ငှက်တွေ

ငှက်တွေ

နေ့စဉ်နေ့စဉ်
အိမ်ရှေ့ကောင်းကင်ပြင်ထဲ
ရှေးရှေးတုန်းက မိတ်ဆွေတွေ ပျံသန်းထွက်ခွာသွားတယ်။
တချို့သေဆုံးပြီး ဝိညာဉ်။
တချို့ အရှင်လတ်လတ် မှုန်ပျပျ။
ကိုယ်ဘာမှ လုပ်မပေးလိုက်နိုင်ဘူး။
သူတို့အရွက်နေလောင်တာ ကိုယ်မသိစေသလို
ကိုယ့်အပွင့်လေးပိုးကျတာ သူတို့ မမြင်စေခဲ့။
အတိတ်ဆိုတာ မှုန်ဝါးတယ်။ တုန်ယင်တယ်။
နောက်ပြီး ဖလင်ကွက်တွေပျက်ယွင်းနေပါဦးမှ။
ဂျွန်စတိန်းဘက်ရဲ့ လင်နီကို မျက်ရည်ဝဲတဲ့ထိ သနားမိတယ်။
ကပ်ဖကာ့ဇာတ်ကောင် ကေရဲ့ အထီးကျန်မှုကိုကြောက်တယ်။
ဂျက်လန်ဒန်ရဲ့ ဗြုဟာ ကြေကွဲစရာပဲ။
တော်ပါဗျာ။
တကယ်ဆို ခင်ဗျားတို့ ကျွန်တော်တို့ ဘဝတွေကလည်း
ကိုယ့်နည်းကိုယ့်ဟန် ဝမ်းနည်းစရာတွေချည်းပဲမဟုတ်လား။
စွဲကိုင်ထားတဲ့ ဓားတွေလည်း
အသွားပဲ့သလောက်ရှိခဲ့ပြီ။
မျှော်လင့်ချက်နဲ့ ဘယ်လို အစာရှာထွက်ထွက်
အချိန်တန်တော့လည်း ဒုက္ခတရားတွေ
အိပ်တန်းပြန်လာကြတာပဲ။
ဟိုးအမြင့်ကြီးမှာ
ဟိုး ဟိုး အမြင့်ကြီးမှာ
ဟိုး ဟိုး ဟိုး အမြင့်ကြီးမှာ
အသက်တစ်နှစ်နဲ့ ငါးလကျော်လေးက
ကောင်းကင်ကို လက်ညှိုးထိုးပြီး
” ငှဲ့…ငှဲ့…ငှဲ့” လို့ အော်တယ်။
ဟုတ်တာပေါ့။
သားက ငှက်တွေကိုပဲ မြင်တာပေါ့။
ငှက်တွေကိုပဲ မြင်ပါစေ။ ။

လွန်းဆက်နိုးမြတ်
၂၄.၈.၂၀၁၄
ညနေ ၃း၃၀ နာရီ

Advertisements