မှန်ကွဲစများ

1798748_256163171227158_1117927645_nမှန်ကွဲစများ

ကဗျာနောက်ကြောင်းပြနဲ့ ရှင်းလင်းဖြည့်စွက်ချက်

စကားနည်းနည်း

ချယ်ရီမဂ္ဂဇင်းနဲ့ သရဖူမဂ္ဂဇင်းနှစ်စောင်မှာ ၂၀၀၁ ဇူလိုင်တစ်လတည်းမှာပဲ ကဗျာနှစ်ပုဒ် တစ်ပြိုင်နက်တည်းဖော်ပြခံရပြီး ကျွန်တော်စာပေလောကသား ဖြစ်ခွင့်ရခဲ့ပါတယ်။ ဒီကဗျာက ပထမဆုံးစပြီး ပုံနှိပ်ဖော်ပြခံရတဲ့ အဲဒီ့ကဗျာ နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ မှတ်မှတ်ရရ ဒီကဗျာပါလာတဲ့ နေ့ရက်တွေဟာ သန်လျင် G.T.C မှာ ပထမနှစ်အတွက် စာမေးပွဲတစ်ခုဖြေနေတဲ့ နေ့ရက်တွေပါပဲ။ စာမေးပွဲခန်းထဲမှာ စာမကြည့်နိုင်ဘဲ သူငယ်ချင်းအချို့ကို မဂ္ဂဇင်းစာအုပ် လိုက်ပြပြီး ကြွားနေခဲ့တာ မှတ်မိပါသေးတယ်။တကယ်တော့ ဒီကဗျာဟာ အချစ်ကဗျာအမျိုးအစားပါပဲ။ အသည်းကွဲလို့ ကဗျာရေးတာမဟုတ်ပါဘူး။ ကဗျာထဲမှာ အသည်းကွဲတာတို့ ဘာတို့ကို ထည့်ရေးခဲ့တာပါ။ အသည်းကွဲတာဟာ အဓိကမဟုတ်ပါဘူး။ ကဗျာရေးဖွဲ့ခြင်း Process ကသာ အဓိက ဖြစ်ပါတယ်။ အိမ်သာကြွေခွက်ကြီးထက် အိမ်သာကြွေခွက်ကြီးကို အနုပညာပြုတာက ပိုအဓိကကျပါတယ်။ ဆိုတော့ အသည်းကွဲတာကနေ ဘာသာရေး အရ ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲတာထိ ကမ္ဘာကြီးနဲ့ ဘ၀တွေကို ကဗျာထဲ ထည့်ရေးဖို့ ကြိုးစားကြည့်တာဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီ့ကာလက ဆရာ ကောက်နွယ်ကိုင်တဲ့ ရယ်စရာမဂ္ဂဇင်းပြီးရင် ကျွန်တော်အကြိုက် ဆုံးမဂ္ဂဇင်းက ချယ်ရီမဂ္ဂဇင်းဖြစ်လို့ တိုက်ဆိုင်သွားတာဖြစ်ပါတယ်။ ချယ်ရီမဂ္ဂဇင်းက ကဗျာတွေဟာ အောက်ခံစာရွက်သားကို စက္ကူအဖြူရောင်သုံးသလို အခြားကာလာစက္ကူအရောင်တစ်ခုခုလည်း ရောသုံးပေးထားတာလေးကအစ သဘောကျခဲ့ရပါတယ်။

ရေးဖွဲ့ပုံရေးဖွဲ့နည်း

ဒီကဗျာရဲ့ ရေးဖွဲ့ပုံရေးဖွဲ့နည်းကို ကျွန်တော့်ဘာသာ နှစ်သက်မိပြီး ဒီပုံအတိုင်း နောက်ထပ် ကဗျာ၂ပုဒ် ၃ပုဒ်လောက် ဆက်ရေးဖွဲ့ဖြစ်ခဲ့ပါသေးတယ်။ အလျဉ်းသင့်ရင် တင်ပြပေးပါ့မယ်။ ကြီးကြီးကျယ်ကျယ် ရေးဖွဲ့ပုံရေးဖွဲ့နည်းတွေဘာတွေ ပြောနေပေမဲ့ တကယ်တော့ ကျွန်တော်နှစ်သက်တဲ့ ဆရာ/ဆရာမ တွေရဲ့ နည်းနာတွေ စကားလုံးတွေ ၀ါကျထားသိုပုံတွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဖွဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီ့အချိန်က ကျွန်တော်ထူးထူးခြားခြား အရသာတွေ့နေခဲ့မိတဲ့ မောင်သိန်းဇော်၊ နေမျိုး၊ ခရမ်းပြာထက်လူ၊ တာရာမင်းဝေနဲ့ မနော်ဟရီတို့ရဲ့ ကဗျာပိုင်းဆိုင်ရာလွှမ်းမိုးမှုပါဝင်မယ်ထင်ပါတယ်။ ဒါပေမဲ့လို့ လွှမ်းမိုးမှုအတိုင်း တစ်ထပ်တည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်ရေးတဲ့ ကဗျာဟာ ကျွန်တော့်ကဗျာပဲပေါ့။ ကျွန်တော့်ကဗျာဖြစ်လာရင် ကျွန်တော့်နည်းနာတော့ ထည့်သွင်းရေးသားနိုင်ရလိမ့်မပေါ့။ ဒီကဗျာဟာ ပုဂ္ဂလခံစားမှုအချစ်ကဗျာသာဖြစ်ပါတယ်။ ဗဟုခံစားမှုနိုင်ငံရေးကဗျာမျိုး မဟုတ် ပါဘူး။ ပုဂ္ဂလခံစားမှုဇာတ်ပြောနဲ့ ရေးဖွဲ့တဲ့အတွက် အဖော်မဲ့အထီးကျန်မှု၊ ဘ၀ရဲ့ အနှစ်သာရကင်းမဲ့မှု၊ တစ်ကိုယ်တော်စိတ်ကူးယဉ်မှု၊ ၀မ်းနည်း အားငယ်စိုးထိတ်မှုတွေကို ဖော်ကျူးရာမှာ ပိုပီပြင်စေပါတယ်။ ဒီကဗျာရဲ့ အပိုဒ် (၁)ဟာ လိုင်း ၃လိုင်းရှိပေမဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ၀ါကျကတော့ တစ်ခုပါပဲ။ အပိုဒ် (၂)မှာတော့ လိုင်း ၄ လိုင်း ရှိပြီး အဆုံးသတ်တွေဟာ ၀ါကျပြည့်မဟုတ်တော့ပါဘူး။ အပိုဒ်(၃)နဲ့ အပိုဒ် (၄)ကတော့ ကဗျာရဲ့ အရှိန်မြင့်တက်လာလို့ ထွေပြားရောယှက်နေပါပြီ။ လိုင်း တစ်လိုင်းထဲမှာ ထပ်ကျော့တွေ သုံးစွဲတာ။ အမေးဝါကျတွေ ပါလာတာ။ အပြတွေ၊ ခေတ်ပေါ် ကဗျာရဲ့ နိမိတ်ပုံဒင်းကြမ်း အသုံးပြုတာတွေ၊ တချို့နေရာတွေမှာ အသံအားကောင်းအောင် ကာရန်ကို လှမ်းချိတ်ဆွဲထားတာတွေ၊ ဒီကဗျာမှာ ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ကတော့ လိုင်းအတော်များများရဲ့ အဆုံးသတ်တွေဟာ ၀ါကျပြည့်မပြီးဆုံးဘဲ တန်းလန်းချန်လှပ်ခဲ့တာတွေပဲဖြစ်ပါတယ်။ ဒါဟာ ဒီကဗျာရဲ့ Pattern ဖော်ဆောင်မှုလို့ ပြောနိုင်ပါတယ်။ Pattern ဖော်ဆောင်မှုလို့ ပြောတာက Pattern မဟုတ်သေးပါဘူး။ Pattern ဖြစ်စေဖို့ ဖော်ဆောင်တဲ့ အဓိက နည်းနာလို့ ဆိုလိုပါတယ်။ Pattern အပြည့်လို့ ပြောမယ်ဆိုရင် ကဗျာနောက်ဆုံး အပိုဒ်ကို ပထမဆုံးအပိုဒ်အတိုင်း လိုင်း ၃လိုင်းရှိပေမဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ၀ါကျတစ်ခုဖြစ်လာအောင် ရေးသားခဲ့တာကို ထည့်ပြောမှ ရမှာပါ။ မတော်တဆမဟုတ်ပါဘူး။ တမင်တကာပါ။ ကဗျာရေးဖွဲ့ရာမှာ မတော်တဆမှုတွေဟာ အမြဲတစေလှပသလို တမင်တကာ ရက်လုပ်ထားတာတွေကလည်း တစ်ခါတစ်ရံမှာ လှပတတ်ပါတယ်။ ထပ်မံတင်ဆက်မယ့် ကဗျာတွေကျရင် ဒီထက် ပိုပြောနိုင်ဖို့ မျှော်လင့် ပါတယ်။

မှန်ကွဲစများ

ငါတို့ရဲ့အပေါ်
ကဝေအလင်းလက်ချောင်းတွေ ဖြာကျလာတော့
ဝေးလို့ဝေးမှန်းမသိအောင် ဝေးခဲ့ကြရ။

နတ်ဆိုးတွေ တီးခတ်တဲ့ ပတ္တလားသံတွေကြောင့်ပဲ
ရင်ဘတ်ထဲက နှင်းဆီပွင့်လေး အငွေ့ပျံ
ပန်းအိပ်မက်တစ်ပုဒ် အရေခွံကွာကျ
ကောင်းကင်မှာ မီးလျှံစ ဖရိုဖရဲနဲ့…

မှားခဲ့တယ်။ မှားခဲ့တယ်။ မှားခဲ့တယ်။
အိမ်ပြန်ချိန်တိုင်း သွက်သွက်ခါအောင် လွမ်းဆွတ်တဲ့စိတ်
ကျိန်စာအက္ခရာတွေ ခန္ဓာကိုယ်မှာ သေရာပါကုပ်တွယ်လို့
လူမသိသူမသိတိမ်မည်းတွေ ဖုံးအုပ်သွားတဲ့ အနမ်းဖျော့ဖျော့များ
ပျောက်ရှ ပဲ့ကြွေ အဝေးသို့ လွင့်ပါးတယ်။

ချည်နှောင်ခွင့်တချို့ပြန်ပြီးရနိုင်ပါတော့မလား။
အထီးကျန် ပင်လယ်ကမ်းစပ် ပန်းချီကားတစ်ချပ်ပေါ်
သွေးစက်တွေ ပေစွန်းနေ
လည်ချောင်းထဲ ကြယ်တံခွန်ပျက်တွေ တဝေါဝေါပြိုဆင်း
အဆုံးမသတ်တဲ့ ဆုတောင်းခြင်းများနဲ့သာ နာဖျား
နေရာဟောင်းလေး ပြန်မသွားဖြစ်ဘူး။

တကယ်ဆိုရင်
ဓားရွက်တစ်ခုက နှလုံးသားကို
ယိမ်းသွဲ့သွဲ့လှီးဖြတ်သွားတာပါ…မချယ်ရီ။ ။

ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၁၊ ဇူလိုင်

လွန်းဆက်နိုးမြတ်
၃၁.၁.၁၄
ည ၁၁း ၂၇ နာရီ
တရုတ်နှစ်သစ်ကူးနေ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s