ကလေးငယ်တစ်ယောက်
သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
နေရာင်ခြည်နဲ့ ထိတွေ့မယ်၊ လိပ်ပြာတွေဆီ ငေးမောမယ်။
ပြန်ခုန်တက်လာတဲ့ ဘောလုံးလေးရဲ့ တုန့်ပြန်တွန်းအားကို
စူးစမ်းမယ်။ ကိုယ့်လည်ချောင်းထဲက အော်သံအပေါ်
ကိုယ့်ဘာသာပြန်အံ့သြမယ်။ အဲသလို (သူ့)ဆင့်ကဲ့ဖြစ်ထွန်းမှုမှန်သမျှ
သင့်မိဘမေတ္တာဖြစ်မှုထဲ
လောဘတကြီး စုပ်ယူလိုက်ပေါ့။
သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
အန္တရာယ်ပြုနိုင်တဲ့ ပစ္စည်းတွေ ဝေးဝေးမှာ ထားမယ်။
မှန်စားပွဲကို ရောင်းပစ်မယ်။ မီးပလပ်ပေါက်တွေ နေရာရွှေ့မယ်။
နံရံပေါ်က ဆွေစဉ်မျိုးဆက်ဓာတ်ပုံအားလုံး
စတိုခန်းထဲ သွားထားမယ်။
အမဲလိုက်ဖော်တွေကြား သင်ကိုယ်တိုင်ဂုဏ်ယူဝင့်ကြွားခဲ့တဲ့
ဦးချိုကားကားသမင်ခေါင်းပြတ်လည်း မချိတ်ဆွဲတော့ဘူး။
သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
သင့်မျှော်စင်ကို မြင့်မြင့်ဆောက်မယ်။
ရန်သူကို မိတ်ဆွေလုပ်မယ်။ ဖိနပ်အသစ်တစ်ရံဝယ်ဖို့
လုံလုံလောက်လောက် ကပ်စေးနည်းမယ်။
အလုပ်က ငါးခု၊ သင့်ခန္ဓာကိုယ်က ဆယ်ကိုယ်ခွဲ။
ဝေးဝေးကြည့်ရလွန်းလို့
သင့်လည်ပင်းဟာ သစ်ကုလားအုတ်။
သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
မနက်စောမှာ ငိုသံကြားမယ်။ နေ့လည်ခင်းမှာ တခစ်ခစ်ရယ်မယ်။
(သူ)တရေးတမောအိပ်နေစဉ် တိတ်ဆိတ်မှုကို အလိုရှိမယ်။
ဒီနည်းနဲ့ လူခေါ်ခေါင်းလောင်းတွေ ဖြုတ်ပစ်မယ်။
ဂီတဆိုတာ။ အသံတိတ်။ ခံစားဖို့။
ပါးစပ်မပါတဲ့ ဘဲပေါက်စတွေ မွေးမယ်။
မီးသတ်ကားတွေကိုတောင်မှ
သင် ဥသြသံမထည့်။
သင့်မှာ ကလေးငယ်တစ်ယောက်ရှိလာတဲ့အခါ
ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာသစ်တစ်ခုမြင်ရမယ်။
အဓိပ္ပါယ်အပြည့်နဲ့ အသက်ရှူမယ်။
အကယ်၍ သင့်ကလေးဟာ ဆွံ့အနားမကြား၊
ကိုယ်လက်အင်္ဂါတစ်ခုခုချို့ယွင်းနေမယ်ဆိုပါစို့ရဲ့။
ပြောပြီးသမျှထက် အရာရာ နှစ်ဆ။
သင့်ပျော်ရွှင်မှုလည်း နှစ်ဆ။
လွန်းဆက်နိုးမြတ်
၆.၁၀.၁၄
၀၀း၃၈ နာရီ