ကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

1900710_257030707807071_1162258685_oကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

ကဗျာဖြစ်တည်မှု

ကျွန်တော့်ရဲ့
အစောပိုင်းကဗျာတချို့ဟာ သရဖူမဂ္ဂဇင်းနဲ့ ချယ်ရီမဂ္ဂဇင်းနှစ်စောင်မှာ အပါများခဲ့တာပါ။
ချယ်ရီကိုတော့ လွတ်လပ်တဲ့ ခေတ်ပေါ်ကဗျာတွေ ပေးပို့ခဲ့ပေမဲ့လို့ သရဖူကိုတော့ အချစ်
ကဗျာတွေပဲ ပေးပို့ခဲ့ပါတယ်။ ဒါကလည်း အဲဒီ့ချိန်က သရဖူမှာ ကဗျာနဲ့ပတ်သက်ပြီး
ကဏ္ဍ၂ ခု ခွဲထားတဲ့အတွက်ကြောင့်ပါ။ ပထမကဏ္ဍမှာ သရဖူကဗျာဆိုပြီး နာမည်ရပြီးသား
လူတွေကို ဖော်ပြပေးပါတယ်။ ဒုတိယကဏ္ဍမှာတော့ သံယောဇဉ်ရပ်ဝန်းအချစ်ကဗျာဆိုပြီး
အချစ်ကဗျာတွေသာ သီးသန့်ဖော်ပြပေးပါတယ်။ လူပုဂ္ဂိုလ်ကိုကြည့်ခွဲသတ်မှတ်တာဖြစ်လို့
ကျွန်တော်တို့လို ဝါနုတဲ့သူတွေ ဘယ်လောက်ကောင်းအောင်ရေးရေး ရှေ့မှာနေရာမရပါဘူး။
ရှေ့က တစ်မျက်နှာကို တစ်ပုဒ်ဖော်ပြပြီး သံယောဇဉ်ရပ်ဝန်းကတော့ တစ်မျက်နှာ၂ ပုဒ်
ဖ်ာပြပေးပါတယ်။ ဒါက မဂ္ဂဇင်းတိုက်ရဲ့ မူပါပဲ။ ပြောချင်တာက ကျွန်တော်သရဖူမှာ ပါခဲ့တဲ့
ကဗျာတစ်ချို့ကလွဲရင် တစ်မျက်နှာ ၂ ပုဒ်ဖော်ပြတဲ့ တိုက်တွေကို ကဗျာမပေးဖြစ်ခဲ့ဖူးပါဘူး။
ldea မှာ တစ်မျက်နှာ၂ပုဒ်ဖော်ပြနေတုန်းကတော့ ပို့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကဗျာ
တစ်မျက်နှာဖော်ပြအောင် ရှည်တဲ့ ကဗျာတွေပဲရွေးပို့ခဲ့ပါတယ်။ ရှည်ရုံနဲ့တော့ မရဘူး။
အနုပညာအားကောင်းဖို့လည်း လိုတာပေါ့။ ဒါမှ စာမျက်နှာပေးရကျိုးနပ်မှာပေါ့။ တစ်ခါက
ကိုရဲကျော်မြင့်က ကဗျာဆရာတွေနဲ့ သူအင်တာဗျူးလတိုင်းလုပ်တဲ့ မဂ္ဂဇင်းတစ်စောင်အတွက်
ကဗျာတောင်းပါတယ်။ ကဗျာက စာမျက်နှာအပေါ်တစ်ဝက်မှာပါပြီး အောက်တစ်ဝက်မှာက
သူ့အင်တာဗျူးဖြစ်ပါတယ်။ ကဗျာအပုဒ်တိုင်းကို ဒီလိုပဲ ဒီဇိုင်းထိုင်တာပါ။ တိုက်မူပေါ့လေ။
ကျွန်တော်ချက်ချက်ချင်းပဲ ငြင်းခဲ့ပါတယ်။ ကဗျာကို တစ်မျက်နှာတစ်ပုဒ်မဖော်ပြတဲ့
မဂ္ဂဇင်းမှာ ကျွန်တော်မရေးချင်ဘူးအစ်ကိုလို့။

ကဗျာရဲ့ inspiration

ဒီကဗျာရေးတဲ့အချိန်တုန်းက ကျွန်တော့်စိတ်ထဲ အရမ်းကြိုက်နေတဲ့ ကဗျာတွေရှိပါတယ်။
၉၈ အချစ်ကဗျာစာအုပ်ထဲက ကဗျာအတော်များများ။ စိုးမင်းအောင်ရဲ့ တမန်တော်သီချင်း။
မောင်ကိုကို (အမရပူရ)ရဲ့ ချစ်သူဖတ်ဖို့ ပန်းသီးကဗျာစာအုပ်ထဲက ကဗျာအတော်များများ။
မင်းခိုက်စိုးစန်ဝတ္ထုတိုတွေထဲက ကဗျာတိုလေးတွေ။ အခုပြန်စဉ်းစားတော့ ဒီကဗျာရေးဖြစ်တဲ့
စေ့ဆော်မှု inspiration တွေပါပဲ။

ကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

လာလာပြီးတော့ မတို့ထိ မတီးခတ်ပါနဲ့
ကိုယ်ဟာ တယောတစ်လက်မဟုတ်သလို
မင်းဟာလည်း ဘိုးတံတစ်ချောင်းမှ မဟုတ်တာကွယ်။

ကိုယ့်ရဲ့ အမာရွတ်တွေအတွက်
ဖာထေးပေးခဲ့ရတဲ့ မင့်မျက်ရည်ပေါက်တွေကို အားနာမိပါရဲ့။

ကိုယ့်ရင်ဘတ်ထဲကို သုညတွေ ပစ်ပစ်ထည့်ပြီး
အပြီးတိုင် သော့ခတ်ခဲ့တာ ကြာခဲ့ပြီကွယ်။
ဘယ်လိုအရာမျိုးနဲ့မှ
ကိုယ့်ရင်ဘတ်ကို မင်းဆွဲဖွင့်နိုင်စွမ်း မရှိတော့ပါဘူး။

ကိုယ်တစ်ကယ် ပိုင်ဆိုင်ရတဲ့ ကောင်းကင်ဟာ
ဟင်းလင်းပွင့် အရောင်မဲ့
မင်းရှူရှိုက်ဖို့အတွက် လေကလေးတစ်မျှင်မှ
အသေအချာမရှိခဲ့ဘူးကွယ့်။

ကိုယ့်အတွက် သီအိုရီမှားထုတ်မိခဲ့တဲ့ မင်းဟာ
နှုတ်ခမ်းပဲ့ ပန်းအိုးပြာတစ်လုံးပေါ့
ကိုယ့်ကို ပန်းပင်တစ်ပင်အသွင် ဖန်ဆင်းပေးပြီး
မင်းရင်ခွင်ထဲမှာ ပိုင်စိုးပိုင်နင်း မရှင်သန်စေချင်ပါနဲ့
မင်းအတွက် ကိုယ်ဘာမှ ဖူးပွင့်ပေးနိုင်မှာ မဟုတ်တော့လို့ပါ။

ကိုယ့်ဆီမှာ ရယ်မောသံတွေ ပျောက်ဆုံးတာ ကြာခဲ့ပြီကွယ်
ပြီးတော့ ကိုယ့်ရဲ့ညတွေဟာ အမြဲတမ်းမှာ မှောင်မည်းနေခဲ့တယ်
ဒီလိုညမျိုးတွေထဲမှာပဲ
ကိုယ်ဟာ အကြိမ်ကြိမ် ရေတိမ်နစ်ဖူးသူပါ
အကြိမ်ကြိမ်လည်း အရေခွံ လဲခဲ့ရတဲ့လူပေါ့။

ကိုယ့်ကို
ခဏခဏ မျက်လှည့်ပြတတ်တဲ့ ပောင်မလေးရေ…
ဘာဖြစ်လို့များ
လာလာပြီးတော့ ပွတ်သပ် ရေးခြစ်နေရပြန်တာလဲ။
ကိုယ်ဟာ ပန်းချီကားတစ်ချပ်မဟုတ်သလို
မင်းဟာလည်း စုတ်တံတစ်ချောင်းမှ မဟုတ်တာပဲကွယ်။ ။

သရဖူမဂ္ဂဇင်း။ စက်တင်ဘာ ၂၀၀၂။

 

လွန်းဆက်နိုးမြတ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s