ကလေးငယ်တစ်ယောက်

ကလေးငယ်တစ်ယောက်

သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
နေရာင်ခြည်နဲ့ ထိတွေ့မယ်၊ လိပ်ပြာတွေဆီ ငေးမောမယ်။
ပြန်ခုန်တက်လာတဲ့ ဘောလုံးလေးရဲ့ တုန့်ပြန်တွန်းအားကို
စူးစမ်းမယ်။ ကိုယ့်လည်ချောင်းထဲက အော်သံအပေါ်
ကိုယ့်ဘာသာပြန်အံ့သြမယ်။ အဲသလို (သူ့)ဆင့်ကဲ့ဖြစ်ထွန်းမှုမှန်သမျှ
သင့်မိဘမေတ္တာဖြစ်မှုထဲ
လောဘတကြီး စုပ်ယူလိုက်ပေါ့။

သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
အန္တရာယ်ပြုနိုင်တဲ့ ပစ္စည်းတွေ ဝေးဝေးမှာ ထားမယ်။
မှန်စားပွဲကို ရောင်းပစ်မယ်။ မီးပလပ်ပေါက်တွေ နေရာရွှေ့မယ်။
နံရံပေါ်က ဆွေစဉ်မျိုးဆက်ဓာတ်ပုံအားလုံး
စတိုခန်းထဲ သွားထားမယ်။
အမဲလိုက်ဖော်တွေကြား သင်ကိုယ်တိုင်ဂုဏ်ယူဝင့်ကြွားခဲ့တဲ့
ဦးချိုကားကားသမင်ခေါင်းပြတ်လည်း မချိတ်ဆွဲတော့ဘူး။

သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
သင့်မျှော်စင်ကို မြင့်မြင့်ဆောက်မယ်။
ရန်သူကို မိတ်ဆွေလုပ်မယ်။ ဖိနပ်အသစ်တစ်ရံဝယ်ဖို့
လုံလုံလောက်လောက် ကပ်စေးနည်းမယ်။
အလုပ်က ငါးခု၊ သင့်ခန္ဓာကိုယ်က ဆယ်ကိုယ်ခွဲ။
ဝေးဝေးကြည့်ရလွန်းလို့
သင့်လည်ပင်းဟာ သစ်ကုလားအုတ်။

သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
မနက်စောမှာ ငိုသံကြားမယ်။ နေ့လည်ခင်းမှာ တခစ်ခစ်ရယ်မယ်။
(သူ)တရေးတမောအိပ်နေစဉ် တိတ်ဆိတ်မှုကို အလိုရှိမယ်။
ဒီနည်းနဲ့ လူခေါ်ခေါင်းလောင်းတွေ ဖြုတ်ပစ်မယ်။
ဂီတဆိုတာ။ အသံတိတ်။ ခံစားဖို့။
ပါးစပ်မပါတဲ့ ဘဲပေါက်စတွေ မွေးမယ်။
မီးသတ်ကားတွေကိုတောင်မှ
သင် ဥသြသံမထည့်။

သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာသစ်တစ်ခုမြင်ရမယ်။
အဓိပ္ပါယ်အပြည့်နဲ့ အသက်ရှူမယ်။
အကယ်၍ သင့်ကလေးဟာ ဆွံ့အနားမကြား၊
ကိုယ်လက်အင်္ဂါတစ်ခုခုချို့ယွင်းနေမယ်ဆိုပါစို့ရဲ့။
ပြောပြီးသမျှထက် အရာရာ နှစ်ဆ။
သင့်ပျော်ရွှင်မှုလည်း နှစ်ဆ။

လွန်းဆက်နိုးမြတ်
၆.၁၀.၁၄
၀၀း၃၈ နာရီ

စိုက်တယ်လေ ပျိုးတယ်

စိုက်တယ်လေ ပျိုးတယ်

ခြံဝန်းက ကျယ်ပြောလွန်းလှတယ်ရယ်လို့တော့
မဟုတ်ဘူး။
စိုက်ပျိုးနည်းတွေ ဘာတွေ ကျွမ်းကျင်လှလို့ရယ်လည်း မဟုတ်ဘူး။
စိတ်ကူးတည့်ရာ ရေးသားလိုက်ရာကနေ
လူကြိုက်များပြီး ဘက်ဆဲလာဖြစ်သွားတာမျိုးက တစ်ပင်။
လမ်းဘေးနေ သူ့ဘ၀လေးစာနာမိလို့
အိမ်ခေါ်တင်လိုက်ကာမှ ကိုယ့်ဘ၀ပါ ထိပါးသစ်စိမ်းချိုးဖို့
ကြံရွယ်နေတာက တစ်ပင်။
သူ့အမေကိုယ်တိုင် လက်ဆွဲခေါ်လာတဲ့ပြီး
ဘဘုန်းကြီးလက်ထဲ ကျောင်းအိပ်ကျောင်းစားထိုးအပ်သလို
မရည်ရွယ်ဘဲ မွေးစားလိုက်ရတဲ့
ဒူးမနာသားက တစ်ပင်။
အချိုးမပြေ ဂျစ်ကန်ကန်အိုက်တင်
စကားပြော ဘုကလန့် ဟန်မကျပင်သော်ငြား
အခြားဒေသမှာ မတွေ့နိုင်တဲ့ အရသာထူးခြား
ဒေသခံက တစ်ပင်။
တစ်ပင် တစ်ပင် တစ်ပင်နဲ့
သစ်ပင်တွေဖြင့် စုံလင်လှချည့်။

စိတ်အလိုလိုက် စိုက်ခဲ့ပျိုးခဲ့လေသမျှ သဲရေမကျခင်
စူးနေရာစူး ဆောက်နေရာဆောက် ရတော့မယ်။
ကိုယ့်သစ်ရိပ်ဝါးရိပ်မှာ
အနားယူ အပန်းဖြေ ခြံရှင်း အိမ်သစ်ဆောက်ခဲ့တာမှ အားမနာ
ကိုယ့်သစ်ရွက်တစ်စ သစ်ကိုင်းတစ်ချောင်းကျူးမိတယ်ဆိုရုံ
ဘေးဘီခြံလူသစ်များရဲ့ လူမှုစီးပွားနဲ့
လိင်ပိုင်းဆိုင်ရာအလိုမပြည့်ဝခြင်းများအတွက်
ကိုယ့်သစ်ပင်တွေဟာ
ပစ်မှတ်ဖြစ်မှန်းမသိဖြစ်လာ။
စည်ပင်ကို တိုက်တာဆောက်ခွင့်မတင်တဲ့ သူတွေဆီက
စည်ပင်စည်းမျဉ်းကြားလာ။

ထမင်းကြမ်းခဲပဲ ယပ်ခတ်စားပါရစေ။
မဟားဒယားကျူးကျော်ကျရောက်တာ မဟုတ်ပါဘဲနဲ့
ကိုယ့်ခြံနဲ့ကိုယ် အကုသိုလ်မပွားလို။
ကိုယ့်အပင်နဲ့ကိုယ် အပူမီးမယူလို။
ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကနေ
ဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေ
ပြောင်းလဲဖွဲ့စည်းလိုက်တဲ့အတိုင်း
ကိုယ့်မှာ မလိုတဲ့ အပင်တွေအများကြီးနှုတ်ပစ်လိုက်ရ။
ခြံစည်းရိုးနဲ့ သုံးပေခွာ တစ်ပင်နဲ့တစ်ပင် သုံးပေခွာ
ဘုရားရိပ် တရားရိပ် ပိတောက်၊ အုန်းနဲ့ ပိန္နဲတွေ။
သံဃရိပ် မိဘရိပ် ဒန့်သလွန်၊ သရက် နဲ့ ကံ့ကော်တွေ။
ဆရာရိပ် သမားရိပ် ယူကလစ်၊ ရှောက်နဲ့ သဘောင်္တွေ။
ဆွေရိပ် မျိုးရိပ် မာလကာ၊ တမာနဲ့ သနပ်ခါးတွေ။

မစိုက်ကောင်းတာ စိုက်ကောင်းတာ
နောက်မှပဲ ကျမ်းဂန်နဲ့ ပြန်ညှိယူတော့မယ်။
နှင်းဆီ၊ ခရေ၊ ဇီဇ၀ါ၊ ဒန်းနဲ့ ရွက်လှ၊
ပြေပြစ်နုရွကာယအလှမယ်လေးများသဖွယ်
ချည်ပေါင်၊ ကန်စွန်း၊ ဗူးနဲ့ ခရမ်း
ဗိုက်ခွေးနမ်းမယ့် ဖြည့်စွက်ဟင်းအမယ်
ဒီမိုကရေစီအသွင်ပြောင်းပြောင်း မပြောင်းပြောင်း
ကိုယ့်ခြံကတော့ အဆိုးထဲကအကောင်းပဲ။
ရတနာပုံဆိုက်ကိန်းပဲ။
နောက်ကြောင်းပြန်လှည့်လှည့် မလှည့်လှည့်
ကိုယ့်အပင်တွေဟာ  တည့်တည့်ရှုရှုပဲ။
မဲမလိမ္ဘူး။ စစ္မတိုက္ဘူး။        ။

လွန်းဆက်နိုးမြတ်
၁၈.၇.၂၀၁၄
မနက် ၀၁း၀၀ နာရီ