲအတွင်း ၀င်ရောက်ပြေးလွှားတော့တာပဲ။
မြန်မာ၊ မွန်နွယ်ဖွား၊ ရှမ်း၊ ကုလား၊ ယွန်းနဲ့ ပုဏား စတဲ့ လူမျိုးပေါင်းစုံ ဂလိုဘယ်လိုက်ဇေးရှင်း နတ်ကမ္ဘာ နတ်ရွာ။
ပုဂံ၊ အင်းဝ၊ တကောင်း၊ မင်းတုန်း၊တောင်ငူ၊ သထုံ၊ ပင်းယ၊ ပင်လယ်၊
ဇင်းမယ်၊ ပူဘက်၊ကတူးနဲ့ အိန္ဒိယဒေသတိုင်အောင်
နတ်မွေးမြူရေးဟာ ကြက်မွေးမြူရေးထက် ပိုလွယ်ကူပုံပေါက်ခဲ့တယ်။
အပြင် ၃၇မင်းမှာ သိကြားနတ်ကလွဲရင် အားလုံးဟာ မိတ်အင်ဘားမားပါပဲ။
အတွင်း ၃၇မင်းမှာတော့ ဟိန္နူနတ်က  တစ်မတ်သားလောက်ပါနေတယ်။
နတ်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အပြိုင်ထွန်းကား။
ကျားကိုက်သေရင်နတ်ဖြစ်တယ် မြွေကိုက်သေရင်နတ်ဖြစ်တယ်
မီးနဲ့ရှုံ့သတ်/ လုပ်ကြံဖျောက်ဖျက်/အဆိပ်မိ/ ကွပ်မျက်ခံ/ မြားမှန်/ သေနတ်ထိ/ဖျားနာ/
ရင်ကွဲနာ/မီးယပ်နာ/ ၀မ်းသွား/မတော်တဆ/ ဘိန်းစွဲ/အရက်နာကျ/ စားပိုးနင့်/နူနာဖြစ်
ဘာနဲ့ပဲသေသေ ဘာကြောင့်ပဲသေသေ နတ်ဖြစ်တယ်။
ကလီရှေးကတည်းက လိုင်စင်သက်တမ်းမှန်မှန်တိုး အခွန်အတုတ်မှန်မှန်ဆောင်ခဲ့တော့
ခုချိန်ထိ နတ်ဟာ နတ်ဖြစ်တယ်။
လူမျိုးဘာသာဒေသမရွေး နတ်ကိုးကွယ်ပသခွင့်ရှိတယ်။
လူမျိုးဘာသာဒေသမရွေး နတ်ဖြစ်ပိုင်ခွင့်ရှိတယ်။
ဗုဒဘာသာ ၃၇မင်းကို စံနမူနာယူပြီး အတွင်း ၃၇မင်းနဲ့ အပြင်၃၇မင်း ဖြစ်လာသလို
အသံ၃၇ချင်း၊ အဆို ၃၇ချင်း၊ သဘင်သည်၃၇ရပ်၊ ဓားရေး ၃၇ ချင်း၊ သိုင်းရေး ၃၇ ချင်း၊
ဒိုင်းရေး ၃၇ချင်း၊ ကာရေး ၃၇ချင်း၊ အဲမောင်ရေး ၃၇ချင်း၊ တက်ရေး ၃၇ချင်း
ပေါင်းလိုက်ရင်တော့ ဖဲသမားစကားအရ ၃၇ ဟာ ဘူ ကျတယ်(ကောင်းရော)။
ဒါ့အပြင် သန်လျင်မြို့နဲ့ ၅မိုင်အကွာက မနောမယဘုန်းကြီးကျောင်းမှာ
မသေခင်ကတည်းက နတ်ကြိုတင်ဖြစ်ခဲ့ကြတဲ့ မှော်ဘီဆရာသိန်းနတ်၊
မနေမယကျောင်းထိုင်ဘုန်းကြီး ဦးဒေ၀ံတေမိဇနတ်တဲ့(ရယ်ရတယ်)။
အတွင်း ၃၇မင်းနဲ့ အပြင် ၃၇မင်းတူတာတောင် မတူရေးချမတူဟေ့
အပြင်၃၇မင်းဟာ အထက်စီးမိရိုးဖလာကိုးကွယ်မှုရဲ့ ပြယုဂ်။
အတွင်း၃၇မင်းထဲလည်းပါ အပြင် ၃၇မင်းမှာလည်း နေရာယူထားတဲ့ သူ့ထက်ကဲ သိကြားနတ်။
အတွင်း၃၇မင်းနဲ့ အပြင်၃၇မင်း ဘယ်အထဲမှ မပါရရှာတဲ့ မယ်ဥနတ်၊ ပုပါးမယ်တော်ကြီးနတ်၊
ကိုးမြို့ရှင်နတ်၊ ဦးရှင်ကြီးနတ်၊ မအောင်ဖြူနတ်၊လေချွန်နတ် အစရှိတဲ့
ဘေးဖယ်ထုတ်ခံ အခြားနတ်တွေ တသီတစ်တန်းကြီး ကျန်နေပါသေး ဟေးဟေး။
နပ်ပဲကြပ်ကြပ် ဂွပဲကိုင်ကိုင် ဘူးသီးပဲကြော်ကြော် ကားအရောင်းအ၀ယ်ပဲလုပ်လုပ်
နတ်ကိုတော့ အရင်ပြထားမှ တော်ကာကျမယ်ဆိုတဲ့ မြန်မာ့ဇာတိစိတ်။
အပြည်ပြည်ဆိုင်ရာ နတ်အဖွဲ့အစည်း နတ်သမဂ္ဂ နတ်ညီလာခံ နတ်NGO နဲ့ နတ်ရယ်ဖြူဂျီများ။
နတ်လူသာဓုခေါ်ဖို့ကိစ္စပဲ ဘာမတတ်နိုင်တာရှိလဲ။
ညောင်စေ့လေးလောက်လှူရင်ပဲ ညောင်ပင်ကြီးလောက်ပြန်ရမယ်အထင်နဲ့
နတ်ပြည်မှာ နတ်သမီး/နတ်သား တစ်ဖက် ငါးရာစီခြံရံရမယ်အထင်နဲ့
နတ်နဲ့စပ်လျဉ်းတဲ့ နောက်ဆက်တွဲ အကိုးအထောက်တွေ
နတ်စင်၊ နတ်ပွဲ၊ နတ်ဒိုး၊ နတ်ချင်း၊ နတ်ဆိုင်းတွေ
နတ်ပူးခြင်း၊ နတ်ဖွက်ခြင်း၊ နတ်ဆရာ၊ နတ်ဝင်သည်၊ နတ်ကတော်၊ နတ်မယားတွေ
နတ်လက်သစ်၊တက်ခေတ်နတ်၊ နတ်မျက်စိ၊ နတ်ရုပ်နတ်နန်း၊ နတ်ဝတ်တန်ဆာ၊ မင်းကြီးမင်းလေး၊
ကိုယ်တော်ကြီးကိုယ်တော်လေး၊ ဆူးလေနတ်မင်းကြီးတွေ
နတ်ဖြစ်ရတဲ့ ဒုက္ခ၊ နတ်သုဒာဒံပေါက်၊ နတ်ရွာမိုးတို့နဲ့တကွ တောင်ပြုံးနတ်ပွဲ၊ ရတနာ့ဂူနတ်ပွဲနဲ့
ဗီဗာဟိန်းရဲ့ နတ်ကန္နားပေးတဲ့ အိမ်။                              ။

 
လွန်းဆက်နိုးမြတ်
(ညွှန်း-အမျိုးသားပညာဝန်ဦးဖိုးကျား-၃၇ မင်း)
မှန်စီရွှေချ ကဗျာစာအုပ်မှ-လွန်းဆက်နိုးမြတ်၊ မြတ်မိုးအိမ်၊ မြေမှုန်လွင်၊ WLO