အပြာရောင်ကဖေး

 

1891082_258656650977810_1446277624_nအပြာရောင်ကဖေး

ကဗျာအကြောင်းအရာ

ပုဂလဇာတ်ပြောကို သုံးထားပေမဲ့ ဒီကဗျာရဲ့ အကြောင်းအရာဟာ ပုဂလသဘောထက်
ဗဟုသဘောပိုသက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တစ်ယောက်ရဲ့
ညနေခင်းကဖေးဆိုင်ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကို ဖွင့်ဆိုထားတဲ့အတွက်ကြောင့်ပါပဲ။
မြန်မာနိုင်ငံမှာတော့ ညနေခင်းကဖေးဆိုင်ယဉ်ကျေးမှုဆိုတာ လူငယ်တစ်ယောက်တည်း
အတွက်တင်မကဘဲ လူငယ်ထုတစ်ရပ်အပေါ် ကိုယ်စားပြုထားနိုင်ပါတယ်။ ဒီနေရာမှာ
တစ်ခုပြောချင်ပါတယ်။ တချို့က ခုခေတ်လူငယ်ဆိုတာ ညနေခင်းမှာ ကဖေးဆိုင်
(လက်ဖက်ရည်ဆိုင်) မထိုင်ဘဲအရက်ဆိုင် ဘီယာဆိုင်ထိုင်တယ်လို့ ပြောချင်ကြပါ
လိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ အဲဒီ့အရက်ဆိုင်
ဘီယာဆိုင်ကို ညနေတိုင်းထိုင်တယ်ဆိုတဲ့ လူငယ်တွေထဲက အများစုဟာ သူတို့ဘ၀ရဲ့
တစ်ချိန်ချိန်မှာတော့ ညနေခင်းတွေကို ကဖေးဆိုင်(လက်ဖက်ရည်ဆိုင်)မှာ
ကုန်ဆုံးဖူးခဲ့မယ်ဆိုတာ ကျွန်တော်အသေအချာပြောရဲပါတယ်။ ဒီကဗျာရဲ့
အကြောင်းအရာဟာ ညနေခင်းကဖေးဆိုင်ထိုင်လေ့ရှိတဲ့ လူငယ်တစ်ယောက်ရဲ့
ထိုင်နေကျကဖေးဆိုင်နဲ့ ယှဉ်ထိုးပြီး စိတ်ကူးဥာဏ်ထဲ ၀င်လာသမျှအပေါ်
သိမှုအလုပ်လုပ်ပုံပါပဲ။

ကဗျာပုံသဏ္ဍာန်

ပုံသဏ္ဍာန်ပိုင်းအရ သိပ်မရှုပ်ထွေးသလို သိပ်လည်း မရိုးစင်းတဲ့
ကဗျာတစ်ပုဒ်ပဲဖြစ်မယ်ထင်ပါတယ်။ စိတ်ထဲရှိရာကို အလွယ်တကူလက်တန်
းပြောသွားသလိုရေးဖွဲ့ခဲ့တာပါ။ ဆိုလိုတာက Pattern တစ်ခုခုနောက် ဇွတ်လိုက်ဖို့
မကြိုးစားထားသလို Pattern ကို အားပြုတဲ့ ကဗျာပုံသဏ္ဍာန်မျိုးလည်း မဟုတ်ခဲ့ပါ
ဘူး။ဒီကဗျာကို ကျွန်တော်ရေးတဲ့အခါ အားအစိုက်ရဆုံးကတော့ စကားလုံးတွေပဲ
ဖြစ်ပါတယ်။ စကားလုံးတွေ မလျော့ရဲအောင် အထူးအားစိုက်ခဲ့ပါတယ်။
အကြောင်းရှိပါတယ်။ အနုပညာမှာ Realism ကလွဲရင် “အခြားနယ်”ဆိုတာ
ရှိပါတယ်။ Realism ကတော့ ပကတိနယ်ကိုပဲ ထပ်တူကျအောင် ပြန်သသနေရ
တတ်တာမဟုတ်လား။ “အခြားနယ်”ဆိုတာ ခံစားသူကို လက်ရှိ ပကတိနယ်ကနေ
ကင်းလွတ်အောင် ဖန်တီးပေးလိုက်တဲ့အနုပညာပိုင်းဆိုင်ရာနယ်ပယ်တစ်ခုဖြစ်ပါတယ်။
ဂီတဖြစ်စေ၊ ရုပ်ရှင်ဖြစ်စေ၊ ပန်းချီဖြစ်စေ၊ စာပေဖြစ်စေ အနုပညာ ဖန်တီးမှုတိုင်းမှာ
“အခြားနယ်”ဆိုတာရှိပါတယ်။ များသောအားဖြင့်တော့ အနုပညာလက်ရာတွေမှာ
“အခြားနယ်”ဟာ မထင်ရှားတတ်ပါဘူး။ တချို့အနုပညာ လက်ရာတွေမှာတော့
“အခြားနယ်”ဟာ ထင်ရှားလွန်းလို့ခံစားသူ သတိမထားမိလိုက်ဘဲ ဖြစ်သွားတတ်
ပါတယ်။ဥပမာ- Avatar ဇာတ်ကားမျိုး၊ The Lord Of The Rings ဇာတ်ကားမျိုးမှာ
“အခြားနယ်”ဟာ သိသာထင်ရှားလွန်းပါတယ်။ ဗန်ဂိုးရဲ့ ပန်းချီကားတွေမှာတော့
“အခြားနယ်”ဟာ မခံစားတတ်ရင် မသိသာပါဘူး။ ဒါပေမဲ့ ဗန်ဂိုးရဲ့ ပန်းချီကား
တိုင်းဟာ ခံစားသူကို “အခြားနယ်”တစ်ခုဆီ အမြဲတွန်းပို့တတ်ပါတယ်။ “အခြားနယ်”နဲ့
ပတ်သက်ပြီး ဒီမှာတော့ ဒီလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ ကဗျာကို ပြန်ဆက်
ပါရစေ။ ဒီကဗျာမှာ စကားလုံးတွေကို အားစိုက်ခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာဟာ
“အခြားနယ်”တစ်ခုဖန်တီးဖို့ အတွက်ပါပဲ။ ရောက်မရောက် ရမရကတော့ ကျွန်တော်
ညံ့ဖျင်းမှုအတိုင်းအတာနဲ့ ဖတ်သူရဲ့ အာရုံခံနိုင်စွမ်းပေါ်မူတည်ပါတယ်။
ကျွန်တော်ကလည်း အနုပညာနဲ့ ပတ်သက်ရင် ကြက်ချေးတန်းပဲဖြစ်နေသေးသလို
ဖတ်သူဆိုတာကလည်း အမျိုးမျိုးအစားစားမဟုတ်လား။ ချုပ်ပြောရရင် ဒီကဗျာရဲ့
ပုံသဏ္ဍာန်ဟာ ခေတ်ပေါ်ကဗျာရဲ့ စကားပြောရစ်သမ်ကို ယူပေမဲ့လို့ “အခြားနယ်”
ဖန်တီးမှုအတွက် စကားလုံးအားစိုက်ခဲ့တယ်။ နောက်တစ်ခုကဒီကဗျာမှာ အဓိပ္ပါယ်
ပြည့်ဝတဲ့ ၀ါကျတွေကို ရည်ရွယ်ချက်ရှိရှိပဲ လျှော့ပေါ့အသုံးပြုခဲ့ပါတယ်။ ဥပမာ-
ဝါကျအဆုံးသတ်တွေကို သေသေချာချာအဆုံးမသတ်ခဲ့ဘဲဖြတ်တောက်ပြီးဆုံး
စေတာမျိုး(ချိတ်ဆွဲကြ၊ ကျဉ်းမြောင်းလွန်း၊ လွတ်လပ်ဂီတသစ်၊ အပြာရောင်ကဖေး၊
ဆိတ်ငြိမ် )။ ဒါကပဲ အဓိပ္ပါယ်ပြည့်ဝဖို့ လုံလောက်နေပြီလို့ ယူဆခဲ့လို့ပါ။ ဒါပေမဲ့
ဝါကျအနည်းအကျင်းကိုတော့ ပြီးဆုံးအောင် ဖြည့်ထားတာတွေ ရှိပြန်ပါတယ်။
ဥပမာ(ပိုများပြားနေမလား၊ ပေါ့ပါးနေသလိုပင်)။ဒီလိုမျိုး ၀ါကျတွေအပြည့်မပြီး
ဆုံးဘဲ ဖြတ်တောက်ပြီးဆုံးမှုခပ်များများလုပ်ခဲ့တဲ့ တင်ကူးရည်ရွယ်ချက်ကတော့
ကဗျာရဲ့ အဆုံးသတ်မှာ အသံသွား အသံလာ ပီပြင်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။

အပြာရောင်ကဖေး

ခရစ္စမတ်သစ်ပင်တစ်ပင်လို
လူတွေအားလုံးကိုယ့်ကိုယ်ကိုယ်
အကောင်းဆုံးပြင်ဆင်ထုပ်ပိုးပြီး
ကဖေးဆိုင် ညနေခင်းထဲ လာရောက်ချိတ်ဆွဲကြ။
ရောက်တတ်ရာရာ
အပြင်းစားသီချင်းတွေ ပူနွေးယစ်မူးရာအရပ်။
ပေါင်မုန့်တစ်လုံးရဲ့ တန်ဖိုးက
ငါ့နှလုံးသားတန်ဖိုးထက် ပိုများပြားနေမလား။
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်အရိပ်တွေ့ဖို့
ကဖေးဆိုင်မျက်နှာစာဟာ ကျဉ်းမြောင်းလွန်း။
ကမ္ဘာကြီးရင်ဘတ်ထဲက
ဆိုင်ရာဆိုင်ကြောင်းအသံဗလံတွေ
ထိုင်ပြောရတာလည်း
ဒီနေရာမှာ အရသာတွေ့သလိုလို။
ငါ့တစ်နေ့တာ အပြစ်ဒဏ်များအတွက်
ကောက်ကျစ်မှုမရှိတဲ့ လွတ်လပ်ဂီတသစ်
ဘ၀တစ်ခုလုံးအပေါ် အမည်နာမတစ်ခုချရေးလိုက်တော့
မီးခိုးရနံ့နဲ့ အပြာရောင်ကဖေး။
လူဝံပုလွေတွေရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းအနုပညာ
ငွေကြေးရှင်ဟွန်းသံ ဆိတ်ငြိမ်။
စိတ်ဝိညာဉ်က နှလုံးခုန်နှုန်းအဆုံးထိ
ပေါ့ပါးနေသလိုပင်။
အပြာရောင်ကဖေးဆိုင်ဟာ
ကျိန်စာမဲ့စွာ မက်ခွင့်ရသော ဘုရားပေးတဲ့ အိပ်မက်
နောက်…
ငါ့အတွေးအခေါ်သစ္စာတရားအတွက် သင်္ကေတ။ ။

ချယ်ရီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၂

လွန်းဆက်နိုးမြတ်
၉.၂.၁၄
ည၁၀း၄၂ နာရီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s