ချွေတာစုဆောင်းသူတစ်ဦးအကြောင်း

ချွေတာစုဆောင်းသူတစ်ဦးအကြောင်း

ကျောက်စရစ်ပုံကို ကျေးဇူးကြွေးဆပ်လိုက်တယ်။
ကောင်းကင်ပြာဆီ ချောင်းမကြည့်ချင်လို့
ဗူးစင်ကို ဖျက်တယ်။ ပျဉ်ချပ်အဟောင်းတွေထဲ
အကောင်းရွေးပြီး တံတားအသစ်ထိုးခဲ့တယ်။ ထာဝရပျော်ရွှင်မှုဟာ
ယုတ္တိမရှိဘူး။ လူအသစ်ကလေးကို ယုတ္တိရှိရှိပျော်ရွှင်စေချင်တယ်။
ညနေခင်းတွေ ဘယ်လိုကုန်သွားမှန်း မသိဘူး။ နေ့တွေ ညတွေ
ဘယ်လိုဆုံးသွားမှန်းမသိဘူး။ ဗြုန်းစားကြီး မိုးရွာလာတယ်။
ဘယ်တော့မှ မရပ်တော့ဘူးလို့တောင် ထင်ရတယ်။ ဘာအရေးကြီးဆုံးလဲ။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလား။ တရားဥပဒေစိုးမိုးရေးလား။
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလား။ ဒါတွေတွေးဖို့ တကယ်လိုအပ်ရဲ့လား။
ကားတွေက မှတ်တိုင်မှာ မရပ်ဘူး။ လူတွေက မှတ်တိုင်မှာ မရပ်ဘူး။
မှတ်တိုင်ဟာ အလုပ်ခေါ်စာနဲ့ လူပျောက်ကြေညာကပ်ဖို့။
ချွေတာစုဆောင်းသူဟာ ခေါင်းမိုးပေါ် ရေတံလျောက်တပ်တယ်။
အမှိုက်ထဲက ရောင်းလို့ရတာ ပြန်ထုတ်ပြီး
ရွှေမကျည်းသီးတောင့်တွေ အိမ်အောက်မှာ မြှပ်တယ်။
ကိုယ်လုံးကိုယ်ထည်မတူပေမဲ့ မျက်နှာပေါက်ခပ်ဆင်ဆင်
အတိတ်စာမျက်နှာပြင်ထက် အရွယ်ငယ်ငယ်တစ်နယ်တစ်ကျေးနေခဲ့စဉ်
အိမ်နီးနားချင်း လူ့အဖွဲ့အစည်းထဲက
အဘိုးအို အဘွားအိုတွေဆီ မကြာမကြာစိတ်ရောက်တယ်။
ဘာအရေးကြုံကြုံ အိမ်သူသက်ထားမမှားရအောင်
မပုကြွယ်နဲ့ ခရုငယ်ဥပမာပေးတယ်။
ယိုင်နဲ့နဲ့ စည်းရိုးကို ဝါးသစ်ပိုးပြီး ပြန်မတ်တယ်။
ပြဲနေတဲ့ တမံတလင်း မပြီးမချင်း အပ်ကြီးကြီးနဲ့ ချုပ်တယ်။
သစ်ရွက်လေးကိုက်ချီပျံသန်းလာ
အမည်မသိနဂျီပိုးကောင်လေး အိမ်ဆောက်နေတာ ငေးတယ်။
အတွေးထဲမှာ ပိုးကောင်လေးဟာ သူနဲ့ ဘဝတူ။ ။

လွန်းဆက်နိုးမြတ်

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကဗျာကို
၁၉.၈. ၂၀၁၄
ည ၁၁း ၁၅ နာရီ မှာ ပြန်ကိုင် အဆုံးသတ်။

Advertisements