စရိုက်

စရိုက်

ပိုက်ဆံကို တိတ်ကပ်သုံးတယ်။
လှေကားထစ်မှာ တစ်ဦးခွကြား တစ်ဦးနား
ခေါင်းသန်းတုတ်ရင်း အတင်းပြောတယ်။
ဆောင်းတွင်းဖက်မှာ ကျွတ်ကျွတ်အိတ်ကအစ
တစ်မြို့လုံးမီးခိုးအူအောင် အမှိုက်မီးရှို့တယ်။
ကွမ်းယာဆိုင်က စပ်တဲ့ဆေးနဲ့ မိမိအသက်ကို ထုပ်တယ်။
ရေချိုးရင်းတန်းလန်း ဘေးအိမ်က ဟော့ဂဏန်းအော်ပြောလို့
ထမိန်ရင်လျားဝတ်လျက်သားမိခင်
ကစားနေတဲ့ ကလေးကို နှစ်လုံး အကြွေးပြေးထိုးခိုင်းတယ်။
သွားကြားထိုးတံကို ဆံပင်ကြားထဲညှပ်ထားပြီး
ထီးရိုးကို ကျောပြင်ပုခုံးမှာ ချိတ်တယ်။
ကွမ်းဝယ်တဲ့အခါ ယာနေတုန်းမပြီးခင်
ပထမဆုံးအယာ ပါးစပ်ထဲ အရင်ထည့်တယ်။
ဆိုင်ကြီးရင် အမြည်းများများမှာပြီး အပြင်အရက်(ခိုး)ယူလာတယ်။
ဆိုင်သေးရင် အရက်များများမှာပြီး အပြင်အမြည်းဝယ်စားတယ်။
အာမွှေးအကြောင်း ပြ ပြ ပြီး
အသက်မပြည့်တဲ့ကလေး ကွမ်းဝါးကျွေးတယ်။
ပြီးလွယ်စီးလွယ် ဆေးလိပ်မီးညှိခိုင်းတယ်။
ထင်ရှားကျော်ကြားသူသာဖြစ်ပါစေ
ခရိုနီဘူဇွာဖက်တီးဘုတ်ပဲလာလာ
ကိုယ်ရည်သွေးတက်ကျမ်းစာရေးဆရာပဲလာလာ
အာဏာရှင်လွှတ်တော်အမတ်ပဲလာလာ
ဓာတ်ပုံတွဲရိုက် ဖေ့စ်ဘွတ်ပေါ်တင်တယ်။
အသင့်ချုပ်တံဆိပ်ကို အပြင်ထုတ်
အောက်ကထားပြီး ပုဆိုးဝတ်တယ်။
ရုပ်ရှင်ရုံအမှောင်အောက် အရောင်တလက်လက်
ဖုန်းအပြားတွေ ထုတ်ပွတ်တယ်။
ခုနစ်အိမ်ကြား ရှစ်အိမ်ကြား
အော်ကြီးဟစ်ကျယ် မြန်မာဇာတ်ကားဖွင့်တယ်။
ဆံပင်ကအစ တောက်တဲ့အဆုံး
ရောင်းလို့ရတာ အကုန်ရောင်းတယ်။
ဟောဒီ့… စရိုက်ကိုယ်စီ ဗမာ့လူ့အဖွဲ့အစည်းမှာ
တစ်ခုခုအဆင်မပြေတိုင်း
မမေ့မလျော့ စစ်အစိုးရကိုလည်း ဆဲကြတယ်။ ။

လွန်းဆက်နိုးမြတ်
၃.၁၀.၁၄
၁၁း၁၀ နာရီ

ဝိညဉ်တော်သွေးစက်

ဝိညဉ်တော်သွေးစက်

ကျောင်းသားသမဂ္ဂအဆောက်အဦးဟာ
နှစ်ကြိမ်တိတိဗုံးခွဲဖြိုချခံလိုက်ရတယ်။

တစ်ကြိမ်က နေဝင်းကြောင့်
တစ်ကြိမ်က လင်းသိုက်ညွှန့်ကြောင့်

လက်ပံတောင်းတောင်ဟာ
အကြိမ်များစွာ ရောင်းချခံလိုက်ရတယ်။

တစ်ကြိမ်က တောင်တစ်ခု
တစ်ကြိမ်က ဒေသခံတွေရဲ့ ရွှေအိပ်မက်
နောက်တစ်ကြိမ်က မီးလောင်ဗုံး
နောက်တစ်ကြိမ်က ဒေါ်စုအပေါ် ယုံကြည်ချက်
နောက်ဆုံးတစ်ကြိမ်
ဖြူနှင်းထွေး။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို
နေဝင်းက ပေါက်ကွဲစေတဲ့ ဗုံးနဲ့ခွဲတယ်။
လင်းသိုက်ညွှန့်က စကားလုံးဗုံးနဲ့ ခွဲတယ်။
သိသင့်တာက ကျောင်းသားသမဂ္ဂအဆောက်အဦးဆိုတာ
ဗုံးခွဲခံရလေ သမိုင်းပိုလှလေ။

လက်ပံတောင်းတောင်ကို
ဒေသခံတွေက အသက်ပေးချစ်တယ်။
သံဃာတွေက တရားသဖြင့် သာသနာပြုတယ်။
ဒေါ်စုက အကွက်ရွှေ့မှားတယ်။
ဖြူနှင်းထွေးက ပြန်ဝယ်ဖို့ ကြိုးစားတယ်။
အဖိုးအခဟာ ယွမ်ငွေတွေမဟုတ်။ ကျောင်းသူတစ်ယောက်ရဲ့ စိတ်ဓာတ်။
တစ်ခုတော့ဖြင့်မှတ်
သူ့စိတ်ဓာတ်အရင်းခံဟာ
ကျောင်းသားသမဂ္ဂအဆောက်အဦးဆီက
ကျောင်းသားကြီးတွေရဲ့
ဝိညဉ်တော်သွေးစက်။

လွန်းဆက်နိုးမြတ်
၁.၁၀.၁၄
မနက် ၁း ၄၀ နာရီ