၁၉၄၁

1487383_704846132867575_253071864_n၁၉၄၁

စစ်ရိပ်ဟာ သွေးပျက်ချောက်ချားစရာကောင်းပြီး စစ်ငွေ့ဟာ သမိုင်းရဲ့ အဆုတ်တွေထဲ
အဆိပ်နဲ့ ကျဲပက်တယ်။ အေသင်မြို့ထဲ ၀င်ရောက်လာတဲ့ နာဇီသံချပ်ကာကား လည်ပတ်
ခုတ်မောင်းသံ တဒီးဒီး။ ၀မ်းနည်းနာကျင်မှုတွေအောက်က သနားစရာ ဂျူးကလေးငယ်
လေးတွေရဲ့  ငိုကြွေးသံတွေကို ခေတ်အစားဆုံးစကြာတံဆိပ်က စွဲစုပ်ယူသွားတယ်။
ဗြိတိသျှအကြီးမားဆုံး စစ်သင်္ဘောဟုဒ်တောင်မှ မခံနိုင်ဘူး။ အကွက်မြန်မြန်ရွှေ့မှ ဖြစ်တော့မယ်။
အတ္တလန်တိတ်ချာတာစာချုပ်လက်မှတ်ရေးထိုးပြီးပြီးချင်း ရုစဘဲ့နဲ့ ချာချီဟာ ခပ်သွက်သွက်ပဲ
လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ လက်လွှတ်လိုက်ရတယ်။ နယူးယောက်အထက်တန်းပညာရေး
အဖွဲ့က ဘာထရန်ရပ်ဆယ်ကို ခန့်အပ်ဖို့လျာထားတဲ့ ဒဿနိကဗေဒပါမောက္ခရာထူးကို။
အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး ၀ီလျံ၊မင်းနင်းက ညစ်ညမ်းအတွေးအခေါ်၊ လိင်ကိစ္စဦးစားပေးသူ၊
ကာမေသုမိစ္ဆာစာရကို အားပေးသူ စတဲ့ စွပ်စွဲချက်တွေနဲ့ ရပ်ဆယ်ကို ရုံးတော်မှာ ဦးတိုက်ကန့်ကွက်
လိုက်လို့ပဲ။ ကိုယ်တိုင်ငြင်းပယ်ခြင်းနဲ့ ငြင်းပယ်ခံရခြင်း နှစ်မျိုးနှစ်စားရှိတယ်။ ရပ်ဆယ်က
နှစ်မျိုးလုံးကို ထပ်မံငြင်းပယ်တယ်။ မြန်မာပြည်လွတ်လပ်ရေးရဖို့ ဘယ်အခွင့်အရေးကိုမှ
ငြင်းပယ်နေလို့မဖြစ်ဘူး။ သခင်အောင်ဆန်း သွားတုတပ်ပြီး ဂျပန်ကနေ မြန်မာပြည်ကို တိတ်တဆိတ်
ပြန်ရောက်လာ၊ သခင်နုကတော့ မန္တလေးထောင်ကနေ လွတ်တယ်။ (ငကန်း)ဗြိတိသျှကိုလိုနီလက်
အောက်ကနေ (ငစွေ)အီတလီဖက်ဆစ်လက်အောက် နောက်ထပ်((ငကန်း))ဗြိတိသျှကိုလိုနီလက်အောက်
ပြန်ရောက် နောက်ဆုံး-နောက်ထပ်((ငစွေ))ဂျာမန်နာဇီလက်အောက်ကို ပိုလန်နိုင်ငံ အကြွင်းမဲ့ကျရောက်
သွားရခြင်းဟာ ဂျူးတွေရဲ့ ရာဇ၀င်ကို နောက်ထပ်သွေးကွက်ကြီးစွန်းသွားစေတယ်။ ကမ္ဘာကြီးမှာ
လူသတ်စစ်ပွဲတွေအားကောင်းလာဖို့ အကြောင်းရင်းခံတစ်ခုလား။ ရာဘင်ဒြာနတ်တဂိုးဟာ
ငြိမ်းချမ်းရေးကဗျာတွေနဲ့အတူ ကွယ်လွန်သွားတယ်။ အပြောင်းအလဲတွေများနေရတဲ့အထဲ
ဂျပန်က ပင်လယ်ရေအောက် မီးရထားလမ်းဆောက်ဖြစ်အောင် ဆောက်လိုက်သေး။ ပုလဲဆိပ်ကမ်းက
အမေရိကန်စစ်သင်္ဘောတွေကို အလစ်အငိုက်မှာ ဗုံးကြဲဖြစ်အောင် ကြဲလိုက်သေး။ စင်္ကာပူရှိ
ဗြိတိသျှစစ်သင်္ဘော ပရင့်ဆောက်ဝေးလ်နဲ့ ရီပါလ်တို့ကို နှစ်မြှပ်ဖြစ်အောင် နှစ်မြှပ်လိုက်သေး။ ဒါ့အပြင်
မြန်မာနိုင်ငံထဲ မီနာမီအော်ဂန်လို့ ခေါ်ဝေါ်တဲ့  လျှို့ဝှက်အဖွဲ့တစ်ဖွဲ့ကို ကာနယ်စူဇူကီးတစ်ဖြစ်လဲ
နောက်ပိုင်း ဗိုလ်မိုးကြိုးဖြစ်လာသူကို ဦးဆောင်စေလွှတ်ဖြစ်အောင် စေလွှတ်လိုက်သေး။
ဂဠုန်ဦးစောတစ်ယောက် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဖို့ ဘိလပ်ကိုသွားတယ်။ ဖြစ်ချင်တော့
ဂျွန်အက်ဖ်ကနေဒီဟာ သူလုပ်ကြံခံရပြီးနောက် အမေရိကန်ရဲ့ ၃၅ ယောက်မြောက် သမ္မတဖြစ်လာမယ့်
လင်ဒန်ဂျွန်ဆင်နဲ့  ရေတပ်မတော်မှာ တစ်နှစ်တည်းဝင်ရောက်အမှုထမ်းသတဲ့။ ပထမကမ္ဘာစစ်ပြီးကတည်းက
ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံကတော့ မဟာမိတ်တပ်တွေရဲ့ သိမ်းပိုက်ခံအပြီး လွတ်လပ်ရေး
ကြေညာပေးခဲ့လို့ နိုင်ငံရေးအမြတ်ထွက်သွားတယ်။  ၀မ်းမြောက်ဖွယ်ရာ စတင်ခြင်းပဲ။ ဟစ်တလာက
သူ့သေတွင်းသူတူးဖို့ ဆိုဗီယက်ကို တိုက်ခိုက်တယ်(ဖင်လန်နိုင်ငံက ကူညီ)။ အခြားတစ်ဖက်မှာ
ကင်အီဆွန်းဟာ ဆိုဗီယက်ယူနီယံထဲ စစ်ရေး နိုင်ငံရေးသင်တန်းများ အပတ်တကုတ် တက်ရောက်
သင်ကြားတယ်။ ကြေညာတွေထဲမှာ အဆိုးရွားဆုံးကြေညာတွေထွက်လာ။ (ဗုံလုံ)အမေရိကန်နဲ့
((ဗုံလုံ))ဗြိတိန်က ဂျပန်ဖက်လှည့်စစ်ကြေညာလိုက်လို့ (ငါးပျံ)ဂျာမဏီနဲ့ ((ငါးပျံ))အီတလီက
အမေရိကန်ကို တစ်လှည့်စစ်ပြန်ကြေညာတယ်။ ၀မ်းနည်းဖွယ်ရာ အဆုံးသတ်မှုပဲ။ အူးစ်မြစ်ထဲ ဆင်းပြီး
ဗာဂျင်းနီးယားဝုဖ် သူမကိုယ်သူမ သတ်သေ။ သူမအလောင်းကို သုံးပတ်ကြာပြီးမှ ဆယ်ယူရရှိတယ်။
အမေရိကန်၊ အင်ဒီယားနားပြည်နယ်မှာ ၁၉၀၇ က ချမှတ်ထားတဲ့ ရာဇ၀တ်ကောင်၊ ငထုံ ငထိုင်း၊
မုဒိမ်းသမား၊ လူမိုက်လူသွမ်းတွေ သားသမီးမယူရ သားကြောဖြတ် ဥပဒေ Sterilizion ကြောင့်
၁၉၄၁ အရောက် လူပေါင်းခြောက်သောင်းကျော် သားကြောဖြတ်ခံရပြီးဆိုပဲ။ ဆိုးပါ့။        ။

လွန်းဆက်နိုးမြတ်

ရည်ညွှန်း-    ကမ္ဘာ့သမိုင်းအဘိဓာန်-ကောလိယ
ကမ္ဘာ့ဒိုင်ယာရီ မြန်မာ့ဒိုင်ယာရီ-လှသမိန်
ဘာထရန်ရပ်ဆယ်-ဆန်းလွင်
လွတ်လပ်ရေးခရီးတထောက်-ဗိုလ်ဗလ(ရဲဘော်သုံးကျိပ်)
ရာပြည့်စာအုပ်တိုက်ထုတ်- ဗာဂျင်းနီးယားဝုဖ်၏ လက်ရွေးစင်ဝတ္ထုတိုများ
ဂျိမ်းဝပ်ဆန်၏ ဒီအင်အေ-ဘိုးလှိုင် (ချင်တွင်း၊ မေ-ဇွန်၊ ၂၀၁၃)

တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ ကဗျာစာအုပ်မှ

ဓာတ်ပုံ-ရဲမြင့်သူ Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s