အားလပ်ရက်မှာ ပါပီလွန်ရုပ်ရှင်ကြည့်ခြင်း

အားလပ်ရက်မှာ ပါပီလွန်ရုပ်ရှင်ကြည့်ခြင်း

ကိုယ်မသတ်တဲ့
ဖာခေါင်းတစ်ယောက်အတွက်
ပါပီလွန်ဟာ အမှုဆင် ထောင်ချခံရတယ်။

ငါတို့ မကျူးလွန်လိုက်ရဘဲ
ငွေစက္ကူတွေ ဖျက်သိမ်းတယ်။
ငါတို့ အလိုမတူလိုက်ရဘဲ
စစ်အစိုးရဟာ တက်လာတယ်။
ငါတို့ စောဒကတက်ခွင့်မရဘဲ
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပြုတယ်။
ငါတို့ လက်မခံလိုက်ရဘဲ
မီတာခတွေ တက်သွားတယ်။
ငါတို့ မသိလိုက်ရဘဲ
လက်ပန်းတောင်းတောင် ပါသွားတယ်။
ငါတို့ ခေါင်းမငြိမ့်လိုက်ရဘဲ
မျိုးစောင့်ဥပဒေပြင်ဆင်တယ်။

ထောင်ထဲမှာ အသက်ရှင်ဖို့
ပါပီလွန်ဟာ သစ်လုံး မ တယ်။
လူသတ်တယ်။
မိကျောင်းသတ်တယ်။

ငါတို့ အသက်ရှင်ဖို့
ခရိုနီမီဒီယာထဲ အလုပ်ဆင်းတယ်။
ဌာနပေါင်းစုံကို ဆက်ကြေးပေးတယ်။
လိုင်းကားနောက်မြီးစုပြုံခိုတယ်။
တရုတ်ပစ္စည်း လုဝယ်တယ်။
ဓာတ်မြေသြဇာရောတဲ့ ငါးပိရည်စားတယ်။
ငါတို့စိတ်ထဲ လူခဏခဏသတ်တယ်။
ငါတို့စိတ်ထဲ ငါတို့ ခဏခဏသေတယ်။

ပါပီလွန် လွတ်မြောက်အောင်
သူ့မိတ်ဆွေဒက်ဂါ
ဖန်တီးပေးသမျှ ငွေအားလုံး
လမ်းပြတွေ လိမ်ညာယူသွားကြ။

ငါတို့ ဖွံ့ဖြိုးတိုးတက်ရေး
ဝိုင်းဝန်းထောက်ပံ့သမျှ
ဂျပန်ယန်းငွေတွေ
အမေရိကန်ဒေါ်လာတွေ
ကမ္ဘာ့ဘဏ်ကြွေးမြီလျှော်တာတွေ
ဘုရားစူးရပါစေ
ငါတို့ဆီ ရောက်မလာကြ။

နောက်ပိုင်းမှာ ခရစ်ယာန်မယ်သီလရှင်က
ထောင်ထဲ ဘယ်လိုပဲပြန်ပို့ပို့
ပါပီလွန်ကမှ ထောင်ခဏဖောက်ပြီး
ကျွန်းသူညိုပြာညက်ကလေးနဲ့
တကယ်ပျော်ခဲ့ရသေးတယ်။

ငါတို့မှာက
ဘယ်နေရာသွားသွား ဂိတ်ဝင်ကြေးနဲ့
ဘာပဲလုပ်လုပ် ထောက်ခံစာနဲ့
ငါတို့ပျော်တယ်ဆိုတာ
ဒုက္ခအကောင်သေးလို့ ပျော်တာ
ဒုက္ခမရောက်လို့ မပျော်ဖူးဘူး။

တစ်နေ့တော့
ပါပီလွန် ထောင်ကလွတ်မယ်။
လွတ်ကို လွတ်ရမယ်။
မျှော်လင့်ချက်နဲ့ ပါပီလွန်ဟာ
တစ်နှစ်ပြီးတစ်နှစ် တိုက်ပိတ်ခံရ။
တစ်နှစ်ပြီးတစ်နှစ် အိုမင်းရှုံ့တွ။

လု့အခွင့်အရေးအတွက်
ငါတို့ စွမ်းသလောက်တိုက်ကြတယ်။
ငါတို့ ဘယ်သူ့ကို ကိုးကွယ်ရမှန်းတောင်
မသိနိုင်တော့တဲ့အထိ
ငါတို့ ဘယ်သူ့ကို ရန်လုပ်ရမှန်းတောင်
မသိနိုင်တော့တဲ့အထိ။
အချိန်တန်တော့လည်း
အထက်ခေါင်မိုးပေါ်က
ဒီမိုကရေစီအရိုးလေးပြပြပြီး
ငါတို့မျှော်လင့်ချက်အမြီးကို နန့်ခိုင်းလိုက်
ငါတို့လူမျိုးရေးနှာနုကို ဖြတ်ကန်လိုက်နဲ့
နာရီနဲ့ချီတဲ့ ပါပီလွန်ရုပ်ရှင်ကို
မျိုးဆက်နဲ့ချီတဲ့ ငါတို့ ဘဝတွေက
သနားခဲ့ရတယ်။

လွန်းဆက်နိုးမြတ်
၉.၇.၂၀၁၄
ည ၁၀နာရီ ၁၀မိနစ်

မန္တလေးမီး

မန္တလေးမီး

မန္တလေးမှာ မီးလောင်နေတယ်။

မိတ္ထီလာမီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

သန္တိသုခဘုန်းကြီးကျောင်း
ဝင်စီးတဲ့ ကောင်တွေက
စီးပြီးပြီ။

မန္တလေးမှာ မီးလောင်နေတယ်

ရခိုင်မီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

သမ္မတအကြံပေးလို့
ကိုယ့်ကိုယ်ကိုယ်ဆွဲခန့်တဲ့ကောင်တွေက
ခန့်ပြီးပြီ။

မန္တလေးမှာ မီးလောင်နေတယ်

မြစ်ဆုံဆည်မီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

ကျူးကျော်တဲတွေ ဘူဒိုဇာနဲ့
ထိုးတဲ့ကောင်တွေက
ထိုးပြီးသွားပြီ။

မန္တလေးမှာ မီးလောင်နေတယ်

ရွှေဝါရောင်တော်လှန်ရေးမီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

ငြိမ်းချမ်းရေးကို ကားပါမစ်နဲ့
လဲတဲ့ကောင်တွေက
လဲပြီးသွားပြီ။

မန္တလေးမှာ မီးလောင်နေတယ်

နာဂစ်ဖွဲ့စည်းပုံမီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

သပိတ်စခန်းကို မီးလောင်ဗုံးနဲ့
ပစ်တဲ့ကောင်တွေက
ပစ်ပြီးသွားပြီ။

မန္တလေးမှာ မီးလောင်နေတယ်

စန္ဒာဝင်းရဲ့ မီးတောက်ဟာ
ငါတို့ပေါ် လောင်လို့မှ
မဆုံးသေးဘူး

လူမျိုးရေးသွေးကွဲတရားဟောပြီး
ကမ္ဘာကျော်တဲ့ကတုံးတွေက
ကျော်သွားပြီ။

မန္တလေးမှာ မီးလောင်နေတယ်
မန္တလေးမှာ မီးလောင်နေတယ်
မန္တလေးမှာ မီးလောင်နေတယ်
ဒေါသထွက်နေတဲ့ လူအုပ်ကြီး။
လူအုပ်ကြီးနောက်ကွယ်က လူတစ်စု။
အမည်မသိလက်နက်ကိုင် ဆိုင်ကယ်စီးသူများ။
ဆိုင်ကယ်လီဗာသံများ။ ညရဲ့ အစုလိုက်အပြုံလိုက် အော်သံများ။
အော်သံများနောက်က အကြောက်တရားများ။
အမုန်းတရားများ။ ကြိုတင်ကြံစီမှုများ။
မျက်စိသူငယ်နားသူငယ်များ။
ဘာသာရေး။ အာဏာ။ အမှောင်။

လွန်းဆက်နိုးမြတ်

၃.၇.၂၀၁၄
မနက် ၂ နာရီ ၁၃ မိနစ်