အတွင်းခံဘောင်းဘီနောက်ကွယ်က အကြောင်းအရာ ၈ ချက်

အတွင်းခံဘောင်းဘီနောက်ကွယ်က အကြောင်းအရာ ၈ ချက်

 

၁။ အရင်ဦးဆုံး မင်းမျက်နှာ။
၂။ ဟိတ်ဟန်ကောင်းတဲ့
ဟိုကောင်တွေရဲ့ ကိန်းခန်းကြီးမှု။
၃။ အမှိုက်ပုံးထဲက ကြက်ဥခွံထဲက အကျိအချွဲထဲက။
၎။ သတ္တုအဖုံးတစ်ဝက်လန်
မှိုတက်ပုပ်သိုး နို့ဆီဗူးတစ်လုံးနဲ့ ကြောင်အိမ်နံ့။
၅။ လိုက်ဗာတီရုပ်တုက ချွန်တက်တက်သရဖူ ( Close up )
၆။ ဂျွန်အက်ဖ်ကနေဒီဟာ
လူထုကို အမိုးဖွင့်ကားပေါ်ကနေ လက်ဝှေ့ရမ်းပြ
( သူ့လိင်အင်္ဂါသူ အာသာဖြေဖူးတဲ့ လက်တွေ )
၇။ IS တစ်ပါးပါးနဲ့ တွဲရိုက်ထားတဲ့
ဘုရားသခင်တစ်ကောင်ရဲ့ Selfie။
၈။ ငါ့ကို တစ်ချိန်လုံးလိုလို
စောက်ဒုက္ခပေးနေတဲ့ ဗျဉ်းတွေ သရတွေ
ထပ်ကျော့မတ္တာဖာတွေ
ထုံးတမ်းစဉ်လာ မနက်ခင်းဆွမ်းချက်နှိုးဆော်သံတွေ။

 

လွန်းဆက်နိုးမြတ်

အာလူးဟင်း

အာလူးဟင်း

ရှင် ဒီနေ့ အာလူးဟင်းချက်တဲ့။
ဖီးလိမ်းပြင်ဆင်ပြောဆိုပြီး
သူမရဲ့ အရေခွံကို မှန်တင်ခုံပေါ် ပစ်ပုံခဲ့
သူမ အပြင်ထွက်သွားတယ်။
သူမချန်ထားတဲ့ အရေခွံထဲက ကျွန်တော့်သား ခုန်ထွက်လာတယ်။
အရင် တစ်ခါဖူးမျှ မမြင်ဖူးတဲ့ ကျွန်တော့်သား။
လက်ထဲမှာလည်း မွှေးပွဝက်ဝံပေါက်စလေးနဲ့။
အံ့သြမနေအားဘူး။ အားလူးဟင်းချက်ရဦးမယ်။
အာလူးတွေဘယ်မှာလဲ။ ကျွန်တော်ရှာတယ်။
၁၀ ပေ ပတ်လည် မီးဖိုချောင်ထဲ မီးချောင်း ၁၂ ချောင်း
ကျွန်တော်ချက်ချင်းဆင်လိုက်တယ်။
၁၀ ပေ နဲ့ မလုံလောက်လို့ ၁၅ ပေ အထိ ထပ်ချဲ့လိုက်တယ်။
အာလူးတွေဘယ်မှာလဲ။
မီးဖိုချောင်အမြင့်ကို နဂိုထက် ၅ ပေ ထပ်မြှင့်လိုက်တယ်။
အာလူးတွေဘယ်မှာလဲ။
ဘိုးစဉ်ဘောင်ဆက်ရှိခဲ့တဲ့ ကြွက်တွင်းတွေ
တွင်းနှုတ်ခမ်းက ဆွဲမပြီး အိမ်ဘေးမြောင်းထဲ လွင့်ပစ်လိုက်တယ်။
အာလူးတွေဘယ်မှာလဲ။
ဆယ့်နှစ်ရာသီလုံးလုံး ကျွန်တော့်မှာ အာလူးတွေ ပျောက်ဆုံးနေခဲ့တယ်။
တစ်နေ့မှာ ပါးပြိုင်းမွှေးအပြည့်နဲ့ လူတစ်ယောက်
ကျွန်တော့်ဆီ ရောက်လာ ကျွန်တော့် လက်ကို ဆွဲကာ
စိုက်ခင်းတစ်ခုထဲ ခေါ်သွားတယ်။ မိုးလုံးပြည့်အာလူးတွေ။
ကျွန်တော် သူမကို ပြင်းပြင်းပြပြသတိရမိသွားတယ်။
သူမဟာ ကျွန်တော့်ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး။
ဘယ်တုန်းကမှ ပါးပြိုင်းမွှေးတွေနဲ့ သားတစ်ယောက်
ကျွန်တော့်မှာ မရှိခဲ့ဘူး။
အာလူးဟင်းကို ဇွန်းနဲ့ ခပ်ကော်နေလက်စမှာ
ကျွန်တော့်ဒိုင်ယာရီကို အဆုံးသတ်လိုက်တယ်။

လွန်းဆက်နိုးမြတ်

ဘုရားသခင်ဟု အမည်ပေါက်သူတစ်ယောက်

ဘုရားသခင်ဟု အမည်ပေါက်သူတစ်ယောက်

 

ပြည်သူချစ်သူရဲကောင်းကြီးဟာ
ဒေါ်လာစက္ကူတစ်ရွက် လိပ်တဲ့ပြီး
ကိုယ်တုံးလုံးချွတ် မိန်းမတစ်ယောက်တင်ပါးပေါ်က
ကုတ်ကင်းတွေ အငမ်းမရရှိုက်သွင်းလိုက်တယ်။
လိင်ဆက်ဆံတိုင်း လိင်တံမှာ ဘာမှ စွပ်မထားတဲ့ ဘုရားသခင်။
မွေးကင်းစကလေးတွေ လက်ထဲမှာ
တိုက်ကြီးခြောက်တိုက်စလုံး ပြာကျစေမယ့်
ဖောက်ခွဲရေးအဝေးထိန်းရီမုကွန်ထရိုးကိုယ်စီ။
ပေါက်ကွဲခါနီးလေယာဉ်ပျံပေါ်က အလွတ်ခုန်ချသွားတဲ့ ဘုရားသခင်။
မြစ်တစ်စင်းထဲ ပုပ်ပွအလောင်းတွေ စွန့်ပစ်ကြတယ်။
ဓာတုအရည်တွေ စွန့်ပစ်ကြတယ်။
ကျောက်မီးသွေးတင် ရထားခေါင်မိုးပေါ်
ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်လျက် လိုက်ပါသွားတဲ့ ဘုရားသခင်။
မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရိစ္ဆာန်တစ်ကောင်ရဲ့
နာနာကျင်ကျင်နောက်ဆုံးအော်သံ။
ကျားသေကို ဂုဏ်သရေနဲ့ ဖုံးထားတဲ့ မြို့ကြီး။
ခုနစ်ရက်တစ်ခါ ကိုယ့်ကိုယ်ကိုယ်
အပျော်တမ်း သတ်သေနေတဲ့ ဘုရားသခင်။
အိုး အိုး ဒယ်ဒီ ဒယ်ဒီ ကောင်းလိုက်တာ
မိုင်ပရင့်စက်စ် မိုင်ပရင့်စက်စ် နင်ဟာ နင့်အမေထက် ပိုကောင်းတယ်။
အမဲလိုက်ထွက်ရင်း ပုခုံးပေါ်လာနားတဲ့ ချိုးငှက်ကို
ကင်စားနေတဲ့ ဘုရားသခင်။
ဖိနပ်ချုပ်သမားတွေရယ်
ပေါင်မုန့်ဖုတ်သမားတွေရယ်
အလစ်သုတ်သမားတွေရယ်
ခြေချင်းလိမ်နေတဲ့ ဒီကမ္ဘာမှာ
ချက်အရက်ဆိုင်ထဲ ခွက်ပုန်းဝင်ခုတ်နေတဲ့ ဘုရားသခင်။
ဘုရားသခင်ကို ရည်မှန်း
ငါတို့ ဖြတ်ခဲ့တဲ့ ဦးခေါင်းတွေ။
ငါတို့ ဘုရားကျောင်းထဲ
ငါတို့ထက် အဆင့်နိမ့်တဲ့ မိန်းမတွေ မဝင်ရ။
အမွှေးတွေထောင် သားရည်တွေ စီးကျ
လပြည့်လကွယ်ညတွေဆို ခွေးဆိုးတစ်ကောင်လို
လေးဖက်ကြီးထောက် အူနေတတ်တဲ့ ဘုရားသခင်။

 

လွန်းဆက်နိုးမြတ်