ပျော်ရွှင်စရာ ဒီပွဲခင်း

ပျော်ရွှင်စရာ ဒီပွဲခင်း

လက်စသတ်တော့ ပျော်ရွှင်စရာ ဒီပွဲခင်းကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာမှ ငါမပါဘူးပဲ။
လက်စသတ်တော့ ဒီနှစ်တွေမှာ သူစိမ်းတရံတွေကြား ငါလမ်းသလားနေမိခဲ့။
လက်စသတ်တော့ ငါမျက်နှာဖုံးကြီးတပ်ပြီး လူအစစ်တွေလို့ ထင်မှတ်မှားခဲ့သမျှ
ငါ့ထက် အရည်အသွေးပိုကောင်းတဲ့ မျက်နှာဖုံးစွပ်တွေ ဖြစ်နေကြ။

လက်စသတ်တော့
ငါတို့ဟာ ဓားပေါက်သမားရဲ့ ကျွမ်းကျင်မှုကို လက်ခုပ်တီးဖို့ထက်
ကိုယ်ဟန်ပြမယ်ကိုယ်ပေါ်က သွေးစက်တွေကိုသာ
လျှာနဲ့ ၀ိုင်းလျက်ချင်နေကြ။

လက်စသတ်တော့ ငါ့ရပ်မိရပ်ဖတွေကိုယ်တိုင်ပါဝင်တဲ့ ဇွမ်ဘီလူသားစားပွဲကြီးဟာ သရုပ်ပြနေတာမှ မဟုတ်ဘဲ။
လက်စသတ်တော့ အိန်ဂျယ်လ်ဆိုတာ ငါတို့ခေါင်းပေါ် တင်ထားဖို့နဲ့ ငါတို့ရဲ့ စောက်ပြစ်တွေကို လွှဲချဖို့။
လက်စသတ်တော့ ငါ့ဘေးမှာ မြင်းရုပ်ချားရဟတ်ထိုင်စီးနေတာ ပရိုဂရမ်ထည့်ထားတဲ့ စက်ရုပ်ကလေးငယ်တွေ။ တခစ်ခစ်။
လက်စသတ်တော့ ငါ့ခနာတစ်ခုလုံးဟာ အာခိလိဖနောင့်။
လက်စသတ်တော့ ငါကလွဲပြီး သူတို့အားလုံးဟာ လုံခြုံစိတ်ချရတဲ့ အာခိလိတွေ။ ဖိနောင့်မပါတဲ့ အာခိလိတွေ။
လက်စသတ်တော့ ငါ့လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ cctv တိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတာ ကြေကွဲရောင်ဟင်းလင်းပြင်ကြီး။
လက်စသတ်တော့ ကမ္ဘာတစ်ခုပေါ်အတူမတ်တတ်ရပ်နေခဲ့ပြီးမှ ငါ့ခေါင်းထဲက ကမ္ဘာနဲ့ သူတို့ခေါင်းထဲက ကမ္ဘာ အမျိုးအစားမတူညီတဲ့ ကိစ္စ။
လက်စသတ်တော့ သူတို့ကိုယ်ထဲက ငန်းဖြူကကွက်ပီပြင်စေဖို့ ငါ့ကိုယ်ထဲ ၀ဲလှည့်နေတဲ့ ငန်းနက်ကိုမှ အငမ်းမရ သတ်စားချင်နေကြ။
လက်စသတ်တော့ ငါစောင့်စားနေတဲ့ ဘုရင်ဟာ သံခေါင်းစွပ်မင်းသား။ သူ့မျက်နှာကို ဘယ်သူမှ မမြင်ရ။ ရှိ မရှိတောင် သေချာ မသိရ။

လက်စသတ်တော့
ငါနဲ့အတူ ပြဇာတ်ကြည့်သူအားလုံး ဘရူးတပ်စ်ကို မုန်းတီးပြီး
ဘရူးတပ်စ်ဓားကိုကျ လိုအပ်ရင် ချစ်မြတ်ကြ။
လက်စသတ်တော့ နှာခေါင်းနီနီ ပါးစပ်ပြဲပြဲ လူရွှင်တော်တွေဟာ အပြစ်သားတွေ။
(ငါ့မျက်စိရှေ့တင် ပြက်လုံးတစ်ခါထုတ်ပြီးတိုင်း လူရွင်တော်တစ်ယောက်သေဆုံးလဲကျ။)

လက်စသတ်တော့ ငါ့တစ်ကိုယ်တော်ဝံပုလွေအမှတ်အသားရဲ့ ထင်ရှားမှုဟာ
လိမ္မာတဲ့ သိုးဖြူကြီးတွေ ဖိနပ်လုပ်ပြီး အုပ်လိုက်လမ်းလျှောက်စီးလို့ကောင်းတာ တစ်ခုတည်း။
လက်စသတ်တော့
တစ်ဦးနဲ့ တစ်ဦး သွက်သွက်ခါရူးသွပ်အောင် မသေမချင်းလှည့်စားတာဟာ ငါတို့ရဲ့ ကစားနည်း။ ပြာကျကျွမ်းလောင်သွားတဲ့ထိ။
လက်စသတ်တော့
ငါ့ရှေ့မှာ မျက်လှည့်ရုံထဲက ထွက်လာကြသူတွေ သူတို့တအံ့တသြအလိမ်ခံရဖို့ မျက်လှည့်ဆရာကို ၀ိုင်းလိမ်ခဲ့ကြ။
လက်စသတ်တော့
ငါလန့်ဖျတ် ငါနားမလည် ငါငြင်းခုံ ငါနာကျင် ငါဒေါသဖြစ်ရသမျှ
နောက်ဆုံးမှာ သူတို့ လက်ညှိုးလှမ်းထိုးပြတဲ့ ကင်မရာမှန်ဘီလူးထဲက Just For Laughs တွေ ဖြစ်ရဖို့။
လက်စသတ်တော့
အပြာရောင်ပျော်ရွှင်မှုနဲ့ အနက်ရောင်အထီးကျန်မှုနှစ်မျိုးမှာ ငါ့ဝေစုဟာ အမြဲတမ်း စည်းအပြင်က တတိယတစ်ခု။
ဆေးရောင်စုံဝမ်းနည်းမှု။
လက်စသတ်တော့
ငါရောက်နေတဲ့ ပျော်ရွှင်စရာ ဒီပွဲခင်းကြီးရဲ့ ကြက်ပျံမကျစည်ကားမှုဟာ
လုယက်မတတ်တောင်းရမ်းစားသောက်သူတွေကြောင့်ပဲ။

လက်စသတ်တော့ ငါလေးစားခဲ့တဲ့ လူတန်းစားရပ်တည်ချက်တို့ လူထုကောင်းစားရေးတို့ဆိုတာ တုတ်ထိုးရုပ်ဇာတ်လမ်းတွေပဲဖြစ်။
လက်စသတ်တော့ အကောင်းမြင်ချောက်ကမ်းပါးထဲကနေ ငါတို့ကို ဆွဲထုတ်ကယ်တင်ပေးနေတာ ရွှေရောင်တောင်ပံတွေနဲ့ ဒီမွန်းတွေပဲဖြစ်။
လက်စသတ်တော့ သရဲအိမ်ထဲက အရုပ်တွေကို ပိုက်ဆံပေးကြောက်ရွံ့ရခြင်းဟာ အပြင်ပက မကောင်းဆိုးရွားတွေကို ငါတို့ ခဏတာ ရှောင်ကွင်းဖို့ပဲဖြစ်။
လက်စသတ်တော့ ပျော်ရွှင်စရာ ဒီပွဲခင်းကြီးမှာ ငါ့မျှော်လင့်ချက်တွေက ကျက်သရေမဲ့တဲ့ မိုးပျံပူဖောင်းတွေပဲဖြစ်။
(ဘယ်နေရာမှာ ပျက်ကျသွားမှန်းတောင် မသိလိုက်ရ။)
လက်စသတ်တော့
ငါဟာ လူမြင်ကွင်းမှာ အစင်းဝါ၀ါခွန်အားပြည့် ကျားရဲကိုမှ ကြာပွတ်နဲ့ နိုင်စားပြပြီး
လူကွယ်ရာမှာကျ ဂျုံနဲ့လုပ်တဲ့ ကျားဝါရုပ်လေးကို မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်နေရတဲ့ အကောင်။
လက်စသတ်တော့
ငါတို့ဘ၀ရဲ့ ရက်စက်တဲ့ ရှုမျှော်ခင်းတွေဟာ ငါတို့ မျက်လုံးတွေထဲက တွားထွက်လာပြီး
ငါတို့ဘ၀ရဲ့ ပျင်းရိစဖွယ် နောက်ခံတီးလုံးတွေကတော့ ငါတို့ နားတွေထဲက ဖောက်ထွက်လာကြ။
လက်စသတ်တော့
ငါတို့ ဘ၀ရဲ့ နာကျင်ညစ်ညမ်းတဲ့ စကားလုံးတွေဟာ ငါတို့ ပါးစပ်ထဲကို အချိန်တိုင်း ကိုက်ဖြတ်ဝင်ရောက်လျက်။
လက်စသတ်တော့
ပျော်ရွှင်စရာ ဒီပွဲခင်းကြီးထဲ ငါတို့ဟာ တစ်ဦးနဲ့ တစ်ဦး ကောင်းလာလိမ့်မယ်အထင်နဲ့ နာကျင်ရှုံ့မဲ့တဲ့ အပိုင်းအခြားမှာပဲ
တစ်သက်လုံးအချိန်ကုန်ခံ လိင်ဆက်ဆံနေကြရ။
လက်စသတ်တော့ ပျော်ရွှင်စရာ ဒီပွဲခင်းကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာမှ ငါ မပါဝင် သူတို့အားလုံးလည်း မပါဝင်။

လွန်းဆက်နိုးမြတ်
21.6.2015
7:49 pm

One comment on “ပျော်ရွှင်စရာ ဒီပွဲခင်း

  1. ziwa yaungsin says:

    လက်​စသတ်​​တော့
    ငါတို့ဟာ ဓား​ပေါကာ်​သမားရဲ့ ကျွမ်းကျင်​မှုကို လက်​ခုပ်​တီးဖို့ထက်​ ကိုယ်​ဟန်​ပြမယ်​ ကိုယ်​​ပေါ်​က ​သွေးစက်​​တွေကိုသာ လျှာနဲ့ ၀ိုင်းလျက်​ချင်​နေကြ
    လက်စသတ်တော့ သရဲအိမ်ထဲက အရုပ်တွေကို ပိုက်ဆံပေးကြောက်ရွံ့ရခြင်းဟာ အပြင်ပက မကောင်းဆိုးရွားတွေကို ငါတို့ ခဏတာ ရှောင်ကွင်းဖို့ပဲဖြစ်။
    လက်စသတ်တော့ ပျော်ရွှင်စရာ ဒီပွဲခင်းကြီးမှာ ငါ့မျှော်လင့်ချက်တွေက ကျက်သရေမဲ့တဲ့ မိုးပျံပူဖောင်းတွေပဲဖြစ်။
    (ဘယ်နေရာမှာ ပျက်ကျသွားမှန်းတောင် မသိလိုက်ရ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s