ဘာဂျာမှုတ်

ဘာဂျာမှုတ်

ငါ ဂျာတယ်။
ငတ်ငတ်ပြတ်ပြတ်ကြီးကို ဂျာတယ်။
ငါ့နှုတ်ခမ်းသားတစ်ဝိုက် စိုရွှဲနေအောင်
ငါ့လျှာဟာ တြိယာအလုပ်ကို ထမ်းပိုးလိုက် လှိမ့်ချလိုက်
ငါဂျာတော့ ငါ့မေးစေ့လည်း ဝင်ရောက်ပတ်သက်ရတယ်။
ငါ့နှာခေါင်းတစ်ချောင်းလုံး တောင်စွယ်နေကွယ် ကျည်ပွေ့တွေ့လျက်
ငါတောလည်း တစ်မျှင်ချင်းတက်ခဲ့
ငါတောင်လည်း တစ်ရစ်ချင်းတက်ခဲ့
ရေဖလားထဲက ပေါလောပေါ် ပင်ပေါင်လုံးလေးတွေ
ငါ့ကျင့်လုံးလေးတွေ
နှုတ်ခမ်း သွား နှာခေါင်း လျှာ
စည်းစနစ်ကျကျ ဂျာ။
ငါ ဂျာတယ်။
ဒါကြောင့် ငါရှိတယ်။
ငါ့ဂျာမှုမှာ အသံပြုတယ်။
နီစပ်စပ်အရောင်ထဲက နတ်စီတဲ့ ဂီတ။
သက်တောင့်သက်သာမဖြစ်တဲ့ တိမ်စိုင်တွေပေါ်
ဘယ်တော့မှ ဘာဂျာမမှုတ်နဲ့။
မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့သို့
ငါ့ဦးခေါင်း။
တံတွေးရဲ့ ကောင်းခြင်း
တံတွေးရဲ့ ရိုးဂုဏ်
တံတွေးရဲ့ ပြေလည်စေမှု
တံတွေးကို မနိုင်နင်းဘဲ
ဘာဂျာမှုတ်ကျွမ်းကျင်တယ်လို့
ဘယ်လူကြီးမင်းမှ
ငါ့လာမပြောနဲ့။

လွန်းဆက်နိုးမြတ်
၎.၁၀.၁၅
၂း၂၀ နံနက်

ဈာပန

ဈာပန

သံပုရာသီးတစ်လုံးကို သစ်ကိုင်းကနေ လှမ်းဆွတ်လိုက်ပုံမျိုး
အဲဒီ့နေ့ကို ငါ့အရေပြားနက်နက်ထဲက
ပြန်ဖြဲနှိုက်ယူလိုက်တယ်။
အခြားတစ်ဖက်မှာ နံရံတွေ၊ မျှော်စင်တွေ၊ ကျောက်တုံးတွေ၊
ငွေ့ရည်ဖွဲ့နေတဲ့ အဓိပ္ပာယ်တွေနဲ့
တီကောင်ဟာ နှစ်ပိုင်းပြတ်သွားတယ်။
တစ်ပိုင်းက ကမ္ဘာစစ်ကြီးထဲ နာဇီလက်အောက် ကျရောက်
တစ်ပိုင်းက ငါ့ဗိုက်ထဲမှာ တွန့်ခွေ
အဲဒီ့နေ့ကို သမိုင်းနဲ့ချီပြီး ငါမမေ့ဘူး။
လျှိုမြှောင်အထပ်ထပ်
ဒီဘက်က ငါ ကုန်းရုန်းအော်ဟစ်လိုက်သမျှ
ဟိုဘက်က ကြားသာရုံမျှ ပဲ့တင်ထပ်။
တစ်ယောက်ပုခုံးပေါ်က ကျော်ပြီး
အခြားတစ်ယောက်ပုခုံးကို လှမ်းတွေးခေါ်
ကိုးကွယ်ယုံကြည်မှုကိုယ်စီ၊ ဓာတ်ကြီးလေးပါးကိုယ်စီ၊
လူသားသဘာဝကောက်ကျစ်မှုကိုယ်စီ။
အဲဒီ့နေ့မှာ ဓားဒဏ်ရာတွေ မတအားလှပ။
မပြောဖြစ်သော စကားလုံးများ လေးနက်စွ။
အခွင့်ရခိုက် ငါ စခရင်မ်ရှော့ခ်ဖမ်းခဲ့တယ်။
အသုဘချတဲ့ လူအုပ်နဲ့အတူ
အဲဒီ့နေ့ရဲ့ တောက်ပတဲ့ အသက်မီး။ ။

လွန်းဆက်နိုးမြတ်